“အကြိမ်ကြိမ်အခါခါ ကားပျက်လည်း မဆန်းပါ
အို … မြောက်ပိုင်းလမ်း မူဆယ် နမ့်ခမ်းလမ်း
သြော် … မြောက်ပိုင်းလမ်း
ကျနော်လေ ရွှေဖီချိန်က
လက်ဖက်ပေါတဲ့ အခါမှာ
ဂျီအမ်စီလို ကားကြီးမျိုး
မန္တလေးဘက်သို့ ကုန်တင်ကာသွားတယ်
လမ်းတွေက ဆိုးဆိုး ချိုင့်တွေက ပေါ
ဇောချွေးကလေးများ ပြန်နေအောင် မောင်းတယ်
ဒါဟာ ဒရိုင်ဘာမြောက်ပိုင်းလမ်းရဲ့ အဖြစ်ပါ”
ဟိုင်းဝေးကားမောင်းသူ အတော်များများက ချိုချိုအေးအေး စိုင်းဆိုင်မောဝ် သီချင်းတွေဖွင့်ပြီး ကားမောင်းလေ့ရှိကြတယ်။ ဆရာမြသန်းတင့်ရဲ့ အညတြရရုပ်ပုံလွှာအဖွဲ့တခုမှာ တောင်ပေါ်လမ်းမောင်းတဲ့ ကားဆရာတယောက် အိပ်ငိုက်ပြီး ကားချောက်ထဲထိုးကျတဲ့အကြောင်း ဖတ်ဖူးတယ်။
ကိုလေးမြတ်ရေးတဲ့ ကားသမားစာအုပ်ဖတ်ပြီး ပြန်အမှတ်ရမိတာတွေပါ။ မုံရွာနယ်ဘက်က ကားသမား ဦးရှမ်းက သူ့ကားသမားဘဝ ပြောပြဟန် ရေးဖွဲ့ထားတဲ့ ကားသမားစာအုပ်။
အဝေးပြေးကားမောင်းသူဆိုတော့ ကားပိုင်ရှင် (ကားအုံနာလို့ သုံးလေ့ရှိကြ)၊ ဂိတ်မှူး၊ စပယ်ယာ၊ ထမင်းဆိုင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည့်တန်ဆာ စတဲ့သူတွေနဲ့ ဆက်ဆံရတယ်။ တခါ ကားသမားဆိုတော့ ဆေးလိပ်၊ ကွမ်း၊ အရက်၊ လောင်းကစား၊ ကေတီဗီ၊ မာဆတ်တို့နဲ့လည်း ဘယ်ကင်းလိမ့်မလဲ။
ကားမောင်းသူဘဝတင် မဟုတ်ဘဲသူနဲ့ ဆက်စပ်ပတ်သက်နေတဲ့ လူတန်းစားပေါင်းစုံရဲ့ ဘဝတွေနဲ့ ကြွနေတဲ့ ဘဝသရုပ်ဖော်လုံးချင်း ဝတ္ထုရှည်ကြီးတပုဒ်လို့ စာဖတ်သူတဦးအနေနဲ့ သတ်မှတ်ချင်တယ်။
အဝေးပြေးကားမောင်းသူဆိုတော့ ကားပိုင်ရှင် (ကားအုံနာလို့ သုံးလေ့ရှိကြ)၊ ဂိတ်မှူး၊ စပယ်ယာ၊ ထမင်းဆိုင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည့်တန်ဆာ စတဲ့သူတွေနဲ့ ဆက်ဆံရတယ်။ တခါ ကားသမားဆိုတော့ ဆေးလိပ်၊ ကွမ်း၊ အရက်၊ လောင်းကစား၊ ကေတီဗီ၊ မာဆတ်တို့နဲ့လည်း ဘယ်ကင်းလိမ့်မလဲ။
ဦးရှမ်းက သူ့မိဘတွေအကြောင်းပြောတော့ ရှေးလူကြီးတွေ လွယ်လွယ်နာမည်ပေးတတ်ပုံ သိလိုက်ရတယ်။ ဦးရှမ်း အဖေနာမည်က ဦးသောင်။ မောင်နှမလေးယောက်နာမည်က အကိုကြီး ဦးမောင်ပြီးတော့ အမကြီး ဒေါ်အောင်၊ ပြီးတော့ ဦးသောင်၊ ဒေါ်ဆောင်။ ဦးသောင်က သူ့ကလေးတွေကို နာမည်ပေးတော့ မစန်း၊ မောင်သန်း၊ မောင်ရှမ်း၊ မဖြန်းတဲ့။ မုံရွာနယ်ဘက်မှာ အမေကို အစ်မ။ အဘွားကိုမှ အမေလို့ ခေါ်ပါသတဲ့။
မောင်ရှမ်း ၁၃ နှစ်သားလောက်မှ ကားကိုမြင်ဖူး။ မြင်ဖူးတာနဲ့ကားကို စိတ်ဝင်စား။ သူ ၁၆ နှစ်သားရောက်တော့ ပထမဆုံး သစ်ကားစပယ်ယာ လုပ်တယ်။ သစ်ကားလိုက်တဲ့ ကားသမား သစ်ပိသေတာမြင်ဖူး။ သစ်ကားစပယ်ယာ ကားပိသေတာမြင်ဖူး။ ကားဂွေတော့ကိုင်ဖူး မောင်းဖူးလေပြီ။ သစ်ထုတ်တာ ရပ်သွားပြီးတဲ့နောက် ရန်ကုန်-မုံရွာ ကုန်ကားတစီးမှာ စပယ်ယာလိုက်တယ်။
မောင်ရှမ်းက ဆရာအရတော်တယ် ပြောရမယ်။ သူ့ကားဆရာတွေက ကားဂျမ်းတုံးခုတာကအစ ကားဘီးလေချိန် စစ်တာအလယ် ဆီ၊ ရေ၊ လေ စစ်တာအဆုံး အောက်ခြေသိမ်း သင်ပေးတယ်။ မောင်ရှမ်းကလည်း ကြိုးစားတယ်။ လမ်းမှာ ထမင်းစားနားပြီဆို သူက ကားဘီးစစ်တယ်။ ဆီ၊ ရေ၊ လေ စစ်တယ်။ ပြီးမှထမင်းစားတယ်။ ထမင်းစားရင် ဆိုင်ကိုကျောပေးမထိုင်ဘဲ စားရပြီး ဆရာစားမပြီးခင် ကိုယ်ကအရင်ပြီးအောင်စား။ ပြီးတော့ ဆရာကားပေါ်တက် စက်မနှိုးခင်ကားကို တခါထပ်စစ်ရတယ်။
ရန်ကုန်မှာ နယ်ကကုန်ကားသမားတွေ ညရပ်နားအိပ်ရတဲ့နေရာတွေက နတ်စင်လမ်းကနေ မအူကုန်းကားကွင်း (အခု ယုဇနပလာဇာနေရာ)။ မအူကုန်းကားကွင်းကနေ အလုံအမှိုက်ပုံနေရာ (အခုဘဏ်တခုဆောက်ထား)။ အဲ့ဒီကမှတခါ အခုဘုရင့်နောင်ကားကွင်း။
မုံရွာနယ်သားမောင်ရှမ်း ရန်ကုန်ရောက်တော့ ရန်ကုန်မြို့ကြီး ကြီးမှကြီး ကျယ်မှကျယ်ပေါ့။ ချက်ပလက်ခေါင်းတို ကုန်ကားကို ရန်ကုန် ဘုန်းကြီးလမ်းရောက်အောင် မောင်းရတယ်။ ပြီးတော့ ရှန်တိန်ဒရိုင်ဘာငှားပြီး ကုန်လိုက်ချရတယ်။ ရှန်တိန်ဒရိုင်ဘာဆိုတာက ရန်ကုန်မြို့တွင်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်သူ။ ညအိပ်တော့ နတ်စင်လမ်း ကားထိုးပြီးအိပ်ရတယ်။
ရန်ကုန်မှာ နယ်ကကုန်ကားသမားတွေ ညရပ်နားအိပ်ရတဲ့နေရာတွေက နတ်စင်လမ်းကနေ မအူကုန်းကားကွင်း (အခု ယုဇနပလာဇာနေရာ)။ မအူကုန်းကားကွင်းကနေ အလုံအမှိုက်ပုံနေရာ (အခုဘဏ်တခုဆောက်ထား)။ အဲ့ဒီကမှတခါ အခုဘုရင့်နောင်ကားကွင်း။ မောင်ရှမ်းကနေ ဦးရှမ်းဘဝရောက်သည်အထိ ဖြတ်သန်းကျင်လည်ခဲ့ရသည့် ကားကွင်းများ။ ကားကွင်းနေရာတွေ ပြောင်းသလို ဦးရှမ်း မောင်းခဲ့ရတဲ့ ကားတွေလည်း ပြောင်းတယ်။
ချက်ပလက်ခေါင်းတို မောင်းရာက ဂျီအမ်စီကား၊ ဟီးနိုးကနေ နောက်ဆုံး ၁၂ ဘီးကားအထိ ကုန်ကားမျိုးစုံ မောင်းခဲ့တယ်။ သူကုန်ကားစမောင်းခါစက လမ်းစရိတ် ကျပ် ၅၀၀ ရခဲ့ရာက သူ ကားမောင်းနားတော့ လမ်းစရိတ် ကျပ် ၅ သိန်းဖြစ်နေပြီ။ သူ ကုန်ကား စမောင်းခါစက ကားတစီးပိုင်အုံနာ။ ကားတစီးကို သုံးယောက်စပ်ပိုင် အုံနာရယ်လို့သာရှိခဲ့ရာက အခုတော့ လူတယောက်တည်းက ၁၂ ဘီးကားအစီး ၂၀ ပိုင်တဲ့ခေတ် ရောက်တယ်။
မဆလခေတ်မှာ ကုန်ကားစမောင်းတဲ့ ကိုရှမ်းဟာ နဝတ၊ နအဖ ခေတ်ကိုလည်း ဖြတ်သန်းခဲ့တယ်။ ခေတ်အဆက်ဆက်မှာ ကုန်ကားဆရာတွေဟာ အစိုးရရဲ့ ကန့်သတ်ကုန်တွေတင်ပြီး ရုန်းကန်ခဲ့ကြရတယ်။ အဲ့ဒီလို ရုန်းကန်ရင်း ထောင်တန်းကျပြီး ဘဝပျက်သူပျက်၊ သေသူသေ စတဲ့ဘဝတွေကိုလည်း ကားသမားစာအုပ်မှာ ရင်နာနာနဲ့ဖတ်ရတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး။ မိန်းမလိုက်စားလွန်းပြီး ကားသမားအခေါ် လေးလုံးရောဂါ (AIDS) နဲ့ တဖြုတ်ဖြုတ် သေကုန်ကြသူတွေလည်း ဦးရှမ်းကားသမားဘဝ ကြုံတွေ့ရဖူးတယ်။
သူနဲ့မတွေ့ခင်ကတည်းက အရွှေဟာ လင်ကံမကောင်းခဲ့သူ။ သူနဲ့ပေါင်းပြီးတဲ့နောက်တော့ အရွှေဟာ သီလရှင်ဝတ်သွားတယ်။ ဦးရှမ်း အရွှေ့ကို နောက်ဆုံးတွေ့ခဲ့ရတာက အလှူခံမဏ္ဌပ်တခုမှာ သီလရှင်ဝတ်နဲ့ အလှူခံနေတာပါ။
ကန့်သတ်ကုန်တင်ပြီး လမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ဖြတ်သန်းရပုံတွေကိုလည်း ဖတ်ရတယ်။ ကားသမားလောကမှာ ‘မခိုးရင် နူတတ်’ ဆိုတဲ့စကား ရှိတယ်။
ကားသမားဟာ ကားပေါ်ရောက်ရင် အကုန်ပြည့်စုံသူဖြစ်ပြီး ကားပေါ်ကဆင်းရင်တော့ ဆေးပေါ့လိပ် တောင်းသောက်ရတဲ့အထိ ဖြစ်တယ်။ အသုံးအစွဲ မဆင်ခြင်တာ လောင်းကစား လုပ်တာတွေကြောင့် ဒီလိုဖြစ်ကြရတာပဲ။ ကုန်ကားလောကကို ဦးရှမ်း စဝင်တော့ လခစား။ တလတည်း ရန်ကုန်ကို နှစ်ခါကုန်ပို့မောင်းရလည်း လစာက ၂၀၀ ကျပ်ပဲ။ လခစား ကားသမားဘဝကနေ ခေါက်စားကားသမားဖြစ်တော့မှ တခေါက်ကျပ် ၂၀၀ ရပြီး နှစ်ခေါက်မောင်း ကျပ် ၄၀၀ ရတယ်။
စောစောကပြောတဲ့ မခိုးရင် နူတတ်ဆိုတာ ကားအုံနာက ကားသမားကိုပေးတဲ့ လမ်းစရိတ်ကို လိုသလို စာရင်းပြလို့ရတာကို ဆိုလိုတာပါ။ မလိမ်မာတဲ့ကားသမားကျ မုံရွာကထွက်ပြီး မြင်းမူပဲ ရောက်သေးတယ်။ လမ်းစရိတ်ပေးလိုက်တဲ့ ငွေ ၅ သိန်းစလုံး ဖဲဝိုင်းမှာ တခါတည်းရှုံးအောင် ကစားပစ်တယ်။
ကားသမားတွေ မိန်းမနဲ့မကင်းကြတာ ဦးရှမ်းလည်း မကင်းဘူး။ ကားသမားစာအုပ်ထဲက ဦးရှမ်းရဲ့ အရွှေနဲ့ ကြီးမှဝက်သက်ပေါက်တဲ့ ဇာတ်လမ်းကလည်း အသက်ဝင်တယ်။ သာမန်ကားသမားတယောက်နဲ့ မီးသွေးကုန်သည် အရွှေတို့ လမ်းမှာဖူးစာဆုံကြပြီး ဆယ်နှစ်ကြာ ပေါင်းသင်းနေထိုင် ဖြစ်တယ်။
သူနဲ့မတွေ့ခင်ကတည်းက အရွှေဟာ လင်ကံမကောင်းခဲ့သူ။ သူနဲ့ပေါင်းပြီးတဲ့နောက်တော့ အရွှေဟာ သီလရှင်ဝတ်သွားတယ်။ ဦးရှမ်း အရွှေ့ကို နောက်ဆုံးတွေ့ခဲ့ရတာက အလှူခံမဏ္ဌပ်တခုမှာ သီလရှင်ဝတ်နဲ့ အလှူခံနေတာပါ။
ဦးရှမ်းအသက် ၇၀ နားနီးတော့ သားသမီးတွေက ကားမောင်းနားဖို့ ပြောဆိုလာကြတယ်။ စပယ်ယာလိုက်နေတဲ့ သားတယောက်ကို ကားမောင်းတတ်အောင် လက်တွဲခေါ်သင်ပေးပြီး အဲ့ဒီသားသူ့လို ကားသမားဖြစ်တော့ ဦးရှမ်း ကားသမားဘဝက နားလိုက်တယ်။ သူ့သား ကားသမားကို အခုလိုမှာတယ်။
“သားကိုလည်း ဆုံးမရတယ်။ အရက်အလွန်အကျွံ မသောက်ဖို့။ လောင်းကစား အလွန်အကျွံ မလုပ်ဖို့။ မိန်းမလည်း အလွန်အကျွံ မလိုက်စားဖို့။ ဟုတ်တယ် … အလွန်အကျွံလို့ပဲ ပြောရမယ်။ ကျုပ်တို့ ကားသမားတွေမှာ အဲ့ဒါတွေနဲ့ ကင်းရှင်းဖို့ မလွယ်ကူလှဘူး။ လုံးဝ မရှိဘူးတော့ မဟုတ်ပါဘူး။ အရက် မသောက်၊ လောင်းကစား မလုပ်၊ မိန်းမ မလိုက်စားတဲ့ ဒရိုင်ဘာတွေလည်း ရှိပါတယ်။ ဒါပေမယ့် လက်ချိုးရေတွက်လို့ ရတယ်။”
၅၅ နှစ်ခန့် ကာသမားဘဝ ကျင်လည်သွားသူ ဦးရှမ်းအကြောင်းဖတ်ရင်း ဝါသနာမျိုးစုံနဲ့ လောကမျိုးစုံကို ကျင်လည် ဖြတ်သန်းသွားသူတဦးကို အမှတ်ရမိလိုက်တယ်။ မြသန်းတင့်ရဲ့ အမေ့အစ်ကို၊ ပေါက်မြို့မှာနေတဲ့ မြသန်းတင့် ဦးကြီး။ ဆရာက လူထူးလူဆန်း သူ့ဦးကြီးနာမည်ကို ထည့်မရေးသွားပေမယ့် စိတ်ဝင်စားဖို့ ကောင်းတာတော့အမှန်။
မြသန်းတင့်က သူ့ဦးကြီးနဲ့ပြန်တွေ့ဖို့သွားရင်း လမ်းမှာ ဦးကြီးအကြောင်းမေးတော့ အစ်ကိုဖြစ်သူ ပြောပြတာက ဦးကြီးဟာ ရေဒီယိုပြီးတဲ့နောက် စစ်ပြီးစမှာ ခြံစိုက်တယ်။ ဗာဂျီးနီးယားဆေး စိုက်တယ်။ ဆေးပေါင်းဖို ထောင်တယ်။ ဒါလည်း မကြာဘူး။ ဆေးပေါင်းဖိုနဲ့ စိုက်ခင်းတွေထားခဲ့ပြီး ဝိပဿနာတရား အားထုတ်တဲ့ဘက် လှည့်သွားပြန်တယ်။
ကြည့်လေ။ စစ်မဖြစ်ခင် ပေါက်မြို့မှာ မော်တော်ကားထောင်ခါစက သူ မော်တော်ကားကို စိတ်ဝင်စားတယ်။ ကားတွေတစီးပြီးတစီး ဝယ်တယ်။ စီးလိုက်၊ ပြန်ရောင်းလိုက်၊ ပြန်ဝယ်လိုက် လုပ်တယ်။ ကားပြင်တဲ့စာအုပ်တွေ ဝယ်ဖတ်ပြီး တနေကုန် ကားစက်ခေါင်းထဲနှိုက်တယ်။ ကြာတော့ ငြီးငွေ့သွားလားမသိ။ ကားတွေ အကုန် ပြန်ရောင်းပစ်လိုက်တယ်။
နောက်တဘက် သူလှည့်ပြန်တာက သေနတ်။ နှစ်လုံးပြူး၊ ပွိုင့်တူးတူး၊ ဝက်ဘ်ဗလေ၊ ငါးလုံးပြူး၊ ဂျာမန်မော်ဇာ။ စုံနေအောင်ဝယ်ထားပြီး မနက်မိုးလင်းတာနဲ့ သေနတ်တွေကို ပြောင်နေအောင်တိုက်ပြီး သေနတ်စင်ပေါ်တင်။ ဧည့်သည်လာရင် သေနတ်တွေအကြောင်းပြော။ အဲ့ဒီသေနတ်တွေနဲ့ တောလိုက်ထွက်။
ဟော … သေနတ်ပြီးတော့ ရှိသမျှသေနတ်တွေ ရောင်းပစ်ပြန်ပြီး မြင်းဝယ်ပြီး မြင်းမွေးပြန်တယ်။ စစ်မဖြစ်ခင်က ပေါက်မြို့က မြင်းချောမြင်းကောင်းတွေထွက်ပြီး နာမည်ကြီးတယ်။ ပခုက္ကူကို မြင်းစီးပြီးသွားတယ်။ မြင်းပွဲလောင်းတယ်။ မြင်းမွေးတဲ့ ဝါသနာပျောက်တော့ ခွေးမွေးတယ်။
အင်းခွေး၊ အယ်လ်ဇေးရှင်း၊ ချင်းခွေး၊ ခွေးဘီလူး၊ တယ်ရီယာ။ ခွေမျိုးစုံမွေးပြီး တမျိုးနဲ့တမျိုး သားစပ်တယ်။ အနံ့ခံကောင်းတဲ့ခွေး၊ အမဲလိုက်ကောင်းတဲ့ခွေး၊ အပြေးသန်တဲ့ခွေး ခွဲခြမ်းစိပ်ဖြာတယ်။ စစ်ဖြစ်ခါနီး သူ နောက်ဆုံး ဝါသနာပါတာက ရေဒီယို။ မြန်မာပြည်မှာ ရေဒီယိုပေါ်ခါစ။ ထုံးစံအတိုင်း ရေဒီယိုတွေ တလုံးပြီးတလုံးဝယ်။ နားထောင်လိုက် ဖျက်လိုက်ပြင်လိုက်။
မြသန်းတင့်က သူ့ဦးကြီးနဲ့ပြန်တွေ့ဖို့သွားရင်း လမ်းမှာ ဦးကြီးအကြောင်းမေးတော့ အစ်ကိုဖြစ်သူ ပြောပြတာက ဦးကြီးဟာ ရေဒီယိုပြီးတဲ့နောက် စစ်ပြီးစမှာ ခြံစိုက်တယ်။ ဗာဂျီးနီးယားဆေး စိုက်တယ်။ ဆေးပေါင်းဖို ထောင်တယ်။ ဒါလည်း မကြာဘူး။ ဆေးပေါင်းဖိုနဲ့ စိုက်ခင်းတွေထားခဲ့ပြီး ဝိပဿနာတရား အားထုတ်တဲ့ဘက် လှည့်သွားပြန်တယ်။
မြသန်းတင့် သူ့ဦးကြီးနဲ့ပြန်တွေ့တဲ့ ၁၉၇၀ ကျော်ကာလမှာတော့ ဦးကြီးဖြစ်သူဟာ ဆီးရောဂါခံစားနေရပြီး သူ့ရောဂါက သူ့ဝါသနာဖြစ်နေတာ တွေ့ရတယ်။ တနေ့တနေ့ ဆီးစစ်လိုက်၊ သွေးစစ်လိုက်၊ ကိုယ်ပူချိန်တိုင်းလိုက်။ သူ့ရောဂါအကြောင်း မြသန်းတင့်ကို ရှင်းပြတာ ဆရာဝန်တဦးနဲ့ မခြား။
မြသန်းတင့်က သူ့ဦးကြီးကိုကြည့်ပြီး တော်စတွိုင်းပြောဖူးတဲ့ စကားတခွန်း သတိရမိတယ်။ လူတွေ အလုပ်အမျိုးမျိုး လုပ်နေကြတယ်ဆိုတာ ခိုလှုံရာရှာတာ။ တချို့က စာရေးပြီး ခိုလှုံရာရှာတယ်။ တချို့က နိုင်ငံရေးလုပ်ပြီး ခိုလှုံရာရှာတယ်။ တချို့က လောင်းကစားလုပ်ပြီး၊ တချို့က အရက်သောက်ပြီး တချို့က မိန်းမလိုက်စားပြီး။
သေခြင်းတရားကို မေ့ထားနိုင်အောင် ခိုလှုံရာတခုခုရှာပြီး လုပ်နေကြတာ။ မြသန်းတင့်အစ်ကိုက ‘မင်းဟာ လေးနက်လွန်းပါသကွာ’ လို့ မှတ်ချက်ပေးတယ်။
မြသန်းတင့်ရဲ့ ဦးကြီးအကြောင်းက သူရေးတဲ့ ‘ပုံတောင်ပုံညာသွား တောလား’ စာအုပ်ထဲဖတ်ရတယ်။ ၂၀၁၇ ခုနှစ်က ဒုတိယအကြိမ်ထုတ်တယ်။
ကိုလေးမြတ်ရေးတဲ့ ကားသမားစာအုပ်ကို ၂၀၂၂ ခုနှစ်၊ မေလမှာ ပန်းဆက်လမ်းစာပေက ပထမအကြိမ် ထုတ်ဝေဖြန့်ချိပြီး စာအုပ်တန်ဖိုးက ကျပ် ၄,၀၀၀ ပါ။ ချက်ပလက်ခေါင်းတို အဖုံးပုံကို ပန်းချီ မာဏ က ရေးဆွဲတယ်။
You may also like these stories:
စာပေသူပုန်ကြီး သခင်ကိုယ်တော်မှိုင်း
စစ်အရာရှိဟောင်းများ သတင်းနှင့် စာပေအဖွဲ့အစည်းများကို ဦးဆောင်မည်
စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ