စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သြဂုတ်လ ၁ ရက်နေ့ စစ်အုပ်ချုပ်ရေး သက်တမ်းမတိုးမီ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် တကြိမ်မက တွေ့ဆုံခဲ့ကြောင်း သိရသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့သည် ထိုတွေ့ဆုံမှုများတွင် အတူတကွ ရှိနေကြသည်။ ဦးသိန်းစိန်သည် စစ်အုပ်စုက ရေးဆွဲသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဉပဒေအောက်တွင် မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းစဉ် သမ္မတအဖြစ် ၂၀၁၀ မှ ၂၀၁၅ အထိ လုပ်ရန် ဦးသန်းရွှေက ခေါင်းခေါက်ရွေးခဲ့သောသူ ဖြစ်သည်။ မင်းအောင်လှိုင်ကိုလည်း ဦးသန်းရွှေက သူ့ကို ဆက်ခံသည့် စစ်တပ်ခေါင်းဆောင်လုပ်ရန် ခေါင်းခေါက်ရွေးခဲ့သည်။
ဦးသန်းရွှေသည် ယခင်စစ်အုပ်စုက နိုင်ငံတကာဖိအားနှင့် အရေးယူပိတ်ဆို့မှုများကို မည်သို့တုံ့ပြန်မည်၊ ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့ကိုင်တွယ်မည်နှင့် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို စစ်တပ်က နိုင်ငံရေးတွင် ဆက်လက်ပါဝင်ရေးအတွက် တရားဝင်အောင် မည်သို့လုပ်ရမည် စသည့် မူဝါဒများကို ချပေးသူဖြစ်သည်။
ဦးသန်းရွှေသည် ယခင်စစ်အုပ်စုက နိုင်ငံတကာဖိအားနှင့် အရေးယူပိတ်ဆို့မှုများကို မည်သို့တုံ့ပြန်မည်၊ ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့ကိုင်တွယ်မည်နှင့် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို စစ်တပ်က နိုင်ငံရေးတွင် ဆက်လက်ပါဝင်ရေးအတွက် တရားဝင်အောင် မည်သို့လုပ်ရမည် စသည့် မူဝါဒများကို ချပေးသူဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင်နှင့် သူ၏ဆရာသမားတို့ အစည်းအဝေးများတွင် မည်သည်တို့ကို ဆွေးနွေးကြကြောင်း အတိအကျ မသိရသော်လည်း မင်းအောင်လှိုင်သည် ဦးသန်းရွှေထံမှ အကြံကို အသုံးချရန် ကြိုးစားသည်မှာ ထင်ရှားသည်။
ကုလသမဂ္ဂကို လှောင်ပြောင်သရော်ခြင်း
တရားဝင်ရန် စိတ်အားထက်သန်နေသောကြောင့် မင်းအောင်လှိုင်သည် နိုင်ငံတကာဧည့်သည်များကို မြန်မာသမ္မတ အဆက်ဆက် ၂၀၁၁ ခုနှစ်မှ စတင်ပြီး နိုင်ငံတကာသံတမန်များအား ဧည့်ခံသည့် နေပြည်တော် သမ္မတအိမ်တော်တွင် လွန်စွာ လက်ခံ တွေ့ဆုံ ကြိုဆိုလိုသည်။ အမေရိကန် အစိုးရတွင် မည်သည့်ရာထူးမျှ မရှိသည့် သံတမန်ဟောင်း ဘေလ်ရစ်ချတ်ဆန်ကိုပင် လွန်ခဲ့သော နိုဝင်ဘာလက ထိုသမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံသည်။
သို့သော် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် မစ္စ နိုလင်းဟေဇာသည် ထိုရာထူးတွင် ခန့်အပ်ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာသို့ သြဂုတ်လတွင် လာရောက်သောအခါ အခြေအနေ ပြောင်းလဲသွားသည်။ မင်းအောင်လှိုင်သည် ကုသလမဂ္ဂ၏ မြန်မာအရေး အားထုတ်မှုကို လှောင်ပြောင်သူ သူ့ဆရာသမား ဦးသန်းရွှေ၏ လေသံကို လိုက်ပြီး ကုလသမဂ္ဂကို လှောင်ပြောင်ပြီး သူမကို အဆင့်နှိမ့် ဆက်ဆံသည်။
တချိန်တည်းတွင် မင်းအောင်လှိုင် စစ်အုပ်စုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာရှိသော ရုရှားနှင့် ဆက်ဆံရေး ခိုင်မာအောင်လုပ်ကာ အနောက်တိုင်းကို ဆွပေးသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ လာရောက်လည်ပတ်ပြီးနောက် စစ်တပ်ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မော်စကိုသို့ အပြေးအလွှား သွားရောက်ကြရသည်။ မင်းအောင်လှိုင်သည်လည်း အာဏာသိမ်းပြီးနောက် ရုရှားသို့ တတိယ အကြိမ်သွားရန် မျှော်လင့်နေသည်။
ကုလသမဂ္ဂကို စော်ကားသည့် နောက်ထပ်တခုမှာ ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက တွေ့ဆုံခွင့် တောင်းနေသည်ကြားမှ သြဂုတ်လတွင် ထောင်နောက်ထပ် ၆ နှစ် ချမှတ်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခြင်း
စစ်ကောင်စီအာဏာသိမ်းပြီးနောက် မည်သည့် ပြည်ပသံတမန်ကိုမျှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပြုပေ။ သို့သော် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို စစ်ကောင်စီနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးရန်ဖြစ်နိုင်ခြေ ရှိပါသလားဟု မေးသောအခါ နိုင်ငံရေးတွင် မဖြစ်နိုင်သောအရာ မည်သည်မျှ မရှိကြောင်း ဖြေသည်။
ဖြုတ်ချခံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မင်းအောင်လှိုင်၏ မုန်းတီးမှုနှင့် သူ၏ နိုင်ငံရေးအမြင် ကင်းမဲ့မှုကို ကြည့်သောအခါ စစ်ကောင်စီခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးပွဲဖြစ်မည်ဟု ယုံကြည်ရန် ခက်ခဲသည်။
ဖြုတ်ချခံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မင်းအောင်လှိုင်၏ မုန်းတီးမှုနှင့် သူ၏ နိုင်ငံရေးအမြင် ကင်းမဲ့မှုကို ကြည့်သောအခါ စစ်ကောင်စီခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးပွဲဖြစ်မည်ဟု ယုံကြည်ရန် ခက်ခဲသည်။
သို့သော် သူသည် သူ့ဆရာဟောင်း ဦးသန်းရွှေ၏ လက်သုံးစာအုပ်ဟောင်းအတိုင်း စစ်ကောင်စီအပေါ် နိုင်ငံတကာဖိအား သက်သာစေရန် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာသံတမန်များနှင့် တွေ့ခွင့်ပေးနိုင်သည်။ ယခင်စစ်အုပ်စုကို ဦးသန်းရွှေဦးဆောင်စဉ်က သူသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာသံတမန်များနှင့် တွေ့ခွင့်ပေးသော်လည်း ထိုတွေ့ဆုံမှုများသည် မည်သည့်ရလဒ်မျှ ဖြစ်မလာခဲ့ပေ။
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ အထူးသံတမန်များနှင့် တွေ့ဆုံခွင့်ပေးရန်မှာ ဖြစ်နိုင်ခြေ အလွန် နည်းသေးသော်လည်း အကယ်၍ ဖြစ်လာလျှင်လည်း နိုင်ငံတကာ သတင်းစာမျက်နှာများတွင် သတင်းထူးဖြစ်လာပြီး စစ်ကောင်စီသည် တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားသည့်သဘော သက်ရောက်စေမည်ဖြစ်သည်။
USDP ခေါင်းဆောင်သစ်ကိစ္စ
ဦးခင်ရီကို စစ်ကောင်စီသည် လာမည့်နှစ်တွင် ၎င်းတို့ကျင်းပရန် စီစဉ်ထားသည် ရွေးကောက်ပွဲ မဲစာရင်းအတွက်နှင့် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ရေး အရေးပါသော လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ရာထူးမှ မကြာသေးမီက ဖယ်ရှားလိုက်သည်။
ရဲချုပ်ဟောင်း ခင်ရီသည် ဦးသိန်းစိန်အစိုးရခေတ်တွင် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းကို ကြီးကြပ်သူဖြစ်သည်။ သူ့ကို လွန်ခဲ့သောလက ရာထူးမှ ဖယ်ရှားခြင်းသည် USDP ဒုဥက္ကဋ္ဌတာဝန်များကို ပိုမိုအာရုံစိုက်စေရန်ဖြစ်ကြောင်း သတင်းများ ထွက်နေသည်။
USDP အတွင်းမှ ဂိုဏ်းကွဲမှုများသည် အဆိုပြုထားသည့် ၂၀၂၃ ရွေးကောက်ပွဲအတွက် အဟန့်အတား ဖြစ်စေမည်ကို မင်းအောင်လှိုင် စိုးရိမ်နေသည်။ ရွေးကောက်ပွဲမတိုင်မီ ပါတီကို စည်းလုံးညီညွတ်စေရန် ဦးခင်ရီကို တာဝန်ပေးထားပုံရပြီး ထိုရွေးကောက်ပွဲသည် စစ်ကောင်စီ အာဏာဆက်လက် ချုပ်ကိုင်ရန် အရေးကြီးသော ရွေးကောက်ပွဲဖြစ်သည်။
ထိုသို့သော စိတ်ကူးများသည် မင်းအောင်လှိုင်၏ အသုံးမကျသော ဦးနှောက်မှမလာဘဲ ဦးသန်းရွှေ ဦးနှောက်မှလာကြောင်း လေ့လာသူအများအပြား ယူဆသည်။
“သူတို့တွေ့တော့ ဦးသိန်းစိန်ကိုလည်း ခေါ်လိုက်တာ ပါတီကို ပြန်လည်အသက်သွင်းဖို့ မင်းအောင်လှိုင်ကို တာဝန်ပေးချင်တာ ဖြစ်နိုင်တယ်”
ဦးသန်းရွှေ လက်အောက်တွင် လုပ်ဖူးသော ဗိုလ်ချုပ်တဦးက ထိုစစ်အာဏာရှင်ဟောင်းသည် သူတည်ထောင်သည့် USDP ကို လွန်စွာ သံယောဇဉ် ရှိနေသေးကြောင်းပြောသည်။ USDP မှ ဦးသန်းရွှေ၏ နောက်လိုက်များသည် စစ်ကောင်စီအဖွဲ့ဝင်များတက် ဦးသန်းရွှေအိမ်သို့ လာရောက်ကြောင်း ၎င်းကပြောသည်။
“သူတို့တွေ့တော့ ဦးသိန်းစိန်ကိုလည်း ခေါ်လိုက်တာ ပါတီကို ပြန်လည်အသက်သွင်းဖို့ မင်းအောင်လှိုင်ကို တာဝန်ပေးချင်တာ ဖြစ်နိုင်တယ်” ဟုလည်း သူကပြောသည်။
ဦးသန်းရွှေ၏ စာအုပ်ကြီးအတိုင်း
ဦးသန်းရွှေသည် သူ၏ မကောင်းမှုများကို ပြည်သူများမေ့နေစေရန် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ်သုံးကာ အကောင်းဆုံးလုပ်နိုင်သူဟု ဆိုနိုင်သည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ဆရာ၏ ဥပမာအတိုင်း လုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အသုံးချကာ သူ့ကိုယ်သူ လက်ရှိ နိုင်ငံရေး အကျပ်အတည်းမှ လွတ်အောင် လုပ်နိုင်သည်ဟု ထင်နေသည်။ သူသည် သမ္မတ အိပ်မက်မက်နေပြီး ၂၀၂၃ ရွေးကောက်ပွဲကို ထိုအိပ်မက် အကောင်အထည် ပေါ်ရေးအတွက် သုံးမည်ဟု အများအပြားက ယုံကြသည်။ ကုလသမဂ္ဂ အထူးသံတမန် မစ္စ နိုလင်းဟေဇာနှင့် သြဂုတ်လက တွေ့သောအခါ မြန်မာတွင် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတဖြစ်လာသူသည် မြန်မာကို ၁၀ နှစ် အုပ်ချုပ်မည်ဟု မင်းအောင်လှိုင် ပြောသည်။
သို့သော် မင်းအောင်လှိုင်သည် အရေးယူမှုများကို ဦးသန်းရွှေနှင့်အလားတူ မလွတ်မြောက်နိုင်ပေ။ မင်းအောင်လှိုင်ကို တနိုင်ငံလုံးက မုန်းတီးပြီး ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများကို နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအား ကြီးကြပ်သောကြောင့် လူမျိုးတုံး သတ်ဖြတ်မှု အမှုအခင်းကို နိုင်ငံတကာ တရားရုံးတွင်လည်း အမှုရင်ဆိုင်နေရသည်။
“သန်းရွှေရော မင်းအောင်လှိုင်ပါ စစ်အာဏာရှင်တွေ ဖြစ်ပေမယ့် မင်းအောင်လှိုင်ကတော့ သန်းရွှေလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရမှာမဟုတ်ဘူး”
မင်းအောင်လှိုင်သည် သူအာဏာလက်လွတ်ဖြစ်ပါက ရင်ဆိုင်ရနိုင်သည့် ပြစ်မှုများကို စိုးရိမ်နေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတဦးက ပြောသည်။
“သန်းရွှေရော မင်းအောင်လှိုင်ပါ စစ်အာဏာရှင်တွေ ဖြစ်ပေမယ့် မင်းအောင်လှိုင်ကတော့ သန်းရွှေလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရမှာမဟုတ်ဘူး” ဟုလည်း သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Chief Met Ex-President and Former Dictator: What Did They Discuss? ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
အကွဲအပြဲဖြင့် အာဏာထပ်လုကြဦးမည့် ကြံ့ခိုင်ရေးပါတီ
မြန်မာတွင် ကုလသမဂ္ဂ ကျဆုံးမှု သမိုင်းအကျဉ်း
မြန်မာစစ်တပ်၏ ရှည်လျားသော မဲလိမ်သမိုင်း