ဆောင်းပါး

ရေဘေးသင့် တောင်ပေါ်မြို့ ပြင်ဦးလွင်

တောင်ပေါ် ရေကြီး ဆိုသည်က အဆန်းတကျယ်ဟု ယခင်က ထင်ကြသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းကမူ ပင်လယ် ရေ မျက်နှာပြင်အထက် ပေ ၃၅၃၈ ရှိ ပြင်ဦးလွင် ခေါ် မေမြို့တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်ကြီး ၉ ခုတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ အပျက်အစီး အဆုံးအရှုံးများခဲ့သည်။

ထိုသို့ ရေကြီးခြင်းကို တချို့ နှစ် ၃၀ အတွင်း စံချိန်ချိုးသည့် မိုးကြောင့် ဟု အပြစ်ဖို့ကြသော်လည်း သဘာဝပတ်ဝန်း ကျင်အရေး ဆောင်ရွက်သူများကမူ ပြင်ဦးလွင်တဝိုက် သစ်တောများ ခုတ်ကာ အကွက်ဖော် ရောင်းချခြင်း၊ စီမံကိန်း အများအပြား ဖော်ဆောင်လာခြင်းတို့က ရေစီးရေလာများ ထိန်းသိမ်းနိုင်စွမ်း မရှိတော့ဘဲ ထိုသို့ အဖြစ်မျိုးနှင့် ကြုံရခြင်း ဖြစ်ကြောင်း ထောက်ပြသည်။

စိမ်းရောင်စို/ သဘာဝစိမ်းအဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦး “သစ်တောမြေတွေကို တောင်လိုက်ကို ဝယ်ကြတယ်။ အကုန် ကတုံး တုံးပစ်လိုက်တယ်။ ဒါမျိုးက ပြင်ဦးလွင်ရဲ့ ပတ်ပတ်လည်မှာ တွေ့ရတယ်။ ဒီတော ဒီတောင် ဒီလောက် ပြောင်သွားတဲ့အပေါ်ကို ကျလာတဲ့ မိုးရေကို ဘယ်လို ထိန်းမလဲ။ ဘယ်ဟာက ထိန်းမလဲ။ ဘယ်လိုမှ မထိန်းနိုင်တော့ ဘူး” ဟု ဆိုသည်။

ပြင်ဦးလွင်မြို့သည် မန္တလေးတိုင်းအတွင်း၌ရှိသည့် တောင်ပေါ်မြို့ ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်ထုတ် ပြင်ဦးလွင် မြို့နယ် မှတ်တမ်းတွင် သစ်တော ကြိုးဝိုင်း ဧက ၁၈၇၃၅၁၊ ကြိုးပြင်တောဧကမှာ ၂၄၉၆၅၀ ရှိကြောင်း ဆိုသော်လည်း ၂၀၂၀ ခုနှစ် သစ်တောဦးစီးဌာန စာရင်းအရမူ ကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တော ဧကပေါင်း ၂၁၉၀၀၀ ရှိတော့ရာ နှစ်ပေါင်းလေးဆယ်အတွင်း မြို့ကွက်တိုးချဲ့မှုနှင့် အစိုးရ စီမံကိန်းများအရ သစ်တောမြေဧရိယာ မည်မျှ ဆုံးရှုံးသွား သည်ကို နှိုင်းယှဉ်ကြည့်နိုင်၏။

ယနေ့အချိန်တွင် လူနေအိမ်ခြေ ဖော်ဆောင်မှုက မည်မျှ လွန်ကဲလာသနည်း ဆိုသော် ယခင် ပေ ၂၀ ကျော် ကျယ် သော ရေဆင်းပေါက်များဟု ဆိုရမည့် ဂဲလောင်ချောင်းနှင့် ဒိုဘီချောင်းတို့ပင် ယခုအခါ ကျဉ်းမြောင်းလာသဖြင့် ရေ မဆင်းနိုင်သည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ရသည်။

ပြင်ဦးလွင် အခြေစိုက် သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှားသူတဦးက “အကွက်တွေရိုက်ပြီးတော့ အိမ်တွေချဲ့တော့ ကျဉ်းသွားတာ။ ထွက်လာတဲ့ ရေအားတွေက စိတ်တိုင်းကျ မသွားနိုင်တော့ဘူး။ ရေတွေ အကုန်လုံးက ဘေးက အိမ် တွေထဲ ဝင်ကုန်တာ” ဟု ပြောသည်။

ပြင်ဦးလွင်ရှိ အထင်ကရ ရေကန်ကြီးများဖြစ်သည့် ကန်တော်ကြီး၊ ကန်တော်လေးတို့တွင် ရေများ ပြည့်ပါက ဂဲလောင် ချောင်းအတွင်းသို့ ရေပိုလွှဲမှတဆင့် စွန့်ထုတ်ရာ ယခုအခါ ဂဲလောင်ချောင်းရေမှာ လျင်မြန်စွာ မစီးဆင်းနိုင်သဖြင့် ရေ လျှံပြီး ရပ်ကွက်များအတွင်း ရေဝင်ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

“ကန်တော်ကြီးက မနိုင်ရင် ရေပိုလွှဲနဲ့ ကန်တော်လေးထဲကို ဖောက်ချရတာ။ ကန်တော်လေးက မြို့ကို ဖြတ်ပြီး စီးတဲ့ ဂဲလောင်ချောင်းထဲကို ရေထုတ်ပစ်တာပေါ့။ ဂဲလောင်ချောင်း ဝန်းကျင်မှာနေတဲ့ အိမ်တွေ ရေဝင်တာပေါ့” ဟု မြို့ခံ တဦးကလည်း ပြောသည်။

ဂဲလောင်ချောင်းသည် မြို့၏ အလယ်ဗဟိုမှ မြောက်ဘက်သို့ စီးဆင်းကာ မြို့ပြင်သို့ ရောက်သည့်အခါ အရှေ့ဘက်သို့ စီးပြီး ရေငယ်၊ ပွဲကောက်၊ မြိုင်ကြီး၊ ဝက်ဝံ စသည့် ရွာများကို ဖြတ်ကာ ဒုဋ္ဌဝတီမြစ်အတွင်း ဝင်ရောက်သည်။

ဇူလိုင်လ ၃၁ ရက်တွင် မနက် ၁ နာရီဝန်းကျင်မှ နံနက် ၈ နာရီခန့်အထိ သည်းထန်စွာ ရွာသည့်မိုးသည် မိုးရေချိန် လက်မ ၁၀ ဒသမ ၄၇ အထိ ရှိခဲ့ပြီး နှစ် ၃၀ အတွင်း အမြင့်ဆုံး စံချိန်တင်ခဲ့သည်ဟု သိရသည်။

ယင်းသို့ စံချိန်တင် ရွာသည့်မိုးနှင့် ရေဝေရေလဲ သစ်တောများ မရှိတော့ဘဲ တောင်ကတုံးများသာ များလာသည့် ပြင်ဦး လွင်တို့ တွေ့သည့်အခါ ရေကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့သဖြင့် ရေကြီးရေလျှံဖြစ်ခဲ့ခြင်း ဖြစ်သည်။

၁၈၉၆ ခုနှစ်က ကာနယ်မေ ဦးဆောင်ကာ ရွာအဖြစ်မှ မြို့ အဆင့် ပြောင်းခဲ့သည့် ပြင်ဦးလွင်သည် ကိုလိုနီခေတ်က နိုင်ငံခြားသားများ နှစ်သက်သည့် မြို့အဖြစ်မှ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက် ရာ ဖြစ်ခဲ့ပြီးနောက် ၁၉၅၄ ခုနှစ်တွင် စစ်တက္ကသိုလ် လာရောက် တည်ဆောက်ရာ စစ်တပ်မြို့ တပိုင်း ဖြစ်လာသည်။

ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဖြစ်သည့် တာဝန်မဲ့စွာဖြင့် မြေကွက်များ ဖော်ထုတ် ရောင်းချသည့် လုပ်ရပ် များကို စစ်တပ်အရာရှိကြီးများ၏ မိသားစုဝင်များက အများအားဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ ထောက်ပြ ဝေဖန်သည်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်သို့ သွား ရောက်ခဲ့စဉ်ကလည်း ဒေသခံများ အများဆုံး တင်ပြ ဆွေးနွေးရသည့်အချက်မှာ မြေယာ ပြဿနာပင် ဖြစ်သည်။

ယခု ပြင်ဦးလွင် ရေကြီးမှုက ဂေဟစနစ်ပျက်စီးအောင် လောဘသားတို့၏ သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးမှုကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။

လတ်တလော ရေကြီးမှုကြောင့် ရပ်ကွက် ၁၊ ၂၊ ၄၊ ၅၊ ၆၊၂၁ တို့ရှိ နေအိမ်အချို့ ရေဝင်ကာ အိမ်သုံးပစ္စည်းများ ရေထဲ မြောပါခြင်း၊ ပြိုကျ ပျက်စီးခြင်းနှင့် လမ်းများ ပျက်စီးခြင်းများ ဖြစ်ခဲ့ရသည်။

ရေကျသွားပြီးနောက် လမ်းများ ပျက်ဆီးသွားသည့် အခြေအနေ(Ko Aung Thu)

ထို့အတူ ပြင်ဦးလွင်၏ ထွက်ကုန်တမျိုးဖြစ်သည့် မက်မန်းဝိုင်လုပ်ငန်းနှင့် ပန်းမာလာစိုက်ပျိုးလုပ်ငန်းများလည်း ပျက်စီး မှုများ ရှိခဲ့ကြောင်း သိရသည်။

ယခုအခါ အနိမ့်ပိုင်း ရေဝပ်နေရာများမှ အပ ကျန်နေရာများတွင် ရေဆင်းသွားပြီ ဖြစ်သော်လည်း ဒေသခံများတွင် စား ရေးသောက်ရေး အခက်အခဲများ ဖြစ်နေဆဲ ဟု သိရသည်။

ထာဝရ လူမှုကယ်ဆယ်ရေး အဖွဲ့က အဖွဲ့ဝင်တဦးက “ရေကျတာက တော်တော်ကျပြီ ကုန်းပေါ်သွားပြီ။ ဒါပေမယ့် စားရေး သောက်ရေးတော့ အခက်အခဲ ရှိနေသေးတယ်။ လူတော့ ထိခိုက်မှု မရှိဘူး။ ပစ္စည်းဆုံးရှုံးမှုတို့၊ လမ်းတွေ ပဲ့ကျ တာတွေတော့ ရှိတာပေါ့။ ရေတက်တော့ အိမ်ကနေ ပါသွားတာတို့ ဒါတွေတော့ ရှိတယ်” ဟု ပြောသည်။

ရေကြီးချိန်တွင် နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် ကုန်းမြင့်ပိုင်း အိမ်များတွင် ပြောင်းရွှေ့နေရသည့် ဒေသခံများ သည် တချို့တဝက် နေအိမ်များသို့ ပြန်ကြပြီ ဖြစ်ကြောင်း သိရသည်။

ပုံမှန် ရေကြီးရေလျှံဖြစ်စဉ်များတွင် ဒေသခံအဖွဲ့များက အားတက်သရော ဝိုင်းဝန်း ကယ်ဆယ် ကူညီလေ့ရှိသော်လည်း စစ်အာဏာသိမ်းထားသည့်ကာလဖြစ်သဖြင့် လူမှုရေးအသင်းအဖွဲ့များမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အခက် အခဲဖြစ်ခြင်း၊ နှောင့်နှေးခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

“ဒီအချိန်မှာကျတော့ ကျနော်တို့တွေ လွတ်လွတ်ကျွတ်ကျွတ် ကူလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက် ဆက်တွဲ ဖြေရှင်းဖို့ ခက်ခဲသွားနိုင်တဲ့ ဘဝတွေ ထိကုန်မှာတွေကြောင့် မကူနိုင်ကြတော့တာ။ ဒါတွေကလည်း ဝမ်းနည်း စရာ ကောင်းတာတွေပေါ့” ဟု ယခင်က ရေဘေးများ ကူညီရေးတွင် ပါဝင်ခဲ့သူတဦးက ဆိုသည်။

အဘယ်ကြောင့်ဆိုသော် စစ်တပ်အာဏာသိမ်းစဉ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်သဖြင့် လူမှုကူညီရေး အသင်းများက ကူညီစောင့်ရှောက်ပေးခဲ့မှုအပေါ် စစ်တပ်က အငြှိုးထား၍ ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဆိုသည်က ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂ သိန်း ၅ သောင်းကျော်နေထိုင်ပြီး အကျယ် အဝန်း အားဖြင့် ၁၉၇၈ စတုရန်းကီလိုမီတာ ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၃၈ ပေ အမြင့်တွင် ရှိရာ ရာသီဥတု ကောင်းမွန်၍ နေထိုင်ရန် သင့်လျော်သော မြို့ဟု နာမည်ကြီးသဖြင့် အိမ်ခြံမြေ ဈေးကွက်တွင် ရောင်းဝယ်မှု များပြားခဲ့ သည်။

သို့သော် ရာသီဥတုတွေ ဖောက်ပြန်ကာ မိုးရေချိန် လျော့နည်းလာသဖြင့် ကန်တော်ကြီးနှင့် အဓိက ရေကန်ကြီးများ ရေ ခမ်းခြောက်မှု ဖြစ်စဉ်တခုကိုလည်း၂၀၁၉ ခုနှစ်က ကြုံခဲ့ရသလို၊ ယခုအခါ ရေကြီးမှုကို ကြုံရခြင်း ဖြစ်သည်။

You may also like these stories:

စစ်အုပ်ချုပ်ရေးကြောင့် ရာသီဥတုပြောင်းလဲမှု ရိုက်ခတ်ချက် ပိုမိုဆိုးရွားနိုင်

ငလျင်များကြောင့် ကမ်းခြေတလျှောက် ရေဘေးသတိပြုရန် ပညာရှင်များ သတိပေး

ဧရာဝတီမြစ်ရေတက်၍ ဗန်းမော်၊ ရွှေကူ၊ ကသာမြို့များတွင် ရေနစ်မြုပ်ကာ အခက်အခဲများ ကြုံ

Loading