စစ်တပ်အာဏာသိမ်းပြီးနောက် အစစအရာအရာ ကျပ်တည်းလာသလို အလုပ်အကိုင်က ရှားပါး၊ လွတ်လပ်မှု ပျောက်ကာ တင်းကျပ်မှုက နေရာတကာ အပြည့်၊ ဘဝတိုးတက်မှု အခွင့်အလမ်း ပျောက်ဆုံးလာသည့်အတွက် နိုင်ငံမှ စွန့်ခွာရွှေ့ပြောင်း ကာ ရေကြည်ရာ မြက်နုရာတွင် အလုပ်အကိုင်လုပ်လိုသူ လူငယ်လူရွယ်များက ဒုနှင့်ဒေး အများအပြားပင် ရှိနေသည်။
လတ်တလော လူငယ်လူရွယ်ထုကြားက ထွက်လာသည့် ရင်ဖွင့်စကားက “ဒီမှာ နေ နေရတာက ကျနော်တို့ရဲ့ အလုပ် အကိုင် အနာဂတ်က မရေရာတော့ဘူး၊ ကျနော်တို့ ဘဝအတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး”ဟု ဆိုသည် အသံ သာဖြစ်သည်။
ထိုသို့ ပျော်ရာမနေ တော်ရာနေမည့် သူများထဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အသက် ၃၀အရွယ် ကိုအောင်ပြည့်ဆိုသူလည်း အပါအဝင်ဖြစ်ပြီး သူသည် မိသားစုနှင့် ခွဲခွာမနေလိုသော်လည်း မတတ်သာသည့် အဆုံး ယခုအခါ ဂျပန်သွားကာ အလုပ်လုပ်မည့် လမ်းကို ရွေးချယ်ဆုံးဖြတ်လိုက်ရသူ ဖြစ်သည်။
“ကျနော်ဆို ကုမ္ပဏီဝန်ထမ်းကနေ ကိုယ်ပိုင် စားသောက်ဆိုင်လေး ဖွင့်ဖို့ လုပ်ထားခဲ့တာ။ အခုက တခါမှ မစဉ်းစားဖူးတဲ့ နိုင်ငံခြားမှာ အလုပ်လုပ်သွားဖို့ဆိုတာကို ရွေးချယ်နေရတယ်” ဟု သူ၏ မရေရာသည့် အနာဂတ်ကို မဝံမရဲဖြင့် ပြောပြ၏။
ကိုအောင်ပြည့်၏ မူလအလုပ်က ပြည်ပမှ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများ တင်သွင်းရောင်းချသည့် ဆေးကုမ္ပဏီ တခုတွင် အရောင်းဝန်ထမ်းတဦးဖြစ်ပြီး လုပ်သက်အတော်အသင့်ရှိကာ သူ၏ ဝင်ငွေမှာ တလလျှင် ကျပ် ၇ သိန်းမှ ၈ သိန်းအထိ ပုံမှန်ရရှိနေသူဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နှင့် အာဏာသိမ်းမှုကို ကြုံလိုက်သည့်အခါ အရောင်းအဝယ်ပါးက ဝယ်လိုအား ကျသဖြင့် သူ၏ ဝင်ငွေက တလလျှင် ကျပ် ၅သိန်းဝန်းကျင်သာရှိတော့သည်ဟု သိရသည်။
ထိုဝင်ငွေသည် ဆန်တပြည် ကျပ် ၂၀၀၀ သာရှိသော ကာလတွင် မိသားစုအတွက် လောက်ငှသော်လည်း ယခု လိုတွင် ဆန်တပြည်လျှင် ကျပ် ၄၀၀၀ ဖြစ်နေသည့်အချိန် အခြားသော အခြေခံ ကုန်ဈေးနှုန်းများကလည်း ၂ ဆမှ ၂ ဆခွဲကျော် ထိုးတက်နေသည့် ကာလတွင်မူ မလုံလောက်တော့ပေ။
ထို့အတွက် မိသားစုကို တလလျှင် ကျပ် ၁၀ သိန်းမှ ကျပ် ၁၂ သိန်းဝန်းကျင် ပြန်လည် ထောက်ပံ့နိုင်မည့် ဂျပန်နိုင်ငံက အလုပ်တခုခုတွင် သွားရောက် လုပ်ကိုင်ရန် ဆုံးဖြတ်ကာ ကိုအောင်ပြည့် တယောက် ဂျပန်စာသင်တန်း တက်ရောက် နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းမှစ၍ အကျပ် အတည်းမျိုးစုံ ဖြစ်လာခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာခြင်းနှင့် ခိုးဆိုးလုယက်မှုများ ထူပြောကာ လုံခြုံမှု ကင်းမဲ့လာနေသော မြို့ပြနေထိုင်မှုများက အဆိုးဆုံး ဖြစ်လာသည်။ ထိုအခြေအနေများထဲတွင် မည်သူ့မျှ ရှောင်လွဲ မရသည့် အခက်အခဲက အဆမတန်ကြီးမြင့် လာသော ကုန်ဈေးနှုန်းပင် ဖြစ်သည်။
ထိုသို့သော အခြေအနေတွင် ထွက်ရပ်လမ်းက ပြည်ပသို့ သွားကာ အထူးသဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ရေးပင် ဖြစ်သည်။
သြဂုတ်လ ၅ရက်က ဂျပန်ဘာသာ စကား N4 Level အဆင့် (Japanese Language Proficiency Test) စာမေးပွဲ အတွက် လျှောက်လွှာများ ဝယ်ယူနိုင်ရေး လူစုလူဝေးဖြင့် လမ်းပေါ်၌ လူငယ်များ ပြေးလွှားတိုးကြိတ်ကာ အလုအယက် ဖြစ်နေခြင်းကို ကြည့်ခြင်းဖြင့် မြန်မာလူငယ်တို့၏ အခြေအနေကို ခန့်မှန်းကြည့်နိုင်ပါသည်။
ဂျပန်နိုင်ငံတွင် ကျွမ်းကျင် လုပ်သားအနေဖြင့် သွားရောက် အလုပ်လုပ်နိုင်ရန်အတွက် လိုအပ်သာ ဂျပန် ဘာသာစကား တတ်မြောက်မှုအဆင့် အရည်အချင်း စစ်စားမေးပွဲ အောင်မြင်ရန်အတွက်က ထင်သလောက် မလွယ်ကူလှသလို သက်ကြီး ရွယ်အို စောင့်ရှောက်သော အလုပ်သင်ဗီဇာ (Training Visa) ဖြင့် အလုပ်လုပ်ရန် အတွက်ပင် ကျပ်သိန်း ၇၀ ကျော် (အမေရိကန်ဒေါ်လာ၂၈၀၀) ကုန်ကျမည် ဖြစ်သည်။
ဂျပန်နိုင်ငံသို့ အလုပ်သမား စေလွှတ်သော အေဂျင်စီ အများစုကမူ ဂျပန်ဘာသာစကား သင်တန်းကျောင်းကို ပူးတွဲဖွင့် လှစ်ထားပြီး ထိုကုန်ကျစရိတ်ကို အေဂျင်စီဘက်က စိုက်ထားပေးလေ့ ရှိသည်။
ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲတွင် N1 မှ N5 ဟူ၍ အဆင့် ၅ ဆင့် သတ်မှတ်ထားပြီး ကျွမ်းကျင်လုပ် သားဖြင့် သွားရောက် အလုပ်လုပ်ကိုင်လိုသူများသည် ဂျပန်စာ တတ်မြောက်မှုအဆင့် အနည်းဆုံး N3 အောင်မြင်ရမည် ဖြစ်ပြီး အလုပ်သင် ဗီဇာဖြင့် သွားရောက်လိုသူများသည် အနိမ့်ဆုံး အဆင့် N5 အောင်မြင်ရန်သာ လိုသည်။
ထိုအခြေအနေများကြောင့် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများနှင့် ဘွဲ့ရလူငယ်များသည် ဂျပန်နိုင်ငံထက် ဒူဘိုင်းနှင့် တောင်ကိုရီးယားများသို့ သွားရောက် အလုပ် လုပ်ကိုင်ရန် ပြင်ဆင်နေကြကြောင်း နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေကြသလို တချို့ကမူ သင်္ဘောသား အလုပ် လုပ်ကိုင်ရန် ပြင်ဆင်နေကြသည်။
“ကျနော်တို့က ပညာတွေ ဘာတွေလည်း အရမ်းတတ်တာလည်း မဟုတ်ဘူး။ ဘွဲ့ရလောက်နဲ့ပဲ ဆိုတော့ ဒီမှာလုပ်ရင်လည်း အခြေခံ လစာလောက်နဲ့က ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ပြီးတော့ ဒီမှာနေရတာ မပျော်တော့ဘူး၊ မနေချင်တော့ဘူး။ အဲဒီတော့ နိုင်ငံခြားထွက် အလုပ် လုပ်မယ်။ ပိုက်ဆံလည်း များများရမယ်၊ ဒီမှာလည်း မနေရတော့ဘူး” ဟု အသက် ၂၅ နှစ် အရွယ် ကိုဇွဲမာန်က ဧရာဝတီသို့ ပြောသည်။
သူ့အနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ရန်အတွက် ပြင်ဆင်ခဲ့သေးသော်လည်း ဂျပန်ဘာသာစကား သင် ယူရသည်မှာ အခက်အခဲ ရှိခြင်းနှင့် ဘာသာစကား တတ်မြောက်သည့်တိုင် နောက်ထပ် ၁ နှစ်ခန့် အချိန်ယူရမည် ဖြစ်သည့် အတွက် စစ်အာဏာသိမ်းပြီးနောက် လူငယ်များ သွားရောက် အလုပ် လုပ်ကိုင်မှုများသော ဒူဘိုင်းတွင် ဟိုတယ် ဝန်ထမ်း လုပ်ကိုင်ရန် စီစဉ်နေကြောင်း သူက ဆက်လက် ပြောသည်။
ကိုအောင်ပြည့်နှင့် ကိုဇွဲမာန် တို့လို မိသားစုက ငွေကြေး ထောက်ပံ့နိုင်ပြီး ပညာအရည်အချင်းအဆင့် တခုရှိကြသူများ အတွက် ဒူဘိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ အဖြစ်သွားရောက် လုပ်ကိုင်ကြရန် ရွေးချယ်ကြသလို ဝန်ဆောင်ခ နှင့် ပညာအရည်အချင်း သတ်မှတ်ချက်နည်းသော ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ အခြေခံ လုပ်သားအဖြစ် သွားရောက် အလုပ် လုပ်မှုများလည်း ပြန်လည် မြင့်တက်လာခဲ့သည်။
အင်ဂျင်နီယာ ဘာသာရပ် တတ်မြောက်ထားသူများနှင့် လုပ်ငန်းခွင် အတွေ့အကြုံရှိထားပြီးသော ကျွမ်းကျင်သူများကမူ စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်နေကြပြီ ဖြစ်သလို သွားရန် ပြင်ဆင်နေကြသူများလည်း ရှိနေသည်။
အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေများက မြန်မာ့လူငယ်လူရွယ် များကို ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကြရန် ပိုမို တွန်းပို့လာနေပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှု ၁ နှစ်ခွဲကာလအတွင်း မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့် အလမ်းဆုံးရှုံးမှု အလွန်အမင်း ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ သြဂုတ် ၁ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၀ နှင့် နှိုင်းယှဉ်ပါက အလုပ်အကိုင်အခွင့်အလမ်း ၁၁ သိန်း (၁ ဒသမ ၁ သန်း) ခန့် နည်းပါးသွားပြီး ၂၀၂၂ ပထမ နှစ် ဝက်၌ အလုပ်အကိုင်ရရှိမှု အခြေအနေအနည်းငယ် ပြန်ကောင်းလာသော်လည်း လုပ်ငန်းခွင်အတွင်း ဥပဒေအရ အလုပ် သမားများ ရသင့်ရထိုက်သော အခွင့်အရေးများ မရှိခြင်းနှင့် ချိုးဖောက်ခံရမှုများ ကြုံတွေ့နေရကြောင်း ဆိုသည်။
“နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေမှာ အဓိကက အလုပ်အကိုင် ရှားပါးမှုကြောင့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြဖို့ ပိုပြီး စဉ်းစားလာကြတယ်။ နောက်ပြီး ကိုယ့်နိုင်ငံမှာ ရမယ့် ဝင်ငွေကလည်း နည်းတာကိုး” ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေ ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ ဒုဥက္ကဋ္ဌ ဦးပီတာညွန့်မောင်က ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း လက်ရှိ ပြည်ပသို့ နှစ်ဖက်နိုင်ငံ သဘောတူညီမှု (MoU) စနစ်ဖြင့် တရားဝင်သွားရောက် အလုပ် လုပ်ကိုင် သည့် အလုပ်သမားဦးရေသည် ကိုဗစ် မတိုင်ခင်ကာလက အခြေအနေမျိုးတော့ ပြန်မရောက်သေးကြောင်း သူက ဆက် လက် ပြောဆိုသည်။
ကိုဗစ် မတိုင်ခင်ကာလတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အခြေခံလုပ်သားအဖြစ် သွားရောက် အလုပ် လုပ်ကိုင်သည့် ဦးရေသည် တလလျှင် အလုပ်သမားဦးရေ ၂ သောင်းခွဲ အထိရှိပြီး လက်ရှိတွင် တလလျှင် ၆ ထောင်ကျော်မှ ၇ ထောင် ဝန်းကျင်သာ ရှိသေးကြောင်း MOEAF ၏ စာရင်းများအရ သိရသည်။
မလေးရှားနိုင်ငံသို့ ယခင်က သွားရောက် အလုပ် လုပ်ကိုင်မှုသည်လည်း တလလျှင် အလုပ်သမားဦးရေ ၂ သောင်း ဝန်း ကျင် အထိရှိခဲ့သော်လည်း လတ်တလောတွင် တလလျှင် အလုပ်သမားဦးရေ ၁၅၀၀ ဝန်းကျင်သာ ရှိသေးကြောင်း သိရ သည်။
အထက်ပါ အခြေအနေများသည် ကိုဗစ် မတိုင်မီကာလက သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်ထားသည့် အလုပ် သမား အဟောင်းများ ထွက်ခွာနေခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှ ထိုနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင် ရန် ပြင်ဆင်နေသူများ မပါသေးပေ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်းမှစ၍ နှစ်ကုန်ပိုင်းထိ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်သဖြင့် ဖမ်းဆီးခံရသူ ၆၀၀၀၀ နှင့် ၈၀၀၀၀ ကြားရှိခဲ့ပြီး ၂၀၂၂ ဇန်နဝါရီမှ ဧပြီအတွင်း ၁၂၀၀၀ ခန့် ဖမ်းဆီးခံ ခဲ့ရကြောင်း ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။
သို့သော် အဖမ်းမခံရဘဲ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက် အလုပ် လုပ်ကိုင်ခွင့်ရရှိသွားသည့် မြန်မာ့ရွှေ့ ပြောင်းလုပ်သား အရေအတွက်သည် ၁ သိန်းကျော်အထိ ရှိနိုင်ကြောင့် ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအရေး လုပ်ဆောင်သည့် အဖွဲ့ အစည်းများက ပြောကြသည်။
ဒေသတွင်းတွင် ကိုဗစ် ၁၉ ကူးစက် ထိန်းချုပ်မှုများ လုပ်ဆောင်လာနိုင်ပြီ ဖြစ်ခြင်းကြောင့် ထိုနိုင်ငံများကလည်း မြန်မာ လုပ်သားများကို ပိုမို ခေါ်ယူလိုသည့် အခြေအနေများရှိနေ၍ လာမည့်လ အနည်းငယ်တွင် သွားရောက် အလုပ် လုပ် ကိုင်မည့် အလုပ်သမား ဦးရေသည် မြင့်တက်လာဖွယ်ရှိကြောင်း ဦးပီတာညွန့်မောင်က ပြောသည်။
ဦးပီတာညွန့်မောင်က “ကိုဗစ်ကြောင့် ပိတ်ထားတာ ကြာပြီလေ။ သက်ဆိုင်ရာ နိုင်ငံတွေကလည်း အခုမှ ပြန်ဖွင့်တာ ဆိုတော့ လူတွေက နိုင်ငံခြားသွားမယ် ဆိုတာတွေချည်းပဲ ဖြစ်နေတာပေါ့” ဟု ဆိုသည်။
ထိုသို့ အာဏာသိမ်းပြီးနောက် နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်လိုသူများ အပါအဝင် အမျိုးမျိုးသော အကြောင်းပြ ချက် နိုင်ငံတွင်းမှ ထွက်ခွာလိုသူများ များပြားနေခြင်းကို နိုင်ငံကူးလက်မှတ် စာအုပ် (ပတ်စပို့) အသစ်လုပ်လိုသူများသည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ပတ်စပို့ရုံးရှေ့တွင် နေ့စဉ်ရာနှင့်ချီ တန်းစီ စောင့်ဆိုင်းနေရသလို အွန်လိုင်းစနစ်ဖြင့် ပတ်စပို့ စာ အုပ်အသစ်လုပ်ရန် လျှောက်ထားသူ ဦးရေသည်လည်းများလွန်း၍ အနည်းဆုံး ၃ လခန့် စောင့်ဆိုင်းရမည့် အခြေအနေ များ ရှိသည်။
ကိုဗစ် ၁၉ ကြောင့် ကျဆင်းသွားသော စီးပွားရေး လုပ်ငန်းများကို ပြန်လည် ကုစားနိုင်ရန်နှင့် လုပ်သားပြတ်လပ်မှုကို ဖြည့်ဆည်းရန်အတွက် တောင်ကိုရီးယားနိုင်ငံက ပြည်ပလုပ်သားများ တိုးမြှင့်ခေါ်ယူရန်ရှိမှုနှင့် အခြေခံ လုပ်ခလစာနှုန်း ထား တိုးမြှင့်မှုကြောင့်လည်း တောင်ကိုရီးယားသို့ သွားရောက် ပြင်ဆင်နေမှုလည်း များပြားလျက် ရှိနေသည်။
ကိုရီးယားနိုင်ငံ၏ အခြေခံ လုပ်ခလစာနှုန်းထားသည် ယခင်နှစ်များက ၁ နာရီလျှင် ဝမ် ၈၅၉၀ မှ ၉၀၀၀ ဝန်းကျင်သာရှိခဲ့ရာ ယခုနှစ်မှ စတင်ကာ ၁ နာရီကို ဝမ် ၁ သောင်းအထိ တိုးမြှင့်ပေးထားသည်။ ထို့အတွက်ကြောင့် မြန်မာလုပ်သား ၁ ဦးသည် ပုံမှန်အလုပ်ချိန် ၈ နာရီလျှင်ပင် တရက်လျှင် မြန်မာငွေ ကျပ် ၁သိန်း ၁ သောင်းကျော်အထိ ရရှိမည်ဖြစ်သည်။
“အခု တနေ့ကို ရာနဲ့ချီ ကိုရီးယားကို ထွက်နေကြတာက အရင် ကိုဗစ်မတိုင်ခင်က EPS (ကိုရီးယား ဘာသာစကား အရည် အချင်းစစ် စာမေးပွဲ) အောင်ထားကြသူတွေ၊ အလုပ်ခေါ်စာ ကျထားပြီးသူတွေ ထွက်နေကြတာ” ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ယခု ဩဂုတ်လအတွင်း ပြုလုပ်မည့် EPS (ကိုရီးယား ဘာသာစကား အရည်အချင်း စစ်စာမေးပွဲ) တွင်လည်း တောင်ကိုရီး ယားနိုင်ငံ၏ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေး ကဏ္ဍများအတွက် မြန်မာလုပ်သား ၉ ထောင်ကျော်ခေါ်ယူ သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ နှစ်စဉ် မြန်မာလုပ်သား ၃ သောင်းကျော်က ဝင်ရောက် ဖြေဆိုလေ့ရှိသည်။
“ဒီနှစ်အတွက်က လူဟောင်းတွေပဲ များတယ်။ အခု ရှေ့နှစ် ၆ လပိုင်း နဲ့ ၈ လပိုင်းမှာ ခေါ်မယ့် စာမေးပွဲကို ဝင်ဖြေကြဖို့ လုပ်မယ့်လူတွေက ဒီနှစ်ထက် ပိုများလာနိုင်တယ်” ဟု ပြောဆိုသည်။
တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ကြရမည့်သူများသည် EPS စာမေးပွဲဖြေဆိုရန်အတွက် စာမေးပွဲ မတိုင်မီ ၃ လမှ ၆ လ အတွင်းမှသာ ကြိုပြင်ဆင်ကြလေ့ ရှိသည်။
ထိုသို့ ပြည်ပနိုင်ငံများတွင် အလုပ် သွားရောက်ရန်အတွက် မက်လောက်စရာကောင်းသော လုပ်ခလစာ အခွင့်အလမ်းများ ရှိသော်လည်း မမျှော်လင့်နိုင်သော လုပ်ငန်းခွင် ပင်ပန်းဆင်းရဲမှု၊ အနေအထိုင် အစားအသောက် အပြောင်းအလဲနှင့် အလုပ် သမားအခွင့်အရေး ချိုးဖောက်မှုများကလည်း စောင့်ကြိုနေနိုင်သေးသည်။
“ပိုက်ဆံ ရတာ မှန်ပေမယ့်။ ဒီက အလုပ်တိုင်းတော့ မဟုတ်ပေမယ့် လုပ်ငန်းခွင်အများစုမှာ မြန်မာလုပ်သားတွေဆိုရင် အထက်အရာရှိတွေ၊ ဝန်ထမ်းအချင်းချင်းက အနိုင်ကျင့်တာ၊ Bully လုပ်တာတွေက အနည်းနဲ့အများတော့ ကြုံရတာတွေ ရှိတယ်။ ဒါတွေကို အကုန်လုံးကို ငါပြန်လို့ လုံးဝ မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ပဲ အကုန်လုံးကို သည်းခံပြီး လုပ်နေရတာ” ဒူဘိုင်း တွင် ဟိုတယ်ဝန်ထမ်း လုပ်ကိုင်သူ မမြတ်ဆုက ပြောသည်။
သူမသည် ယခင်က ကလေးများသော စာပြသော ဆရာမအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုတွင် အခြားသူများကို အစား သောက် ဝန်ဆောင်မှု ပေးရသော ဟိုတယ်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေရခြင်းကို လုပ်ငန်းခွင်အဆင်မပြေမှုများ ဖြစ်လာ သည့် အချိန်များတွင် သိမ်ငယ်မှုများ ရှိနေသော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော အထွေထွေ အကျပ် အတည်းမျိုးစုံလောက် မဆိုးသည့်အတွက် ထိုအခက်အခဲကိုသာ ရင်ဆိုင်နေကြောင်းက သူက ပြောဆိုသည်။
မမြတ်ဆုက ဆက်လက်၍ “ကျမဒီမှာ အလုပ် အဆင်မပြေလို့ ပြန်မယ်ဆိုရင်ရော အထဲမှာ ဘာမှလုပ်စရာ မရှိဘူး။ အဲဒီ တော့ ဒီမှာ၂ နှစ် လုပ်မယ် ငါဒီဘဝကို ရွေးချယ်ထားလိုက်ပြီဆိုတဲ့ စိတ်နဲ့ ဖြတ်သန်းရတော့တယ်” ဟု ဆိုသည်။
ယခင်က ရေကြည်ရာ မြက်နုရာ ဟုဆိုကြသော်လည်း ယခုအခါတွင် ထိုထက်မကသော တွန်းပို့နေသည့် အကြောင်းအရာ များကြောင့်ပင် မြန်မာနိုင်ငံမှနေ မဖြစ်မနေစွန့်ခွာကြရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ကိုအောင်ပြည့် ကလည်း “သူများနိုင်ငံကြီး သွားပြီး အလုပ် လုပ်ရမယ့်ဆိုတဲ့ ခံစားချက်ကြီးကတော့ သိပ်တော့ မပြော ပြတတ်ဘူး။ ဒီမှာလည်း အရင်က တလကို ပိုက်ဆံ ၁၀ သိန်းလောက်က ဝင်အောင် ရှာလို့ ရပေမယ့် အခုက ရနေတဲ့ ပိုက်ဆံလေးတောင် မရတဲ့ အခြေအနေက ဖြစ်လာနေပြီ၊ ပိုကျပ်တည်း လာနေတော့ ထွက်ဖို့ပဲ လုပ်ရမှာပဲလေ” ဟု ပြောဆိုသည်။
You may also like these stories:
စစ်ကိုင်း၊ မကွေးမှတ်ပုံတင် ကိုင်ဆောင်သူများကို အလုပ်ထုတ်၊ အလုပ်မခန့်ခြင်းတို့ ပြုလုပ်နေ
ထိုင်းတောင်ပိုင်းရှိ အချုပ်ကျမြန်မာနိုင်ငံသားများ ငွေကြေးလိမ်လည်ခံရ
ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် အလုပ်ကိုင်အခွင့်အလမ်း ဆိုးရွားစွာဆုံးရှုံးနေဟု ILO ဆို
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး