“ကျနော့်ပထမဆုံးစာအုပ် ‘အစိမ်းရောင်လူ၊ အပြာရောင်လူ၊ အဖြူရောင်လူ’ မှာ မိမိကိုယ်မိမိ စာရေးသူအဖြစ်ထက် စာမွေ့သူ ကဗျာမွေ့သူအဖြစ် အသိအမှတ်ပြုခံချင်ကြောင်း ကျနော်ရေးခဲ့သည်။ ဒီဆန္ဒကခုထိ ကျနော့်ရင်ထဲ အမြစ်တွယ်ဆဲ ရှင်သန်ဆဲ။ ထို့ကြောင့် ကဗျာလူ စာလူ။ ပြီးတော့ ကျနော်ရေးဖွဲ့ခဲ့သူတွေက အသွေးစုံ အရောင်စုံ လူတွေ။ နယ်ပယ်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ လှုပ်ရှားနေသူတွေ။ ထို့ကြောင့် ရောင်စုံလူ။ ဒီလို အသွေးစုံ အရောင်စုံသူတွေကြားထဲ ကျနော်နှစ်သက်တဲ့အရောင်က အဖြူရောင်။ ထို့ကြောင့် အဖြူရောင်လူ။ ထိုထိုသောအကြောင်းတို့ကြောင့် ကျနော့်စာအုပ်ကို ‘ကဗျာလူ၊ စာလူ၊ ရောင်စုံလူ၊ အဖြူရောင်လူ’ ဟု ကင်ပွန်းတပ်လိုက်ပါသည်။”
စာရေးသူ ဒေါက်တာ အောင်ကြီးရဲ့ အမှာစာ။
ဟုတ်တယ်။ လူတွေက လူတွေအကြောင်း ပိုပြီး စိတ်ဝင်စားတယ်။ အထူးသဖြင့် နယ်ပယ်ကဏ္ဍအသီးသီးမှာ အောင်မြင်ကျော်ကြားနေသူတွေဆို ပို စိတ်ဝင်စားတယ်။ (လူအများစုက ကိုယ့်ကိုကိုယ်ထက် သူများကို ပိုစိတ်ဝင်စားလို့လည်း ကြားဖူးလေရဲ့)။
ဒေါက်တာ အောင်ကြီးက သူ ကျင်လည်ကျက်စားရာ ဆေးပညာနယ်ပယ်အကြောင်း၊ ခရီးတွေသွား စာတွေသင်ရင်း ကြုံတွေ့ရပုံတွေအကြောင်း သူ စိတ်ဝင်စားရင် ဝင်စားသလို စာတွေရေးထားတာ ဖြစ်တယ်။
တိတ်ဆိတ်လူ၊ အမည်မှာ ဘာပါတာမှတ်လို့၊ သေတာလွယ်မှတ်လို့၊ သွေးတိုင်းခြင်းပုံပြင်၊ လူနာစောင့်ပုံပြင်၊ အိုဘယ့် ဆရာဝန်လား အိုပယ် ဆရာဝန်လား စတဲ့ ဆေးလောကနောက်ခံ စာတွေပါသလို ကဗျာဆိုတာစွမ်းဖို့မဟုတ် လွမ်းဖို့၊ ဒိုရာ၊ မေရှင်၊ တိမ်ချည်ကြိုး၊ ဝတ်လဲတော်ရွှေပုဆိုး၊ ကမ္ဘာကြီးကတော့ အရင်းအတိုင်း၊ အနီအပြာအစိမ်းထဲက အဖြူလို အရောင်စုံစာတွေလည်း ဖတ်ရတယ်။
ဟေ့ကောင် ဆရာကြီးက သူ့နာရီကောင်းကြောင်း ကြွားနေတာဟ၊ ရေ ဘယ်လောက် လောင်းလောင်း သူ့နာရီ ရေမဝင်ကြောင်း (water proof) ပြတာ။ ဒီနာရီမဝယ်ခင် ဆိုင်ကယူလာပြီး ရေထဲ ၂၄ နာရီတိတိ စိမ်ထားတာတဲ့ကွ၊ ရေ ဝင် မဝင် သိချင်လို့၊ ဒီလို နာရီမျိုး၊ နင့် နာရီက ယိုးဒယားကလာတဲ့ ခြောက်ပြားတပဲတန်နာရီ၊ ရေဆေးဆေးပြမနေနဲ့
လူကတော့ အောတိုက်။ တိတ်ဆိတ်လူက စလိုက်တာ အစိမ်းရောင်လူ၊ အပြာရောင်လူ၊ အဆွေးလူ၊ အတွေးလူ၊ သိမ်မွေ့လူ၊ စစ်တုရင်လူ၊ နာရီလူ၊ လေယာဉ်လူ၊ ခြင်ထောင်လူ စသည်စသည် တွေးထားရေးထားတာတွေ ဖတ်မကုန်။ စာမူပေါင်း ၁၄၉ ပုဒ်တိတိ၊ စာမျက်နှာ ၆၄၀ ပါ စာအုပ်ထူထူကြီး ကိုင်ပြီးဖတ်ရ။ ဖတ်ပြီး ပြုံးရ၊ မဲ့ရ၊ ရယ်ရ၊ တွေးဆဆင်ခြင်ရ။
ဒေါက်တာ အောင်ကြီး ဆရာဝန်ဖြစ်ခါစ ကာလက မနူးမနပ် မထော်မနန်း လုပ်ခဲ့ပုံတွေ ရေးပြထားတာက ပြုံးချင်စရာ။
“တခါက ဆရာကြီးတဦး လူနာတွေကို ရောင်း လှည့်အပြီး လက်ဆေးကန်မှာ လက်ဆေးတာ စောင့်ကြည့်မိသည်။ ရေမလာရင် ရေလောင်းပေးဖို့။ ဆရာကြီးက လက်ကို ဆပ်ပြာနှင့် သေသေချာချာ ဆေးသည်။ ရေဖြိုင်ဖြိုင် လောင်းသည်။ လက်မှ နာရီကိုချွတ်ပြီး တံတောင်ဆစ်အထိ ရေလောင်းချလိုက်သည်။ ဆပ်ပြာနှင့် အပြန်ပြန် အလှန်လှန် ပွတ်တိုက်သည်။ ပြီးတော့ နာရီကိုပါ ရေနိုင်နိုင်လောင်းပြီး ဆပ်ပြာနှင့် ပွတ်တိုက်ဆေးကြောနေပြန်သည်။ ဆေးမှာပေါ့၊ နာရီက ချွေးစော်နံနေမှာ။ ကြေးကပ်နေမှာ။ လက်ဆေးရင် နာရီပါ တပါတည်း ဆေးရတာ ကျနော် အသိတခု တိုးသွားသည်။ ဆရာကြီး ဆေးအပြီး ကျနော့်အလှည့်ရောက်တော့ လက်နှစ်ဖက်စလုံး တံတောင်ဆစ်အထိ ဆရာကြီးနည်းအတိုင်း သေသေချာချာ ဆေးလိုက်ပြီးသကာလ နာရီကိုပါ ဆရာကြီးလမ်းစဉ်အတိုင်း ဆေးကြောသန့်စင်လိုက်ပါသည်။”
ဆရာကြီးက လက်ဆေးပြီရင် လက်သုတ်ပုဝါနဲ့ မသုတ်ဘဲ လက်နှစ်ဘက်ကို လေထဲမြှောက်ပြီး အခြောက်ခံတယ်။ ဒေါက်တာ အောင်ကြီးကလည်း အဲ့ဒီအတိုင်း လိုက်လုပ်တယ်။
တပတ်လောက်နေတော့ ဆရာကြီးရဲ့ လက်ထောက်က ဆရာကြီး လုပ်တဲ့အတိုင်း လိုက်မလုပ်ဖို့ သူ့ကို လာတားတယ်။
“ဟေ့ကောင် မင်းက လက်ဆေးတိုင်း နာရီကို ဆေးဆေးပြနေတာ ဘာသဘောလဲကွ၊
ဟင် ဘာသဘောမှ မဟုတ်ပေါင်ဗျာ၊ ဆရာကြီးလမ်းစဉ် လိုက်ရုံသက်သက်ပါ၊
ဟေ့ကောင် ဆရာကြီးလမ်းစဉ် မလိုက်နဲ့ကွ သူ ကြိုက်ပုံမရဘူး၊
မဟုတ်တာဗျာ၊ သူ့လို လိုက်လုပ်တာ၊ ဆရာကြီးက ဘာကြောင့် မကြိုက်ရတာတုန်း၊
ဟေ့ကောင် ဆရာကြီးက သူ့နာရီကောင်းကြောင်း ကြွားနေတာဟ၊ ရေ ဘယ်လောက် လောင်းလောင်း သူ့နာရီ ရေမဝင်ကြောင်း (water proof) ပြတာ။ ဒီနာရီမဝယ်ခင် ဆိုင်ကယူလာပြီး ရေထဲ ၂၄ နာရီတိတိ စိမ်ထားတာတဲ့ကွ၊ ရေ ဝင် မဝင် သိချင်လို့၊ ဒီလို နာရီမျိုး၊ နင့် နာရီက ယိုးဒယားကလာတဲ့ ခြောက်ပြားတပဲတန်နာရီ၊ ရေဆေးဆေးပြမနေနဲ့”
“မင်းတို့က ဘာဆရာတွေလဲကွ၊ လှေကွဲမှ မဖာတတ်ဘူးလား။ ငါတို့က ကိုယ်နေတဲ့အိမ်ကို ကိုယ်တိုင်ဆောက်ခဲ့တာကွ”
ဒီလိုမျိုး ဒေါက်တာ အောင်ကြီး ဖြစ်တယ်။
ညစာစားပွဲတခုမှာလည်း အလားတူ ဆရာဝန်ကြီးတဦးနဲ့ ဆုံပြန်ပြီး ဆရာဝန်ကြီး ပတ်ထားတဲ့ ခါးပတ်ကိုက ဒေါ်လာထောင်ချီတန်ပါသတဲ့။ သူ့ကုတ်အင်္ကျီ၊ ဘောင်းဘီ၊ ရှူးဖိနပ် အားလုံးပေါင်းရင် ဒေါ်လာသောင်းချီတန် လူသား ဖြစ်သွားပါသတဲ့။
ဒေါက်တာ အောင်ကြီးက ဘာ သွားပြောတယ်မှတ်လဲ။
“ဆရာ အဲ့ဒီပစ္စည်းတွေ မပါခဲ့ရင် ဘယ်လောက်တန်မလဲဟင်”
ဟို ဆရာကြီးက သူ့ကို ကျောပေးလှည့်သွားပါသတဲ့။
ဖတ်ရတာ ပြုံးထေ့ထေ့။
ဒေါက်တာ အောင်ကြီးရဲ့ ယောကျ်ားကောင်း ရှာတော်ပုံဖွင့်တာလည်း အလားတူ ပြုံးထေ့ထေ့။
လူ့လောကထဲ စာလောကထဲ ယောကျ်ားကောင်း ရှာတော်ပုံဖွင့်တော့ သူလိုလူထဲက ယောကျ်ားကောင်းလား၊ ရွှေဥဒေါင်းရဲ့ ဇော်ဟိတ်က ယောကျ်ားကောင်းလား၊ ဓားတောင်နဲ့မီးပင်လယ်ထဲက သံချောင်းလား။ ရေတပ်အရာရှိတဦးက “ပင်လယ်ထဲ အသက်ကယ်လှေတစီးနဲ့ တပတ်တိတိနေဖူးမှ ရှင်သန်ဖူးမှ ယောကျ်ားကောင်းကွ” ဆိုတာကြားတော့ ဒီတသက်တော့ ယောကျ်ားကောင်း ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်တွေကျ။
သူ့မိန်းမ ဇာတိမြို့သွားတော့ ပိုဆိုး၊ ယောက္ခမကြီးက သူနဲ့ မရီးယောကျ်ားကို အိမ်ခြံဝင်းထဲရှိတဲ့ လှေကွဲကို ပွဲ့လျက်နဲ့ ဖာခိုင်းပါသတဲ့။ သူက ဆရာဝန်။ ဟိုတယောက်က ကျောင်းဆရာ၊ ဘယ် ဖာတတ်မတုန်း။
ယောက္ခမက ဘာပြောမှတ်သလဲ။
“မင်းတို့က ဘာဆရာတွေလဲကွ၊ လှေကွဲမှ မဖာတတ်ဘူးလား။ ငါတို့က ကိုယ်နေတဲ့အိမ်ကို ကိုယ်တိုင်ဆောက်ခဲ့တာကွ”
အင်း သံတချောင်းတောင် ဖြောင့်အောင် မရိုက်တတ်တဲ့ ငါဆိုလည်း ယောကျ်ားကောင်းထဲ ပါမထင်လို့ သူ့စာဖတ်ပြီး တွေးမိသေးတယ်။
သူ့ပတ်ဝန်းကျင်မှာ ငဲ့စောင်းကြည့်တော့ ဆေးရုံတခုက ဖျားနာဆောင်တခုမှာ တာဝန်ကျတုန်း သာမန်ဆေးဝန်ထမ်းတယောက်ကို တွေ့မြင်တယ်။
အဲ့ဒီ သာမန်ဆေးဝန်ထမ်းက ဆရာဝန်တွေ၊ ဆရာမတွေက လမ်းပေါ်ကချစ်သူလို့ နာမည်ပေးထားတဲ့ အိမ်ခြေရာမဲ့ ဖျားနာလို့ ဆေးရုံလာပြရင် ရေမျိုးချိုးပေးပြီး သန့်စင်ပေးတယ်။
အငယ်ကောင်ကို နှစ်ရှည်တက်ရတဲ့ ဆေးတက္ကသိုလ် တက်စေတယ်။ ဆေးကျောင်းမှာ တဖုန်းဖုန်းကျတော့ အဖေဖြစ်သူက “မင်းကို အသုံးမကျလို့ ဆေးကျောင်းပို့ပါတယ်။ ဒါလည်း အသုံးမကျဘူး ထွမ်” လို့ပြောတယ်။
မနက်ခင်းတိုင်း သူ့ပိုက်ဆံနဲ့ ကော်ဖီ၊ မုန့် ဝယ်ကျွေးတယ်။ သူက လူပျိုကြီး၊ ဖျားနာရုံ တရုံလည်းရဲ့ ဝိညာဉ်၊ အသည်းနှလုံး။
နောက်ဆုံးတော့ ဒေါက်တာ အောင်ကြီးက ယောကျ်ားကောင်းရှာတော်ပုံကို အခုလို အဆုံးသတ်တယ်။
“ယောကျ်ားကောင်းဆိုသဟာ ချက်ချင်းကော်ဖီ (Instant Coffee) ဖျော်သလို ချက်ချင်းလက်ငင်း အကောင်အထည်ပေးလာတာ မဟုတ်ရချေ။ တည်ဆောက်ရ၊ ဖြိုခွဲရ၊ စုစည်းရ၊ ပြန့်ကျဲရ၊ ကာလအသင်္ချေ။ ပါရမီတောင်ထုလောက် ထူထောင်ရ၊ နှစ်မြှုပ်မျောရ၊ ရုန်းထွက်ရ၊ တိုးဝင်ရ၊ ဆွဲတင်ရ၊ တွန်းထိုးရ၊ နှိုးဆော်ရ၊ နိုးထရ၊ ဖြောင့်စင်းရ၊ ပျော့ပျောင်းရ၊ ဖြတ်သန်းမှုက နာရ၊ မီးပင်လယ်၊ ရေပင်လယ်၊ မျက်ရည်ပင်လယ် …။ မွေးကတည်းက လူမှန်းသိစကတည်းက ထိတွေ့ခဲ့ရ ထုံမွှမ်းခဲ့ရတဲ့ မိရိုးဖလာကိုးကွယ်မှုဟာ အာဂယောကျ်ားမြတ်တွေရဲ့ ဖြစ်စဉ်နဲ့ လုပ်ရပ်တွေပဲဆိုတာ အတော်ကြီးနောက်ကျမှ သိလိုက်ရလေ။ ဘဝကားချပ် စ လယ် ဆုံး ချွတ်ချော်မှု မြူတမှုံမျှ မရှိထသော၊ မှောင်မိုက်ညတွေမှာရော နူးညံ့တဲ့အလင်းရောင်အောက်မှာပါ တဖြောင့်တည်း ပျံသန်းသော ငှက်ပမာ ပြုကျင့်ထသော၊ အရှင့်ခြေရင်း ဝပ်စင်းပြီးကတည်းက သည့်ထက်သည် ထူးမြတ်သော ယောကျ်ားတကာတို့ထက် ယောကျ်ားကို ငါ မရှာတော့ပြီ”
ဒေါက်တာ အောင်ကြီး လက်လျှော့သွားပုံပါ။
သူက လူတွေစိတ်ဝင်စား ဆိုလို့ လေယာဉ်လူ အခန်းဖတ်ကြည့်မိတော့ တလောက အောင်ပို ရေးတဲ့ ‘မိုးကုတ်စက်ဝိုင်း’ စာအုပ် ပြေးသတိရမိတယ်။
ဒေါက်တာ အောင်ကြီးကလည်း ငယ်ငယ်က လေယာဉ်မှူးတဦး ဖြစ်ချင်ခဲ့သူ။
သူတို့ဇာတိမြို့ ကသာမှာ လေယာဉ်ကွင်းရှိပြီး စစ်လေယာဉ်တွေပဲ အတက်အဆင်း လုပ်တယ်။
လေယာဉ် အတက်အဆင်းလုပ်တာကလည်း တနှစ်မှ နှစ်ကြိမ်ပဲ။ ဒီတော့ လေယာဉ်ပျံအသံကြားရင် စာသင်နေတုန်းတန်းလန်းကနေ ဆရာတွေပါ မကျန် တကျောင်းလုံး ထွက်ကြည့်ကြပါသတဲ့။
ဒေါက်တာ အောင်ကြီး ငယ်ငယ်က သူ့အဖေဝယ်လာပေးလို့ ပလတ်စတစ်လေယာဉ်တစီးလုပ်ပြီး ကစားဖူးတယ်။
လေယာဉ်တွေ စိတ်ဝင်စားတော့ ‘ဦးလှဝင်း (လေသူရဲတဦး)’ စာတွေ စွဲစွဲမြဲမြဲဖတ်တယ်။ လေယာဉ်ပျံတွေ မိုးပေါ် ဘယ်လိုပျံကြသလဲ စူးစမ်းတယ်။
လူရည်ချွန် အရွေးခံရတော့ ငပလီကအပြန် လေယာဉ်ပျံစီးပြီး ပြန်ရတယ်။ ပျော်နေတာပေါ့ လူငယ်ဘဝ ဆိုတော့၊
နောင်တော့ နိုင်ငံခြားပညာတော်သင်သွားတော့ လေယာဉ်စီးတာ သူ့အတွက် ရိုးသွားပေါ့လေ။
ကိုယ်တွေ့နဲ့ ယှဉ်ဖတ်ကြည့်တော့ အသက် ၃၀ ကျော်အရွယ် လေယာဉ် ပထမဆုံးစီးတော့ ဘယ်လိုမှ မနေဘူး။
မြိတ်လေယာဉ်ကွင်းမှာ လေယာဉ်ဆင်းမယ်လုပ်တော့ လေယာဉ်အောက်မှာ မိုးတိမ်တောင်တွေချည်း။ လေယာဉ်က မိုးတိမ်တောင်ပေါ်မှာ အကြာကြီးဝဲနေပြီး တနေရာရောက်တော့ ခေါင်းစိုက် ဆင်းလိုက်တာ မြိတ်လေယာဉ်ကွင်းက ရှေ့မှာ ထီးထီးကြီး။
နောင်မှ သိရတာက မိုးတိမ်တောင်တွေကြားကနေ အေက်ကို လှမ်းမြင်ရတဲ့ အပေါက်ကို ရှာပြီး စိုက်ဆင်းလိုက်တာပါ။
အသက် ၄၀ ကျော် လေယာဉ်စီးတဲ့ထိလည်း ဒီလိုပဲ စီးလိုက်တာပါ။ အသက် ၅၀ ကျော်တော့ လေယာဉ်စီးရတာ ကြောက်ကြောက်လာတယ်။
ချင်းမိုင်-ဘန်ကောက် တနာရီလောက် စီးရတာကို ကြောက်ကြောက်နေတာ။ ဟော … တမြန်နှစ်က တရုတ်ပြည်သွားတော့ စီးလိုက်ရတဲ့လေယာဉ်၊ တရက်တရက် သုံးနာရီခရီး၊ လေးနာရီခရီး။ ဒီလိုကျတော့ ရိုးသွားပြန်ပါတယ်။
ဟော … ဆရာဒေါက်တာ အောင်ကြီးတို့လည်း တခါသား တောင်ကြီးဆရာဝန်ညီလာခံ သွားတော့ ရာသီဥတု မကောင်းလို့ လေယာဉ် တုန်ခါပြီး ကွင်းဆင်းမရ ဖြစ်ခဲ့တယ်။
လေယာဉ်ပေါ်ပါတဲ့ ဆရာဝန်တွေအားလုံး တုန်လှုပ်ခြောက်ခြားခဲ့ကြတယ်။ ငယ်ဘဝ လေယာဉ်စီးရတာနဲ့ အသက်ကြီးတော့ လေယာဉ်စီးရတာ ကွာခြားလာပုံကို ဒေါက်တာ အောင်ကြီးက အခုလို ရေးဖွဲ့ထားတယ်။
“ခပ်ငယ်ငယ်တုန်းက လေယာဉ်စီးရင်း မျှော်လင့်အံ့သြဘနန်းစိတ်၊ ရင်ခုန်စိတ်တို့နှင့် စီးခဲ့သည်။ ယခုတော့ လေယာဉ်စီးရင်း အင်း … လိုရာခရီး ချောချောမောမောမှ ရောက်ပါ့မလား။ လမ်းမှာ ဘာတခုမှ မဖြစ်ပါစေနဲ့ ဘုရား၊ စိတ်ထဲမှာ အကြိမ်ကြိမ် ဆုတောင်းရသည်။ ခရီးဖော်တွေထဲမှာ သက်ကြီးဝါကြီး ဘုန်းတော်ကြီးတွေကို ဖူးတွေ့ရရင် စိတ်ထဲ နည်းနည်း လုံသွားသလို၊ ငါ့ထက် သီလ သမာဓိ ပညာကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ပါတာပဲ။ ဘာမှ ဖြစ်လောက်စရာ မရှိပါဘူးဟု မိမိကိုယ်ကို အားတင်းရင်း ကြောက်စိတ်ဖြေရသည်။ အကြောက်နှင့်လေယာဉ်စီးတာ အမှောင်ထဲ ထိုးခွဲပျံသန်းသွားခြင်းပေလား။ ငယ်နုစဉ်ကလို အပျော်စိတ်၊ အံ့သြဝမ်းသာစိတ်နှင့် လေယာဉ်စီးတာကကော အဖြူထုထဲ မမြင်မကန်း တိုးဝင်ပျံသန်းခြင်း တမျိုးပေလား၊ ဖြူဖြူမည်းမည်း မမြင်ရတာ အတူတူပဲဆိုတဲ့ သူငယ်ချင်းရဲ့စကားက ရင်ထဲ ခဏခဏ ဝင်ဆောင့်တယ်၊ ရင်ထဲကအဖြူနဲ့အမည်းကို လွတ်လွတ်ကြီးစွန့်၊ သန့်ရှင်းပေါ့ပါးစွာ ပျံသန်းသည့် လေယာဉ်လူအဖြစ်ကို မျှော်မှန်းရင်း ရံဖန်ရံခါ လက်က ပုတီးတချောက်ချောက်၊ ပါးစပ်က ဘုရားရှိခိုးစာ တဖြောက်ဖြောက် ရွတ်ရင်း။ တရံတခါ လှပတိမ်မျှင်နဲ့ ကြည်လဲ့ပြာမွတ် ကောင်းကင်တစ တွေ့ရနိုး။ မကင်းနိုင်သေးသူမို့ ဒီလိုပုံနဲ့ပဲ ခရီးဆက်ရလတ်ချေသေး။”
ဆေးလောကမှာ white coat effect ဆိုတာရှိတယ်။ ဂျုတီကုတ်ကြီးဝတ်ထားတဲ့ ဆရာဝန်ကြီး သွေးတိုင်းရင် ပိုတက်တယ်။
ဖတ်ပြီး ဆက်တွေးရမယ့် စာမျိုး။
ဆရာဝန်ချစ်တဲ့လူနာ၊ ချောင်လွန်းတဲ့ဖိနပ်၊ မြေသီးကို နာနာခဲပါလို့၊ ဗထူးဆောင်လွမ်းချင်း၊ သက်ကယ်ခြင်ထောင် အိမ်မက်ခြင်ထောင်၊ ခေါက်ခြင်ထောင်၊ စကားပြောခြင်ထောင်နှင့် ခြင်ထောင်လူ။
ဒေါက်တာ အောင်ကြီးစာတွေက ရယ်သံငွေ့ငွေ့နှင့် တွေးစရာ အလွန်ပေးတယ်။ ဆေးလောက နောက်ခံစာတွေက တသီးတသန့် စိတ်ဝင်စားဖို့ဖြစ်။
ဆေး … ဆေးတက္ကသိုလ်
၁၉၇၀-၇၇ နှစ်တွေဆီက မန္တလေးဆေးတက္ကသိုလ် ကျောင်းသားတွေ မျက်နှာအင်မတန်ပွင့်ပါတယ်။
မြို့ခံတွေက ဆေးကျောင်းသားတွေဆို အရေးထားဆက်ဆံကြတယ်။ အထင်ကြီး လေးစားကြတယ်။
ဆေးတက္ကသိုလ်တက်ခွင့်ရတဲ့ ကျောင်းသားဆိုတာ စာတော်ပြီး ထက်မြက်ကြသူတွေများတယ်။ သတ္တိလည်းကောင်းဦးမှ။
ဆေးကျောင်းဆင်းချင်း တူရင်တောင် မန်းလေးဆေးတက္ကသိုလ် ကျောင်းဆင်းတွေက ပို ထူးချွန်တယ်။ ဌာနဆိုင်ရာတွေကအစ မန်းဆေးကျောင်းဆင်းဆို အစစ အိုကေအောင် လုပ်ပေးကြတယ်။
ဒီလိုနဲ့ အချိန်တွေ ရွေ့လျားလာပြီး သက္ကရာဇ် ၂၀၁၁ လောက်ရောက်တော့ အခြေအနေတွေက တမျိုးဖြစ်လာတယ်။
ထူးချွန်ထက်မြက်တဲ့ လုပ်ငန်းရှင်ကြီးတယောက်က သားနှစ်ယောက်ရှိရာမှာ သူ့လိုပဲ ထူးချွန်ထက်မြက်တဲ့ အကြီးကောင်ကို အချိန်တိုတိုနဲ့ ဘွဲ့ရတဲ့ လိုင်းတက်စေပြီး သူ့လုပ်ငန်းထဲ ဆွဲသွင်းလိုက်တယ်။
အငယ်ကောင်ကို နှစ်ရှည်တက်ရတဲ့ ဆေးတက္ကသိုလ် တက်စေတယ်။ ဆေးကျောင်းမှာ တဖုန်းဖုန်းကျတော့ အဖေဖြစ်သူက “မင်းကို အသုံးမကျလို့ ဆေးကျောင်းပို့ပါတယ်။ ဒါလည်း အသုံးမကျဘူး ထွမ်” လို့ပြောတယ်။
နောက် ဆေးကျောင်းသား တယောက်ကျ အမေဖြစ်သူက ဆေးတက္ကသိုလ်က ဆရာသူငယ်ချင်းထံ လာအပ်တယ်။ ဒီကလေးက မျက်လွှာအောက်ချပြီး ပြောဆိုဆက်ဆံတယ်။
ဆရာက စဉ်းစားတယ်။ သူသာ ဆရာဝန်ဖြစ်ရင် လူနာမျက်နှာ မကြည့်ဘဲ ဘယ်လိုကုမလဲ။ ကျောင်းမှာလည်း ပထမနှစ်ပဲ အောင်တယ်။
တဖုန်းဖုန်းကျပြန်တာပဲ။ ဆရာသူငယ်ချင်းက “သူငယ်ချင်း မင်းသား ဆေးကျောင်းထားလို့ အဆင်မပြေလောက်ဘူး။ အချိန်ရှိတုန်း တခြားလိုင်းတခုခု ပြောင်းထားပါလား”
“အမယ်လေးဟယ် ဘယ်မှာမှ အဆင်မပြေလို့ ဆေးကျောင်းထားထားတာ”
ဆရာသူငယ်ချင်း ရှော့ခ် အကြီးကြီး ရသွားတယ်။
အဲ့ဒီကနေ ၁၀ နှစ်ကျော်ကြာတော့ စစ်အာဏာရူးတယောက်က တိုင်းပြည်အာဏာကို လုယူတယ်။
အရူးခေါ်တဲ့ ဆေးတက္ကသိုလ် တက်မယ့်သူ မရှိတော့ ပေမမီ ဒေါက်မမီတွေကိုပါ ဆေးကျောင်းတက်ခွင့်ပေးတယ်။
ကာတွန်းတကွက် ထွက်လာတယ်။ လူနာက သူ့ကို ကုမယ့် ဆရာဝန်ကို ဘယ်နှစ်က ဆေးကျောင်းပြီးတာလဲလို့ မေးတဲ့ကာတွန်း။
ရယ်စရာ မဟုတ်၊ မောစရာပါ။
သွေး ဘယ်လိုတိုး
သွေးတိုးစရာတွေ အလွန်ပေါတဲ့ မြန်မာပြည်မှာ သွေး ဘယ်လိုတိုးဆိုတာ ပြောရမှာ အားနာပါတယ်လေ။
စားသောက်နေထိုင်မှုပုံစံတွေ အလွန်ပြောင်းတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကို မီသူတိုင်း သွေးတိုးရောဂါ ရကြသည်လို့ ဆိုရမလားပဲ။
သွေးတိုးရောဂါ ရှိ၊ မရှိကို ဆရာဝန်တွေက လွယ်လွယ် မဆုံးဖြတ်တတ်ကြပါဘူး။ လူတယောက် မသေမချင်း ဆေးသောက်သွားရမယ့်ရောဂါ မဟုတ်လား။
ကိုယ်တိုင်ကြုံတော့ ကြည့်ပေးတဲ့ ရခိုင်သားဆရာဝန်က သွေးနဲ့ဆိုင်တာ သုံးခါလောက်စစ်ခိုင်း။ သုံးခါလောက် အမျိုးမျိုး စမ်းသပ်ကြည့်ပြီးမှ သွေးတိုးရောဂါရှိနေပြီလို့ ဆုံးဖြတ်ပေးတယ်။
ဆေးပုံမှန်သောက် လမ်းလည်းလျှောက်ဖို့ အကြံပေးတယ်။ သွေးတိုးဆိုတဲ့အမျိုးက အချိန်တန်တော့ သူ့လက်တွဲဖော် ဆီးချိုကို ခေါ်လာတယ်။
ရောဂါမောင်နှံဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချိုဆိုတာက ပင်တိုင်ဆရာဝန်တယောက်နဲ့ပြပြီး ဆေးကုသမှုခံယူရတာ ဆိုတော့ သွေးတိုင်းတာ ဆီးချိုစစ်တာတွေက လူနာနဲ့ ယဉ်ပါးလာတယ်။
အခုခေတ်က ဒစ်ဂျစ်တယ်စက်လေးတွေ ဝယ်ထားပြီး အိမ်မှာ တိုင်းလို့ရတော့ တလတကြိမ် ဒါမှမဟုတ် ကိုယ့်ဘာသာ မသင်္ကကာတဲ့အခါတိုင်း တိုင်းဖြစ်တယ်။
ဆရာဝန်သွားပြချိန်ဆိုရင်တော့ ဆေးခန်းက ထိုင်လျက်တခါ လှဲလျက်တခါ နှစ်ခါတိုင်းတယ်။ ထိုင်ပြီး သွေးပေါင်ချိန်တိုင်းတာနဲ့ လှဲပြီးတိုင်းတာ မတူဘူးဆိုပဲ။
ပညာတွေလည်းရပါရဲ့။
ဆေးလောကမှာ white coat effect ဆိုတာရှိတယ်။ ဂျုတီကုတ်ကြီးဝတ်ထားတဲ့ ဆရာဝန်ကြီး သွေးတိုင်းရင် ပိုတက်တယ်။
သွေးတိုးသမား ၁၀၀ မှာ ၄၀ လောက်ဟာ ဆရာဝန်ကြီး သွေးတိုင်းရင် အပေါ်၊ အောက် ၂၀/၁၀ လောက် ပိုတက်ပါသတဲ့။
ဒါကြောင့်ဖြစ်မယ်။ အခုနောက်ပိုင်း ဆေးရုံဆေးခန်းတွေမှာ သူနာပြုအကူတွေကပဲ သွေးတိုင်းကြတော့တယ်။
သွေးပေါင်ချိန်ကို တက်စေတဲ့ ကိစ္စတွေကများတယ်။ နေ့စဉ် စားတာသောက်တာ၊ လမ်းလျှောက်တာ၊ အဝတ်လဲတာကအစ အပေါ်၊ အောက် သွေး ၁၀ ကျော်ကျော် တက်စေတယ်။
အစည်းအဝေးတက်ရင် အပေါ်၊ အောက်သွေး ၂၀/၁၅ တိုးတယ်။ သွေးတိုးသမားများတာ မဆန်းပေဘူး။
စကားစကား ပြောပါများတာကလည်း အပေါ်သွေး ၂၀ ခန့်။ အောက်သွေး ၁၀ ကျော်ကျော် တက်တယ်။ အာလူး သိပ်မပေးနဲ့။
ဆီးချုပ်ဝမ်းချုပ်ရင် အပေါ်သွေး ၃၀ နီးနီး။ အောက်သွေး ၂၀ ကျော်ကျော် တက်စေပြီး ညှစ်အားသုံးရရင်လည်း အပေါ်၊ အောက် ၂၀/၁၅ အထိ တိုးစေတယ်။
နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ သတိထားစား။
လူက ပုံမှန်အနေအထား ရှိနေရင်တောင် မနက်၊ နေ့လည်၊ ညနေ သွေးပေါင်ချိန်က မတူဘူး။
အရေးကြီးတာတခုက ဆေးခန်းသွားပြရင် သွေးတိုးသမားက အနွေးထည် အင်္ကျီလက်ရှည် ဝတ်မသွားသင့်ပါ။
အင်္ကျီလက် တွန်းတင်ပြီး တိုင်းရင် အပေါ်၊ အောက် ၅၀ လောက်အထိ တက်နေတတ်ပါတယ်။
ဆရာဝန်တွေ ရေးပြပြောပြတဲ့ထဲ မပါပေမယ့် တယောက်ယောက်ကို တချိန်လုံး ထိုင်ဆဲနေရင်လည်း သွေးတိုးမယ်ထင်တယ်။
အိုဘယ့် ဆရာဝန်လား၊ အိုပယ် ဆရာဝန်လား
ဆရာဝန်တွေ ပင်စင်ယူပြီးရင် ဆေးမကုရလို့ သတ်မှတ်ချက်မရှိ။ မြန်မာမှာဆို သမားဆိုအိုမှ ဆိုတာတောင်ရှိသေး။ သို့သော် အသက် ၇၀ တန်း ဆရာဝန်ဆို အနည်းဆုံး မေ့တာတော့ရှိမယ်။
ဒေါက်တာ အောင်ကြီးထက် အသက်နည်းနည်းပိုကြီးတဲ့ သူငယ်ချင်းဆရာဝန် မေ့လွန်းအားကြီးနေလို့ ဇနီးဖြစ်သူက သူ့ဆီအတင်းခေါ်လာပြီး ပြတယ်။ “ဒီအသက်အရွယ် ရောက်မှတော့ မေ့တာဘာမှ မဆန်းပါဘူးဗျာ၊ ကျနော်လည်း အရင်ထက် မေ့မေ့လာတယ် ဟု သူ့ကို အားပေးသလို ပြောလိုက်သည်။ ဒါက သူ့ဦးနှောက် ကွန်ပြူတာဓာတ်မှန် မမြင်ရခင် ပြောလိုက်မိတာ။ သူ့ဓာတ်မှန်ကြည့်လိုက်မိတော့ ကျနော် ကြက်သေသေသွားသည်။ ကျနော့်အပြုံး ပျောက်မသွားအောင် အတော်ကြိုးစား ထိန်းလိုက်ရသည်။ ဓာတ်မှန်ထဲမြင်ရတဲ့ သူ့ ဦးနှောက်က မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကျုံ့နေလေပြီကော။ ပြဿနာက သူက အခုထက်ထိ ဆေးခန်းဖွင့်ဆေးကုနေတာ”။
၂၀၁၄ ခုနှစ်က ဒေါက်တာ အောင်ကြီး ရေးထားတဲ့ ဆောင်းပါးအရ အဲ့ဒီကတည်းက အမေရိကန်မှာ ဆရာဝန်တွေအားလုံး အသက်ရလာရင် မဖြစ်မနေ ဆေးစစ်ရမယ်ဆိုတဲ့ ပေါ်လစီချပြီး စစ်နေပြီ။ အသက်ကန့်သတ်ချက်က တချို့ပြည်နယ်တွေမှာ ၇၀။ တချို့ပြည်နယ်တွေမှာ ၇၅ နှစ်။
ဆေးဆက်ကုချင်သေးသပါ့ဆိုရင် ဒီလမ်းဖြတ်ပြီး အောင်မှ။ တချို့ အမေရိကန် ဆရာဝန်အိုကြီးတွေ အဲ့ဒီအချိန်ကစ နားသွားကြ။
“သမားဆိုအိုမှ ဆိုသော်ငြား သိပ်အိုမင်းသည့် သမားတော်တွေက လူနာအတွက် စိတ်ချလုံခြုံမှု ပေးနိုင်ပါရဲ့လား”
ဆက်တွေးချင်စရာ။ ဆရာဝန်တွေ ဆေးကုတာ ဘယ်အချိန်နားမလဲ။ ရန်ကုန်က လူနာတယောက်လျှင် ငါးမိနစ်နှုန်း ကြည့်တတ်သူ အထူးကုဆရာဝန် ဆိုသူများကတော့ နားဖို့ရာဆိုရင် ဝါခေါင်တောင်မှ ဝါဆိုနားတွင် ထားလိုက်ချင်လို့ ဆိုလေမလားပဲ။
နာဂသိန်းလှိုင်လို အလေးပြုရမယ့်ဆရာဝန်တွေလည်း မြန်မာပြည်မှာ ရှိပါသေးတယ်။ ကျန်းမာရေးစီမံချက်တွေ၊ စီမံကိန်းတွေ ပြည့်မီအောင် နေ့နေ့ညည တကုပ်ကုပ်လုပ်နေကြတဲ့ ဆရာဝန်တွေ၊ ရှိစုမဲ့စု ပစ္စည်းကိရိယာတွေသုံးပြီး တတ်သရွေ့မှတ်သရွေ့ ကြိုးစားခွဲစိတ်ကုသပေးနေတဲ့ ဆရာဝန်ကြီး ငယ်တွေ၊ ကိုယ့်ခေါင်းကိုအပေါင်ထားပြီး သစ်တပင်အောက်မှာ လည်ပင်းကြီးရောဂါ ခွဲစိတ်ခဲ့တဲ့ ဆရာဝန်တွေ၊ ဘဝတခုလုံးကို ဓာတ်ခွဲခန်းထဲမြှုပ်နှံထားတဲ့ ဆရာဝန်တွေ။ ကိုဗစ်နိုင်တင်း ကူးစက်ပိုးကို အမှုမထားဘဲ ရဲရဲဝံ့ဝံ့ တိုက်ခဲ့တဲ့ ဆရာဝန်တွေ။
“နွေဦး တဲ့
ကျနော် မဖွဲ့တတ်ခဲ့ပေါ့
ခြေစုံရပ် ရိုကျိုးခဲ့ပါတယ်။”
(ခင်ဇော်မြင့်)
ဒေါက်တာ အောင်ကြီးရဲ့ “ကဗျာလူ၊ စာလူ၊ ရောင်စုံလူ၊ အဖြူရောင်လူ” စာအုပ်ကို ငါတို့စာပေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ ပထမအကြိမ် ထုတ်ဝေဖြန့်ချိတယ်။ စာအုပ်တန်ဖိုးက ကျပ် ၁၅,၀၀၀ ပါ။၂၀၂၂ ခုနှစ်ထဲ ထွက်သမျှစာအုပ်တွေက ကြမ်းခင်းဈေး အနည်းဆုံး ကျပ် ၅,၀၀၀၊ ၆,၀၀၀။
You may also like these stories:
စာပေသူပုန်ကြီး သခင်ကိုယ်တော်မှိုင်း
ကော်ပီသီချင်းသက် နှစ် ၉ဝ နှင့် ကော်ပီသီချင်းအစ ‘ရွှေနှင်းဆီ’ က