ဆောင်းပါး

UWSA ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဘာထူးလဲ

မြန်မာနိုင်ငံတွင် အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)တွင် ခေါင်းဆောင်ပိုင်း ရာထူးများ၌ လူပုဂ္ဂိုလ် အပြောင်းအလဲ ပြုလုပ်ထားသည်။

လူပုဂ္ဂိုလ် အပြောင်းအလဲကို ဩဂုတ်လထဲမှာပင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက UWSA တွင် ခေါင်းဆောင်ပိုင်း ရာထူးများ၌ လူ အပြောင်းအလဲများ ပြုလုပ်ထားကြောင်း ဧရာဝတီသို့ အတည်ပြုသည်။

၎င်းက “မှန်ပါတယ်။ ပြောင်းနေကြပါ။ အသစ်တက်လာတဲ့အထဲမှာ လူလတ်ပိုင်း ခေါင်းဆောင်အတော် များများပါတယ်ဆိုတာ ဟုတ်ပါတယ်”ဟု ဆိုသည်။ သို့သော် မည်သည့် လူပုဂ္ဂိုလ်များကို မည်သည့်ရာထူးသို့ တိုးမြှင့်လိုက်သည်နှင့် ပတ်သက်၍မူ ဦးညီရန်းက ဆက်လက် ပြောဆိုခြင်း မရှိပေ။

စစ်အင်အား ၃ သောင်းကျော် ရှိသည့် ‘ဝ’ တပ်ဖွဲ့တွင် မည်သည့် ရာထူးများ၌ လူအပြောင်းအလဲဖြစ်သွားသည်ဆိုသည့် အချက်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

ဘယ်သူတွေနားပြီး ဘယ်သူတွေတက်လာသလဲ

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များအရ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအဝင် UWSA နှင့် ဝ ပြည်နယ် ပြည်သူ့အစိုးရတို့တွင် အသက်အရွယ်ကြီးလာသည့် လူကြီး ၁၄ ဦးကို အနားပေးလိုက်ကြောင်း သိရသည်။

အနားပေးလိုက်သည့် လူကြီးများနေရာတွင် အသက် ၄၀ ကျော်၊ ၅၀ တန်း လူလတ်ပိုင်း ၂၅ ဦးကို အစားထိုးလိုက်ခြင်း ဖြစ် ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

UWSA နှစ် ၃၀ ပြည့် စစ်ရေးပြပွဲတွင် တွေ့ရသော ဝ တပ်သားများ/ဧရာဝတီ

ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ‘ဝ’ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ဗကပ ထံမှ အာဏာသိမ်းယူပြီးနောက် ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (United Wa State Party -UWSP) ကို ထူ ထောင်ကာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

၎င်းတို့ထိန်းချုပ်ထားသည့် ‘ဝ’ ဒေသကို `ဝ’ ပြည်နယ်အဖြစ် သတ်မှတ်ခေါ်ဝေါ်ပြီး ယင်းနယ်မြေကို ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) က နိုင်ငံရေးအရ ဦးဆောင်သည်။

ဝ မြောက်ပိုင်းနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ‘ဝ’ တောင်ပိုင်း ၁၇၁ စစ်ဒေသကို အုပ်ချုပ်နေသောအဖွဲ့မှာ ဝ ပြည်နယ် ပြည်သူ့ အစိုးရဖြစ်ပြီး ကာကွယ်ရေးတပ်မှာ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဖြစ်သည်။

ခေါင်းဆောင်ပိုင်း လူပုဂ္ဂိုလ် အပြောင်းအလဲကို UWSP အပါအဝင် ‘ဝ’ ပြည်နယ်ပြည်သူ့အစိုးရနှင့် UWSA တို့၌ပါ အပြောင်းအလဲ ပြုလုပ်ထားခြင်းဖြစ်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

အဓိက အပြောင်းအလဲမှာ UWSP တွင် လက်ရှိ ဥက္ကဌ ဦးပေါက်ယူချန်း၏ သားဖြစ်သူ ဦးပေါက်အိုက်ခမ်းကို အတွင်းရေးမှူး ရာထူး တိုးပေးလိုက်ခြင်းဖြစ်ပြီး UWSA တွင်တူ ဖြစ်သည့် ဦးပေါက်အိုက်ချန်ကို ဒုတိယ ဒုတပ်မှူးကြီးအဖြစ် ရာထူး တိုးပေးလိုက်ခြင်း ဖြစ်သည်။

ဦးပေါက်အိုက်ခမ်းသည် ‘ဝ’ မြောက်ပိုင်းရှိ မိုင်းပေါက်ဒေသ အခြေစိုက် တပ်မဟာ ၄၆၈ ၏ တပ်မဟာမှူး ရာထူးမှ UWSP အတွင်းရေးမှူး ဖြစ်လာခြင်းဖြစ်ပြီး ဦးပေါက်အိုက်ချန်သည် မိုင်းမောဒေသအခြေစိုက် တပ်မဟာ ၃၁၈ တပ်မဟာမှူးနှင့် UWSA ဒုစစ်ဦးစီးချုပ် ရာထူးမှ ဒုတိယ ဒုတပ်မှူးကြီးအဖြစ် ရာထူးတက်လာခြင်း ဖြစ်သည်။

ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက “UWSA ရဲ့ ဖွဲ့စည်းပုံအရ UWSA မှာ အမြင့်ဆုံးက တပ်မှူးကြီးရှိတယ်။ တပ်မှူးကြီးကတော့ ပေါက်ယူချန်းပေါ့။ ဒုတပ်မှူးကြီးရှိတယ်။ ဒုတပ်မှူးကြီးက ကျောက်ကျုံးတန်းပေါ့။ သူက ဒုတပ်မှူးကြီးနဲ့ စစ်ဦးစီးချုပ် တာဝန်ယူတယ်။ အဲဒီစစ်ဦးစီးချုပ်အောက်မှာမှ ဒုစစ်ဦးစီးချုပ်တွေက ၆ ယောက် ၇ ယောက်လောက် ရှိတယ်။ အဲဒီ ဒုစစ်ဦးစီးချုပ်တွေထဲက ပေါက်အိုက်ချန်ဆိုတာကို ဒုတပ်မှူးကြီး အဖြစ် တင်လိုက်တယ်။ ဆိုလိုတာက ပေါက်ယူချန်းတို့ ကျောက်ကျုံးတန်းတို့က အသက်ကြီးလာတယ်။ ၇၀ ကျော်တန်းတွေဖြစ်လာတဲ့ အခါမှာ သူတို့နေရာမှာ အစားထိုးတဲ့ လူငယ် တယောက်ကို ထပ်ရွေးတင်လိုက်တာပေါ့”ဟု ဆိုသည်။

ယင်းအပြင် UWSP ၌ အရေးကြီးသည့် ဌာနတခုဖြစ်သည့် နိုင်ငံရေးဌာနကြီး၌ UWSA ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဦး ကျောက်ညီလိုင်၏ သား ဦးကျောက်အိုက်နပ်လိုင်ကို ဌာနကြီးမှူးအဖြစ် ရာထူးတိုးပေးလိုက်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

အနားယူသွားသူများမှာ ဦးပေါက်ယူချန်း၏ အကိုဖြစ်သူ ဦးပေါက်ယိုရိနှင့် ‘ဝ’ တောင်ပိုင်း ၁၇၁ စစ်ဒေသ၏ တပ်မှူးဖြစ်သူ ဦးဝေရှောက်ကမ်း၏ညီ ဦးဝေရှောက်ရီတို့ အနားယူသွားခြင်းဖြစ်သည်။

ဦးပေါက်ယိုရိသည် UWSA တွင် အတွင်းရေးမှူးရာထူးဖြင့် နောက်ဆုံးတာဝန်ယူခဲ့ပြီး ဝ တောင်ပိုင်း ၁၇၁ စစ်ဒေသတွင် နိုင်ငံရေးမှူးအဖြစ်တာဝန်ယူခဲ့သလို ဦးဝေရှောက်ရီသည် ၁၇၁ စစ်ဒေသ၏ ဒုတပ်မှူးအဖြစ်မှ အနားယူလိုက်ခြင်း ဖြစ်သည်။

ဦးပေါက်ယိုရိသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က နေပြည်တော်တွင် ငြိမ်းချမ်းရေးညီလာခံ တက်ရောက်လာစဉ် ရုတ်တရက် နေမကောင်းသဖြင့် ဆေးကုသမှု ခံယူခဲ့သည့်အခါ လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားဖြည့် ငှက်သိုက်ရည်များ လာရောက်ပေးအပ်ခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

‘ဝ’ လက်နက်ကိုင်အဖွဲ့တွင် ရာထူးတက်လာသည့် လူလတ်ပိုင်း ခေါင်းဆောင်များထဲတွင် ဗမာစကားနှင့် တရုတ်စကားကို ကျင်လည်စွာ ပြောဆိုတတ်သူ များပြားပြီး တပ်ပိုင်းနှင့် အုပ်ချုပ်ရေးပိုင်းတွင် အတွေ့အကြုံရှိသည့် ပညာတတ်များ ပါဝင် ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

ပြည်တွင်း အခြေစိုက် အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသူ တဦးကလည်း ‘ဝ’ ခေါင်းဆောင်များသည် အသက်အရွယ်ကြီးရင့်လာပြီ ဖြစ်သဖြင့် ၎င်းတို့၏ နေရာကို ဆက်ခံရန် လူလတ်ပိုင်းမျိုးဆက်ကို ရာထူးတာဝန်များ လွှဲပြောင်းပေးခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

၎င်းက “အသက်ကြီးသွားတဲ့ လူတွေ နားလိုက်တဲ့ သဘောပါပဲ။ ပြစ်ချက်ရှိလို့ ဘာလို့ညာလို့ နားတာမျိုး မဟုတ်ဘူး။ အသက် ၇၀ ကျော်တန်းတွေထဲက ကျန်းမာရေး မကောင်းတဲ့ သူတွေနားသွားတာပါ။ တနည်းပြောရရင် အခုက UWSP နဲ့ UWSA ကို ဆက်ခံမယ့် ခေါင်းဆောင်တွေနဲ့ အားဖြည့်လိုက်တဲ့ သဘောပေါ့”ဟု ဆိုသည်။

ဦးပေါက်ယိုရိကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားဖြည့် ငှက်သိုက်ရည်များ လာရောက်တိုက်ကျွေးစဉ်

ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းကလည်း UWSA ခေါင်းဆောင်များသည် လူငယ်များကို နေရာပေးရမည်ကို သိမြင်လာသဖြင့် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“ခေါင်းဆောင်ပိုင်းတွေ အိုလာတဲ့အခါမှာ လူလတ်ပိုင်းတွေကို နေရာမပေးရင် လူအိုတွေဘဲ အုပ်ချုပ်သလို ဖြစ်နေမှာပေါ့။ အဲဒါက ဗကပ ခေတ်မှာလည်း သူတို့ကိုယ်တိုင် ခံစားရဘူးတယ်။ ဗကပ ခေတ်တုန်းကလည်း ခေါင်းဆောင်ပိုင်းတွေက အသက်ကြီးပြီးတော့ လူငယ်တွေကို နေရာမပေးနိုင်ဘူးပေါ့။ တရုတ်ခေါင်းဆောင်တွေရဲ့ အတွေ့အကြုံတွေလည်း သူတို့ ယူတာဖြစ်မှာပေါ့။ ဦးပေါက်ယူချန်းတို့က ဗကပ ဆီက အာဏာယူပြီးတဲ့နောက်မှာ သူတို့ပဲ အုပ်ချုပ်တာဆိုတော့ နှစ် ပေါင်းက မနည်းတော့ဘူး။ အခုချိန်မှာ ခေါင်းဆောင်ပိုင်းကို လူငယ်တွေထည့်ရမယ်ဆိုတာ သူတို့နားလည်လို့ လုပ်တာပေါ့”ဟု ဆိုသည်။

လူ ပြောင်းထားသည့် UWSA ဘယ်လိုဖြစ်မလဲ

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးကမူ ‘ဝ’ လက်နက်ကိုင်အဖွဲ့တွင် ခေါင်းဆောင်ပိုင်းရာထူး၌ လူအပြောင်းအလဲ ပြုလုပ်ထားသော်လည်း အဖွဲ့၏ မူဝါဒသည် အပြောင်းအလဲ သိပ်မရှိနိုင်ကြောင်း သုံးသပ်သည်။

အဘယ်ကြောင့်ဆိုသော် ဝ ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဥက္ကဌ ဦးပေါက်ယိုချမ်း ၊ ဒုတပ်မှူးကြီးဖြစ်သည့် ဦး ကျောက်ကျုံးတန်း ၊ ဒုဥက္ကဌဖြစ်သည့် ဦးရှောင်မင်လျံ ၊ ဒုဥက္ကဌ ဦးကျောက်ကော်အန်းနှင့် ၁၇၁ စစ်ဒေသ တပ်မှူး ဦး ဝေရှောက်ကမ်းတို့မှာ အနားမယူသေးဘဲ လက်ရှိရာထူး၌ပင် ဆက်လက်တာဝန်ယူနေသောကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာ သတဦးက ပြောသည်။

“ဒီလူကြီးတွေ ဆက်ရှိနေသေးတဲ့အတွက် မူဝါဒအပြောင်းအလဲကတော့ ချက်ချင်းကြီး မြင်ရဦးမှာမဟုတ်သေးဘူး။ လူကြီးတွေ ချထားတဲ့ မူဝါဒအတိုင်းပဲ ဆက်လုပ်ကြမှာပါ၊ ဒါပေမယ့် EAO တွေနဲ့ ဆက်ဆံရေးမှာတော့ လူငယ်တွေ စဉ်းစားတာဖြစ်တဲ့အတွက် နောက်ပိုင်းခေါင်းဆောင်တွေဟာ စဉ်းစားမှုအသစ်တွေနဲ့ လုပ်နည်းလုပ်ဟန်အသစ်တွေ တွေ့ရနိုင်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ အခြေအနေအရ စစ်မျက်နှာ များစွာ မဖွင့်လိုသော စစ်ကောင်စီဘက်တွင်လည်း ‘ဝ’ နှင့် ပတ်သက်၍ ဝှက်ဖဲ တချပ် ရှိနေပြီး ၎င်းမှာ ပြည်နယ်လိုချင်သော ‘ဝ’ကို အနာဂတ်တွင် ‘ဝ’ ဘက်မှ တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားပေးမည် ဆိုသည့် အချက်တခုပင် ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေးတွင် ‘ဝ’ တပ်ဖွဲ့သည့် ၂၀၂၂ ခုနှစ်မေလက ကြေညာထားသည့် ၎င်းတို့၏ ထုတ်ပြန်ချက် အတိုင်းသာ ဆက်လက်ရပ်တည်သွားနိုင်သည်။

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌနှင့် တွေ့ဆုံမှုအပြီး ထုတ်ပြန်သည့် UWSP ၏ မေလ ၃၁ ရက် ထုတ်ပြန်ချက်တွင် မြန်မာ နိုင်ငံ၌ မည်သည့် အစိုးရ အုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ ပြည်တွင်းရေးသာဖြစ်သဖြင့် ပဋိပက္ခ ပိုမိုမဖြစ် စေလိုသောကြောင့် မည်သည့်ဘက်ကမှ ပါဝင်မည် မဟုတ်ကြောင်း ဆိုထားသည်။

UWSA နှစ် ၃၀ ပြည့် စစ်ရေးပြပွဲတွင် တွေ့ရသော ဝ တပ်ဖွဲ့/ဧရာဝတီ

မည့်သည့်ဘက်မှ ပါမည် မဟုတ်ဆိုသည်မှာ စစ်ကောင်စီအတွက် အကြိုက်ဖြစ်ခဲ့ပြီး အခြား အဖွဲ့များ ဖြစ်သည့် KIA ၊ KNU တို့ကဲ့သို့ NUG လက်အောက်ခံ အဖွဲ့များကို ‘ဝ’ ဘက်က ဝင်ရောက်ကူညီပေးမည်ကို စစ်တပ်ဘက်က အစောပိုင်းတွင် စိုးရိမ်မှုများ ရှိခဲ့သည်။

ပဋိပက္ခအတွင်း တန်ဖိုးရှိသော အသက်ပေါင်းများစွာ ဆုံးရှုံးနေသောကြောင့် လူမှုအသိုင်းအဝိုင်းနှင့် လူမျိုးစုများ ကွဲပြား ခြင်း၊ အမုန်းတရားများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခြင်းမှ ရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှုများမှ တဆင့် အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်းကြောင်း UWSP ဘက်က ဆိုထားသည်။

ယင်းအပြင် ၎င်းတို့အနေနှင့် နိုင်ငံတော်အားပြိုကွဲစေခြင်းနှင့် ခွဲထွက်ခြင်းကို လုံးဝလုပ်ဆောင်မည်မဟုတ်ဘဲ နိုင်ငံတော် ကာကွယ်ရေးနှင့် သံတမန်ရေးရာကိစ္စမှလွဲ၍ ၎င်းတို့ဒေသကို ၎င်းတို့ဘာသာ စီမံအုပ်ချုပ်ဖြစ်ကြောင်း ကြေညာထားသည်။

ဦးရဲထွန်းကလည်း ဝ လက်နက်ကိုင်တပ်ဖွဲ့သည့် ၎င်းတို့ ထုတ်ပြန်ထားသည့် ကြေညာချက်အတိုင်းသာ ရပ်တည်နိုင်ပြီး တရုတ်နိုင်ငံကဲ့သို့ တနိုင်ငံ စနစ် ၂ မျိုးပုံစံကိုသာ ဆက်လက် ရပ်တည်တောင်း ဆိုသွားနိုင်ကြောင်း ပြောသည်။

“UWSA က ဖက်ဒရယ်တွေ ၊ ကွန်ဖက်ဒရယ်တွေ နာမည်တပ်ပြောထားတာတော့ မဟုတ်ဘူး။ သူတို့လိုချင်တာကို ရိုးရိုးရှင်းရှင်းပဲ ပြောထားတာ။ သူတို့လိုချင်တာတွေ မပေးနိုင်သေးရင်လည်း ပဋိပက္ခတွေ ဆက်မဖြစ်ချင်ဘူးလို့ ပြောထားတယ်။ EAO တွေနဲ့ ဆက်ဆံရေးကတော့ ကျနော်လေ့လာမိသလောက် UWSA ဟာ တခြားအဖွဲ့အစည်း တွေအပေါ်မှာတော့ သိပ်ဆရာလုပ်တာ မရှိဘူး”ဟု မှတ်ချက်ပေးသည်။

UWSA တွင် လူကြီးများကို အနားပေးပြီး လူလတ်ပိုင်းခေါင်းဆောင်အချို့ကို နေရာပေးခြင်းသည် ပုံမှန်လုပ်နေကျသာ ဖြစ်ပြီး မည်သူခေါင်းဆောင်ဖြစ်သည် ဆိုသည့် အချက်ထက် အသစ်တက်လာသည့် ခေါင်းဆောင်က မည်ကဲ့သို့ ဦး ဆောင်မှု ပေးမည်ဆိုသည်မှာ ပိုအရေးကြီးကြောင်း ‘ဝ’ ဒေသ အပြင်ဘက် မြန်မာနိုင်ငံ တနေရာတွင် နေထိုင်သည့် ‘ဝ’ လူငယ်တဦးက ပြောသည်။

“နိုင်ငံရေးပိုင်းကတော့ ပြည်သူတွေကို အမြင်ကျယ်စေပြီး ရုပ်ပိုင်းဆိုင်ရာထက် ပညာပိုင်းဆိုင်ရာ အတွေးခေါ် ပိုင်းဆိုင်ရာကို ပိုပြီးအထောက်အပံ့ဖြစ်စေနိုင်တဲ့ နိုင်ငံရေးဦးတည်ချက်ကိုသွားဖို့ လိုနေသေးတယ်လို့မြင်ပါတယ်။ စီးပွားရေးကတော့ တော်တော်လိုအပ်နေပါသေးတယ်။ လူကြီးပိုင်းတွေနဲ့ သူတို့နဲ့ပတ်သက် စပ်ဆက်တဲ့ Business တွေပဲ ရှိပါတယ်။ ‘ဝ’ ပြည်အတွင်းမှာပေါ့။ ‘ဝ’ ပြည်သူတွေကတော့ သူတို့တတ်နိုင်တဲ့ တနိုင်တပိုင်အလုပ်တွေပဲ လုပ်နေကြရတာ” ဟု ၎င်းက မှတ်ချက်ပေးသည်။

You may also like these stories:

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်

ကေအိုင်အေနှင့် နွေဦးတော်လှန်ရေး

အညာသားတွေပါ စစ်တပ်ကို တော်လှန်နေကြတယ်

ဗမာတွေနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်

တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ

Loading