“အစ်မ … အစ်မ ခဏလေးဗျ။ အထဲမဝင်နဲ့ဦး။ ဘကြီးမှာ ပုဆိုးမရှိဘူး။ ကျနော်တို့ ဝတ်ပေးလိုက်ဦးမယ်။”
လက်ထဲက ဆန်တပြည်အိတ်နှင့် ကြက်ဥတကတ်ကို ကိုင်ကာ၊ ကျဉ်းမြောင်းလှသော လမ်းကျဉ်းလေးထဲက အတွဲလိုက်ဆက်နေသော ‘အိမ်’ အမည်ခံ အခန်းမြည်ကာမတ္တလေး ရှေ့မှာ ရပ်နေရင်း စောင့်ရသည်။
ကျမတို့ သူငယ်ချင်းတွေ လကုန်တိုင်း နိုင်သလောက်စုပြီး လိုအပ်ရာရာ ပစ္စည်းလေးတွေကို နေရာအနှံ့ လှူဒါန်းခဲ့ကြသည်မှာ တနှစ်တောင်ကျော်ခဲ့ပါပေါ့။
ဒီတခါလည်း ကျူးကျော်ရပ်ကွက်တခုက နွမ်းပါးမိသားစုတွေကို တအိမ်ထောင် ဆန်တပြည်နှင့် ကြက်ဥတကတ်စီ လာဝေကြခြင်း ဖြစ်သည်။
အနှီရပ်ကွက်အကြောင်းကို ကျမတို့ မသိကြ။ သို့နှင့် ရပ်ကွက်က စေတနာရှင် လူငယ်များစုပြီး ဖွဲ့စည်းထားသော လူမှုကူညီရေးအသင်းလေးကို အကူအညီတောင်းရသည်။
သူတို့ရပ်ကွက်အကြောင်း သူတို့အသိဆုံးဖြစ်ရကား ဘယ်နေရာက၊ ဘယ်နားမှာ၊ ဘယ်သူတွေ လိုအပ်ဆုံးလဲ သူတို့ ညွှန်းနိုင်ကြပေသည်။
ကျမတို့ကတော့ သူတို့ ညွှန်သမျှ၊ ဦးဆောင်သွားသမျှ အိမ်ပေါက်စေ့ကို လိုက်ဝေရလေသည်။
အိမ်ဆိုသော်လည်း တာရပတ်မိုးပြီး တာရပတ်ကာထားသော မြည်ကာမတ္တ အိမ်များသာတည်း။
အခုဝေသောအိမ်က အိမ်ထောင်ဦးစီး အမျိုးသမီးလေးမှာ အထည်ချုပ်သွားနေသည်။ မိခင်ရော ဖခင်ပါ လေဖြတ်ထားသည်။ မိခင်က အိပ်ယာပေါ်မှာ ပက်လက်။ မလှုပ်နိုင်။ သို့သော် သတိကပ်နိုင်၊ စကားပြောနိုင်သေးသည်။
အခုဝေသောအိမ်က အိမ်ထောင်ဦးစီး အမျိုးသမီးလေးမှာ အထည်ချုပ်သွားနေသည်။ မိခင်ရော ဖခင်ပါ လေဖြတ်ထားသည်။ မိခင်က အိပ်ယာပေါ်မှာ ပက်လက်။ မလှုပ်နိုင်။ သို့သော် သတိကပ်နိုင်၊ စကားပြောနိုင်သေးသည်။
ထိုင်နိုင်သော ဖခင်ဖြစ်သူက လေဖြတ်ပြီး အာရုံကြောကို ပြင်းပြင်းထန်ထန် ထိခိုက်ထားဟန်တူသည်။ ကိုယ်ခန္ဓာက အနည်းငယ်မျှ လှုပ်နိုင်သော်လည်း သတိမကပ်တော့။
ပုဆိုးတခြား၊ လူတခြားဖြစ်နေသဖြင့် လူမှုရေးအသင်းက ကလေးတွေက သူတို့ကိုယ်တိုင် ပုဆိုးစည်းပေးပြီးမှ ကျမကို ဝင်ခိုင်းခြင်း ဖြစ်သည်။
အိပ်ယာပေါ်က ပက်လက် လူမမာက ကျမကို ယဲ့ယဲ့ပြုံးပြလျက် ကျေးဇူးတင်ပါတယ်ဟု ပြောသည်။
ထိုင်နေသော သူမ ခင်ပွန်းကမူ အဓိပ္ပာယ်မဲ့ အကြည့်ဖြင့် ဝင်လာသမျှလူတွေကို ကြည့်နေလေသည်။
သူ့ပတ်ဝန်းကျင်တွင် ထမင်းလုံးများ ပွစာကြဲလျက်။ သမီးဖြစ်သူ စက်ရုံမသွားခင် ထည့်သွားသော စတီးဇလုံအပိန်လေးထဲက ထမင်းကို သူ့ဖာသာ ခပ်စားရဟန်တူသည်။ ဖိတ်တဝက်၊ စင်တဝက်။
အထည်ချုပ်က ရသမျှလေးနှင့် လူမမာ မိဘနှစ်ပါးကို ကျွေးမွေးစောင့်ရှောက်ရသည်မှာ လွယ်သည့်အလုပ် မဟုတ်ချေ။
အထည်ချုပ်က ရသမျှလေးနှင့် လူမမာ မိဘနှစ်ပါးကို ကျွေးမွေးစောင့်ရှောက်ရသည်မှာ လွယ်သည့်အလုပ် မဟုတ်ချေ။
မိုးလင်းမိုးချုပ် သူသွားနေစဉ် အရပ်ထဲကလူများ အမြင်မတော်လျှင် ဝင်ကူညီကြပုံရသည်။
လူမမာနှစ်ဦးကိုကြည့်ရင်း အိမ်က မိဘနှစ်ပါးကို သတိရသည်။ ကျမတို့မိသားစုမှာ ချမ်းသာလှသည် မဟုတ်သော်လည်း မောင်နှမတွေအားလုံး လိမ္မာကြသဖြင့် ဖေဖေနှင့်မေမေ့ကို ကျမတို့ နိုင်သလောက် အကောင်းဆုံး ပြုစုနိုင်ကြပေသည်။
အခု သည်လူကြီး နှစ်ဦးမှာတော့ …။ စဉ်းစားရင်း ကျမ အသက်ရှုကြပ်လာသည်။
“နောက်တအိမ် သွားကြရအောင် အစ်မ။”
လူမှုရေးအသင်းက ကလေးတွေက နောက်တအိမ် ဆက်သွားရန် ကျမကို လှမ်းခေါ်သည်။
အခုတလော လူတွေ ကြပ်တည်းလိုက်ကြသည်မှာ ကျမအသက် ၄၀ နီးပါးအတွင်း တခါမျှ မကြုံဖူးလောက်အောင်ပင်။
အထက်အရပ်က ဆန်တွေ၊ ကြက်သွန်တွေ၊ ငရုတ်သီးတွေ ဖောချင်းသောချင်းထွက်သော နေရာမှန်သမျှ မီးခိုးတလူလူနှင့်။
မီးဖိုချောင်က ချက်ပြုတ်နေသော မီးခိုးတော့မဟုတ်။ အိမ်အားလုံး ပြာဖြစ်သွားသော မီးခိုးများတည်း။
သည်ပြာများအတွင်းမှာ ဘုရားဆင်းတုတော်ကအစ ဆန်အဆုံး။ တပါးသူ၏ ရင်နှစ်သည်းခြာ အသက်တွေပါ ပါလေသည်။
ဖေ့စ်ဘွတ်ပေါ်မှာ တက်လာသမျှ သတင်းတွေကို ကျမ ကျော်ဖတ်ရသည်။ လျှမ်းဖတ်ရသည်။
အညွန့်အဖူး အနုအကင်းလေးတွေ ခြေမွ၊ ချိုးဖျက်ခံနေရသည့် သတင်းတွေကို ဆုံးအောင်မဖတ်နိုင်။
အပြစ်မဲ့ပြည်သူတွေ ပြာပုံထဲရောက်သည့် ဓာတ်ပုံတွေကို သေချာ မကြည့်နိုင်။
ရင်ဘတ်ထဲက အောင့်လာသည်။ မျက်ရည်ကျသည်။ ခံပြင်းသည်။ ဒေါသထွက်သည်။ လက်သီးတင်းတင်း ဆုပ်မိသည်။
အညွန့်အဖူးလေးတွေ လုပ်နေသည့် ကိစ္စအားလုံး ကျမတို့ မလုပ်နိုင်။ သို့တိုင်အောင် ကျမတို့ လုပ်နိုင်တာတွေ ရှိသေးသည်။ အိမ်မှာဖေဖေက အစ၊ ကျမတို့ မောင်နှမများအားလုံး ဖုန်းတလုံးစီနှင့် (တော်လှန်ရေး ရန်ပုံငွေ အပလီကေးရှင်းများတွင် ထောက်ပံ့ငွေရစေရန် အွန်လိုင်းတက်၍) ကလစ်ကြသည်။
ကျမတို့ တတ်နိုင်သလောက် ဝေမျှစားကြသည်။ လှူနိုင်သလောက် လှူကြသည်။
မိုးသည်းသည်းထန်ထန် ရွာနေချိန်တိုင်း အိပ်မပျော်တာ ကျမတယောက်တည်း မဟုတ်။ စစ်ရှောင်တွေ၊ အိမ်မီးရှို့ခံရသူတွေ၊ ကလေးလူကြီးအားလုံး ဘယ်လောက် ချမ်းနေပါလိမ့်၊ အပေါ်အင်္ကျီမှ ရှိရဲ့လား၊ အမိုးအကာမှ လုံရဲ့လား။ ထမင်းမှ စားကြရရဲ့လား။ သည်ကြားထဲ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခံနေရလား။
အိမ်နှင့်နီးသော လေယာဉ်ကွင်းထဲက တိုက်လေယာဉ်တွေ တက်သွားသည့်အသံကြားတိုင်း၊ ရင်တွေပူလာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရတာ ကျမတို့ တမိသားစုတည်းမှ မဟုတ်တာလေ။
အတွေးပေါင်းစုံနှင့် ဆက်အိပ်မရဘဲ ထထိုင်နေရသည့် ညတွေလည်း မနည်း။
ကျမတို့မိသားစုလိုပင် ရင်နှင့်အမျှ ကူပြီးခံစားကြသော မိတ်ဆွေမိသားစု များစွာရှိသည်။
သူတို့လည်း သူတို့နိုင်သရွေ့ တာဝန်ကြေအောင် လုပ်ကြသည်။ သို့သော် သည်ကာလကြီးမှာ တာဝန်ကြေကြောင်း မပြရဲ။
သို့တိုင်အောင် လူတန်းစားတချို့ကတော့ ဖေ့စ်ဘွတ်ပေါ်မှာ သာယာနေနိုင်ကြသေးသည်။
ဟိုသွားသည်သွား သွားသည့်ပုံများကို ကြည်ကြည်နူးနူး တင်သည်။
အိမ်ကခွေးလေး နေမကောင်းလို့ ဘယ်နှသိန်း ကုန်သွားကြောင်း။
ဘယ်စားသောက်ဆိုင်မှာ ဘယ်သူတွေနဲ့ သွားစားဖြစ်ကြောင်း။
တချို့ကတော့လည်း ဘုရားပန်းပုံလေးတွေနှင့် ဘယ်လို စိတ်အေးချမ်းအောင် နေနေကြောင်း။
သူတို့ တကယ်စိတ်အေးချမ်းကြလား ကျမ သေချာမပြောနိုင်ပါ။
တချို့ကတော့လည်း စိတ်မချမ်းသာကြောင်း၊ ဘယ်လို စိတ်ထိခိုက်ကြောင်း၊ ဘယ်လို ဝမ်းနည်းကြောင်း ပြောရင်းကပင် နောက်ရက်ကျတော့ ချောင်းသာမှာ အပန်းဖြေနေပုံတွေ တက်လာပြန်သည်။
ဪ သူတို့ သဘော သူတို့ဆောင်သပေါ့။
ကျမတို့နှင့်နီးစပ်ရာ မိသားတစုကတော့ တချိန်လုံး ဖင်ထောင်အောင် ဘုရားရှိခိုးလေသည်။
ရံဖန်ရံခါ ကျမတို့က အလှူခံလျှင် ဘယ်ဘုရား၊ ဘယ်ဘုန်းကြီးကျောင်းကို လှူလိုက်ရလို့ ဒီလ ကျပ်သွားကြောင်း ဆင်ခြေပေးလေ့ရှိသည်။
သတင်းတွေဖတ်ပြီး ကျမတို့စိတ်ဆင်းရဲနေသည်ကို မြင်လျှင်တော့ တတ်နိုင်သလောက် နှစ်သိမ့်တတ်သည်။
“ဒါ အရင်ဘဝက ဝဋ်ကြွေးတွေ ညီမရဲ့။ တို့များ ဘာမှ မတတ်နိုင်ဘူး။ အရင်ဘဝတွေက သူတို့လုပ်ခဲ့တာ သူတို့ပြန်ခံကြရတာပဲ လို့စဉ်းစားလိုက်။ ညီမ စိတ်သက်သာသွားလိမ့်မယ်။ အရဟံဂုဏ်တော်လေးသာ ပွားနေလိုက်။”
ခါတိုင်းလိုဆိုလျှင်တော့ ထိုစကားမျိုး၊ ထိုနှစ်သိမ့်မှုမျိုးကို ကျမ လက်ခံမိမလားမသိ။ အခုတော့ လက်မခံနိုင်။ ရိုင်းတယ်ထင်လည်း မတတ်နိုင်။
“ဒါ ဝဋ်ကြွေးလို့ အစ်မက ထင်တယ်ပေါ့။ အဲဒါ ဝဋ်ကြွေးမဟုတ်ဘူး အစ်မရဲ့။ ယုတ်မာခံနေရတာ။ ဒါဟာ လူယုတ်မာတွေ ကျူးလွန်နေတာကို အပြစ်မဲ့တဲ့ ပြည်သူတွေခံနေရတာ။ လူတွေက ကိုယ်မခံရသေးသရွေ့ သူများကို ကိုယ်ချင်းမစာကြဘူး။ ဒါဝဋ်ကြွေးပဲ၊ မတတ်နိုင်ဘူးလို့ အစ်မတို့လို နေစိမ့်တဲ့သူ များလာသရွေ့ မြန်မာပြည်မှာ သူတောင်းစားတွေ များလာမှာပဲ အစ်မ။ ကောင်းပါတယ်။ ကိုယ့်အသိုက်မပျက်သရွေ့ အရဟံဂုဏ်တော်လေးသာ ပွားပြီး စိတ်ချမ်းသာအောင်နေကြပါ။”
“ဒါ ဝဋ်ကြွေးလို့ အစ်မက ထင်တယ်ပေါ့။ အဲဒါ ဝဋ်ကြွေးမဟုတ်ဘူး အစ်မရဲ့။ ယုတ်မာခံနေရတာ။ ဒါဟာ လူယုတ်မာတွေ ကျူးလွန်နေတာကို အပြစ်မဲ့တဲ့ ပြည်သူတွေခံနေရတာ။ လူတွေက ကိုယ်မခံရသေးသရွေ့ သူများကို ကိုယ်ချင်းမစာကြဘူး။ ဒါဝဋ်ကြွေးပဲ၊ မတတ်နိုင်ဘူးလို့ အစ်မတို့လို နေစိမ့်တဲ့သူ များလာသရွေ့ မြန်မာပြည်မှာ သူတောင်းစားတွေ များလာမှာပဲ အစ်မ။ ကောင်းပါတယ်။ ကိုယ့်အသိုက်မပျက်သရွေ့ အရဟံဂုဏ်တော်လေးသာ ပွားပြီး စိတ်ချမ်းသာအောင်နေကြပါ။”
ခပ်ရိုင်းရိုင်း ပြန်ပြောကာ ကျမ လှည့်ထွက်ခဲ့သည်။
နောက်က တစုံတရာ အော်ဟစ်ကျန်ခဲ့တာ ကြားပေမယ့် ပြန်မလှည့်ချင်တော့။
ဖေဖေ့လက်ထက်က စုထားသော မဂ္ဂဇင်းအဟောင်းတအုပ်ထဲက ကာတွန်းဆရာ ငွေကြည့် ကာတွန်းတခုကို သတိရသည်။
ပြကွက် (၁)
လူတယောက်က လွယ်အိတ်နှင့် တိုက်ပုံနှင့် ရုံးကပြန်အလာ အိမ်ဝမှာ အော်ငိုနေသောကလေးကို တွေ့သည်။
ကလေး နဖူးမှာ ဘုသီးကြီး ထလို့။
“ဟင် … သား၊ ဘာဖြစ်တာလဲ။”
“မေမေရိုက်လို့ဗျ၊ ဟီး … ဟီး။”
ပြကွက် (၂)
တိုက်ပုံနှင့်လူက သူ့မိန်းမ ဘက်လှည့်ကာ “မင်းဟာ တော်တော်ရက်စက်တဲ့မိန်းမ။ ကလေးကို ဒီလောက်ဖြစ်အောင် လုပ်ရလား။”
သူ့မိန်းမက မဲ့ရွဲ့ကာ “လုပ်မှာပေါ့။ ရှင့်ဖို့ ချန်ထားတဲ့ ကြက်သား နှစ်တုံး ခိုးစားပစ်လို့တော့။”
ပြကွက် (၃)
“သေနာလေး။ ငါ့ဖို့ ချန်ထားတဲ့ဟာ ခိုးစားရလား။ ကဲဟာ … ကဲဟာ။”
တိုက်ပုံနှင့်လူက သူ့သား ကျောကို ဖနောင့်နှင့်ပေါက်နေသည့်ပုံ။
အဲဒီ ကာတွန်းကို ပထမ ဖတ်မိတုံးက ကျမတို့ရယ်မိကြသည်။
အခုတော့ မရယ်နိုင်တော့။
ကိုယ့်ကြက်သား သူများနောက် မပါသရွေ့ နေသာသလို နေကြသူများကို ကြည့်ကာ ရင်ထဲတစစ်စစ် နာနေမိတာ ကျမတယောက်တည်းတော့ မဟုတ်လောက်ပါဘူးနော်ဟု ကိုယ်နှင့်စိတ်ဓာတ်ချင်းတူမည့် အဖော်များကို မျှော်လင့်ရင်း တဘက်မှာလည်း ဝမ်းနည်းကြေကွဲနေရလေသည်။
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)
You may also like these stories:
ဝင်ငွေနည်း ပြည်သူများ အလူးအလဲခံနေရသည့် အသေးစား ချေးငွေ ဂယက်
မြန်မာ့လူဦးရေထက်ဝက် တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ