ဆောင်းပါး

ရိုဟင်ဂျာများ၏ ၅ နှစ်တာ အကျပ်အတည်း

မြန်မာစစ်တပ်သည် နိုင်ငံမှ ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုကို ၂၀၁၇ ခုနှစ်တွင် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သောကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည် ၇ သိန်း ၄ သောင်းကျော် ထွက်ပြေးစေခဲ့သည်။

ထိုအကျပ်အတည်းမှ ထင်ရှားသော ရက်စွဲများကို အောက်တွင် ဖော်ပြထားသည်။

စစ်တပ်၏ စစ်ဆင်ရေးများ

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နံနက်စောစောတွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အမည်ရှိ စစ်သွေးကြွ အုပ်စုတခုသည် ရခိုင်ပြည်နယ်မှ ရဲစခန်း ဒါဇင်များစွာကို အချိန်ကိုက် တိုက်ခိုက်ပြီး အနည်းအဆုံး တဒါဇင်မျှရှိသည့် ရဲများကို သေဆုံးစေသည်။

ပုန်ကန်သူများကို နှိမ်နင်းရန်ဟုဆိုကာ စစ်တပ်က ရိုဟင်ဂျာကျေးရွာများကို စစ်ဆင်ရေးလုပ်ပြီး လက်တုံ့ပြန်သည်။

စစ်သွေးကြွ ၄၀၀ ကို သတ်လိုက်သည်ဟု စစ်တပ်က ပြောသော်လည်း ထိုသေဆုံးသူများသည် အရပ်သားများ ဖြစ်ကြောင်း ရိုဟင်ဂျာများဘက်က ပြောသည်။

စစ်တပ်က စစ်ဆင်ရေးလုပ်သည့် ပထမဆုံး ၂ ပတ်အတွင်း လူအနည်းဆုံး ၁ ထောင် သေဆုံးကြောင်း ကုလသမဂ္ဂက ပြောခဲ့သည်။

ဒုက္ခသည်များ အလုံးအရင်းဖြင့် ထွက်ပြေး

ထိုနှစ် စက်တင်ဘာလ ၅ ရက်နေ့သို့ ရောက်သောအခါ ရိုဟင်ဂျာ ၁၂၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြီး ယခင်ကပင် ကျပ်တည်းနေသော ဒုက္ခသည်စခန်းများတွင် ပြည့်လျှံသွားသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့သို့ ရောက်သောအခါ ရိုဟင်ဂျာ ၁၂၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြီး ဖြစ်သည်/AFP

ယခင်တကြိမ် အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသူ ယခင်ကပင် ၂ သိန်းခန့် အနည်းဆုံး ရှိနေပြီးသောစခန်းများ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောဆို

မြန်မာအပေါ် နိုင်ငံတကာ ဒေါသများ မြင့်မားလာသည်။ စစ်သားများက ရိုဟင်ဂျာအိမ်များကို ဖျက်ဆီးပစ်သည်ဟု စွပ်စွဲကြပြီး လူမျိုးစုသုတ်သင်မှု ဖြစ်ပွားကြောင်း ကမ္ဘာ့ခေါင်းဆောင်အချို့က ပြောသည်။

ထိုအကျပ်အတည်းနှင့် ပတ်သက်ပြီး ပထမဆုံး ပြောကြားရာတွင် မြန်မာအရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေး ချိုးဖောက်သူများကို အရေးယူမည်ဖြစ်ကြောင်း ထိုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကတိပြုသော်လည်း စစ်တပ်ကို အပြစ်တင်ခြင်း မရှိပေ။

လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်နိုင်

ဒုက္ခသည်များကို ပြန်လည် ပို့ဆောင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သဘောတူကြသည်။

ဘေးကင်းလုံခြုံသော နေရပ်ပြန်ရေးအတွက် အခြေအနေများ မရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) က ပြောသောကြောင့် ထိုလုပ်ငန်းစဉ် ရပ်ဆိုင်းသွားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဇစ်ဒ် ရာအက် အယ်လ် ဟူစိန်က လူမျိုးတုံး သတ်ဖြတ်မှု အခြေခံများ ဖြစ်နိုင်ကြောင်း သတိပေးပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု တောင်းဆိုသည်

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဇစ်ဒ် ရာအက် အယ်လ် ဟူစိန်က လူမျိုးတုံး သတ်ဖြတ်မှု အခြေခံများ ဖြစ်နိုင်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် သတိပေးပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု တောင်းဆိုသည်။

တရားရုံးများနှင့် အရေးယူပိတ်ဆို့မှုများ

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရိုဟင်ဂျာ ဒုက္ခသည် သောင်းနှင့်ချီ၍ ၎င်းတို့ ထွက်ပြေးလာရသည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြကြသည်။

မြန်မာစစ်ခေါင်းဆောင်နှင့် အခြားစစ်ဘက်ထိပ်တန်း အရာရှိ ၅ ဦးကို လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများဖြင့် အရေးယူရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ တောင်းဆိုကြသည်။

လုံခြုံရေး အာမခံချက် မရှိလျှင် ပြန်မည်မဟုတ်ဟု ငြင်းဆန်သောကြောင့် နိုဝင်ဘာလတွင် ရိုဟင်ဂျာ ၂,၂၆၀ ဦး ပြန်လည် ပို့ဆောင်မည့်အစီအစဉ် ပျက်သွားသည်။

သတင်းထောက်များကို ထောင်ချ

ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်သည့်သတင်းကို စုံစမ်းဖော်ထုတ် ရေးသားရာတွင် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုဖြင့် Reuters သတင်းဌာနမှ သတင်းထောက် ၂ ဦးကို စက်တင်ဘာလ ၃ ရက်နေ့တွင် ထောင် ၇ နှစ်စီ ချလိုက်သည်။

ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်သည့်သတင်းကို စုံစမ်းဖော်ထုတ် ရေးသားသောကြောင့် Reuters သတင်းဌာနမှ သတင်းထောက် ၂ ဦး ဖမ်းဆီးခံရစဉ်/ AFP

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်သည့်အချိန်အထိ သတင်းထောက် ၂ ဦး ထောင်ထဲတွင် ရက်ပေါင်း ၅၀၀ ကျော် နေလိုက်ရသည်။

အမေရိကန် အရေးယူပိတ်ဆို့မှုများ

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝါရှင်တန်က မြန်မာစစ်တပ် အကြီးအကဲနှင့် အခြား ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ပိတ်ဆို့ အရေးယူလိုက်သည်။

ရိုဟင်ဂျာ ၃,၅၀၀ ကို နေရပ်ပြန်ပို့ရန် စီစဉ်ထားသော်လည်း ထိုသို့ ပို့ဆောင်မည့် သြဂုတ် ၂၂ ရက်နေ့တွင် မည်သူမျှ ရောက်မလာကြပေ။

ဥပဒေကြောင်းအရ စိန်ခေါ်မှုများလာ

ရိုဟင်ဂျာများကို လူမျိုးတုံး သတ်သည်ဆိုသည့် စွဲချက်ဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာကို တရားစွဲဆိုသည်။

သုံးရက်ကြာသောအခါ ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်မှုများအား စုံစမ်းစစ်ဆေးရန် နယ်သာလန်နိုင်ငံ သည်ဟိဂ် အခြေစိုက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ခွင့်ပြုလိုက်သည်။

ထိုအပတ်အတွင်းမှာပင် လူ့အခွင့်အရေး အဖွဲ့များက အာဂျင်တီးနားတွင် အကြွင်းမဲ့ တရားစီရင်ရေးမူအရ တရားစွဲဆိုသည်။

တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာ

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာက ICJ အမှုစွဲဆိုရခြင်းကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာဘက်မှ ခုခံချေပခြင်းကို ဦးဆောင်ခဲ့သည်။

၂၀၁၉ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာက ICJ အမှုစွဲဆိုရခြင်းကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာဘက်မှ ခုခံချေပခြင်းကို ဦးဆောင်ခဲ့သည်

ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံး သတ်ဖြတ်ခြင်းကို ငြင်းပယ်ပြီး ထိုစွပ်စွဲချက်များသည် လမ်းချော်ပြီး မပြည့်စုံကြောင်း ပြောကြားကာ မြန်မာသည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းနေသည်ဟု ပြောသည်။

စစ်တပ်က အင်အား အလွန်အကျွံ သုံးခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံသည်။

တရားရုံးဆုံးဖြတ်ချက်

စွပ်စွဲထားသည့် လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီးရန်နှင့် ၄ လအတွင်း ပြန်လည် အစီရင်ခံရန် မြန်မာကို ICJ က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပထမဆုံးအကြိမ် အမိန့်ချသည်။

စစ်အာဏာသိမ်းခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ် အာဏာသိမ်းပြီး အရပ်သားအစိုးရကို ဖြုတ်ချကာ အတိုက်အခံများကို သွေးချောင်းစီး ဖြိုခွဲသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် ဖမ်းထားပြီးနောက် စစ်ကောင်စီ၏ အများပြည်သူ ကြားနာခွင့်မရှိသော တရားရုံးတွင် ထောင် ၁၇ နှစ် ချလိုက်သည်။

နောက်ထပ်စွဲချက် အများအပြား တင်ထားပြီး အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သံတိုင်နောက်တွင် ဆယ်စုနှစ်များစွာ နေနိုင်ရခြေရှိသည်။

လူမျိုးတုံး သတ်ဖြတ်မှုဟု အမေရိကန် သတ်မှတ်

၂၀၁၇ ခုနှစ်က အကြမ်းဖက်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် တရားဝင် ကြေညာလိုက်ပြီး ရိုဟင်ဂျာများကို သုတ်သင်ရှင်းလင်းသည့် အထောက်အထား ထင်ရှားကြောင်းပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ ရိုဟင်ဂျာ လူမှုအသိုက်အဝန်း ခေါင်းဆောင်နှစ်ဦး ပစ်သတ်ခံရသည်။ စခန်းတွင် ပစ်ခတ်သတ်ဖြတ်မှု အများအပြား ဖြစ်နေသည်/AFP

ဂမ်ဘီယာနိုင်ငံက စွဲဆိုသည့် အမှုကို ဆက်လက် စစ်ဆေးနိုင်ကြောင်း ICJ က ဇူလိုင်လ ၂၂ ရက်နေ့တွင် ဆုံးဖြတ်သည်။

ထိုလတွင်ပင် စစ်ကောင်စီက အကျဉ်းသား ၄ ဦးကို ကွပ်မျက်လိုက်ပြီး ဆယ်စုနှစ်များစွာအတွင်း ပထဆုံးအကြိမ် သေဒဏ် ပြန်လည် ကျင့်သုံးသည်။

ဒုက္ခသည်စခန်းမှ သတ်ဖြတ်မှုများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ ရိုဟင်ဂျာ လူမှုအသိုက်အဝန်း ခေါင်းဆောင်နှစ်ဦး ပစ်သတ်ခံရသည်။ စခန်းတွင် ပစ်ခတ်သတ်ဖြတ်မှု အများအပြား ဖြစ်နေသည်။

ပစ်ခတ်သတ်ဖြတ်မှုများ နောက်ကွယ်တွင် ARSA ပတ်သက်နေကြောင်း ရိုဟင်ဂျာများက AFP သတင်းဌာနသို့ ပြောသည်။

ARSA သည် မူးယစ်မှောင်ခိုလုပ်ခြင်း၊ နိုင်ငံရေး အတိုက်အခံများကို သတ်ဖြတ်ခြင်းနှင့် စခန်းများတွင် အကြောက်တရား လွှမ်းမိုးအောင် လုပ်နေသည်ဟု စွပ်စွဲခံရသည်။

ကိုးကား ။ ။ AFP သတင်း Myanmar’s Rohingya: Five Years of Crisis

You may also like these stories:

ရိုဟင်ဂျာကလေးများ မြန်မာနိုင်ငံတော်သီချင်း သီဆိုနေကြပြီ

ရိုဟင်ဂျာ အမှု အထောက်အထားသစ်များ ထပ်မံရရှိ

မြန်မာသို့ပြန်ရေး ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည် သောင်းချီဆန္ဒပြ

မြန်မာစစ်တပ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အမေရိကန်သတ်မှတ်မှု NUCC ထောက်ခံ

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ဟု အမေရိကန်အစိုးရ ဆုံးဖြတ်

Loading