ဆောင်းပါး

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်အိမ်ပေါ် ဦးခင်ရီ တက်နေခဲ့

လွန်ခဲ့သောနှစ်က အာဏာသိမ်းရာတွင် ပူးပေါင်းကြံစည်သူတဦးဖြစ်သော ဦးခင်ရီသည် မကြာသေးမီက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ရာထူးမှ ဖြုတ်ချခံလိုက်ရသည့်အချိန်အထိ နေပြည်တော်မှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပေါ် တက်နေခဲ့သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ခန့်ခဲ့သည်။ ယခု ရာထူးပြုတ်သွားသော်လည်း ဦးခင်ရီသည် စစ်ကောင်စီလက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဒုဥက္ကဋ္ဌ ဖြစ်နေသေးသည်။ သူသည် ယခင် စစ်အုပ်စုခေါင်းဆောင် ဦးသန်းရွှေခေတ်က ရဲချုပ်ဖြစ်ခဲ့ပြီး ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရတွင် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး လုပ်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ အမှတ် ၃၃ (A)၊ မြနန်းဘုံသာလမ်းတွင် ၂၀၁၆ ခုနှစ်မှ လွန်ခဲ့သောနှစ်ကအထိ နေထိုင်ခဲ့သည်။ မြနန်းဘုံသာလမ်းသည် နေပြည်တော်မှ သမ္မတအိမ်တော်နှင့် လွှတ်တော်အဆောက်အအုံအကြား ဝန်ကြီးများနေထိုင်သည့် တိတ်ဆိတ်သောလမ်း ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ထိုအိမ်တွင် လအတန်ကြာ ချုပ်နှောင်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်သော နေရာတခုသို့ ပြောင်းရွှေ့စဉ်က ပစ္စည်းများသိမ်းရန် မိနစ် အနည်းငယ်သာ အချိန်ပေးခဲ့သည်။ ယခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားသည်။

၂၀၂၁ သြဂုတ်လတွင် စစ်ကောင်စီသည် ထိုအိမ်မှ ဒေါ်အောင်ဆန်းစုကြည်၏ ပိုင်ဆိုင်မှုများကို ဖယ်ရှားပြီး ဦးခင်ရီ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဖြစ်လာသောအခါ နေထိုင်စေသည်။

ဦးခင်ရီအတွက် ဆုလာဘ်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ဦးခင်ရီယူထားကြောင်း ပြည်သူများက ချက်ချင်း သတိမထားမိသော်လည်း စစ်ကောင်စီသည် ထိုအချက်ကို ကြာကြာ ဖုံးကွယ်မထားနိုင်ခဲ့ပေ။

အာဏာသိမ်းပြီးနောက် ထိုအိမ်၌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားစဉ် လမ်းထိပ်တွင် စစ်ဆေးရေး ဂိတ်တခုရှိသည်။ ဦးခင်ရီ ထိုအိမ်သို့ ပြောင်းရွှေ့လာသောအခါ စစ်ဆေးရေးဂိတ်ကို ဖယ်ရှားလိုက်သည်။

ထိုအိမ်သို့ ပို့ပေးခံရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချသည့် စစ်အာဏာသိမ်းမှု ကျူးလွန်ရာတွင် ဦးခင်ရီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အကူအညီပေးသောကြောင့် ဆုလာဘ်အနေဖြင့် ပေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိသည့် နေပြည်တော်၊ မြနန်းဘုံသာလမ်းကို ဩဂုတ်လ ဒုတိယပတ်အတွင်းက တွေ့ရစဉ်

ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီသည် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်များအနက် တဦးဖြစ်သည်။ ဇေယျသိဒ္ဓိရပ်ကွက်တွင် အိမ်အလွတ် များစွာရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို သူ သိမ်းယူသည်ဆိုသည့် အချက်သည် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးကြောင်း သက်သေပြချက်ဖြစ်သည်။

သို့သော် ထိုအိမ်သည် နိုင်ငံပိုင်ပစ္စည်း ဖြစ်သောကြောင့် ဦးခင်ရီသည် ဝန်ကြီးရာထူး ဆုံးရှုံးသောအခါ ထိုအိမ်မှ ထွက်ခွာရသည်။

အာဏာသိမ်းရန် ပူးပေါင်းကြံစည်သူ

ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရမှ ဝန်ကြီးတဦးဖြစ်သူ ဦးစိုးသိန်းနှင့်အတူ ဦးခင်ရီသည် NLD အစိုးရထံမှ အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အားပေးအားမြှောက်လုပ်သည်။

ထိုသို့လုပ်ရခြင်းအတွက် ခိုင်လုံသောအကြောင်းရင်းလည်း ရှိနေသည်။ စစ်တပ်လက်ဝေခံ USDP ဒုဥက္ကဋ္ဌအဖြစ် ဦးခင်ရီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အမတ်လောင်းကို ရှုံးနိမ့်သည်။ USDP ပါတီကိုယ်တိုင်လည်း ရွေးကောက်ပွဲတွင် ဝက်ဝက်ကွဲ ရှုံးပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကထက်ပင် နည်းသော ကိုယ်စားလှယ် နေရာများသာ အနိုင်ရသည်။

ရွေးကောက်ပွဲ ရှုံးသောကြောင့် USDP နှင့် ၎င်းတို့ မဟာမိတ်ပါတီများက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခု၌ ဦးခင်ရီက ‘ကျနော်တို့ ဘယ်သူ့ကို အားကိုးရမလဲ’ ဟု မေးခွန်းထုတ်သည်။ ထိုမေးခွန်းသည် နိုင်ငံရေးတွင် စစ်တပ်က ကြားဝင်လာသည်ကို သူစောင့်နေကြောင်း ဖော်ပြသည့် မေးခွန်းဖြစ်သည်။

ဦးခင်ရီသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၅ ရက်အတွင်း စစ်တပ်လိုလားသည့် ထောက်ခံပွဲ ၂၂ ခု ကျင်းပသည်။

အာဏာသိမ်းပြီးသောအခါ ဦးခင်ရီကို လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ခန့်ပြီး စစ်တပ်က အာဏာသိမ်းစေလိုသူ နောက်တဦးဖြစ်သော ဒေါ်သက်သက်ခိုင်ကိုလည်း ဝန်ကြီးရာထူးပေးသည်။

အာဏာရှင်များအပေါ် သစ္စာခံသူ

၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မွေးဖွားသူ ဦးခင်ရီသည် အသက် ၆၉ နှစ်ရှိပြီး စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်းတဦး ဖြစ်သည်။

သူသည် ယခင်စစ်အာဏာရှင် ဦးသန်းရွှေ လက်အောက်တွင် ရဲချုပ်နှင့် ပြည်ထဲရေး ဒုဝန်ကြီး လုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ် ချုပ်ထားသည်ကို ကြီးကြပ်ခဲ့သည်။

ထို့နောက် သူသည် ဦးသိန်းစိန်အစိုးရတွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဖြစ်လာပြီး အစိုးရ၏ ငြိမ်းချမ်းရေး ညှိနှိုင်းမှုအဖွဲ့တွင် ပါဝင်သည်။ အခြားဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့လောက် လူသိမများသော်လည်း ဦးခင်ရီသည် ဦးသိန်းစိန်အစိုးရတွင် အားအကိုးရဆုံး ဝန်ကြီးများအနက် တဦးဖြစ်သည်။

ဦးခင်ရီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သူ၏ လွှတ်တော်ကိုယ်စားလှယ်နေရာကို ဆုံးရှုံးပြီး ၂၀၂၀ ပြည့်နှစ်တွင်လည်း မနိုင်တော့ပေ။ သို့သော် အာဏာသိမ်းရန် ကြံစည်ရာတွင် ပါဝင်သောကြောင့် သူ့ကို ဝန်ကြီးရာထူး ပေးခဲ့သည်။

မကြာသေးမီက အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ လုပ်သောအခါ ထိုရာထူး ဆုံးရှုံးသွားသည်မှာ အံ့သြစရာဖြစ်သည်။ သို့သော် သူသည် USDP ဒုဥက္ကဋ္ဌနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံဖြစ်နေသေးသည်။

သူ့ကို ဝန်ကြီးရာထူးမှ ဖယ်ရှားခြင်းမှာ အနာဂတ်တွင် ပိုမိုအရေးပါသော အလုပ်အတွက် ဖယ်ရှားခြင်း ဖြစ်သည်ဟု ယုံကြည်သူ အများအပြားရှိသည်။ အာဏာသိမ်းခေါင်းဆောင်သည် လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသောကြောင့် ဦးခင်ရီသည် လက်ရှိဥက္ကဋ္ဌ ဦးသန်းဌေးနေရာတွင် အစားထိုးမည့် USDP ခေါင်းဆောင် ဖြစ်လာနိုင်သော အနေအထားတွင် ရှိနေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Coup Conspirator Took Suu Kyi’s Naypyitaw Home ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများ ဦးခင်ရီ စီစဉ်

အာဏာသိမ်းဖို့ စစ်ခေါင်းဆောင် လေသံပစ်တာ ၁ နှစ်ပြည့်ပြီ

အဂတိလိုက်စားမှုဆိုးရွားနေသည့် နိုင်ငံသားကတ်ထုတ်ပေးမှု

စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့

ကွပ်မျက်မှုများ ကြံ့ခိုင်ရေးပါတီဝင်များ ထောက်ခံ

Loading