ကုလသမဂ္ဂ အထူးသံတမန် မစ္စ နိုလင်းဟေဇာနှင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင်အကြား လွန်ခဲ့သောအပတ်က ဆွေးနွေးပွဲသည် မည်သည့်အောင်မြင်မှုမျှ မရဘဲ ၁၉၉၀ ပြည့်နှစ်မှစတင်သည့် ကုလသမဂ္ဂ သံတမန်များနှင့် မြန်မာစစ်ခေါင်းဆောင်များအကြား မအောင်မြင်သည့် ဆွေးနွေးပွဲများအနက် နောက်ဆုံးကြုံရသည့် ကိစ္စတခု ဖြစ်လာသည်။
ထိုဆွေးနွေးပွဲကို စစ်ကောင်စီခေါင်းဆောင်က ကုလသမဂ္ဂအပေါ် သူ၏ မကျေနပ်ချက်များကို ဖော်ထုတ်ရန် သာမက အထူးသံတမန်ကို သင်ခန်းစာပေးရန် အခွင့်အလမ်း အဖြစ်သာ အသုံးပြုခဲ့ကြောင်း အထူးသံတမန်၏ ကြေညာချက်ကို တုံ့ပြန်ရန် စစ်ကောင်စီက သောကြာနေ့တွင်ထုတ်ပြန်သည့် အစည်းအဝေးမှတ်တမ်းက ပြသနေသည်။
အထူးသံတမန်၏ ထုတ်ပြန်ကြေညာချက်သည် တဘက်သတ်ကျပြီး မြန်မာနှင့်ပတ်သက်သည့် နားလည်မှု လွဲမှားခြင်းကိုဖြစ်စေသော ထုတ်ပြန်ချက်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။ သြဂုတ်လ ၁၇ ရက်နေ့က ဆွေးနွေးပွဲပြီးနောက် အထူးသံတမန်၏ ထုတ်ပြန်ချက်တွင် ဆွေးနွေးမှုများကို အကြမ်းဖော်ပြထားပြီး ထိုဆွေးနွေးမှုသည် စစ်ကောင်စီကို မည်သည့်နည်းဖြင့်မျှ တရားဝင်မှု မပေးကြောင်း ဖော်ပြထားသည်။
မြန်မာသည် တည်ငြိမ်နေပြီဖြစ်သည်ဆိုသည့် မျက်နှာပြောင်တိုက်သော လိမ်ညာမှုကိုလည်း မင်းအောင်လှိုင် ပြောကြားခဲ့ပြီး ကုလသမဂ္ဂက မြန်မာအတွက် စိုးရိမ်ကြောင်း ကြေညာချက်များ မည်သည့်အတွက် ထုတ်နေသည်ကို နားမလည်ကြောင်း ပြောသည်။
အခြားကိစ္စများအပြင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ပယ်ချသောကြောင့် ကုလသမဂ္ဂအပေါ် သူ၏ မကျေနပ်ချက်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဖော်ပြကြောင်း ထိုဆွေးနွေးပွဲ မှတ်တမ်းများအရ သိရသည်။ မြန်မာသည် တည်ငြိမ်နေပြီဖြစ်သည်ဆိုသည့် မျက်နှာပြောင်တိုက်သော လိမ်ညာမှုကိုလည်း မင်းအောင်လှိုင် ပြောကြားခဲ့ပြီး ကုလသမဂ္ဂက မြန်မာအတွက် စိုးရိမ်ကြောင်း ကြေညာချက်များ မည်သည့်အတွက် ထုတ်နေသည်ကို နားမလည်ကြောင်း ပြောသည်။
မစ္စ နိုလင်းဟေဇာအနေဖြင့် မြန်မာ၏ စစ်မှန်သော အခြေအနေကို နားလည်ပြီးမှ ဝေဖန်ပြောကြားမှုများ လုပ်ရန် သင့်လျော်ကြောင်းလည်း စစ်ကောင်စီခေါင်းဆောင်က အထူးသံတမန်ကို ပြောပြီး ရန်ကုန်မှ နေပြည်တော်သို့ ကားဖြင့်မလာဘဲ လေယာဉ်ဖြင့် လာသောကြောင့် မြေပြင်အခြေအနေမှန်ကို နားလည်နိုင်မည့် အခွင့်အလမ်း ဆုံးရှုံးသွားကြောင်းလည်း သူက ပြောသည်။ ထို့အပြင် သူ၏တပ်များသည် အရပ်သားများ၏ နေအိမ်များကို မီးရှို့နေသည့်ကိစ္စကိုလည်း တနေ့တခြား ကြီးမားလာနေသည့် အထောက်အထားများကို ဆန့်ကျင်ပြီး ငြင်းဆန်သည်။
အကျဉ်းဆိုရပါက အထူးသံတမန်သည် မင်းအောင်လှိုင်ပြောသည့် အကြောင်းအရာ မျိုးစုံပါသော နာရီများစွာ ကြာသည့် မကျေနပ်ချက်များကို သည်းခံနားထောင်ပြီး လက်ချည်းဗလာဖြင့် မြန်မာပြည်မှ ပြန်သွားရသည်။ သူ့ကို စစ်ကောင်စီက အဆင့်နှိမ့်ဆက်ဆံပြီး နိုင်ငံတကာက မပေးသည့် တရားဝင်မှု ရရန် အသုံးချသည်။ သို့သော် ယခင် အထူးသံတမန်များထက် မစ္စ နိုလင်းဟေဇာက သာသွားသည့်အချက်မှာ စစ်ကောင်စီဘက်က အစည်းအဝေး မှတ်တမ်းကို မကြုံစဖူး ထုတ်ပြန်ရခြင်း ဖြစ်သည်။
ကုလသမဂ္ဂ အထူးသံတမန်နှင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင်အကြား တွေ့ဆုံဆွေးနွေးမှုသည် လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် ပဋိပက္ခများကြောင့် လောင်ကျွမ်းနေသည့် မြန်မာနိုင်ငံကို ငြိမ်းချမ်းစေရန် ကုလသမဂ္ဂ၏ နောက်ဆုံး ထပ်မံပြီးကြိုးစားမှု ဖြစ်သည်။
ကုလသမဂ္ဂသည် ၁၉၈၈ ခုနှစ်က မြန်မာ ဒီမိုကရေစီ အရေးတော်ပုံ မအောင်မမြင် ဖြစ်ပြီးနောက် စစ်အုပ်ချုပ်ရေးအောက်တွင် ရောက်နေသည့် ၁၉၉၀ မှ စတင်ပြီး မြန်မာအတွက် အထူးသံတမန်များကို တဦးပြီး တဦး ခန့်အပ်ခဲ့သည်။
သို့သော် ကုလသမဂ္ဂက မြန်မာတွင် ဖြစ်နေသည့် ထုံးစံအတိုင်း အထူးသဖြင့် လွန်ခဲ့သော နှစ် ၃၀ ကျော်အတွင်း မြန်မာစစ်အုပ်ချုပ်သူများနှင့် ဆက်ဆံသူများ ကြုံတွေ့ရသည့်အတိုင်း ထိုဆွေးနွေးပွဲသည် အရာမထင် ဖြစ်ခဲ့သည်။
ကုလသမဂ္ဂသည် ၁၉၈၈ ခုနှစ်က မြန်မာ ဒီမိုကရေစီ အရေးတော်ပုံ မအောင်မမြင် ဖြစ်ပြီးနောက် စစ်အုပ်ချုပ်ရေးအောက်တွင် ရောက်နေသည့် ၁၉၉၀ မှ စတင်ပြီး မြန်မာအတွက် အထူးသံတမန်များကို တဦးပြီး တဦး ခန့်အပ်ခဲ့သည်။
ပထမဆုံး ခန့်အပ်ခံရသည့် အထူးသံတမန်မှာ ဂျပန်သံတမန် မစ္စ ဆာဒါကို အိုဂါတာဖြစ်ပြီး သူ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က သီးခြားလွတ်လပ်သော ကျွမ်းကျင်သူအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
သူ့နေရာကို ဆက်ခံသူများမှာ မလေးရှား စီးပွားရေးသမား မစ္စတာ ရာဇာလီ အစ္စမေးလ်နှင့် နိုက်ဂျီးရီးယား သံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီတို့ ဖြစ်သည်။ ၎င်းတို့သည်လည်း ထိုစဉ်က စစ်အုပ်စုခေါင်းဆောင် သန်းရွှေနှင့် အဖမ်းဆီးခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးပွဲဖြစ်ရန် ကြိုးစားခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်သော မစ္စတာ ရာဇာလီသည် မြန်မာသို့ ၁၂ ကြိမ် လာရောက်ပြီး မစ္စတာ ဂမ်ဘာရီက မြန်မာသို့ အနည်းဆုံး ၄ ကြိမ်လာသည်။ သို့သော် မည်သူမျှ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အောင်မြင်မှု မရပေ။
မလေးရှား စီးပွားရေးသမားနှင့် သံတမန် မစ္စတာ ရာဇာလီ အစ္စမေးလ် ၂၀၀၆ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်သောအခါ သူက “ကျနော် မအောင်မြင်ဘူးလို့ ကောက်ချက်ချလိုက်တာ အကောင်းဆုံးဖြစ်မယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ကုလသမဂ္ဂ အထူးသံတမန်အချို့သည် ၎င်းတို့အပေါ် လူထုအမြင်ကို ထိခိုက်စေသည့် အကျိုးစီးပွား ပဋိပက္ခများကိုပင် ကျူးလွန်ခဲ့ကြသည်။ အချို့ ကုလသမဂ္ဂ အထူးသံတမန်များသည် ဗိုလ်ချုပ်များထံမှ လက်ဆောင်များကို သေတ္တာလိုက် ယူကြသည်ဆိုသည့် ကောလာဟလများပင် ထွက်လာသည်။ မြန်မာပြည်သူများက ဂမ်ဘာရီကို ‘ကျောက်ယူပြန်’ ဟု ခေါ်ကြပြီး ဗိုလ်ချုပ်များထံမှ ကျောက်မျက်ရတနာများ ယူပြီး ပြန်သွားသောကြောင့်ဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။
မြန်မာပြည်သူများက ဂမ်ဘာရီကို ‘ကျောက်ယူပြန်’ ဟု ခေါ်ကြပြီး ဗိုလ်ချုပ်များထံမှ ကျောက်မျက်ရတနာများ ယူပြီး ပြန်သွားသောကြောင့်ဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။
ရာဇာလီ ဦးဆောင်သည့် မလေးရှားကုမ္ပဏီ IRIS Corp သည် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်း သဘောတူ စာချုပ်တခုပင် ချုပ်ဆိုပြီး စစ်အုပ်စုသို့ အဆင့်မြင့် နည်းပညာ နိုင်ငံကူးလက်မှတ်များပင် ရောင်းစားခဲ့သည်။
ထိုနောက် မစ္စ ဟေဇာ၏ ရှေ့က အထူးသံတမန် မစ္စ ခရစ္စတင် ရှရနာ ဘာဂနာ ရောက်လာသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် ရာထူးသက်တမ်း မကုန်ဆုံးမီ အချိန်အနည်းငယ်အလို လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် ထို ဆွစ်သံတမန်က “မြန်မာပြည်သူများ အကျိုးအတွက် အားလုံးပါဝင်သော ဆွေးနွေးပွဲများဖြစ်စေရန် အားထုတ်မှုများကို စစ်အုပ်စုက ကြိုဆိုခြင်းမရှိ” ဟု တွစ်တာတွင် ရေးသားသည်။
တနည်းအားဖြင့် ဆိုရပါက အာဏာသိမ်းမှုဖြစ်ပြီးနောက် ဖြစ်လာသည့် နိုင်ငံရေးနှင့် လူမှုပြဿနာများကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် နေပြည်တော် စစ်ခေါင်းဆောင်များကို ဖျောင်းဖျပြောဆိုသည့် သူ၏ လပေါင်းများစွာကြာသော အားထုတ်မှုများသည် မအောင်မြင်ကြောင်း ပြောကြားခြင်း ဖြစ်သည်။
မစ္စ ဟေဇာသည် သူ၏ အထူးသံတမန်တာဝန်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ထမ်းဆောင်သည်။ ယခင် အထူးသံတမန်များကဲ့သို့ပင် သူ့ကိုလည်း မင်းအောင်လှိုင်က မြန်မာသို့ ဖိတ်သည်။ သို့သော် ယခင် အထူးသံမန်များကဲ့သို့ပင် သူသည် မြန်မာပြည်သူများအပေါ် တာဝန် ပျက်ကွက်သည်။
သူ၏ မအောင်မြင်မှုသည် ကုလသမဂ္ဂ၏ သမိုင်းဝင် ပြဿနာများကို မီးမောင်းထိုးပြနေသည်။ အထူးသဖြင့် ထိုမျှ ဖိနှိပ်သော နိုင်ငံတခုကို ကိုင်တွယ်ရန် ခွန်အားမရှိခြင်းပင် ဖြစ်သည်။ အထူးသံတမန်များကို တဦးပြီးတဦး စေလွှတ်ကာ ကုလသမဂ္ဂသည် မြန်မာပြည်သူများအပေါ် တာဝန်ပျက်ကွက်နေသည်မှာ နှစ်ပေါင်း ၃၂ နှစ် ရှိပြီဖြစ်သည်။ ကုလသမဂ္ဂသည် စစ်ကောင်စီနှင့် ပတ်သက်ပြီး ပိုမိုပြတ်သားသော နည်းလမ်းကို ကျင့်သုံးသင့်သည်။ ထိုသို့မဟုတ်ပါက ကုလသမဂ္ဂသည် မြန်မာပြည်သူများက သာမက မင်းအောင်လှိုင်ကပါ လှောင်ပြောင်ကဲ့ရဲ့စရာ ဖြစ်နေသည်။
အထူးသံတမန်များကို တဦးပြီးတဦး စေလွှတ်ကာ ကုလသမဂ္ဂသည် မြန်မာပြည်သူများအပေါ် တာဝန်ပျက်ကွက်နေသည်မှာ နှစ်ပေါင်း ၃၂ နှစ် ရှိပြီဖြစ်သည်။ ကုလသမဂ္ဂသည် စစ်ကောင်စီနှင့် ပတ်သက်ပြီး ပိုမိုပြတ်သားသော နည်းလမ်းကို ကျင့်သုံးသင့်သည်။
ယခုနောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲအပြီးတွင် မြန်မာရေးရာ ကျွမ်းကျင်သူများပါဝင်သည့် မြန်မာဆိုင်ရာအထူး အကြံပေးအဖွဲ့ (SAC-M) က ဟေဇာအနေဖြင့် စစ်ကောင်စီနှင့် တွေ့မည့်အစား စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပိုမိုထိတွေ့ ဆက်ဆံရန် အကြံပေးသည်။ သူ၏တာဝန်များကို ဖြည့်ဆည်းရန် ကြိုးစားရာတွင် အထူးသံတမန်အနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံရေးသည် အရေးပါကောင်းပါနိုင်သော်လည်း “ထိုသို့သော ဆွေးနွေးပွဲမှ ထူးခြားသော မည်သည့်ရလဒ်မျှ ထွက်လာမည် မဟုတ်ကြောင်း ထင်ရှားသည်” ဟု ထိုအဖွဲ့က ပြောသည်။
SAC-M အဖွဲ့ဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူဟောင်း မစ္စ ယန်ဟိလီက ယခုအခါ ဟေဇာသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား မဟာမိတ်များဖြင့် ဖွဲ့စည်းပြီး မြန်မာပြည်သူအများစုက ထောက်ခံသည့် NUG နှင့် တရားဝင် ထိတွေ့ဆက်ဆံခြင်းကိုသာ မျှော်လင့်ရတော့မည်ဖြစ်ကြောင်း ပြောသည်။
“မြန်မာပြည်သူတွေ လက်ခံနိုင်တဲ့ အဖြေတခုရဖို့ သူဆက်လျှောက်ရမယ်” ဟု ယန်ဟိလီက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ A Brief History of the UN’s Failed Missions in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
အထူးသံတမန်ကို အဆင့်နှိမ့်ဆက်ဆံခြင်းဖြင့် စစ်ကောင်စီက ကုလသမဂ္ဂကို မထေမဲ့မြင်ပြု
စစ်ကောင်စီ အသုံးတော်ခံ ကုလ အထူးသံတမန်
စစ်ကောင်စီကို တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း UN အထူးသံပြော
မြန်မာ့ကွပ်မျက်မှု ကုလလုံခြုံရေးကောင်စီ ရှုတ်ချ
အာဏာခွဲဝေရေး ပြုလုပ်ရန် အကြံပြုခဲ့ခြင်း မရှိဟု ကုလအထူးကိုယ်စားလှယ်ရုံး ပြန်ရှင်း