၂၀၂၁ နွေဦးတော်လှန်ရေးတွင် ဆန္ဒပြပြည်သူများကို သတ်ဖြတ်သည်ထိ ရက်စက်ကြမ်းကြုတ်သောသူများက အာဏာသိမ်းစစ်အုပ်စုအတွက် အရေးပါသလို လူပေါင်းဆံ့ပြီး စီးပွားရှာတတ်သော ဒုဗိုလ်ချုပ်ကြီးညိုစောမှာလည်း အလွန်အရေးပါသည်။
ဒုဗိုလ်ချုပ်ကြီး ညိုစောမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်အားကိုးရသော လူရင်း ဖြစ်သည်။ ယခု နိုင်ငံခြားအရန်ငွေ တတိတိခမ်းခြောက်လာချိန် နိုင်ငံနှင့် စစ်တပ်အတွက် အရေးကြီးသော စက်သုံးဆီကို ရုရှနိုင်ငံမှ ရှာဖွေတင်သွင်းရေး စစ်တပ်နှင့် သူ၏ နောက်လိုက်ခရိုနီများ ဖွဲ့စည်းသော ကော်မတီတွင် ဒုဗိုလ်ချုပ်ကြီး ညိုစော ကို ဥက္ကဋ္ဌခန့်လိုက်သည်။
ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် အာဏာမသိမ်းမီက စစ်ထောက်ချုပ်ရာထူးမှ အငြိမ်းစားယူခဲ့ပြီး လက်ရှိတွင် စစ်တပ်၏ အဓိက စီးပွားရေးလုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ ဥက္ကဋ္ဌ၊ အင်းဝဘဏ်ဥက္ကဋ္ဌနှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများပိုင်ကုမ္ပဏီ (UMEHL) တို့၌ ထိပ်ပိုင်းရာထူးတာဝန်များကို ယူထားသူတဦး ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် အာဏာမသိမ်းမီက စစ်ထောက်ချုပ်ရာထူးမှ အငြိမ်းစားယူခဲ့ပြီး လက်ရှိတွင် စစ်တပ်၏ အဓိက စီးပွားရေးလုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ ဥက္ကဋ္ဌ၊ အင်းဝဘဏ်ဥက္ကဋ္ဌနှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများပိုင်ကုမ္ပဏီ (UMEHL) တို့၌ ထိပ်ပိုင်းရာထူးတာဝန်များကို ယူထားသူတဦး ဖြစ်သည်။
MEC လက်အောက်တွင် ဘဏ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆယ်သွယ်ရေးနှင့် စားသောက်ကုန် လုပ်ငန်းများ အပါအဝင် ကုမ္ပဏီခွဲပေါင်း ၁၉ ခုကျော်ထိ ရှိသည်။
ဒုဗိုလ်ချုပ်ကြီးညိုစောသည် စစ်တက္ကသိုလ်အပတ်စဉ် ၂၃ မှဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်နှင့် စစ်တက္ကသိုလ် တို့တွင် ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူ တဦးဖြစ်ကာ ထိုအချိန်ကတည်းက စစ်ခေါင်းဆောင်က သဘောကျခဲ့သူလည်း ဖြစ်သည်။
လူရည်လည်သော စစ်ထောက်ချုပ်ဟောင်း
“သူ (ဒုဗိုလ်ချုပ်ကြီး ညိုစော) စစ်ထောက်ချုပ် လုပ်တုန်းက သဘောလည်းကောင်းတယ်။ ဘယ်၍ဘယ်မျှမဟုတ်ဘူး အားလုံး အဆင်ပြေအောင် လုပ်ပေးတဲ့သူဆိုတော့ လုပ်ငန်းရှင်တွေရော၊ ဗိုလ်ချုပ်တွေနဲ့ရော အားလုံးပတ်ခြုံပြီး အဆင်ပြေတဲ့ လူပေါ့” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
စစ်ထောက်ချုပ်သည် မြန်မာစစ်တပ်အတွက် တိုက်လေယာဉ်နှင့် စစ်လက်နက် တင်သွင်းရေးများကအစ ဆန်၊ သံနှင့် ဘိ လပ်မြေကဲ့သို့ ကုန်ပစ္စည်းများ ဝယ်ယူရေးအတွက်လည်း နောက်ဆုံးအတည်ပြု ဆုံးဖြတ်ပေးရသည့် အဆင့်မြင့်ဆုံးရာထူး ရှိသူလည်း ဖြစ်သည်။

ထိုတာဝန်ကို ဒုဗိုလ်ချုပ်ကြီးညိုစောက ဦးသိန်းစိန်အစိုးရ တာဝန်ယူရသော နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၁၄ ခုနှစ်မှ အာဏာ မသိမ်းမီကာလ ၂၀၂၀ ခုနှစ် ဧပြီလထိ ထမ်းဆောင်ခဲ့သည်။
ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ဗိုလ်ချုပ်များ ဦးဆောင်သည့် ဦးသိန်းစိန်အစိုးရ လက်ထက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အရပ်သားအစိုးရ မတက်လာခင် နှစ်ပိုင်းအလိုကမှ စစ်ထောက်ချုပ်ရာထူး တာဝန်ပေးခံရခြင်းသည် ယခင် စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ဟောင်းများ၏ အကျင့်ပျက်ခြစားမှုများအား ဖုံးကွယ်ပေးရန်အတွက် ဖြစ်ကြောင်း ၎င်းနှင့် သိကျွမ်းဖူးသော စီးပွားရေးလုပ်ငန်းရှင် အပါအဝင် လုပ်ငန်းရှင်တချို့က ဧရာဝတီသို့ ပြောသည်။
“သူ (ဒုဗိုလ်ချုပ်ကြီး ညိုစော) စစ်ထောက်ချုပ် ဖြစ်တဲ့အချိန်မှာ ဘာမှ သိပ်မရှိတော့ဘူးလေ။ ၈ လုံးကြီး (ဗိုလ်ချုပ်ကြီး ဟောင်း သီဟသူရတင်အောင်မြင့်ဦး) တို့က အကုန်လုပ်ထားပြီးပြီလေ။ ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို တံမြက်စည်းလို့ ခေါ်ကြတယ်။ အမှိုက်သိမ်းဖို့ပေါ့” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ဒုဗိုလ်ချုပ်ကြီးညိုစော စစ်ထောက်ချုပ်အဖြစ် တာဝန်မယူခင် အရှေ့ပိုင်းကာလများ၌ အကျင့်ပျက်ခြစားမှုများဖြင့် နာမည်ကျော်သော ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရတင်အောင်မြင့်ဦးနှင့် ဗိုလ်ချုပ်ဟောင်းဝေလွင်တို့က စစ်ထောက်ချုပ်အဖြစ် တာဝန်ယူခဲ့ကြသည်။
ဒုဗိုလ်ချုပ်ကြီးညိုစော စစ်ထောက်ချုပ်အဖြစ် တာဝန်မယူခင် အရှေ့ပိုင်းကာလများ၌ အကျင့်ပျက်ခြစားမှုများဖြင့် နာမည် ကျော်သော ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရတင်အောင်မြင့်ဦးနှင့် ဗိုလ်ချုပ်ဟောင်းဝေလွင်တို့က စစ်ထောက်ချုပ်အဖြစ် တာဝန်ယူခဲ့ကြသည်။
၎င်းတို့ ၂ ဦးသည် ဦးသန်းရွှေ စစ်အစိုးရလက်ထက်၌ ထိပ်ပိုင်းရာထူးများ ရယူထားခဲ့ကြသူများ ဖြစ်သလို ဦးသိန်းစိန် လက်ထက်တွင်လည်း ဒုသမ္မတနှင့် ကာကွယ်ဝန်ကြီးများအဖြစ် တာဝန်ယူခဲ့ကြသည်။
အပြောင်းအလဲများစွာ ရှိခဲ့သော စစ်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းသည့် ၂၀၀၉ မှ ၂၀၁၂ ဝန်းကျင်ကာလအတွင်း ပုဂ္ဂလိကပိုင်ပြုရေးခေါင်းစဉ်ဖြင့် နိုင်ငံပိုင်မြေနေရာနှင့် အဆောက်အအုံ၊ လုပ်ငန်း အများအပြားကို မြန်မာ့စီးပွားရေး ဦးပိုင်အများပိုင်ကုမ္ပဏီ (UMEHL) လက်သို့ သွတ်သွင်းလိုက်မှုတွင် အထက်ပါ စစ်ဗိုလ်ချုပ်ဟောင်းများက အဓိက ပါဝင်ခဲ့သူများ ဖြစ်သည်။
ထိုအထဲမှ လူသိများသော စီမံကိန်းတချို့မှာ စီးပွားရေးလုပ်ငန်းရှင် ဦးဂျော်နသန်ကျော်သောင်း၏ KT Group က လုပ်ကိုင် ခွင့် ရရှိခဲ့သည့် ရန်ကုန်မြို့လယ်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းနှင့် လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းထောင့် ရှိ အမျိုးသားစာကြည့်တိုက်ဟောင်းကို Polo Club အမည်ရှိ ဟိုတယ်နှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းတို့ပင် ဖြစ်သည်။
Polo Club စီမံကိန်းကိုမူ လက်ဝါးအထည်ချုပ်ကုမ္ပဏီမှ ဦးခင်မောင်အေးနှင့် ဦးသင်းမောင်အေး၊ Silver Wave Trading မှ ဦးမင်းမင်းအောင်နှင့် Blazon Group မှ ဦးဟန်ကြည်တို့၏ ကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်မည့် HSL Group JV ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို တရုတ်အစိုးရပိုင် China State Construction and Engineering Corporation က လုပ်ဆောင်မည် ဖြစ်သည်။
“၂၀၁၄-၁၅ အစိုးရ အကူးအပြောင်းကာလမှာ သူက (ဒုဗိုလ်ချုပ်ကြီးညိုစော) စစ်ထောက်ချုပ်ဖြစ်တော့ အဲဒီအချိန်မှာ တင်ဒါတွေ အကြိတ်အနယ်ကိုခေါ်တာ။ နောက်ဆုံးပိတ် အိတ်နဲ့လွယ် တင်ဒါစီမံကိန်းတွေပေါ့။ သူက အဲဒါတွေ လုပ်ပေးနိုင်ခဲ့ တော့ သူ့အပေါ် တော်တော်လေးယုံကြည်မှု ရသွားတယ်” ဟု ၎င်းနှင့်သိကျွမ်းဖူးသော စီးပွားရေးလုပ်ငန်းရှင်တဦးက ဆိုသည်။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်ထောက်ချုပ်ရာထူးတာဝန် ယူပြီးနောက် မြန်မာပြည်၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကဲ့သို့ ချမ်းသာကြွယ်ဝလာမှု ရှိသော်လည်း သူသည် သိုသိုသိပ်သိပ်သာ နေထိုင်သူ ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်ထောက်ချုပ်ရာထူးတာဝန် ယူပြီးနောက် မြန်မာပြည်၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကဲ့သို့ ချမ်းသာကြွယ်ဝလာမှု ရှိသော်လည်း သူသည် သိုသိုသိပ်သိပ်သာ နေထိုင်သူ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကကဝယ် (ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး) က တင်ဒါတွေကိုတောင် လုပ်ငန်းရှင်က တင်တဲ့ တင်ဒါဈေးနှုန်းအတိုင်း မရဘူး။ သူတို့က စာချုပ်ထဲမှာ ဈေးတင်ထားတဲ့ ဈေးနှုန်းအတိုင်းပဲ လုပ်ရတာ။ အဲဒီမှာ လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် နောက်တယောက်ပေးမယ်ဆိုတာမျိုး လုပ်တာ။ အဲဒီမှာ ကပ်နိုင်မယ့်လူ ရတာပဲ။ စစ်ထောက်ချုပ်ရုံးက ဆိုရင်တော့ ပိုဆိုးတာပေါ့” ဟု ကကဝယ်၏ တင်ဒါတချို့ကိုရခဲ့ဖူးသည့် အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။
စစ်တပ်က ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်ကို ကျပ် ၃၃၈၅ ဒသမ ၈၂ ဘီလီယံ တောင်းခံခဲ့သလို ဖြည့်စွက် ဘတ်ဂျက် အနေဖြင့်လည်း ကျပ်သန်း ၂ သိန်းနီးပါး တောင်းခံခဲ့သည်။ ကာကွယ်ရေးအသုံးစရိတ်များနှင့် ပတ်သက်၍ လွှတ်တော်ရှိနေစဉ် ကာလကလည်း သေချာစိစစ်ခွင့် မရခဲ့ပေ။
စစ်ခေါင်းဆောင် အကျိုးစီးပွား ကာကွယ်ပေးသူ
ဒုဗိုလ်ချုပ်ကြီးညိုစောသည် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးများ၌ ၎င်း၏ တရားဝင်ရာထူးများ ရှိသော်လည်း သူ တာဝန်ယူပေးရသော နောက်ထပ်ရာထူးတခု ရှိသေးသည်။ ထိုရာထူးနှင့် ပတ်သက်ပြီး တရားဝင် ထုတ်ဖော်မပြထားသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မိသားစု၏ အကျိုးစီးပွားကို ကာကွယ်ပေးရသူမှန်း စစ်အုပ်စုနှင့်နီးစပ်သည့် တပ်နှင့် စီးပွား ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိထားကြပြီးသား ဖြစ်သည်။
စစ်တပ်ပိုင်မြေများ၌ပါ စီးပွားရေးသောင်းကျန်းသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု၏ အကျိုးစီးပွားကာကွယ်ရန် စစ်ထောက်ချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည့် ဒုဗိုလ်ချုပ်ကြီးညိုစောကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးအဖြစ် ဆက်ထားထားခြင်း ဖြစ်ကြောင်း အငြိမ်းစားအရာရှိကြီးတဦးက ဧရာဝတီသို့ ပြောပြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစု၏ အရင်းအနှီးများစွာပါပြီး ၂၀၁၇ နှစ်ကုန်ပိုင်းက ဖွင့်လှစ်ခဲ့သည့် ကန်သာယာ ဆေးရုံကို တာဝန်ယူတည်ဆောက်ပေးခဲ့သူမှာ ဒုဗိုလ်ချုပ်ကြီးညိုစောဖြစ်ပြီး ထိုဆေးရုံကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပိုင်ဆိုင်သည်ဟု ထုတ်ပြန်ထားသည်။
၂၀၂၁ မေလအစပိုင်းတွင် ဖွင့်လှစ်ခဲ့သည့် ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ စစ်ပိုင်မြေပေါ်မှ စစ်ခေါင်းဆောင်မိသားစုပိုင် မိုးကောင်းရတနာမိခင်နှင့်ကလေးစောင့်ရှောက်ရေး ဆေးရုံသည်လည်း ဒုဗိုလ်ချုပ်ကြီးညိုစောက အတည်ပြု ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် စစ်အာဏာသိမ်းမှု ကာလအတွင်း ဖြစ်သော ၂၀၂၁ မေလအစပိုင်းတွင် ဖွင့်လှစ်ခဲ့သည့် ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ စစ်ပိုင်မြေပေါ်မှ စစ်ခေါင်းဆောင်မိသားစုပိုင် မိုးကောင်းရတနာမိခင်နှင့်ကလေးစောင့်ရှောက်ရေး ဆေးရုံသည်လည်း ဒုဗိုလ်ချုပ်ကြီးညိုစောက အတည်ပြု ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆေးရုံ ၂ ခုစလုံးမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့် ဆေးရုံများလည်း ဖြစ်သည်။
ထို့သို့ ဒုဗိုလ်ချုပ်ကြီးညိုစောသည် စစ်ခေါင်းဆောင်၏ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသလို ၎င်းတို့ ဇနီး အချင်းချင်းသည်လည်း ခင်မင်ရင်းနှီးကြသည်။

စစ်ခေါင်းဆောင်မိသားစု၏ ၂၀၂၂ ဇူလိုင်လအတွင်းက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သော ပုဂ္ဂလိကခရီးစဉ်တွင် စစ်ခေါင်း ဆောင်ဇနီး ဒေါ်ကြူကြူလှက ဒုဗိုလ်ချုပ်ကြီးညိုစော၏ဇနီး ဒေါ်စန်းစန်း အပါအဝင် စစ်ဗိုလ်ချုပ်တချို့၏ ဇနီးများကိုလည်း ခေါ်ဆောင်သွားခဲ့ကြောင်း ဧရာဝတီက သတင်းဖော်ပြထားပြီး ဖြစ်သည်။
ကန်သာယာဆေးရုံအနီး မြက်ခင်းရိပ်သာလမ်းထဲက စစ်တပ်ပိုင် အိမ် ၃ လုံးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းပစ်ခဲ့ပြီး ဒုဗိုလ်ချုပ်ကြီးညိုစောကို ထိုအိမ် ၃ လုံးအနက် ၁ လုံးတွင် နေထိုင်စေခဲ့ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။ သို့သော် အဆိုပါ သတင်းအချက်အလက်နှင့် ပတ်သက်၍ ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
သပိတ်မှောက်ခံ တပ်စီးပွားရေးလုပ်ငန်းများကို ကယ်တင်နေရ
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းလိုက်ပြီးနောက် တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပြည်သူလူထုက အပြင်းအထန် သပိတ်မှောက်ခဲ့ကြသလို ပူးပေါင်းလုပ်ဆောင်နေကြသည့် နိုင်ငံခြားကုမ္ပဏီများကလည်း အမြတ်ခွဲဝေပေးမှု ရပ်ဆိုင်းခြင်းနှင့် လက်တွဲဖြုတ်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
ပြည်သူလူထု၏ သပိတ်မှောက်မှုများကြောင့် ဝင်ငွေ အထိခိုက်ဆုံး စစ်တပ် စီးပွားရေးလုပ်ငန်းများမှာ မြန်မာဘီယာနှင့် Mytel ဆက်သွယ်ရေးလုပ်ငန်းတို့ ဖြစ်သည်။
မြန်မာဘီယာ အပါအဝင် အခြားဘီယာအမှတ်တံဆိပ်များ ထုတ်လုပ်သော မြန်မာဘရူဝါရီကုမ္ပဏီလီမီတက်မှ ဂျပန်အဖျော် ယမကာလုပ်ငန်းကီရင်က ၎င်း၏ရှယ်ယာများကို မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ထံ ပြန်လည်ရောင်းချခဲ့ပြီး ကုမ္ပဏီမှလည်း နုတ်ထွက်သွားခဲ့သည်။

မြန်မာဘရူဝါရီကုမ္ပဏီ၏ ဘီယာရောင်းအားသည် အာဏာမသိမ်းခင်နှစ်ကထက် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ထိုပမာဏ သည် ဂျပန်ယန်း ၉ ဒသမ ၉ ဘီလျံထိ (အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း) ရှိကာ ပုံမှန်လုပ်ငန်းလည်ပတ်မှု အမြတ် အစွန်းမှာလည်း ၅၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားကြောင်း ဂျပန်ကီရင်က ဦးပိုင်နှင့်လမ်းမခွဲခင်က နောက်ဆုံးထုတ် ပြန်ခဲ့သော ကုမ္ပဏီ၏ အစီအရင်ခံအရ သိရသည်။
ထို့အတူ Mytel သည်လည်း စစ်အာဏာသိမ်းပြီးနောက် ၎င်း၏ မိုဘိုင်းဖုန်းကွန်ရက် အသုံးပြုသူ ၂ သန်းက ကျောခိုင်းသွား ခဲ့ပြီး အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်နစ်နာခဲ့ကြောင်း Justice For Myanmar ၏ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားချက်အရ သိရသည်။
ထိုအခြေအနေများသည် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးများကို ဦးဆောင်နေရသည့် ဒုတိယဗိုလ်ချုပ်ကြီးညိုစောအတွက် ခေါင်းခဲစရာကိစ္စ ဖြစ်သည်။
သို့သော် မြန်မာဘရူဝါရီကုမ္ပဏီအတွက် ဦးပိုင်နှင့် ဂျပန်ကီရင်ကုမ္ပဏီကြား တရားစွဲဆိုခံရမှုများကို ဖြေရှင်းနိုင်ခဲ့သလို မြန်မာဘရူဝါရီကုမ္ပဏီ၏ ရှယ်ယာအားလုံးကို ဦးပိုင်ကသာ ပြန်လည် ပိုင်ဆိုင်ခွင့်ရအောင် ဒုဗိုလ်ချုပ်ကြီးညိုစောက လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် မြန်မာဘရူဝါရီကုမ္ပဏီအတွက် ဦးပိုင်နှင့် ဂျပန်ကီရင်ကုမ္ပဏီကြား တရားစွဲဆိုခံရမှုများကို ဖြေရှင်းနိုင်ခဲ့သလို မြန်မာဘရူဝါရီကုမ္ပဏီ၏ ရှယ်ယာအားလုံးကို ဦးပိုင်ကသာ ပြန်လည် ပိုင်ဆိုင်ခွင့်ရအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ဂျပန်ကီရင်က ၎င်းတို့၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၁၆၄ သန်း ပြန်ရောင်းချခဲ့ပြီး ထိုအရောင်းအဝယ်တွင် စစ်ခေါင်းဆောင် မိသားစုနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပတ်သက်သည်ဟူသော သတင်းများ ထွက် ပေါ်နေသော်လည်း ဧရာဝတီသတင်းဌာန အနေဖြင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ပြည်တွင်းဈေးကွက်ကို အဓိကထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ လုပ်နေသော အာဏာသိမ်းစစ်တပ်နှင့် ဆက်နွယ် စီးပွားရေးလုပ်ငန်းများမှာ အကြီးအကျယ် ဝင်ငွေ ထိခိုက်လာနေခြင်းကြောင့် MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများပိုင်ကုမ္ပဏီတို့သည် ယခင် စစ်အစိုးရများ လက်ထက်တုန်းကကဲ့သို့ သယံဇာတတူးဖော်ရေးလုပ်ငန်းများဘက် ပြန်လှည့်နေကြောင်းလည်း သတ္တုနှင့်ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“ထားဝယ်က ဟိန္ဒား ခဲမဖြူမိုင်းတွင်းနဲ့ မန္တလေးတိုင်း ရမည်းသင်းက မိုးထိမိုးမိ ရွှေမိုင်းတို့ဆို MEC နဲ့ ဦးပိုင်အောက်ကို ရောက်သွားပြီ” ဟု ၎င်းက ဆိုသည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ အရှေ့ဘက် မိုင် ၃၀ ကျော်အကွာ ဟိန္ဒားရွာရှိ ဟိန္ဒားခဲမဖြူသတ္တုမိုင်းကို ယခင်က ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar PongPiPat) က လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၂၀၁၉ ဇွန် ၃၀ ရက်၌ သက်တမ်းကုန် ဆုံးခဲ့သည်။ သက်တမ်းဆက်တိုးရန် ကုမ္ပဏီဘက်က တင်ပြထားသော်လည်း သက်တမ်း ဆက်လက် တိုးခွင့်မရသည့် စီမံကိန်း ဖြစ်သည်။
“ဒီစစ်အုပ်စုက အရှေ့မှာသာ လူတွေ ရယ်စရာ၊ ပြောင်စရာတွေ ထွက်ထွက်ပြောနေတာ။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ခြေသွက်လက်သွက်နဲ့ အကုန်သိမ်းနေတာ။ အကုန်လူလည်တွေကြီးပဲ”
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၌ ရှိသော မိုးထိမိုးမိ တောင်ပေါ်ရွှေတွင်းလုပ်ကွက်ကို လုပ်ကိုင်ခွင့်ရထားသည့် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကြား အဂတိမှုများ ပေါ်ပေါက်ခဲ့သည့်အတွက် ၂၀၁၈ နှစ်ဆန်းတွင် ရပ်ဆိုင်းထားရသည့် စီမံကိန်း ဖြစ်သည်။
အဆိုပါ စီမံကိန်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ထိုစီမံကိန်းများသည် ရပ်နားထားဆဲဖြစ်ပြီး မည့်သည်သတင်းမှ ထုတ် ပြန်စရာ မရှိသေးသလို အသေးစိတ် အချက်အလက်များကိုလည်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတဆင့်သာ ဆက်သွယ်မေးမြန်းရန် ပြောသည်။
“ဒီစစ်အုပ်စုက အရှေ့မှာသာ လူတွေ ရယ်စရာ၊ ပြောင်စရာတွေ ထွက်ထွက်ပြောနေတာ။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ခြေသွက်လက်သွက်နဲ့ အကုန်သိမ်းနေတာ။ အကုန်လူလည်တွေကြီးပဲ” ဟု အထက်ပါ ကျောက်မျက်လုပ်ငန်းရှင်က ဆိုသည်။
You may also like these stories:
ကိုယ့်တပ်ကိုယ်နင်းတဲ့ မင်းအောင်လှိုင်
မြန်မာစစ်တပ် အမျိုးသားရေးဝါဒီလား အရေခြုံလား
ဂျပန်လေ့ကျင့်ပေးသည့် မြန်မာဗိုလ်ချုပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင်
ဆာဂေးလက်ဗရော့၏ နေပြည်တော် ကြွတော်မူခန်း