မြန်မာ့ဒီမိုကရေစီ ရဲဘော်ကြီးများအနက်တဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မူလပထမ အဖွဲ့ဝင်သာမက လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ဦးတင်ထွဋ်သည် အသက် ၉၂ နှစ်အရွယ် သြဂုတ်လ ၈ ရက်နေ့တွင် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီရှိ သူ၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။
ဦးတင်ထွဋ်သည် စာရေးသူ၏ ဖခင်နှင့် ညီအစ်ကို တဝမ်းကွဲဖြစ်ပြီး စာရေးသူက အဘ သို့မဟုတ် အန်ကယ်ကြီးဟု ခေါ်သူဖြစ်သည်။ သူသည် စာရေးသူတွေ့ဖူးသည့် ပထမဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို စာရေးသူလေ့လာဖြစ်အောင် သူ၏ဘဝက လှုံ့ဆော်ပေးနိုင်သူလည်း ဖြစ်သည်။
အန်ကယ်ကြီး၏ သားအလတ်က “အဖေ သူ့ကို ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပြောပြလိုက်။ အဲဒီအကြောင်းတွေ မမေ့နဲ့” ဟုဖြစ်စေ၊ “သခင်တွေနဲ့ အဖေနဲ့တွေ့တဲ့ အကြောင်းတွေ သူ့ကိုပြောပြလိုက်” ဟု ဖြစ်စေ ပြောတတ်သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ၂၀၁၄ ခုနှစ်တွင် အန်ကယ်ကြီး ဦးတင်ထွဋ်နှင့် ပြန်လည်တွေ့ဆုံသောအခါ သူ၏နိုင်ငံရေးတိုက်ပွဲနှင့် ၁၉၉၀ ပြည့်နှစ် လွှတ်တော်အတွက် မည်သို့ယှဉ်ပြိုင်ခဲ့သည်ကို စာရေးသူ မေးခဲ့ဖူးသည်။ မိသားစု တစုလုံးဧည့်ခန်းတွင် စုမိသည့် ညစာစားပြီးချိန်တွင် စာရေးသူကဲ့သို့သော အကြောင်းအရာများကိုသာ မေးရန် စိတ်အားထက်သန်နေပုံရသည့် အန်ကယ်ကြီး၏ သားအလတ်က “အဖေ သူ့ကို ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပြောပြလိုက်။ အဲဒီအကြောင်းတွေ မမေ့နဲ့” ဟုဖြစ်စေ၊ “သခင်တွေနဲ့ အဖေနဲ့တွေ့တဲ့ အကြောင်းတွေ သူ့ကိုပြောပြလိုက်” ဟု ဖြစ်စေ ပြောတတ်သည်။ သခင်များသည် ၁၉၃၀ ပြည့်နှစ်များက ဗြိတိသျှကိုလိုနီအစိုးရကို ဆန့်ကျင်ရန် ထူထောင်ထားသည့် ဒို့ဗမာအစည်းအရုံးမှ သြဇာကြီးမားသော အမျိုးသားရေးဝါဒီများ ဖြစ်သည်။
အန်ကယ်ထွဋ်သည် ထိုင်ခုံနောက်ကျောကို မှီလိုက်ပြီး ပြုံးပြီး ခေါင်းတညိတ်ညိတ် ဖြစ်နေသော်လည်း နိုင်ငံရေးအကြောင်းဖြစ်စေ ထိုနိုင်ငံရေးတွင် သူပါဝင်ခဲ့သည်များကိုဖြစ်စေ အပြောနည်းသည်။ ထိုစကားများအစား စာရေးသူတို့သည် စာရေးသူ၏ဖခင်၊ အခြားဦးလေးများ၊ အဒေါ်များ၊ မောင်နှမ ဝမ်းကွဲများအကြောင်း (မည်သူက မည်သည်တို့ လုပ်နေသည်၊ မည်သူသည် မည်သည့်အရာကို လေ့လာနေသည်နှင့် စာရေးသူ မမြင်ဖူးသော ဆွေမျိုးများကို သူ အမှတ်ရအောင် မည်သူက မည်သို့ ဖြစ်စေသည်) ကိုသာ ပြောဆိုလေ့ရှိသည်။ “သန့် ကို ကြည့်ပါဦး။ သူက သူ့အဖေနဲ့အရမ်းတူတယ်။ မေသန်း၊ သူ့ကို မင်းတို့အဖိုးက အရမ်းချစ်တာ” ဟု သူပြောလေ့ရှိသည်။
အန်ကယ်ထွဋ်သည် သူ၏အကြောင်းများကို ပြောပြရန် အချိန်နှင့်နေရာ လိုအပ်သည်။ သူ့သားသမီးများနှင့် မြေးမြစ်များမှ ဝေးသောနေရာ ဖြစ်သည်။ သို့သော် သူသည် အချိန်တန်သောအခါ သူသိထားသည်ကို ပြန်ပြောပြတတ်သည်။ ထို့ကြောင့် ဆစ်ဒနီတွင် ညပေါင်းများစွာကြာပြီးနောက် စာရေးသူသည် ဦးလေး၊ အဒေါ်တို့နှင့်အတူ စာရေးသူ တည်းခိုနေသော ဟိုတယ်သို့ လမ်းလျှောက်လာကြသည်။
အဒေါ်မှာ နှစ်အတန်ကြာက ဒူးခေါင်းခွဲစိတ်ထားသူဖြစ်ပြီး အန်ကယ်ထွဋ်မှာ တင်ပါးဆုံများ မကောင်းသောကြောင့် တုတ်ကောက်ဖြင့် လမ်းလျှောက်ရသူဖြစ်သည်။ စာရေးသူက ဦးလေးနှင့်အဒေါ်တို့ကို ထိုမျှဝေးသော အကွာအဝေးအထိ လမ်းမလျှောက်စေလိုပေ။ စာရေးသူက ဘလောက်အနည်းငယ်မျှအတွက်ပင် တက္ကစီငှားမည် ဖြစ်ကြောင်း ပြောသော်လည်း သူတို့ငြင်းပယ်ကြမည် ဖြစ်သည်။ ထို့နောက် စာရေးသူက နောက်တကြိမ်မှသာ လမ်းလျှောက်ရန်ပြောပြီး စာရေးသူတို့တွင် အချိန်များစွာ ရှိသေးကြောင်းပြောသည်။ လာမည်နွေရာသီတွင် ဆစ်ဒနီသို့ ပြန်လာပြီး သူတို့နှင့် အချိန်ကြာကြာ ပိုမိုနေမည်ဖြစ်ကြောင်း ပြောသည်။ သို့သော် အန်ကယ်သည် သူ့အနေဖြင့် စာရေးသူကို ပြောစရာရှိသည်ဟု ယူဆသည့် အချိန်တွင် သူသိသည်များကို ပြောပြီး အိမ်ပြန်ရန် ပြောဆိုမရတော့ပေ။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်မှ အိမ်မဲကျေးရွာတွင် ၁၉၃၁ ခုနှစ်က မွေးဖွားသော ဦးတင်ထွဋ်သည် ဗြိတိသျှ ကိုလိုနီခေတ်တလျှောက်၊ ဂျပန်သိမ်းပိုက်မှုနှင့် နောက်ဆုံးတွင် ဂျပန်ကိုမောင်းထုတ်ခြင်း၊ သခင်ခေတ်၊ လွတ်လပ်ရေးတိုက်ပွဲခေတ်၊ ပါလီမန်ခေတ်၊ ဗိုလ်ချုပ်နေဝင်း အာဏာရှင်ခေတ်၊ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနှင့် နေဝင်း ကျဆုံးခြင်း၊ ၁၉၉၀ ခုနှစ်တွင် သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရခြင်း၊ ၆ နှစ် ထောင်သွင်းအကျဉ်းချခံရခြင်းတို့ကို ဖြတ်သန်းပြီးနောက် သြစတြေးလျသို့ ပြောင်းရွှေ့အခြေချသည်။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်မှ အိမ်မဲကျေးရွာတွင် ၁၉၃၁ ခုနှစ်က မွေးဖွားသော ဦးတင်ထွဋ်သည် ဗြိတိသျှ ကိုလိုနီခေတ်တလျှောက်၊ ဂျပန်သိမ်းပိုက်မှုနှင့် နောက်ဆုံးတွင် ဂျပန်ကိုမောင်းထုတ်ခြင်း၊ သခင်ခေတ်၊ လွတ်လပ်ရေးတိုက်ပွဲခေတ်၊ ပါလီမန်ခေတ်၊ ဗိုလ်ချုပ်နေဝင်း အာဏာရှင်ခေတ်၊ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနှင့် နေဝင်း ကျဆုံးခြင်း၊ ၁၉၉၀ ခုနှစ်တွင် သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရခြင်း၊ ၆ နှစ် ထောင်သွင်းအကျဉ်းချခံရခြင်းတို့ကို ဖြတ်သန်းပြီးနောက် သြစတြေးလျသို့ ပြောင်းရွှေ့အခြေချသည်။
ဦးတင်ထွဋ်၏ ဖခင်သည် ပထမတွင် အိမ်မဲမှ အစိုးရကျောင်း ကျောင်းအုပ်ဖြစ်ပြီးနောင်တွင် ပျဉ်းမနားမှ အစိုးရကျောင်းသို့ ပြောင်းရသောကြောင့် ဦးတင်ထွဋ်သည် မူလတန်းပညာကို ပျဉ်းမနားတွင် သင်ကြားရသည်။ ပျဉ်းမနားတွင် နေထိုင်ရသောအခါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားရှိသောကြောင့် အရာရာ ပြောင်းလဲသွားကြောင်း ၂၀၁၄ ခုနှစ်တွင် စာရေးသူကို သူပြန်ပြောပြ ဖူးသည်။
“သူတို့တွေက နိုင်ငံရေး ဦးတည်ချက်တခုတည်းနဲ့ စုရုံးနေသူတွေ မဟုတ်ဘူး။ ဒါပေမယ့် အဖေက အစိုးရကျောင်းက ကျောင်းဆရာ တယောက်ဆိုတော့ နေရာအမျိုးမျိုးကလာတဲ့သူတွေကို ဧည့်ခံရတယ်။ သူတို့တွေတွေ့တဲ့အခါ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးကြတယ်။ ပထမတော့ သူတို့ပြောတာတွေကို နားမလည်ပေမယ့် ကြမ်းပြင်မှာထိုင်ပြီး နားထောင်တယ်။ ဒါနဲ့ နိုင်ငံရေးစိတ်ဝင်စားလာတာ” ဟု သူက ပြောသည်။
ဂျပန်ခေတ်အတွင်း ဦးတင်ထွဋ်သည် ကျောင်းမတက်နိုင်သော်လည်း ဖခင်ဖြစ်သူ၏ မိတ်ဆွေများမှတဆင့် နိုင်ငံရေး ဆက်လက်နိုးကြားလာသည်။ “နိုင်ငံရေးသမားမျိုးစုံက အိမ်ကို ညနေညနေဆိုလာပြီး လက်ဖက်ရည်သောက်တယ်။ ဂျပန်ခေတ်အကြောင်း အဖေနဲ့ပြောကြတယ်။ သခင်တွေ ဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးကလည်း ရှိနေတယ်။ တကယ်တော့ ဒို့ဗမာအစည်းအရုံးက သခင်တွေက အသက်တွေ ကြီးလာကြပြီ။ တက္ကသိုလ်က သခင်တွေလို ပညာအရမ်းမတတ်ကြသလို ပညာတတ်တွေ မဟုတ်ကြဘူး။ ဒါပေမယ့် သူတို့ဆီက အများကြီး လေ့လာသင်ယူနိုင်ခဲ့တယ်” ဟု သူကပြောသည်။
စစ်ကြီးပြီးသောအခါ အန်ကယ်ထွဋ်ကို ကော့စမိုပိုလစ်တင် ပိုးကရင်အထက်ကျောင်းတွင် အထက်တန်းတက်ရန် ပို့ဆောင်သည်။ ကျောင်းသားသမဂ္ဂနှင့် အန်ကယ်ထွဋ် စတင်ပတ်သက်လာသည်မှာ ပုသိမ်တွင်ဖြစ်သည်။ ထိုဖြစ်ရပ်များသည် အန်ကယ်ထွဋ် မြန်မာနိုင်ငံတွင် ကျောင်းသားခေါင်းဆောင်နှင့် တက်ကြွလှုပ်ရှားသူ ဖြစ်လာသည့် အစဉ်အလာ၏ တစိတ်တပိုင်းဖြစ်သည်။
၁၉၅၀ ပြည့်နှစ်များက သူထောင်ချခံရသည့် အတွေ့အကြုံတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟု ၎င်းတို့ကို ၎င်းတို့ အမည်ပေးထားသည့် စစ်အုပ်စုအောက်တွင် နိုင်ငံရေး အကျဉ်းသားဖြစ်ရခြင်းလောက် လူမဆန်သည့် လုပ်ရပ်များကို မတွေ့ရကြောင်း သူကပြောသည်။
တက္ကသိုလ်သို့ရောက်လာပြီးနောက် ၁၉၅၃ ခုနှစ်ကျောင်းသားသပိတ်တွင် ပါဝင်သောကြောင့် ပထမဆုံးအကြိမ် ထောင်ကျသည်။ ၁၉၅၀ ပြည့်နှစ်များက သူထောင်ချခံရသည့် အတွေ့အကြုံတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟု ၎င်းတို့ကို ၎င်းတို့ အမည်ပေးထားသည့် စစ်အုပ်စုအောက်တွင် နိုင်ငံရေး အကျဉ်းသားဖြစ်ရခြင်းလောက် လူမဆန်သည့် လုပ်ရပ်များကို မတွေ့ရကြောင်း သူကပြောသည်။ ဆရာဝန်များသည် ပုံမှန်လာရောက်ပြီး ထောင်ဆရာဝန်က အန်ကယ်ထွဋ်သည် ပိန်လွန်းသောကြောင့် နေ့စဉ် လတ်ဆတ်သော နွားနို့တိုက်ရန် ညွှန်ကြားကြောင်း သူပြောပြသည်။ အကျဉ်းသားများကို စာဖတ်ခွင့်ပေးကြောင်း၊ ဖတ်စရာ စာအုပ်နှင့် သတင်းစာ အလျှံပယ်ရှိသလို လိုအပ်သည့်အရာ မည်သည့်အရာကိုမဆို ပြင်ပမှလည်း မှာယူနိုင်ကြောင်း သူကပြောသည်။ သူသည် သူ့ဘဝ၏ ထိုကာလကို အမြတ်တနိုးပြောနေခြင်းဖြစ်သည်။ အန်ကယ်ထွဋ်ထက် ၆ နှစ်ငယ်သော ညီဖြစ်သူ စာရေးသူ၏ ဖခင်မှာ ထောင်ဝင်စာပို့ရန် တာဝန်ယူရသော်လည်း မှတ်သားထားပုံများသည် တမျိုးစီဖြစ်နေသည်။ ထောင်ဝင်စာ တွေ့ချိန်များတွင် ၎င်းတို့နှစ်ဦး ထိုင်ငိုကြကြောင်း စာရေးသူ၏ ဖခင်ကပြောသည်။
၁၉၈၈ ခုနှစ်တွင် အန်ကယ်ထွဋ်သည် အမျိုးသားနိုင်ငံရေးတွင် ပါဝင်ပြန်သည်။ သူနှင့်ခေတ်ပြိုင်နှင့် တသက်တာ ရင်းနှီးသော မိတ်ဆွေဖြစ်သည့် ဦးဝင်းတင်နှင့်အတူ သူသည်အစောဆုံး NLD အဖွဲ့ဝင်နှင့် ခေါင်းဆောင်ဖြစ်လာသည်။ ထိုကာလအတွင်း သူသည် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် အချိန်များစွာပေးသည်။ ၁၉၉၀ ပြည့်နှစ်တွင် အိမ်မဲမှ NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည်။ စစ်အုပ်စု ကျောထောက်နောက်ခံပြု ပြိုင်ဘက်များကို အပြတ်အသတ်နိုင်သော်လည်း လွှတ်တော်တက်ခွင့် လုံးဝမရပေ။ ထိုအစား အခြားရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အများအပြားနှင့်အတူ ဦးတင်ထွဋ်ကို တရားမဝင် ဖမ်းဆီးပြီးနောက် ထောင် ၆ နှစ် ချလိုက်ပြီး ထိုကာလအများစုတွင် တဦးတည်း တိုက်ပိတ်ထားခံရသည်။
ယခုတကြိမ် ထောင်ချခံရသောအခါ သူတွေ့ရသည့် မတူညီသော အချက်တခုမှာ သူသည် ကိုဂျင်မီ၊ ကိုပြုံးချိုနှင့် ကိုမင်းကိုနိုင် ကဲ့သို့သော ၈၈ မျိုးဆက်လူငယ်များနှင့်အတူ ဖြတ်သန်းနေကြောင်း တွေ့ရခြင်းဖြစ်သည်။ ကိုဂျင်မီသည် မကြာသေးမီက ကွပ်မျက်ခံရသော တက်ကြွလှုပ်ရှားသူ ၄ ဦးအနက် တဦးဖြစ်သည်။ ၂၀၁၃ ခုနှစ်က စာရေးသူက ကိုပြုံးချိုနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ကိုပြုံးချိုက သူ၏ထောင်တွင်း ပထမတနှစ်တာအတွင်း နိုင်ငံရေးနားလည်သဘောပေါက်မှု အများစုကို အန်ကယ် ဦးတင်ထွဋ်၊ ၁၉၅၀ ခုနှစ်များက ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ကျော်၊ လက်ဝဲစာရေးဆရာနှင့် ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလေးမြင့် စသည့် သူတို့ခေတ်ပြိုင်များ ပြောကြားသည့် စကားများကို နားထောင်လေ့လာရကြောင်း ပြောပြသည်။
အန်ကယ်ထွဋ်သည် ကိုဂျင်မီကို သဘောကျပုံရပြီး လူငယ်အကျဉ်းသားများသို့ သူ၏ထောင်ဝင်စာပို့သည့် အစားအစာများကို ခွဲဝေပေးခွင့် မရသည်ကိုလည်း အံ့သြတုန်လှုပ်စွာ ပြောပြတတ်သည်။ ထိုစဉ်က ဒီမိုကရေစီ အရေးတော်ပုံနှင့် ထောင်တွင်းဖြတ်သန်းမှု ကာလများတွင် အန်ကယ်ထွဋ်သည် သူ၏စိတ်မြန်ခြင်း၊ အသံတုန်ကွဲအက်ခြင်း၊ မေတ္တာတရားနှင့် ရိုးသားတည်ကြည်မှုအတွက် လူသိများသူဖြစ်သည်။ သူသည် သစ္စာရှိမှုနှင့် ရဲဘော်များကို နွေးထွေးမှုအတွက်လည်း ကျော်ကြားသည်။
သူ၏ ဇနီးကြောင့်သာ မဟုတ်ပါက အန်ကယ်သည် မြန်မာတွင် ခေါင်းမာမာဖြင့် ဆက်လက်နေထိုင်ပြီး သူနှင့် ခေတ်ပြိုင် ရဲဘော်များ လုပ်ခဲ့သည့်အတိုင်း အာဏာရှင်စနစ်ကို အဆုံးတိုင် ဆက်လက်တိုက်ခိုက်မည်ဟု စာရေးသူ ယုံကြည်နေမိသည်။
ဦးတင်ထွဋ်သည် မြန်မာနိုင်ငံပြင်ပသို့ ပြောင်းရွှေ့အခြေချရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ် အနည်းငယ်အနက် တဦးဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ထောင်မှလွတ်လာသောအခါ သူ၏ ဇနီးက နိုင်ငံမှထွက်ရန် တောင်းပန်ပြီး သူ စိတ်မပါလက်မပါ သဘောတူလိုက်ရခြင်းဖြစ်သည်။ သူ၏ ဇနီးကြောင့်သာ မဟုတ်ပါက အန်ကယ်သည် မြန်မာတွင် ခေါင်းမာမာဖြင့် ဆက်လက်နေထိုင်ပြီး သူနှင့် ခေတ်ပြိုင် ရဲဘော်များ လုပ်ခဲ့သည့်အတိုင်း အာဏာရှင်စနစ်ကို အဆုံးတိုင် ဆက်လက်တိုက်ခိုက်မည်ဟု စာရေးသူ ယုံကြည်နေမိသည်။
ထိုအကြောင်းကို စာရေးသူအား သူ အပြည်အစုံ မပြောဖူးသော်လည်း အဝေးရောက်ဘဝဖြင့် နေထိုင်ရခြင်းသည် နာကျင်စရာအဖြစ် သူခံစားကြောင်း စာရေးသူ သံသယမရှိပေ။ သို့သော် သူသည် မြန်မာနိုင်ငံ ပြင်ပသို့ ထွက်လာခြင်းမရှိပါက အသက် ၉၂ နှစ်အထိရှင်သန်ပြီး နေအိမ်တွင် ဇနီး၊ သားသမီး ၄ ဦး၊ မြေး ၆ ဦးတို့ဘေးတွင် ငြိမ်းချမ်းစွာ သေဆုံးရမည် မဟုတ်ပေ။ သူ့သား မင်္ဂလာဆောင်သည်နှင့် သူမြေးများ ဘွဲ့ရသည်ကိုလည်း သူတွေ့ခွင့် ရခဲ့မည်မဟုတ်ပါ။
သူ၏ တူမဖြစ်သော စာရေးသူကို သူ၏ ထောင်တွင်းဘဝအကြောင်း ပြောနိုင်ခဲ့မည် မဟုတ်သည်မှာလည်း သေချာလှသည်။ သူပြောပြသော ဇာတ်လမ်းများသည်လည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် စာရေးသူအကြား ခင်မင်မှုကို မျိုးစေ့ချထားပေးနိုင်မည် မဟုတ်ပါ။ နိုင်ငံရေးပဋိပက္ခ၊ ထောင်သွင်းအကျဉ်းချမှုနှင့် ပတ်သက်သည့် သူ၏ ဇာတ်လမ်းများသည် စာရေးသူ မြန်မာသို့ ပြန်ပြီး သမိုင်းကိုတူးဖော်ရန် တွန်းအားပေးခဲ့မည်မဟုတ်ဘဲ ဒီမိုကရေစီ အရေးတော်ပုံကို ယခုကဲ့သို့ မပြည့်မစုံ မှတ်တမ်းတင်နိုင်ခဲ့မည် မဟုတ်ပါ။
စာရေးသူ၏ ဦးလေး အန်ကယ်ဦးတင်ထွဋ်သည် စစ်အာဏာမသိမ်းမီက မြန်မာတွင် ကွယ်လွန်ဆုံးပါးခဲ့ပါက ရန်ကုန်မှ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းသည် စုရုံးပြီး သူနှင့်ထိုက်တန်သည့် သူရဲကောင်းဘွဲ့ဖြင့် ဂုဏ်ပြုခဲ့ကြမည်ဖြစ်သည်။ သူ၏စွန့်လွှတ်အနစ်နာခံမှု အားလုံးအတွက် သူ၏ ခေါင်းတလားကို NLD အလံဖြင့် လွှမ်းခြုံပေးကြမည်ဖြစ်သည်။ သူတသက်တာ ပတ်သက်ခဲ့သည့် NLD နှင့် ကျောင်းသားသမဂ္ဂမှ အသိုက်အဝန်းများသည် သူ့ကို အနာဂတ် တာဝန်ဝတ္တရားများမှ ကင်းလွတ်ခွင့်ပေးကြောင်း ထုတ်ဖော်ကြေညာကြပြီး သူ၏ဝိညာဉ်ကို လွတ်လပ်မှု ပေးကြမည်ဖြစ်သည်။
စာရေးသူသည် သူ၏ ဈာပနကို မကျင်းပနိုင်သော်လည်း သူ၏ဘဝ နောက်ဆုံးဆယ်စုနှစ်များတွင် သူသည် ထိုသို့ လွတ်မြောက်ခြင်းကို မလိုအပ်ကြောင်း စာရေးသူက တစိတ်တပိုင်းအားဖြင့် နားလည် သဘောပေါက်ထားသည်။ သူသည် သူ၏ သဘောသဘာဝအရပင် လွတ်မြောက်ပြီးသူတဦး ဖြစ်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Seinenu M. Thein-Lemelson ၏ U Tin Tut, Elder of Myanmar’s Democracy Movement, Dies Aged 92 ကို ဘာသာပြန် ဖော်ပြသည်။ Seinenu M. Thein-Lemelson, PhD သည် လော့စ်အိန်ဂျယ်လိစ်ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်၊ မနုဿဗေဒဌာနမှ ကထိကတဦး ဖြစ်သည်။)
You may also like these stories:
နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မှု တရားဥပဒေနှင့် မညီ
စစ်ခေါင်းဆောင်တွေရဲ့ နောက်ဆုံးလုပ်ကြံမှုကို ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မလား
ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ အကြောင်း တစေ့တစောင်း