မြန်မာစစ်ကောင်စီ ဒုခေါင်းဆောင်သည် စစ်ကောင်စီခေါင်းဆောင်ထံမှ အာဏာသိမ်းယူပြီး ဖမ်းဆီးခံ အရပ်သား ခေါင်းဆောင်များကို လွှတ်ပေးမည်ဟုထင်လျှင် ထင်ယောင်ထင်မှားဖြစ်ခြင်းသာ။
သို့သော် တချို့လေ့လာသုံးသပ်သူများက စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူ လုပ်နေသည့်အမှားများအတွက် ထုတ်ပယ်ပစ်ရန် လုပ်လိမ့်မည်ဟု စိတ်ကူးယဉ်ချင်ကြသည်။
ဒုစစ်ကောင်စီခေါင်းဆောင် စိုးဝင်းသည် ထိုသို့လုပ်ရပ်မျိုး မလုပ်ကြောင်း၊ ဆရာသမားကို ဆက်လက်သစ္စာခံကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့သည်။
ဒုစစ်ကောင်စီခေါင်းဆောင် စိုးဝင်းသည် ထိုသို့လုပ်ရပ်မျိုး မလုပ်ကြောင်း၊ ဆရာသမားကို ဆက်လက်သစ္စာခံကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့သည်။
လွန်ခဲ့သောနှစ် အာဏာသိမ်းချိန်မှစတင်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားသို့ ခရီးရှည် ၂ ကြိမ်သွားသည်။ ပထမ တကြိမ်မှာ အာဏာသိမ်းပြီးနောက် ၄ လအကြာ ၂၀၂၁ ခုနှစ်၊ ဇွန်လကဖြစ်ပြီး သူ့လူကို ယုံကြည်ကြောင်း ဖော်ပြသည်။
ယခုနှစ် ဇူလိုင်လတွင်လည်း ရုရှားသို့ ခရီးရှည် တကြိမ်သွားပြန်သော်လည်း အချို့သူများ အိပ်မက်မက်နေသည့် အဏာသိမ်းမှု ဖြစ်ပွားခြင်း မရှိပေ။ ဒုစစ်ကောင်စီခေါင်းဆောင် စိုးဝင်းက သူ့ဆရာသမားကို သစ္စာမပျက်ရခြင်းမှာ သူသည် အာဏာသိမ်းရန် ပူးပေါင်းကြံစည်သူ စာရင်းမှ သူ၏အမည်ကို အဖတ်ဆယ်ရန် အခွင့်အလမ်း ဆုံးရှုံးနေကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ မင်းအောင်လှိုင်သည် စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် အုပ်ချုပ်ရေးကိစ္စများကို ကွပ်ကဲပြီး သူ၏နောက်လိုက် စိုးဝင်းမှာ စစ်အုပ်စု ဒုခေါင်းဆောင်နှင့် ကြည်းတပ် ခေါင်းဆောင်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှသည် မြို့ကြီးများတွင် စစ်တပ်ပစ်မှတ်များကို ပစ်ခတ်ပြီး တိမ်းရှောင်နေသည့် မြို့ပြ ပြောက်ကျားများအထိ လက်နက်ကိုင်အဖွဲ့ အားလုံးကို ထိုးစစ်ဆင်ရာတွင် အဓိက တာဝန်ရှိသူဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောသည်။
လွန်ခဲ့သော ၁၈ လအတွင်း စိုးဝင်းသည် မင်းအောင်လှိုင်ကို သစ္စာခံသူဖြစ်ကြောင်းပြသပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ တိုက်ခိုက်ရေးတပ်များ ဖြန့်ကျက်ပြီး စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများအားလုံးကို ချေမှုန်းရေး အားစိုက်လုပ်ကိုင်သည်။
“စစ်အုပ်စု ဒုခေါင်းဆောင်က စစ်တိုက်ဖို့ အဓိကတာဝန်ရှိတယ်။ စိုးဝင်း ကျေးဇူးကြောင့် မင်းအောင်လှိုင် ရာထူး မြဲနေတယ်” ဟု စစ်တပ်ကို အစောဆုံး စွန့်ခွာလာသူများအနက် တဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း ညီသုတက ဧရာဝတီ သတင်းဌာနသို့ မကြာသေးမီက ပြောသည်။ ဗိုလ်ကြီးဟောင်း ညီသုတသည် လူထုအာဏာဖီဆန်မှုတွင် ပါဝင်လိုသော စစ်သားများကို ကူညီရန် ပြည်သူ့ပန်းတိုင်အဖွဲ့ကို ဖွဲ့စည်းထားသူဖြစ်ပြီး တပ်တွင်းမှ လက်ရှိ စစ်သားများနှင့် အဆက်အသွယ်ရှိသူ ဖြစ်သည်။
မည်သူမျှ မင်းအောင်လှိုင်ကို ဖြုတ်ချပြီး အရပ်သားအစိုးရသို့ အာဏာ ပြန်လည်လွှဲပြောင်းကာ လက်ရှိရာထူး အဆင့်အတန်းကို သာမက မြန်မာတွင် အရာရာကို ထိန်းချုပ်ထားသည့် စစ်တပ်တွင်း သြဇာအာဏာကို မစွန့်လွှတ်လိုပေ။
စိုးဝင်းအပြင် အခြားထိပ်တန်း ဗိုလ်ချုပ်များတွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းကွပ်ကဲရေးမှူး မောင်မောင်အေး၊ ကာကွယ်ရေးဝန်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ပါဝင်သည်။ သို့သော် ၎င်းတို့အနက် မည်သူမျှ မင်းအောင်လှိုင်ကို ဖြုတ်ချပြီး အရပ်သားအစိုးရသို့ အာဏာ ပြန်လည်လွှဲပြောင်းကာ လက်ရှိရာထူး အဆင့်အတန်းကို သာမက မြန်မာတွင် အရာရာကို ထိန်းချုပ်ထားသည့် စစ်တပ်တွင်း သြဇာအာဏာကို မစွန့်လွှတ်လိုပေ။
“စစ်ဗိုလ်တွေက သူတို့အခွင့်ထူးတွေ ကန့်သတ်ခံရလို့ အရပ်သား အုပ်ချုပ်ရေးကို မကြိုက်ဘူး” ဟု ဗိုလ်ကြီးဟောင်း ညီသုတက ပြောသည်။
ရိုကျိုးသော ဝါနုသူ
ဒုတပ်ချုပ် စိုးဝင်းသည် မင်းအောင်လှိုင်ကဲ့သို့ပင် သူထက်ဝါရင့်သူများကို ကျော်ကာ စစ်တပ် ဒုအကြီးအကဲဖြစ်လာသည်မှာ အံ့သြဖွယ်မဟုတ်ပေ။
မင်းအောင်လှိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်းဖြစ်ပြီး စိုးဝင်းသည် အပတ်စဉ် ၂၂ ဆင်းဖြစ်သည်။ ယခင် စစ်အာဏာရှင် ဦးသန်းရွှေ နုတ်ထွက်သောအခါ သူသည်ရွေးစရာ ဝါရင့်ဗိုလ်ချုပ်အများအပြားအနက်မှ မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ထံ စစ်တပ်ကို အပ်သည်မှာ အံ့သြစရာဖြစ်သည်။
ဦးသန်းရွှေ စဉ်းစားပုံမှာ စစ်တပ်ခေါင်းဆောင်သည် ပထမဆုံး အရပ်သားအစိုးရသက်တမ်း ၅ နှစ်ကုန်သောအခါ အနားယူရမည် ဖြစ်သည်။ စစ်တပ် ဒုခေါင်းဆောင်သည် ဒုတိယအစိုးရသို့ အာဏာလွှဲပြောင်းချိန်တွင် စစ်တပ်၏ အခန်းကဏ္ဍကို ဦးဆောင်ရမည်ဖြစ်သည်ဟု ဦးသန်းရွှေနောက်လိုက်တဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ဒါပေမယ့် မင်းအောင်လှိုင်က အဲဒီစည်းမျဉ်းကို ချိုးဖောက်လိုက်တယ်” ဟု သူက ဆက်ပြောသည်။
အာဏာသိမ်းပြီးသောအခါ မင်းအောင်လှိုင်သည် သူ့ကိုယ်သူ တိုင်းပြည်၏ တသက်တာ စစ်ခေါင်းဆောင်အဖြစ် ခန့်လိုက်သလို ဒုစစ်ခေါင်းဆောင်အတွက်၊ တနည်းအားဖြင့် စိုးဝင်းအတွက် အသက် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်သည်။
အသက် ၆၀ ပြည့်သောအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အငြိမ်းစားယူရန် ငြင်းဆန်ပြီး သူထိန်းချုပ်ထားသော ကာကွယ်ရေးကောင်စီ၏ ညွှန်ကြားချက်တခုအရ အငြိမ်းစားသက်တမ်းကို တိုးလိုက်သည်။ အာဏာသိမ်းပြီးသောအခါ သူ့ကိုယ်သူ တိုင်းပြည်၏ တသက်တာ စစ်ခေါင်းဆောင်အဖြစ် ခန့်လိုက်သလို ဒုစစ်ခေါင်းဆောင်အတွက်၊ တနည်းအားဖြင့် စိုးဝင်းအတွက် အသက် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်လိုက်သည်။ တနည်းအားဖြင့် ဆိုရပါက မင်းအောင်လှိုင်သည် စိုးဝင်း စစ်ခေါင်းဆောင်ဖြစ်ခွင့်ကို မမျှမတ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
သို့သော် ဒုတပ်ချုပ် စိုးဝင်းသည် ကျေနပ်နေပုံရပြီး သူ့ရာထူးကို အသုံးချကာ ဆရာသမားကို အာခံရန်လည်း မစဉ်းစားကြောင်း ထင်ရှားသည်။
စစ်တပ်တခုလုံး၏ ဒု အကြီးအကဲဖြစ်သည့်အပြင် စိုးဝင်းသည် လေတပ်နှင့် ရေတပ်များမှ အကြီးအကဲများထက် သြဇာပိုမိုကြီးမားသည့် ကြည်းတပ်ခေါင်းဆောင် ဖြစ်သည်။
သူသည် ခုခံရေးအင်အားစုများကို မင်းအောင်လှိုင်အတွက် ချေမှုန်းပေးနေပြီး သူ့ဆရာ၏ နိုင်ငံရေးရပ်တည်ချက်အတိုင်းသာ နေသည်။
“သူက ဒုတိယလူဖြစ်ရတာကို ကျေနပ်တယ်။ သူက သောက်ရတာနဲ့ တိုက်ရတာကို ကြိုက်တယ်” ဟု အငြိမ်းစား စစ်အရာရှိတဦးက ပြောသည်။
မဝေးကွာလှသေးသော အတိတ်တွင် စစ်အုပ်စု ဒုခေါင်းဆောင် သန်းရွှေသည် သူ့ထက်ဝါရင့်သည့် စစ်တပ် အကြီးအကဲ စိတ်ကစဉ့်ကလျားဖြစ်နေသူ စောမောင်ကို ရှင်းထုတ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးလျှင် အာဏာကို အနိုင်ရသည့်ပါတီထံအပ်ကာ စစ်တန်းလျားပြန်မည်ဆိုသည့် စောမောင်၏ စကားကိုလည်း သူလက်မခံနိုင်ပေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ထိုရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိုင်သော်လည်း အာဏာရခွင့် မပြုခဲ့ပေ။
၁၉၆၂ ခုနှစ်မှ စသည့် ခေတ်သစ် မြန်မာစစ်တပ်သမိုင်းတွင် မည်သည့် ဒု စစ်ခေါင်းဆောင်ကမျှ သူ၏ခေါင်းဆောင်ထံမှ အာဏာကို ရွေးကောက်ခံအစိုးရထံ ပြန်ပေးရန် အာဏာသိမ်းခြင်း မရှိပေ။
၁၉၆၂ ခုနှစ်မှ စသည့် ခေတ်သစ် မြန်မာစစ်တပ်သမိုင်းတွင် မည်သည့် ဒု စစ်ခေါင်းဆောင်ကမျှ သူ၏ခေါင်းဆောင်ထံမှ အာဏာကို ရွေးကောက်ခံအစိုးရထံ ပြန်ပေးရန် အာဏာသိမ်းခြင်း မရှိပေ။
အသံတိတ် လူသတ်သမား
အပတ်စဉ် ၂၂ ဆင်းများတွင် စိုးဝင်းသည် ရာထူးအမြင့်ဆုံး ရထားသူဖြစ်သည်။ သို့သော် သူသည် သူနှင့် အပတ်စဉ်တူများလောက် လူသိများခြင်း မရှိပေ။ ဦးသိန်းစိန် အစိုးရခေတ်တွင် ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီး လုပ်ခဲ့ဖူးသော ဦးရဲထွဋ်သည် ထိုအပတ်စဉ်တွင် ထင်ရှားကျော်ကြားသူ ဖြစ်သည်။
ထိုအပတ်စဉ်မှ ထင်ရှားကျော်ကြားသူများတွင် ရေတပ်အကြီးအကဲ သူရသက်ဆွေ၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဟောင်း လှမင်း၊ စွမ်းအင်ဝန်ကြီးဟောင်း ဇေယျာအောင်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင် ရာပြည့်တို့ ပါဝင်သည်။
သူသည် ယခုဖြစ်ပေါ်နေသည့် အရပ်သားများကို သတ်ဖြတ်မှုများနှင့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ် ပြုလုပ်သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွက် တာဝန်ရှိသူဖြစ်သည်။
စိုးဝင်းသည် နားလည်ရခက်သော တိတ်ဆိတ်သူဖြစ်သည်။ သို့သော် သူသည် အသံတိတ် လူသတ်သမား ဖြစ်သည်။ သူသည် ယခုဖြစ်ပေါ်နေသည့် အရပ်သားများကို သတ်ဖြတ်မှုများနှင့် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ် ပြုလုပ်သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွက် တာဝန်ရှိသူဖြစ်သည်။ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ခံထားရသည့် စိုးဝင်းသည် ထိုရက်စက်ကြမ်းကြုတ်မှုများအတွက် နောင်တမရပေ။
“အာဏာသိမ်းပြီးနောက် ဒုချုပ်က ပိုတောင် တက်ကြွနေသေးတယ်” ဟု စစ်အရာရှိဟောင်းတဦးက ပြောသည်။
စိုးဝင်းကို ၁၉၆၀ ပြည့်နှစ်တွင် မွေးသည်။ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ သို့ ၁၉၇၆ ခုနှစ်တွင်တက်ပြီး ၁၉၈၁ မှ ၂၀၀၁ ခုနှစ်အထိ ရာထူးအဆင့်ဆင့် ထမ်းဆောင်ရာတွင် ရခိုင်မြောက်ပိုင်း မင်းပြားမှ ခလက ၃၇၉ တွင် တပ်ရင်းမှူး လုပ်ဖူးသည်။ ၂၀၀၃ ခုနှစ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ဗျူဟာမှူး ဖြစ်သည်။
၂၀၀၅ ခုနှစ်တွင် အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွင် ဌာနချုပ်မှူးဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ဗထူးတိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူး ဖြစ်လာသည်။ ထို့နောက် သူ့ကို အထူးစစ်ဆင်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးပြီး နေပြည်တော်သို့ ပြန်လည်ခေါ်ယူကာ ၂၀၁၁ ခုနှစ် မတ်လတွင် စစ်တပ် ဒုခေါင်းဆောင် ခန့်လိုက်သည်။
စစ်အုပ်စု ခေါင်းဆောင်ဖြစ်လာမလား
မင်းအောင်လှိုင် သမ္မတရူး ရူးနေသည်မှာ လူတိုင်းသိသော လျှို့ဝှက်ချက်ဖြစ်သည်။ မင်းအောင်လှိုင် သမ္မတ ဖြစ်ဦးမည်ဆိုလျှင် သူသည် ယုံကြည်ရသူတဦးကို စစ်အုပ်စု အကြီးအကဲ ခန့်ရမည်ဖြစ်သည်။ စိုးဝင်းမှ လွဲပြီး အခြားသူမရှိပေ။
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် နောက်ဖြစ်လာမည့် စစ်အုပ်စု ခေါင်းဆောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းနေကြသော်လည်း မင်းအောင်လှိုင်သည် စိုးဝင်းကို အစိုးရအဖွဲ့တွင် မည်သည့်အာဏာမျှ မရှိသည့် ဒုသမ္မတအဖြစ် ခေါ်သွားပြီး အတွေ့အကြုံနည်းသည့် ငယ်ရွယ်သော ဗိုလ်ချုပ်များကို စစ်အုပ်စုအား ပေးအပ်ခဲ့မည် မဟုတ်ပေ။
စစ်အုပ်စုတွင် တတိယ သြဇာအကြီးမားဆုံးဖြစ်သော ကြည်း၊ ရေ၊ လေ ပူးပေါင်းညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ မှဖြစ်ပြီး မည်သူမျှ စစ်အုပ်စု အကြီးအကဲ ဖြစ်မည့်အလားအလာ မရှိပေ။
စိုးဝင်းသည် မင်းအောင်လှိုင် နုတ်ထွက်သောအခါ ထိုအလားအလာရှိသော စစ်အုပ်စုခေါင်းဆောင်ရာထူးကို မျှော်လင့်နေပုံရပြီး မင်းအောင်လှိုင်ကို ဖယ်ရှားလိုစိတ်ဖြစ်ရန် အကြောင်းမမြင်ပေ။
စိုးဝင်းသည် မင်းအောင်လှိုင် နုတ်ထွက်သောအခါ ထိုအလားအလာရှိသော စစ်အုပ်စုခေါင်းဆောင်ရာထူးကို မျှော်လင့်နေပုံရပြီး မင်းအောင်လှိုင်ကို ဖယ်ရှားလိုစိတ်ဖြစ်ရန် အကြောင်းမမြင်ပေ။
ထို့ကြောင့် စိုးဝင်းသည် ခပ်လျှိုလျှိုနေပြီး သူသည် ရည်မှန်းချက်ကြီးမားသူဖြစ်ကြောင်း မရိပ်မိအောင်နေသည်။
လက်တွေ့တွင် သူသည် စစ်အာဏာသိမ်းမှုကို ပူးပေါင်းကြံစည်သူနှင့် မင်းအောင်လှိုင်ကို ကာကွယ်သူ ဖြစ်ရုံသာမက နိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အရပ်သားများကို သွေးချောင်းစီး သတ်ဖြတ်ရာတွင် အဓိကတာဝန်ရှိသည့် ဗိုလ်ချုပ်တဦးသာ ဖြစ်သည်။
ထို့ကြောင့် အခြေအနေကို နားမလည်သူများအနေဖြင့် စိုးဝင်းသည် ဖြုတ်ချခံ NLD အစိုးရကို အာဏာ ပြန်လည်ပေးအပ်ရန် အသာထား မင်းအောင်လှိုင်ထံမှ အာဏာပြန်သိမ်းမည်ဟု ထင်ယောင်ထင်မှားနှင့် လိုရာတွေးခြင်းကို စွန့်လွှတ်ရန် အချိန်ဖြစ်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Don’t Bet on Myanmar Junta No. 2 Ousting His Boss ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်ခေါင်းဆောင်၏ သစ္စာရှိသော လက်ရုံး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး
မြန်မာတွင် လွတ်နေသော ငရဲခွေးများကို မည်သူတားဆီးမည်နည်း
တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ
အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ