စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်သည့် `ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် အာဏာသိမ်းစစ်ကောင်စီနှင့် ခပ်ခွာခွာသာ ဆက်ဆံတော့သည်။ ထိုအချက်သည် UWSA နှင့် စစ်ကောင်စီအကြား ဆက်ဆံရေး ကျဆင်းလာသည်ကို ပြနေသည်။
UWSA သည် စစ်အင်အား ၃ သောင်းကျော်ရှိသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လက်နက်နှင့် ခဲယမ်းမီးကျောက်များ ကိုယ်ပိုင်ထုတ်လုပ်နိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်သည်။
ထိုသို့ အင်အားတောင့်တင်းသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ဆက်ဆံရေး ကျဆင်းလာခြင်းသည် တနိုင်ငံလုံးတွင် အာဏာသိမ်းမှုဆန့်ကျင် ပုန်ကန်မှုများအား ရင်ဆိုင်နေရသည့် စစ်ကောင်စီအတွက် ကောင်းသည့် နိမိတ်လက္ခဏာတရပ် မဟုတ်ပေ။
UWSA နှင့် စစ်တပ်အကြား ဆက်ဆံကျဆင်းလာသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ ထိုဆက်ဆံရေး အခြေအနေမှ တဆင့် မြေပြင် တိုက်ပွဲများအထိ ကူးဆက်နိုင်ခြေ ရှိမရှိ ဆိုသည်ကိုလည်း တိုင်းရင်းသား အရေး စောင့်ကြည့် လေ့လာနေသူများက တွက်ဆနေကြလျှက်ရှိသည်။
အာဏာမသိမ်းမီကာလ ဆက်ဆံရေး
ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် `ဝ‘ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ဗကပ ထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် `ဝ‘ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (United Wa State Party -UWSP) ကို ထူထောင်ကာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။
၎င်းတို့ထိန်းချုပ်ထားသည့် `ဝ‘ ဒေသကို `ဝ‘ ပြည်နယ်အဖြစ်သတ်မှတ်ခေါ်ဝေါ်ပြီး ယင်းနယ်မြေကို နိုင်ငံရေးအရ ဦးဆောင် အုပ်ချုပ်နေသည့် အဖွဲ့မှာ `ဝ‘ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဖြစ်သည်။ လက်နက်ကိုင်တပ်မှာ `ဝ‘ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဖြစ်သည်။
UWSA သည် အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသော်လည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ထိုးထားခြင်းမရှိပေ။ UWSA သည် အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရန် မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ၆ ဖွဲ့ဖြင့် ပူးပေါင်းကာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်းထားသည်။
UWSA နှင့် မြန်မာပြည်ကို အာဏာသိမ်းအုပ်ချုပ်ခဲ့သည့် စစ်ဗိုလ်ချုပ်များအကြား ဆက်ဆံရေးသည် အလုံးစုံ ချောမွေ့ခဲ့သည်တော့ မဟုတ်ပေ။ ၁၉၉၂ ခုနှစ်တွင် `ဝ‘ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်ပြီး `ဝ‘ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (WNDP) တည်ထောင်သူ ဦးစောလုကို ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်းရေးများက မှူးယစ်ဆေးဝါးကိစ္စ ဖော်ထုတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးနှိပ်စက်ခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ UWSA ခေါင်းဆောင်တဦးဖြစ်သူ ဦးကျောက်ညီလိုင်က ဦးစောလုကို ပြန်မလွှတ်ပါက UWSA နှင့် အစိုးရကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီဟု ရာဇသံပို့ခဲ့သဖြင့် စစ်ထောက်လှမ်းရေးများက ဦးစောလုကို ပြန်လွှတ်ပေးခဲ့ရကြောင်း ဆွီဒင်လူမျိုးသတင်းစာဆရာ ဘာတေးလ်လစ်တနာ၏ Burma in Revolt စာအုပ်အရ သိရသည်။
တိုင်းရင်းသားအရေး လေ့လာသူတဦးကမူ မြန်မာစစ်တပ်နှင့် UWSA သည် အပစ်ရပ်ခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ ယေဘုယျအားဖြင့် ဆက်ဆံရေး ကောင်းခဲ့ကြောင်းဆိုသည်။
၎င်းက “၂၀၀၉ မှာ `ဝ‘ တွေကို နယ်ခြားစောင့်တပ်ဖွဲ့ခိုင်းတာက စပြီးတော့ ၂၀၁၀ မှာ စစ်ရေးတင်းမှာ မှုအမြင့်ဆုံးပဲ။ `ဝ‘ နယ်ထဲလွှတ်ထားတဲ့ ကျန်းမာရေးတို့၊ ပညာရေးတို့၊ စိုက်ပျိုးရေးတို့ အစိုးရဝန်ထမ်းတွေကိုပါ အကုန် ထုတ်ယူသွားတဲ့ အဆင့်ဖြစ်သွားတယ်။ ဒါပေမယ့် ၂၀၁၁ မှာ သူတို့ အပြန်အလှန် အပစ်အခတ်ရပ်စဲရေး လက်မှတ်ပြန်ထိုးလိုက်တဲ့ အခါမှာ ပြန်ပြီးတည်ငြိမ်သွားတယ်။ ဒါပေမယ့် အစိုးရဝန်ထမ်းတွေကတော့ အရင်လိုမပို့နိုင်တော့ဘူး။ ၂ ဖက်တပ်တွေက ဟိုပန်၊ ပန်လုံရှေ့ဘက်မှာ၊ တန့်ယန်း အရှေ့ဘက်မှာ မိုင်းယန်းနားမှာ၊ အကုန်ရင်ဆိုင်ထားပြီးတော့ တဖက်နဲ့ တဖက်တင်းမာတဲ့ အခြေအနေရောက်သွားတယ်” ဟု ဆိုသည်။
ယင်းနောက် ၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းချက်အား UWSA ဘက်က လက်မခံခဲ့သဖြင့် မြန်မာစစ်တပ်နှင့် စစ်ရေးတင်းမာလာခဲ့ ပြန်သည်။
တိုင်းရင်းသားအရေးလေ့လာနေသူတဦးက လည်း “`ဝ‘ က NCA လက်မှတ်ထိုးဖို့ ငြင်းပယ်လိုက်တဲ့ အချိန်မှာ တင်းမာမှုမြင့်လာတယ်။ အဲဒီအချိန်မှာ အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့ အပါအဝင် `ဝ‘ ပြည်နယ်ကို ထောက်ပံ့နေတဲ့ စားနပ်ရိက္ခာ၊ လောင်စာဆီ တင်သွင်းခွင့်တွေကို ၂၀၁၅ ခုနှစ်က စပြီး ပိတ်လိုက်တဲ့အခါကျတော့ ပိုပြီး တင်းမာသွားတယ်” ဟု ဆိုသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၁၆ ရက်တွင် UWSA ဌာနချုပ်ရှိရာ ပန်ဆန်း၌ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားကို UWSA ဘက်က လက်နက်အပြည့်အစုံဖြင့် လူအင်အားထောင်ချီသုံးကာ စစ်ရေးပြခဲ့သည်။ အဆိုပါ အခမ်အနားကို မြန်မာစစ်တပ်ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တက်ရောက်ရန် UWSA ဘက်က ဖိတ်ခေါ်ခဲ့သော်လည်း တက်ရောက်ခဲ့ခြင်းမရှိပေ။
အဆိုပါစစ်ရေးပြပွဲကို မြန်မာစစ်တပ်ဘက်က အခဲမကျေဘဲ ဒေါသထွက်ခဲ့ကြောင်း မြန်မာစစ်တပ်၏ သတင်းစာရှင်လင်းပွဲများ၌ စစ်ဗိုလ်ချုပ်များ ပြောဆိုသည့် စကားများအရ သိရသည်။

ထိုစဉ်က မြန်မာစစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် စိုးနိုင်ဦးက “`ဝ‘ ရဲ့ စစ်ရေးပြ အခမ်းအနားမှာ လက်နက် ကိုင်ဆောင်ပြီးတော့ စစ်ရေး ပြခဲ့တာ ရှိပါတယ်။ ဒါကြောင့်မိုလို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ခြင်းအားဖြင့် `ဝ‘ အနေနဲ့တော့ ဒါဟာ စစ်ပြိုင်အစိုးရ သဘောမျိုး၊ စင်ပြိုင် တပ်မတော် ပုံစံမျိုးဆောင်ရွက်တာ တွေ့ရပါတယ်။ ဒါသည် တပ်မတော် အနေနဲ့ အဆုံးစွန် သည်းခံထားတဲ့ အနေအထား ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု သတင်းထောက်များကို နေပြည်တော်တွင် ပြောခဲ့သည်။
အာဏာသိမ်းပြီးနောက် ဆက်ဆံရေး
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် `ဝ‘ တပ်ဖွဲ့ကို အဆုံးအစွန်အထိ သည်းခံခဲ့ရသည်ဟု ပြောခဲ့သော မြန်မာစစ်တပ်သည် UWSA အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ အပြေးသွားကာ ဆက်ဆံရေးကောင်းမွန်ရန် ကျားကုတ်ကျားခဲ ကြိုးစားခဲ့သည်။
အာဏာသိမ်းပြီးနောက် ဧပြီလအတွင်းကလည်း ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးရန်ဟုဆိုကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ `ဝ‘ ပြည်သွေးစည်း ညီညွတ်ရေး တပ် (UWSA) နှင့် UWSA ၏ မဟာမိတ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ထံ လိုက်လံ တွေ့ဆုံခဲ့သည်။
ထိုသို့ လိုက်လံတွေ့ဆုံရာတွင် စစ်ကောင်စီဘက်မှ အရာရှိကြီးများ ကိုယ်တိုင် လာတွေ့သော်လည်း UWSA ၏ ကိုယ်စား လှယ်သည် ပန်ဆန်းမြို့တွင် လက်ခံတွေ့ဆုံခဲ့ခြင်း မရှိဘဲ အစိုးရ ထိန်းချုပ်နယ်မြေနှင့် `ဝ‘ နယ်စပ်၊ မက်မန်းဆိုင် တွင်သာ လက်ခံ တွေ့ဆုံခဲ့သည်။
UWSA ၏ မဟာမိတ် SSPP နှင့် တွေ့ဆုံရာတွင်လည်း အဆင်မပြေခဲ့ပေ။ SSPP ဌာနချုပ် ဝမ်ဟိုင်းတွင် မြန်မာစစ်တပ် ရဟတ်ယာဉ် ဆင်းလာခဲ့ရာ SSPP ဘက်မှ မှားယွင်းပစ်ခတ်သဖြင့် စစ်ကောင်စီ ၏ အရာရှိတချို့ကျည်ထိမှန်ပြီး လှည့်ပြန်ခဲ့ရသည်။
တိုင်းရင်းသား အရေးလေ့လာသူ တဦးက မူ “စစ်ကောင်စီ က ဗိုလ်ချုပ်ရာပြည့်ကို ၂ ကြိမ်လွှတ်တယ်။ လွှတ်တဲ့အခါမှာလည်း ပန်ဆန်းအထိတောင် မဖိတ်ဘူး။ မက်မန်းဆိုင်လို့ခေါ်တာပေါ့။ တန့်ယန်းအရှေ့ဘက် ကြားနေရာမှာပဲ လာတွေ့တယ်။ စစ်တပ်ပြောတာကိုပဲ နားထောင်တယ်။ သူတို့ဘက်ကတော့ ဘာမှ ပြန်ပြီး ပြောတာမရှိဘူး။ စစ်ကောင်စီ က ဖိတ်တာကိုလည်း သူတို့သွားတာ မတွေ့ရဘူး” ဟု ပြောသည်။
ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) အုပ်ချုပ်သော မိုင်း လားမြို့တွင် UWSA အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသည်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ဆွေးနွေးချင်သောကြောင့် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ စစ်ကောင်စီဘက်က တရုတ်နိုင်ငံထံ အတင်းနားပူနာဆာလုပ်သဖြင့် တရုတ်နိုင်ငံ၏ ကမကဌပြုမှုကြောင့် ပေါ်ပေါက်လာသည့် ဆွေးနွေးပွဲဖြစ်သည်။
ဆွေးနွေးပွဲတွင် UWSA သည် ထိပ်တန်းခေါင်းဆောင်များကိုယ်တိုင် လာတက်ခြင်းမရှိဘဲ ပြင်ပဆက်ဆံရေးဌာန၏ ဒုဌာနကြီးမှူးကိုသာ စေလွှတ်တက်ရောက်စေခဲ့ကြောင်း လေ့လာသူများက ဆိုသည်။
ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်ဆက်နိုင်ရန် ဖြစ်ကြောင်း၊ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့အချို့နှင့် ဖြစ်ပွားနေသော မြေပြင် ပဋိပက္ခများ လျှော့ချချင်ကြောင်း၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ ဆန္ဒအမှန်ကို နားထောင်ချင်ကြောင်း ပြောခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များဘက်မှ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) က NCA သည် အလုပ်မဖြစ်ကြောင်းပြောပြီး အစည်းဝေးခန်းထဲမှ ထထွက်သွားခဲ့သည်။ UWSA ကိုယ်စားလှယ်များကမူ စစ်ကောင်စီ ကိုယ်စားလှယ်များကို တစုံတရာ တုံပြန်ပြောဆိုခြင်းမရှိဘဲ စစ်ကောင်စီဘက်က ပြောသမျှသာ နားထောင်ခဲ့သည်။
ယင်းနောက် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဗိုလ်ရှုသဘင်ပွဲပါဝင်သည့် နေပြည်တော်တွင် ကျင်းပသည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ပွဲအခမ်အနား တက်ရောက်ရန် EAO ခေါင်းဆောင်များအား စစ်ကောင်စီက ဖိတ်ခေါ်ခဲ့သော်လည်း UWSA ဘက်က လားရှိုးမြို့ဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရန်းကိုသာ စေလွှတ်ခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် EAO ခေါင်းဆောင်များနှင့် လူကိုယ်တိုင်တွေ့လိုသည်ဆိုသည့် အခါတွင်လည်း UWSP ဘက်က ဒုဥက္ကဌဖြစ်သည် လားဟူလူမျိုး ဦးလော့ယာကုကိုသာ စေလွှတ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လက်နက်ခဲယမ်းများ မထောက်ပံ့ရန် စစ်ကောင်စီဘက်က UWSP ထံ ပြောခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
တိုင်းရင်းသား အရေးလေ့လာသူတဦးကလည်း UWSP ဒုဥက္ကဌ ဦးလော့ယာကုသည် UWSP ဒုဥက္ကဌ ၃ ယောက်ရှိသည့်အနက် အာဏာအနည်းဆုံး ခေါင်းဆောင်တဦးဖြစ်ကြောင်းဆိုသည်။
“UWSP ရဲ့ ဒုဥက္ကဌ ၃ ယောက်ထဲမှာ ပါဝါအနိမ့်ဆုံး ဒုဥက္ကဌ လာတယ်ပေါ့။ လာပြီးတဲ့အချိန်မှာ `ဝ‘ ရဲ့ ကြေညာ ချက်က ရှင်းတယ်။ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမှ အပ `ဝ‘ ပြည်နယ်ကို သူတို့ကိုယ်တိုင် အုပ်ချုပ်မယ်။ ပြင်ပစွက်ဖက်မှု လက်မခံဘူးဆိုတဲ့ ကွန်ဖယ်ဒရိတ်ပုံစံတင်ပြတာတွေ့ရတယ်။ အခု နစက က ငြိမ်းချမ်းရေး ဆက်သွားမယ်။ သဘောတူညီချက်ယူတယ်ဆိုပေမယ့် NCA လုံးဝ ထိုးမထားတဲ့ `ဝ‘ နဲ့ ဆက်ဆံရေးကောင်းမယ်မထင်ဘူး” ဟု ၎င်းက ဆိုသည်။
UWSA သည် ၂၀၂၀ ခုနှစ်မေလ မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ နယ်မြေစိုးမိုးလာသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ တိုက်ခိုက်စေခဲ့ပြီး ၎င်း၏ တပ်ဖွဲ့ဝင်ထောင်ဂဏာန်းခန့်ကို သံလွင်မြစ်အနောက်ဘက်ကမ်းတလျှောက် တပ်စွဲစေခဲ့သည်။
ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းရှူး၊ မိုင်းကိုင် နှင့် ပင်လုံမြို့နယ် အနီးအထိ တပ်စွဲစေခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် ဘက်ကလည်း မိုင်းရှူးမြို့နယ်မြောက်ဘက်ရှိ SSPP နှင့် `ဝ‘ တပ်ဖွဲ့များ ပူးပေါင်းတပ်စွဲသည့် နေရာကို ၂၀၂၂ ခုနှစ် ဇွန်လမှစတင်ကာ တပ်ဆုတ်ပေးရန် ပြောဆိုခဲ့သည်။
သို့သော်လည်း SSPP သည် ၎င်းတို့ဘက်တွင် `ဝ‘ တပ်ဖွဲ့များရှိနေသဖြင့် တပ်မဆုတ်နိုင်ကြောင်း တင်းခံနေခဲ့သည်။
တိုင်းရင်းသားအရေးလေ့လာသူတဦးက “တော်တော်လေးတင်းတင်းမာမာဖြစ်တယ်ပေါ့။ ဒါကို အကြိမ်ကြိမ် ဆွေးနွေးလည်း မဆုတ်ဘူးပဲ တင်းမာတယ်။ တင့်ကားတွေ၊ သံချပ်ကာကားတွေ မိုင်းရှူးပို့တယ်။ တန့်ယန်းပို့တယ်။ လေယာဉ်တွေဝဲတယ်။ ဒါလည်း မဆုတ်ဘူး။ တိုက်ပွဲ ဖြစ်မလိုဖြစ်ပြီးမှ SSPP ဆွေးနွေးပွဲလာတက်တာဖြစ်သွားတယ်။ UWSA နဲ့ စကစ ရဲ့ ဆက်ဆံရေးက မကောင်းဘူး” ဟု မှတ်ချက်ပေးသည်။
စစ်ကောင်စီနှင့် UWSA အကြား ဆက်ဆံရေးမကောင်းရခြင်းသည် မြန်မာစစ်ကောင်စီဘက်က ရန်လိုသည့် သဘောထားများကြောင့်သာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ဆိုသည်။
နိုင်ငံရေးလေ့လာသူတဦးကလည်း “အဓိကတော့ `ဝ‘ နယ်ကို စီးပွားရေးအရ ပိတ်ဆို့ထားတာ ရိက္ခာတို့ လောင်စာဆီတို့ ပိတ်ဆို့ထားတာတွေက `ဝ‘ တွေအတွက်တော့ စစ်တပ်ကို အကောင်းမမြင်နိုင်တဲ့ အချက်ပဲ။ ဒုတိယအချက်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်လာတဲ့ အခြေအနေပေါ့။ မကွေးတို့ စစ်ကိုင်းတို့ ဗမာဒေသတွေမှာ ရွာတွေသောင်းနှင့်ချီမီးရှို့ လူတွေသတ်ဖြတ်နေတာကို `ဝ‘ ခေါင်းဆောင်ပိုင်းတွေက အမြဲမပြတ်သတင်းရနေတဲ့ အခြေအနေမှာ သူတို့စဉ်းစားတာက ရှင်းရှင်းလေးရယ်။ နစက စစ်တပ်သည် ဗမာလူမျိုးအချင်းချင်းတောင် ဒီလောက်ရက်ရက်စက်စက် လုပ်ရင်၊ ငါတို့ `ဝ‘ လူမျိုးတွေဆိုရင် ဒီထက်ပိုပြီး ရက်စက်လိမ့်မယ်လို့ စဉ်းစားကြတယ်” ဟုဆိုသည်။
ယင်းအချက်ကြောင့်ပင် UWSA သည် စစ်ကောင်စီတပ်ကို အယုံအကြည်မရှိဘဲ ၎င်းတို့အင်အားတောင့်တင်း ခိုင်မာရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“နစက ကို လုံးဝ အယုံအကြည်မရှိဘဲနဲ့ သူတို့အတွက် ခုခံဖို့က အဆင်သင့်ဖြစ်နေတယ်။ `ဝ‘ ရဲ့ အကျိုးရည်မှန်းချက်ကတော့ လက်ရှိ `ဝ‘ ပြည်နယ်ကို အသိအမှတ်ပြုပြီးတော့ အခုပုံစံအတိုင်း သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်ပြုဖို့က အဓိကပဲ။ အဲဒါတွေ မတည်ငြိမ်တဲ့ အခြေအနေမှာ သူတို့လုံခြုံရေးကို ဘယ်လိုဆောင်ရွက်ရမလဲဆိုပြီး စဉ်းစားတာက လက်တွေ့ပိုင်းပဲ” ဟု နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်သည်။
UWSA နှင့် စစ်တပ်အကြားတိုက်ပွဲဖြစ်နိုင်လား
လေ့လာသူများက UWSA နှင့် စစ်တပ်အကြား ဆက်ဆံရေးလျော့ကျလာကြောင်း ပြောဆိုကြသော်လည်း UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကမူ UWSA နှင့် စစ်တပ်၏ ဆက်ဆံရေးသည် ပုံမှန်ဆက်ဆံရေးမျိုးသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက“ဆက်ဆံရေးကတော့ အရင်အတိုင်းပါပဲ။ တခုတော့ ရှိတယ်။ ကိုဗစ်ရောဂါကိစ္စကြောင့်ပေါ့။ အသွားအလာတွေက နည်းနည်းလေး ကန့်သတ်ချက်တချို့ ၊ စည်းကမ်းတွေကြောင့်သာ သွားလာမှုတွေကြဲတာပဲရှိပါတယ်” ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ “SSPP ကို တပ်နေရာတွေ ဆုတ်ပေးဖို့ ပြောနေတာရှိတယ်။ ဆုတ်ခွာပေးဖို့ သဘောထားက SSPP ဘက်မှာမရှိပါဘူး။ အဲဒါကို အတင်းအကြပ်လုပ်မယ်။ အတင်းအကြပ်စစ်ရေးအရ ဖိအားပေးတိုက်ခိုက်မယ်ဆိုရင်တော့ `ဝ‘ က မုချပါဝင်လာပါလိမ့်မယ်။ သို့သော် ဝ အဖွဲ့နာမည်နဲ့ ပါဝင်လာမှာ မဟုတ်ဘဲနဲ့ SSPP အဖွဲ့ယူနီဖောင်းတွေ ဝတ်ပြီးတော့ `ဝ‘ နဲ့ ပြဿနာဖြစ်လာနိုင်တဲ့ အနေအထားရှိနိုင်တယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ ခုခံဆန့်ကျင်မှုများ ကြုံနေရသဖြင့် UWSA တပ်ဖွဲ့ဝင်များနှင့် အပြင်းအထန်တိုက်ရနိုင်သည့် ရှမ်းပြည်နယ်တွင် စစ်မျက်နှာအသစ် ထပ်ဖွင့်ချင်ပုံမရကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။
၎င်းက “UWSA က လက်ရှိမြန်မာနိုင်ငံ ပဋိပက္ခမှာ တရုတ်က မပါဝင်သေးသမျှ သူတို့က ပါဝင်မှာ မဟုတ်ပါဘူး။ သို့သော် တရုတ်က တစုံတရာ UWSA ကို တိုက်တွန်းပြောဆိုတယ်ဆိုရင်တော့ ပါကောင်းပါလာနိုင်ပါတယ်။ အဲဒီလိုမဟုတ်ရင် တတ်နိုင်သမျှ လက်ရှောင်မယ့် သဘောရှိပါတယ်” ဟု မှတ်ချက်ပေးသည်။
UWSP ၏ မေလ ၃၁ ရက် ထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံ၌ မည်သည့် အစိုးရ အုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်း သားများ၏ ပြည်တွင်းရေးသာဖြစ်သဖြင့် ပဋိပက္ခ ပိုမိုမဖြစ်စေလိုသောကြောင့် မည်သည့်ဘက်ကမှ ပါဝင်မည် မဟုတ် ကြောင်း ဆိုထားသည်။
ပဋိပက္ခအတွင်း တန်ဖိုးရှိသော အသက်ပေါင်းများစွာ ဆုံးရှုံးနေသောကြောင့် လူမှုအသိုင်းအဝိုင်းနှင့် လူမျိုးစုများ ကွဲပြား ခြင်း၊ အမုန်းတရားများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခြင်းမှ ရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှုများမှ တဆင့် အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်းကြောင်း UWSP ဘက်က ဆိုသည်။
UWSP အနေဖြင့် လက်ရှိပဋိပက္ခမှာဗမာတိုင်းရင်းသားများ၏ ပြည်တွင်းရေးဟု ဆိုနေသော်လည်း တဖက်တွင်မူ ရှမ်းပြည်တောင်ပိုင်း ပင်လုံအနီးရှိ ဆနင်းတောင်၊ မိုင်းကိုင်အနောက်ဖက်ရှိ ဆင်တောင်၊ ရပ်စောက်- ကျောက်ဂူနယ် အရှေ့ခြမ်းနှင့် မိုင်းရှူး အနီးရှိ သံလွင်မြစ်ကူး ကူးတို့အား စီးမိုးထားသည့် တောင်ကုန်းများကို တပ်များဖြန့်ကျက် စိုးမိုးထားသည်။
တနည်းအားဖြင့် UWSA သည် စစ်ကောင်စီတပ်ကို ၎င်းက စတင် တိုက်ခိုက်မည်မဟုတ်သော်လည်း နယ်မြေတိုးချဲ့ကာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေပြီး စစ်ကောင်စီတပ်က ရှေ့တိုးလာပါက တိုက်ခိုက်သွားရန် ဆုံးဖြတ်ထားသည့် အနေထားလည်း ဖြစ်ပေသည်။