ဆောင်းပါး

တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ

စစ်တပ် အာဏာသိမ်းပြီး ၁ နှစ်ကျော် ကြာလာချိန်တွင် မြန်မာကျပ်ငွေတန်ဖိုးမှာ ကျဆင်းသထက် ကျဆင်းလာနေ သည်။ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်လာမှုနှင့်အတူ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီနှင့် စက် သုံးဆီ ဈေးနှုန်းများမှာလည်း မိုးထိအောင် မြင့်တက်လာသည်။

အာဏာသိမ်း စစ်ကောင်စီက ဒေါ်လာငွေ ထိန်းချုပ်ရေးနည်းလမ်းများကို ယခုနှစ် ဧပြီလမှစတင်ပြီး ပိုတိုးလုပ်ဆောင် လာရာ နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ တရက်ထက်တရက် မြင့်လာသနေသလို ပြည်ပမှ တင်သွင်းနေရသည့် စက်သုံး ဆီ၊ စားသုံးဆီ၊ ဆေးဝါး စသည့် မရှိမဖြစ် အခြေခံကုန်စည်များမှာလည်း ဈေးတက်သည့်အပြင် ပစ္စည်းပြတ်လပ်မှုများပါ ဖြစ်ပေါ်နေသည်။

စက်သုံးဆီဈေး အဆမတန် တက်လာခြင်းက ယင်းနှင့် ဆက်စပ်နေသည့် သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်ရေး ကဏ္ဍတခုလုံးကို ရိုက်ခတ်မှုရှိသလို ပြည်ပမှ တင်သွင်းရသည့် သွင်းအားစု (ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အပင်အား ဆေး) စသည်တို့မှာလည်း ဈေးနှုန်းများ မြင့်တက်လာပြီး ပြည်တွင်းထွက် ဆန်သည်ပင်လျှင် မကြုံစဖူး အတက်ကြမ်း လျက် ရှိသည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ၊ စီးပွားရေး အဆင်မပြေမှုများ စသည်ဖြင့် လူမှုစီးပွားဘဝ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရတော့သည်။

စက်သုံးဆီ ပြတ်လပ်မှု

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ စက်တင်ဘာမှစတင်ပြီး စံချိန်တင် မြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းမှာ ယခု အချိန်ထိ တက်မြဲတက်နေဆဲ ဖြစ်သလို သုံးစွဲသူများ၏ လိုအပ်ချက် ပြည့်မီအောင်ပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသဖြင့် တချို့နေရာဒေသများ၌ စက်သုံးဆီ ပြတ်လပ်မှုများ၊ စက်သုံးဆီ ဝယ်ယူနိုင်ရေး မိုးထဲရေထဲ တန်းစီစောင့်ဆိုင်းမှုများ ကြုံနေရသည်။

တချို့ဆီဆိုင်များက ပိတ်ထားကြသလို ရောင်းချပေးနေသည့် ဆိုင်တချို့၌လည်း ဈေးနှုန်းများက အလွန် ကြီးမြင့်နေသည်။ စစ်အာဏာမသိမ်းခင်က ၉၂ ဓာတ်ဆီ ၁ လီတာ ၆၆၅ ကျပ်မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ်ခွဲကျော် ယခု ဩဂုတ်လ နောက်ဆုံးပတ်တွင်မူ ၂၄၄၀ ကျပ် ဖြစ်လာသဖြင့် ကျပ် ၁၈၀၀ နီးပါးထိ အတက်နှုန်း ကြမ်းနေသည်။

၂၀၂၀ ဩဂုတ်နှင့် ၂၀၂၂ ဩဂုတ်လ ကုန်ဈေးနှုန်းများ နှိုင်းယှဉ်ပြဇယား

ယင်းဈေးနှုန်းမှာ စစ်ကောင်စီ လက်အောက်ခံ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန (PPRD) က ထုတ်ပြန်သည့် ရန်ကုန် ဈေးနှုန်းကိုသာ နှိုင်းယှဉ်ပြထားခြင်း ဖြစ်သည်။

ပြင်ပဈေးတွင်မူ ရန်ကုန်မြို့၌ ၉၂ ဓာတ်ဆီ ၁ လီတာ ကျပ် ၃၀၀၀ ဝန်းကျင် ရှိနေသလို ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွင် ၁ လီတာ ကျပ် ၅၀၀၀ ကျော်ထိ ရှိနေသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများ၌ ထို့ထက် ဈေးပိုများကာ လိုအပ်သည့် ပမာဏပင် ဝယ်ယူ၍မရ‌သည့် အခြေ‌အနေ ဖြစ်နေသည်။

ပြည်တွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချသူတဦးက “ဒီလအတွင်းမှာ ဈေးတက်တာ ပိုဆိုးတယ်။ တရက် အတွင်း ၁ လီတာ ကျပ် ၁၀၀ ထိ တက်တာတောင် ရှိတယ်။ ဒီလို အတက်ကြမ်းနေပေမယ့် ဈေးကွက်မှာတော့ ဆီက ရှားတယ်။ ဝယ်လို့မရဘူး။ ထုတ်ပေးတဲ့ သီလဝါမှာတင် ကားတွေ တန်းစီထုတ်ရတယ်။ လိုချင်တဲ့ပမာဏ PPRD ကို တင်လည်း လိုသလောက် မကျဘူး။ သုံးပုံတပုံလောက်ပဲ ပေးတယ်။ ၉၂ တင်ရင် ၉၅ နဲ့ နှစ်မျိုးရောပေးတာမျိုး အဲဒီလိုတွေ ဖြစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်က ယခု ဩဂုတ်လကုန်ထိ စက်သုံးဆီ လုံလောက်စွာ ရှိကြောင်း၊ ဝယ်ယူထား သည့် ဆီသင်္ဘောများလည်း မကြာမီ ဆိုက်ရောက်မည် ဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ လည်း ယခုလကုန်ပြီး မကြာမီ ဝင်ရောက်လာမည် ဖြစ်သည့်အတွက် စိုးရိမ်ပူပန်ရန် မလိုကြောင်း ပြောဆိုထားသည်။

စက်သုံးဆီဈေးနှုန်းမှာ ယခု အချိန်ထိ တက်မြဲတက်နေဆဲ ဖြစ်သလို သုံးစွဲသူများ၏ လိုအပ်ချက် ပြည့်မီအောင်ပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိ

ထို့ပြင် သြဂုတ် ၁ ရက်ကလည်း စစ်ကောင်စီသည် ပြည်တွင်းစက်သုံးဆီဈေးကွက်ကို ထိန်းချုပ်သည့် အနေဖြင့် ရုရှား နိုင်ငံမှ စက်သုံးဆီ တင်သွင်းဝယ်ယူရေး ကော်မတီတရပ်အား ဖွဲ့စည်းခဲ့ပြီး စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးညိုစောကို ဦးဆောင်စေခဲ့သည်။

ရန်ကုန်မြို့မှ ဆိုင်ကယ် ကယ်ရီသမားတဦးက “များသောအားဖြင့် ကျနော်တို့က ရပ်ကွက်ဆီဆိုင်လေးတွေမှာ ထည့်ရ တာဆိုတော့ ဆီဆိုင်ကြီးတွေထက်တော့ ၁ လီတာ ကျပ် ၂၀၀/ ၃၀၀ လောက် ဈေးများတယ်။ ဆီတွေကလည်း အခု အရောတွေ ပါတယ်။ မသန့်တော့ဘူး။ အဲဒီတော့ ဆိုင်ကယ်ပျက်တာလည်း ခဏခဏ ဖြစ်လာတယ်။ ကုန်ဈေးနှုန်းတွေ ကလည်း အကုန်တက်နေတာပဲ။ တနေ့တနေ့ စားဖို့ ရအောင်တောင် မနည်းဆွဲနေရတယ်” ဟု ပြောဆိုသည်။

လူမှုစီးပွားဘဝကို ဖိဆီးနေတဲ့ ကုန်ဈေးနှုန်း

နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြင်ပပေါက်ဈေး ၁ ဒေါ်လာလျှင် ကျပ် ၃၀၀၀ နားထိ တက်နေသည့်အခါ ပြည်ပမှ တင်သွင်း ရသော သွင်းအားစု (မြေဆီ၊ ပေါင်းသတ်ဆေး၊ အပင်အားဆေး၊ ပိုးသတ်ဆေး) စသည့် ကုန်ပစ္စည်းများ ယခင်ထက် ဈေး ၂ ဆကျော် မြင့်တက်လာသည်။

တဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေဘိုပေါ်ဆန်းထွက်ရှိရာ စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်တဝိုက်တွင် စစ်တပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြ ရသည့်အတွက် ဆန်စပါး စိုက်ပျိုးနိုင်ခြင်း မရှိပေ။

ထို့ပြင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ တိရိစ္ဆာန်များ၊ ဝမ်းစာစပါးနှင့် မျိုးစပါးများပါ မကျန် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။

အကျိုးဆက် အနေဖြင့် ပြည်ပတင်ပို့ခြင်းမရှိ ပြည်တွင်း၌သာ စားသုံးသည့် ရွှေဘိုပေါ်ဆန်းမှာ အာဏာမသိမ်းခင်က ၁ အိတ် ကျပ် ၅ သောင်းကျော် ရှိရာမှ ယခု ဩဂုတ်လတွင် ၁ အိတ် ကျပ် ၁ သိန်းကျော်ထိ မြင့်တက်လျက် ရှိသည်။

၂၀၂၂ ဇန်နဝါရီမှ ဩဂုတ်လထိ ကုန်ဈေးနှုန်းပြဇယား

ဒေါ်လာဈေးဂယက်ကြောင့် သွင်းအားစုပစ္စည်းများ ဈေးတက်လာခြင်း၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ရန် စက် သုံးဆီဈေး မြင့်တက်ခြင်း စသည်တို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှု စရိတ်များ မြင့်တက်လာပြီး ဆန်ဈေးမှာလည်း တက်လာသည်။

အာဏာမသိမ်းခင်က ဧရာဝတီပေါ်ဆန်း ၁ အိတ် ၄၃၀၀၀ ကျပ်နှင့် ဆန်ကြမ်း (ရက် ၉၀ စပါး) ၁ အိတ် ၂၆၀၀၀ ကျပ် ရှိရာမှ ယခုအခါ ဧရာဝတီပေါ်ဆန်း ၁ အိတ် ၇၅၀၀၀ ကျပ်နှင့် ဆန်ကြမ်း (ရက် ၉၀ စပါး) ၁ အိတ် ၅၀၀၀၀ ကျပ်ထိ ဖြစ်နေသည်။

လှိုင်သာယာမြို့နယ်နေ အိမ်ရှင်မတဦးက “အခုက မရှိမဖြစ်စားရတဲ့ ဆန်တွေ၊ စားဆီတွေကအစ တောက်လျှောက် တက်လာတာ။ ခြိုးခြံစားလို့လဲမရ၊ ဝင်ငွေကလည်းမတိုးတော့ အရင် ၁ ပြည် ကျပ် ၂၅၀၀ တန်စားရင် အခုလည်း အဲဒီ လောက်တန်ပဲ စားတယ်။ ဒါပေမဲ့ အရင်က ကျပ် ၂၅၀၀ ဆို ဆန်ချောစားလို့ရတယ်။ အခုကတော့ ဆန်ကြမ်းပေါ့။ အရင်လို ကောင်းတာစားလို့ မရတော့ဘူး” ဟု လက်ရှိ အခြေအနေကို ပြောပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း မတည်ငြိမ်မှုများနှင့်အတူ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ အလုပ်အကိုင် ရှားပါးလာခြင်းတို့ကြောင့် ပြည်သူများ၏ ဝင်ငွေနည်းပါးသွားသလို လူမှုစီးပွားဘဝ အကျပ်အတည်းမျိုးစုံ ကိုလည်း ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံရှိ လူဦးရေ ၄၀ ရာခိုင် နှုန်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်သို့ ရောက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံသည်/AFP

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထုတ်ပြန်ထားသော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၄၀ ရာခိုင် နှုန်းမှာ အမျိုးသားဆင်းရဲမွဲတေမှု မျဉ်းအောက်သို့ ရောက်ရှိနေပြီး ယခုနှစ် မတ်လတွင် ငွေကြေးဖောင်းပွမှုမှာ ၁၇ ဒသမ ၃ ရာခိုင်နှုန်းထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရန်ကုန်မြို့နေ ဝန်ထမ်းတဦးကလည်း “မဖြစ်မနေ ဝယ်ရမယ့် ပစ္စည်းကလွဲလို့ အရင်လို ဟိုဟာလေးဝယ်ချင်၊ ဒီဟာလေး ဝယ်ချင် မလုပ်တော့ဘူး။ ဝယ်ချင်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းရတာပဲ။ ဘာလို့ဆို ကိုယ့်လစာကမတက်ဘဲ ကုန်ဈေး နှုန်းတွေကပဲ အရမ်းတက်တော့ စားဖို့နေဖို့ လောက်ငအောင် မနည်းမျှသုံးရတဲ့ အခြေအနေ ဖြစ်နေပြီ” ဟု ဆိုသည်။

တန်းစီတိုးနေရသည့် စားအုန်းဆီ

ပြည်ပတင်သွင်းမှုကိုသာ အားထားနေရသည့် စားအုန်းဆီဈေးမှာလည်း အာဏာမသိမ်းခင်က ၁ ပိဿာ ၂၀၀၀ ကျပ် သာ ရှိရာမှ ယခု အာဏာသိမ်းပြီး ၁ နှစ်ခွဲကျော်အကြာတွင် ၁ ပိဿာ ၁၁၀၀၀ ကျပ်ထိ အဆပေါင်းများစွာ ဈေးတက် နေသည်။

စစ်ကောင်စီက နိုင်ငံခြားသုံးငွေများကို လိုအပ်ချက်အတိုင်း အပြည့်အဝ သုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်သည်ဟုဆို ကာ ပြည်ပမှတင်သွင်းသည့် စားအုန်းဆီ အပါအဝင် သွင်းကုန်ပစ္စည်းများကို နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းခွင့်ပေးသလို တင်သွင်းရာ၌ ပမာဏကန့်သတ်ခြင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရာ၌ ကန့် သတ်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

ထို့ပြင် ဈေးကွက်၏ လိုအပ်ချက် ပျမ်းမျှ နေ့စဉ် တန်ချိန် ၄၀၀၀ ဝန်းကျင် လိုအပ်သော်လည်း စစ်ကောင်စီက ဆီကန်မှ ၁ ရက်လျှင် တန်ချိန် ၁၂၀၀ သာ ထုတ်ပေးခြင်းကလည်း ဆီရှား၍ ဈေးတက်စေသည်ဟု စားသုံးဆီလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “အခုကတော့ စစ်ကောင်စီ သတ်မှတ်တဲ့ဈေးဖြစ်တဲ့ ၁ ပိဿာ ကျပ် ၅၀၀၀ ဝန်းကျင်နဲ့ ရန်ကုန်က မြို့နယ်တွေ မှာ ရောင်းချတာတွေ ရှိတယ်။ ဒါပေမဲ့ ထုတ်ရသလောက် ပမာဏနဲ့ပဲ ရောင်းချတာဆိုတော့ လောက်ငအောင်တော့ မရောင်းပေးနိုင်ဘူး။ ဒီတော့ စားသုံးသူက အပြင်ကပဲ ဈေးကြီး ပေးဝယ်နေရတာပေါ့” ဟု ရှင်းပြသည်။

၂၀၂၁ ခုနှစ် မေလအတွင်း ရန်ကုန်တွင် မှ ဆန်ဝေစဉ်/AFP

ထိုအခြေအနေများကြောင့်လည်း စီးပွားရေး အချက်အချာကျသော ရန်ကုန်မြို့၌ပင် စစ်ကောင်စီ လက်အောက်ခံ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ က သတ်မှတ်ဈေးဖြင့် ရောင်းချပေးသည့် စားအုန်းဆီ ၁ ပိဿာရရှိရေးအတွက် နေပူမိုးရွာမရှောင် ပြည်သူများတန်းစီ တိုးကြိတ်ပြီး ဝယ်နေကြရသည်။

ရွှေပြည်သာမြို့နယ်နေ အိမ်ရှင်မတဦးက “အပြင်မှာ စားအုန်းဆီက ၁ ပိဿာ ကျပ် ၁၀၀၀၀ ကျော်နေပြီ။ ဘယ်လိုမှ ဝယ်မစားနိုင်တော့ဘူး။ အရင် ၁ ပိဿာ ဝယ်နိုင်ပေမယ့် အခုတော့ ၅/၁၀ ကျပ်သားပဲ ဝယ်စားနေရတယ်။ စစ်ကောင်စီ ရောင်းပေးတာကလည်း လူတန်းရှည်ကြီး တန်းစီရတယ်။ သူတို့ ဈေးကတော့ ၁ ပိဿာ ကျပ် ၅၀၀၀ ဆိုတော့ တဝက် သက်သာတာပေါ့။ ဒါတောင် ကိုယ့်မြို့နယ်ကို လာရောင်းမှ ဝယ်လို့ရတာ။ တန်းစီလည်း ရချင်မှရတာ။ ကိုယ့်အလှည့် ရောက်မှ ဆီကုန်သွားတာလည်း ရှိတယ်။ လာရောင်းတာနဲ့ ကြုံရင်တော့ ဝင်တိုးဝယ်ရတာပေါ့” ဟု ပြောပြသည်။

သမဝါယမစနစ်ကို အသက်သွင်းနေ

ကုန်ဈေးနှုန်း မြင့်တက်လာမှုကို ဖြေရှင်းရန် စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည် နှင့် လုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်းပြီး ဆန်နှင့်စားအုန်းဆီကို ဈေးနှုန်းသတ်မှတ်ကာ လူ ၁ ဦးလျှင် ဆန် ၁ အိတ်၊ ဆီ ၁ ပိဿာ စသည်ဖြင့် တန်းစီစနစ်နှင့် ရောင်းချပေးနေသည်။

စစ်ကောင်စီက သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချပေးမှုကို တန်းစီနေသူများ/ AFP

အာဏာသိမ်း စစ်ကောင်စီသည် အာဏာရှင်ဟောင်းဦးနေဝင်း ဦးဆောင်သော မဆလအစိုးရမှ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ထိ ခေတ်အဆက်အဆက် မအောင်မြင်ခဲ့သော သမဝါယမစနစ်ကို ပြည်သူများ လူမှုအကျိုးစီးပွား တိုးတက်ရေးအတွက်ဟုဆိုကာ ပြန်လည် အသက်သွင်းနေခြင်းလည်း ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းအလိုက် သမဝါယမအသင်းများ တိုးချဲ့ဖွဲ့စည်းမည်ဆိုပါက ပြည်သူများ လူမှုစီးပွားဘဝ တိုးတက်လာမည်ဟုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းကြီး မင်းအောင်လှိုင်က သြဂုတ် ၁၀ ရက်က ပြုလုပ်သည့် နေပြည်တော် အစည်းအဝေးတခု၌ ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့သည့် သမဝါယမဝန်ကြီးဌာနကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအား စစ်ကောင်စီက ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သက်တမ်း ၃၀ ကျော် လုပ်ကိုင်လာသော ဆန်ကုန်သည်တဦးက “ဒါက မှန်ကန်တဲ့နည်းလမ်းမှ မဟုတ်တာ။ ဒီနည်းက နေဝင်းခေတ်ထဲကသုံးတာ ဘယ်မှာ အောင်မြင်လို့လဲ” ဟု မှတ်ချက်ပေးသည်။

You may also like these stories:

ဇောက်ထိုးဆင်းနေဦးမည့် မြန်မာ့စီးပွားရေး

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

စက်သုံးဆီ ဈေးကွက်ကို စစ်အုပ်စု လက်ဝါးကြီးအုပ်ပြီ

စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်

Loading