စစ်ကောင်စီက သူတို့ အာဏာသိမ်းထားစဉ်အတွင်း ဆင်ဖြူတော် ပေါ်ကြောင်း ကြေညာမောင်းခတ်လိုက်ရာ တိမ်မြုပ်နေသည့် ဆင်ဖြူတော်ရောဂါ ပြန်ပေါ်လာပြီဟု ဆိုရမည်။
ယခင်စစ်အုပ်စုလက်ထက် ပေါ်ခဲ့သည့် ဆင်ဖြူတော်ရောဂါသည် ၂၀၁၅ မှ ၂၀၂၀ အထိ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုနိုင်ကာ ယနေ့တိုင် လူထု ထောက်ခံမှု တခဲနက်ရနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်တွင် ခေတ္တပုန်းလျှိုးနေခဲ့သည်။
ယခုအခါ ပြည်တွင်းစစ်မီးကို ပြည်မရောက်အောင် ခေါ်ဆောင်သူ၊ ပြည်ဝမ်းဖောက်ကာ စီးပွားဖျက်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်တွင်မှ အချိန်ကိုက် ပြန်ပေါ်လာခြင်းက ဆင်ဖြူတော်ဆိုသည့် သတ္တဝါသည် လက်နက်အားကိုး ရက်စက်ကြမ်းကြုပ်သော စစ်ယူနီဖောင်းဝတ် အာဏာရှင်၊ အာဏာရူးများ လက်ထက်တွင်သာ ပေါ်တတ်သလားဟု မေးခွန်းထုတ်စရာပင်။
ဆင်ဖြူတော်အစ ဗုဒ္ဓကျမ်းဂန်များကဟုပင် ဆိုရမှာ ဖြစ်ပြီး ဝေဿန္တရာဇာတ်တွင် နှစ်ပေါင်းများစွာ မိုးခေါင်ရေရှား ဆန် ရေ စပါး မစိုက်နိုင်သည့် ကလိင်္ဂရာဇ်တိုင်းကို ဆင်ဖြူလှူသဖြင့် စေတုတ္တပြည်မှ ဝေဿန္တရာမင်းကြီးပင် တိုင်းပြည်မှ နှင်ထုတ်ခံရကြောင်း ပါသည်။
အိန္ဒိယတိုက်တွင် ရှေးဘုရင်များလက်ထက်ကလည်း ဆင်ကို ရတနာတပါးအဖြစ် သတ်မှတ်ကြပြီး ဆင်တပ်များ အရေးပါပုံက ယနေ့ခေတ် တင့်ကားများသဖွယ်ပင်။ ရဲစွမ်းသတ္တိရှိသူများ အတွက် ဆင်ဦးကင်းထက်မှ စစ်ဆင် စစ်ထိုးရခြင်းက သမိုင်းဝင် ပြောစမှတ်တွင်သည့်အရာများဖြစ်သည်။
အရပ်ဆယ်မျက်နှာကို အောင်နိုင်သူဟု ထိုင်းတို့က ခေါ်ဝေါ်သည့် မြန်မာဘုရင် ဘုရင့်နောင် ဆင်ဖြူကို လိုချင်သဖြင့် ယိုးဒယားကို စစ်ပြုခဲ့သလို မြန်မာရာဇဝင်တွင် ဆင်ဖြူတော် အလွန်အမင်း ပိုင်ဆိုင်လိုသည့် ဘုရင် သီဟသူ (ခရစ်နှစ် ၁၂၆၅- ၁၃၂၅)သည် ပန်းလောင်မြစ်အတွင်း မျောလာသည့် ဆင်ဖြူအသေကို ကုတ်ဖြင့်ထောင်ကာ စီး၍ ဆင်ဖြူရှင် ဘွဲ့ခံရာ တစီးရှင် သီဟသူဟု သမိုင်းတွင်ခဲ့သူဖြစ်သည်။
မြန်မာဘုရင်များ ဆင်ဖြူနှင့် ပတ်သက်လျှင် မည်မျှ ပိုင်ဆိုင်ချင်ကြောင်း ဤသည်ကို ကြည့်က သိနိုင်သည်။ အင်္ဂလိပ်တို့ကမူ ဆင်ဖြူဆိုသည် မွေးမြူထိန်းသိမ်းရာတွင် အဖိုးအခ ကုန်ကျလွန်းပြီး ဘာမှ အကျိုးအမြတ်ပြန်မထွက်သော အရာဟု မြင်ကြသည်။
ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူပြီးနောက် သူ၏ ဆင်ဖြူတော်လည်း ဇာတ်သိမ်းမကောင်းပေ။ ရန်ကုန် တိရစ္ဆာန်ရုံတွင် ထိန်းသိမ်းထားသည့် ထိုဆင်ဖြူမှာ ၁၉၀၈ ခုနှစ်တွင် မုန်ယိုလာသဖြင့် သေနတ်နှင့် ပစ်သတ်လိုက်သည်။
ကိုလိုနီခေတ်တွင် တောင်ငူမြို့မှ ဒေါက်တာ စောဂျွန်ဆင်ဒီဖိုးမင်း ဆိုသူ ကရင်အမျိုးသားတဦးက ပျဉ်းမနား တောင်ညိုဘက်မှ ရသည့် ဆင်ဖြူတကောင်ကို အမေရိကန် ပြည်ထောင်စုတွင် လှည့်လည်ပြသခဲ့သည်ဆိုသော သတင်းမှလွဲ၍ တခြားမှတ်တမ်းမရှိခဲ့ပေ။
လွတ်လပ်ရေးရပြီး ကာလ ၁၉၅၈ ခုတွင် မြစ်ကြီးနားခရိုင် ကာမိုင်းတောင်တန်းဒေသမှ ဆင်ဖြူတကောင် ရခဲ့သော်လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်သာ မွေးမြူထားရှိခြင်းခံခဲ့ရသဖြင့် မြန်မာတို့အကြား ဆင်ဖြူတော်မှာ ခေတ်မစားတော့ဟု ဆိုနိုင်သည်။
ယူနီဖောင်းဝတ်ချင်း အတူတူ တပါတီအာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းကမူ ဆင်ဖြူတော်ရောဂါကင်းခဲ့သည်။ သို့သော် သူ့နောက်လူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သပြေအုပ်စု ဆင်စွယ်ရချောင်းမှ အသက် ၈ နှစ်ခန့် ရှိ ဆင်ဖြူတကောင်ရခဲ့ရာ နိုင်ငံတကာမျက်နှာစာတွင် ပစ်ပယ်ထားခြင်းခံရသည့် နအဖ အနေဖြင့် လူထုအား အာရုံလွဲစရာဖြစ်ခဲ့ပြီး ယင်းဆင်ဖြူကို ရာဇဂဟသီရိ ပစ္စယ ဂဇ ရာဇဟု အမည်ပေးကာ ရန်ကုန်မြို့ မင်းဓမ္မကုန်းအနီး ရတနာဆင်ဖြူတော် ဥယျာဉ်ဟု ဆောက်၍ ဆင်ဖြူရှင်ဘွဲ့ခံကြပြန်သည်။
ထို့နောက် ဆက်တိုက်ဆိုသလို ဆင်ဖြူတော်ရှာဖွေရေးအား အုံနှင့်ကျင်းနှင့် လုပ်ခဲ့ရာ ၂၀၀၂ ခုနှစ် ဇန်နဝါရီလတွင် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်မှပင် သိင်္ဂီမာလာဟု အမည်ပေးထားသည့် ဒုတိယဆင်ဖြူကိုလည်းကောင်း၊ ယင်း နှစ် ဇူလိုင်လမှာပင် ရတနာမာလာ အမည်ပေးထားသည့် တတိယဆင်ဖြူကို ရပြန်ရာ ဆင်ဖြူ ၃ ကောင်လုံးကို မင်းဓမ္မ ကုန်းတွင်ပင် ထားကာ ပွဲလမ်းသဘင်များဖြင့် ပြည်သူအား အာရုံလှည့်စားခဲ့ကြသည်။
ထိုဆင်ဖြူများမှာ နအဖအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ခင်ညွန့် တန်ခိုးထွားခဲ့စဉ်က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရာတွင် သူ၏ စစ်ထောက်လှမ်းရေးများက ဦးဆောင်ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်မရှိသည့်နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ လမ်းညွှန်ချက်ဖြင့် ဆက်လက်ရှာဖွေရာ ၂၀၁၀ ခုနှစ်တွင် မောင်တောမြို့နယ်အတွင်းမှ စတုထ္တမြောက် ဆင်ဖြူ ဘဒ္ဒဝတီနှင့် ပဉ္စမမြောက် ဆင်ဖြူ နန္ဒဝတီကို ဖမ်းဆီးရမိပြီး ဤတကြိမ်တွင်မူ မင်းဓမ္မကုန်းတွင် မထားတော့ဘဲ နေပြည်တော်သို့ ခေါ်ဆောင်ခဲ့သည်။
၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့် အရာကျသွားသည်နှင့် တပြိုင်နက်တည်း သူဦးဆောင်ဖမ်းဆီးခဲ့သည့် မင်းဓမ္မကုန်းမှ ဆင်ဖြူများသည်လည်း ဂရုစိုက်ခံရခြင်း နည်းပါးသွားသဖြင့် သူနှင့်အတူ အရာကျသွားသည်ဟု ဆိုရမည်။
ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ထိုင်းအစိုးရက မြန်မာနိုင်ငံမှ ဆင်ဖြူတော်များကို ချေးငှားရန် အဆိုပြုခဲ့သည်။ သို့သော် ဦးသိန်းစိန် အစိုးရက ဒီအယူအဆကို ပယ်ချခဲ့သည်။
သမ္မတ ဦးသိန်းစိန်က ဧရာဝတီတိုင်း ဒေသကြီး ခရီးစဉ်အတွင်း ဒေသခံများအား ဆင်ဖြူတော်ကဲ့သို့ ဖြူစင်သော စိတ်ထားရှိရန် ပြောဆိုခဲ့ဖူးပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ ဆင်ဖြူတော်များ ကျေးဇူးကြောင့်ဟု ၂၀၁၅ ခုနှစ် ဧပြီလ ၅ ရက် အစိုးရသတင်းစာများတွင် ရေးသားဖော်ပြဖူးသည်။
ကျမ်းဂန်များ အလို ဆင်ဖြူနှင့် ပတ်သက်လျှင် ရှင်ဘုရင်ပုဆိုး ပိုးချည်းပဲဆိုသလို ကောင်းတာတွေကိုသာ ရေးသား ကြရာ ဆင်ဖြူတော်ပိုင်သော ဘုရင်၊ ဆင်ဖြူဆက်သခံရသည့် အစိုးရသည် ဘုန်းတန်ခိုးကြီးခြင်း၊ သြဇာကြီးခြင်း၊ ကျော်စောထင်ရှားခြင်း၊ စည်းဇိမ်ဥစ္စာနှင့် ပြည့်စုံခြင်း ရှိသည်ဟု ရည်ညွှန်းသလို မိုးလေဝသ ကောင်းမွန်ခြင်း၊ စိုက်ပျိုး သမျှ သီးနှံအောင်မြင်ခြင်း၊ ရောဂါ ဘယကင်းခြင်း၊ တိုင်းသူပြည်သားတို့ စည်ပင် ဝပြောခြင်း၊ ကြွယ်ဝခြင်း၊ ပျော်ရွင် ချမ်းသာပြီး သီတင်းသီလ ဆောက်တည်ခြင်း ဟုဆိုထားသည်။
သို့သော် ဆင်ဖြူတော် သုံးကောင် ရှာဖွေခဲ့သည့် ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ဥပဒေအထက်တွင် မည်သူမျှ မရှိရဆိုကာ အဖမ်းခံရပြီး ပြစ်ဒဏ် ၄၄နှစ် ချခံခဲ့ရကာ နေအိမ်အကျယ်ချုပ် ခံခဲ့ရသလို ဆင်ဖြူတော်များရှိသော မြန်မာပြည်သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြစ်ဝကျွန်းပေါ်တခုလုံး ပျက်ဆီးကာ လူပေါင်း ၁သိန်း ၃သောင်းကျော် သေဆုံးခဲ့ရာ ဆင်ဖြူတော် ပိုင်လျှင် မိုးလေဝသ ကောင်းမွန်သည် ဆိုသော ဟောကိန်း မည်မျှမှန်သနည်းဆိုသည်ကို သိနိုင်သည်။
လက်ရှိအနေအထားတွင်လည်း ယခု ဆင်ဖြူမွေးဖွားသည့်အချိန်တွင် မြန်မာပြည်သည် ဘယ်အခြေစိုက်နေသနည်း ဆန်းစစ်ရန် လိုပေသည်။
မိမိလက်ထက် ဆင်ဖြူတော် ပေါ်သည်ဟု ယူဆနေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ လူသတ်သမားဟု မည်သူကမျှ ဆေးဖော်ကြောဖက် မလုပ်ချင်၊ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သည့် အာဆီယံအဖွဲ့ ကပင် လူရာသွင်းချင်း မခံရ၊ ပြည်တွင်းရှိ လူများကတော့ မအလဟုသော အဆဲ စကားလုံးနှင့်သာ သုံးစွဲခေါ် နေကြသည်မှာ အားလုံးအသိဖြစ်သည်။
စီးပွားရေးနှင့် ပတ်သက်လျှင် သာယာဝပြောဖို့ နေနေသာသာ ယနေ့ဆိုလျှင် ဆင်းရဲမွဲတေမှုနှုန်းက နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်း ရောက်ရှိနေပေပြီ။ ကုန်ပစ္စည်း ရှားပါးလာခြင်း၊ အလုပ်အကိုင် ရှားပါးလာခြင်း၊ ငွေတန်ဖိုးဖောင်းပွမှု ကြီးလာခြင်းစသည်တို့နှင့် ရင်ဆိုင်နေရပြီး လူထုဝင်ငွေကျဆင်းကာ ရာဇဝတ်ထူပြောနေသည် ငြင်း၍ မရပေ။
ဆင်ဖြူတော်ပေါ်က မိုးလေဝသ ကောင်းမွန်သည်ဟု ကျမ်းဂန်က ဆိုသော်လည်း လက်တွေ့တွင် ဆင်ဖြူပေါက်ဖွား ရာ ရခိုင်ပြည်နယ်တွင် မိုးခေါင်သဖြင့် ဘာသာရေးအရ မိုးခေါ်နေရသည်။
ယနေ့ ခေတ်ကြီးတွင် သာသနာတဝက် မင်းကောင်းတဆက်ဟုဆိုကာ တိုင်းပြည်ငြိမ်းချမ်းဖို့ ဆင်ဖြူတော် ပေါ်သည်ဟု ယူဆနေပါက ကွယ်လွန်သူ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသည့် ဆင်ဖြူသည် မဲသည်ထက် တိရိစ္ဆာန်သည် တိရိစ္ဆာန်သာ ဖြစ်သည် ဆိုသော စကားကိုသာ ပြန်ကိုးကားရပေတော့မည်။
ယင်းတိရိစ္ဆာန်ကို အကြောင်းပြုပြီး အကျိုးစီးပွားရှာသူများအတွက်လည်း ဆင်ဖြူတော်မှီပြီး ကြံစုပ်သည်ဟူသော စကားပုံက ရှိနေပါကြောင်း။
You may also like these stories:
ချန်ထားမရတဲ့ လောကီအစီအရင် အားပြိုင်မှုများ
မြန်မာစစ်တပ်၏ ရှည်လျားသော ကွပ်မျက်မှုသမိုင်း
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထ
စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်