မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခေါင်းဆောင်ပိုင်းတွင် စစ်ကောင်စီက အပြောင်းအလဲပြုလုပ်ခြင်းသည် နိုင်ငံ၏ ထောင်းထောင်းကြေနေသော ဘဏ္ဍာရေးကဏ္ဍကို တိုးတက်အောင်လုပ်နိုင်မည့်အလားအလာမရှိကြောင်း ပြနေသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍသည် ဗဟိုဘဏ်၏ မှားယွင်းသော လုပ်ရပ်များစွာကြောင့် ဖရိုဖရဲဖြစ်နေပြီး လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှုက ဖန်တီးလိုက်သည့် စီးပွားကျဆင်းမှုအကြား စီးပွားရေးသမားများအတွက် ပြဿနာများကို ပိုမိုဆိုးရွားစေသည်။
ယခုလအစောပိုင်းက ပြုလုပ်သည့် အစိုးရအဖွဲ့ ရာထူးအပြောင်းအလဲများတွင် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းငြိမ်းနှင့် ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ အလုပ်ပြုတ်ပြီး ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဥက္ကဋ္ဌရာထူးသို့ တိုးပေးလိုက်သည်။ ဒေါ်သန်းသန်းဆွေသည် ဗဟန်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ဧပြီလအတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားများက ပစ်ခတ်ခံခဲ့ရသူဖြစ်သည်။

လောလောလတ်လတ် အနားယူလိုက်သည့် ဗိုလ်ချုပ် ဇော်မြင့်နိုင်ကို ဗဟိုဘဏ်၏ ဒုဥက္ကဋ္ဌ ၃ ဦးအနက် တဦးအဖြစ်လည်း ခန့်လိုက်သည်။ သူသည် ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်နေစဉ် စစ်တပ်မှ အငြိမ်းစားပေးကာ ဗဟိုဘဏ်သို့ ပို့ခံရခြင်းဖြစ်သည်။
မြန်မာ ကျပ်ငွေတန်ဖိုးသည် စစ်အာဏာသိမ်းစဉ်မှ စတင်ပြီး ကျဆင်းနေသည်။ နိုင်ငံခြားငွေ မလုံလောက်မှုနှင့် ရင်ဆိုင်ရပြီးနောက် စစ်ကောင်စီသည် ပျက်စီးယိုယွင်းနေသော ဘဏ္ဍာရေး အခြေအနေကို ကျားကန်ရန် ဧပြီလမှစတင်ပြီး ဗဟိုဘဏ်ကို ပိုမိုထိန်းချုပ်လာသည်။ နိုင်ငံခြားငွေလဲနှုန်းကို ကန့်သတ်ခြင်းနှင့် ငွေကြေး မူဝါဒအပြောင်းအလဲများ အပါအဝင် အစီအမံအမျိုးမျိုး ချမှတ်သည်။ မကြာသေးမီက ဗဟိုဘဏ်အတွင်း ရာထူးအပြောင်းအလဲသည် ငွေကြေးဖောင်းပွမှု သက်သာစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆရသည်။
သို့သော် ထိုရာထူးအပြောင်းအလဲများ ပြုလုပ်ချိန်မှစတင်ပြီး မြန်မာကျပ်ငွေတန်ဖိုးသည် အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် နေ့စဉ် ကျဆင်းနေသည်။ စစ်ကောင်စီသည် တရားဝင် ကျပ်-ဒေါ်လာ ငွေလဲနှုန်းကို တဒေါ်လာ ၂,၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း ဗုဒ္ဒဟူးနေ့က တရားမဝင် ငွေလဲကုန်သွယ်ရာတွင် တဒေါ်လာ ၄,၂၀၀ ကျပ် ဖြစ်လာသည်။ လွန်ခဲ့သော ဧပြီလက ပြင်ပငွေလဲနှုန်းမှာ တဒေါ်လာ ၂,၀၅၀ ကျပ်မျှသာ ရှိသည်။
ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် သွင်းကုန်မှီခိုနေရသော မြန်မာအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ပြီး ပြည်သူလူထုအတွက် ပြင်းထန်သော အခက်အခဲများကို ဖြစ်စေသည်။ ပြည်သူလူထုသည် လောင်စာ မလုံလောက်မှုကိုသာမက မိုးထိအောင်တက်နေသည့် ကုန်ပစ္စည်း ဈေးနှုန်းများကိုလည်း ရင်ဆိုင်နေရသည်။
ဗုဒ္ဓဟူးနေ့တွင်မူ ဗဟိုဘဏ်က အသေးစိတ် ရှင်းလင်းခြင်းမရှိဘဲ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် ဖြစ်ရသည့် ကုန်ဈေးနှုန်းတက်ခြင်းကို သက်သာစေရန် နိုင်ငံခြားငွေဈေးကွက်မှတဆင့် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများနှင့် စီးပွားရေးသမားများက ဗဟိုဘဏ်ခေါင်းဆောင်မှုသစ်နှင့် ပတ်သက်ပြီး သံသယရှိကြသည်။
ဥက္ကဋ္ဌသစ် ဒေါ်သန်းသန်းဆွေနှင့် သိကျွမ်းသူအချို့က သူသည် လက်ရှိ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းသည့် ထိုမျှအရေးပါသည့် အဖွဲ့အစည်းတခုကို ဦးဆောင်ရန် အရည်အချင်းသာမက ကျွမ်းကျင်မှုလည်း မရှိသူဖြစ်ကြောင်း ပြောသည်။
“သူကအရင် ဥက္ကဋ္ဌလိုပဲ စစ်ကောင်စီက ခိုင်းသမျှ ဟုတ်ကဲ့လို့ ပြောပြီး ရုပ်သေးကြိုးဆွဲဖြစ်လာမှာ” ဟု ရန်ကုန်မှ အကြီးမားဆုံး ပုဂ္ဂလိကဘဏ်များအနက် တခုတွင် လုပ်ငန်းအရာရှိချုပ် လုပ်ကိုင်ခဲ့သူတဦးက ပြောသည်။
ဗိုလ်ချုပ်ဟောင်း ဇော်မြင့်နိုင်ကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌများအနက် တဦးအဖြစ် မခန့်မီက စစ်ကောင်စီသည် ဗဟိုဘဏ်သို့ စစ်အရာရှိဟောင်းများကို ဒုညွှန်မှူးများအဖြစ် လွှဲပြောင်းပေးခဲ့သေးသည်။
စစ်အရာရှိဟောင်းများကို ဗဟိုဘဏ်ကဲ့သို့သော အရေးပါသည့် အဖွဲ့အစည်းတွင် ထားရှိခြင်းသည် စစ်ကောင်စီက ဘဏ်စနစ်တခုလုံးကို ထိန်းချုပ်ရန် အခြားနည်းလမ်းတခုဖြစ်ကြောင်း ဗဟိုဘဏ်မှ အမည်မဖော်လိုသော ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“မြန်မာက အာဏာရှင်ခေတ်တွေရဲ့ သမိုင်းတလျှောက်လုံးမှာ စစ်တပ်က သူတို့ဟာ ဘယ်ကဏ္ဍက ပြဿနာကိုမဆို ဖြေရှင်းနိုင်မယ်လို့ ထင်ခဲ့ကြတာ” ဟု မြန်မာတွင် အာဏာသိမ်းခဲ့သည် ၁၉၆၂ မှ ၁၉၈၈ အထိ စစ်အုပ်စုနှင့် ၁၉၈၈ မှ ၂၀၁၁ အထိ အာဏာသိမ်းခဲ့သည့် စစ်အုပ်စုများကို ရည်ညွှန်းပြောကြားသည်။
အရှေ့တောင်အာရှတွင် တခါက အတိုးတက်ဆုံး စီးပွားရေးဖြစ်ခဲ့သော မြန်မာသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု အပြီးတွင် ဗိုလ်ချုပ်များ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့် စီးပွားရေး ကျဆင်းကာ ၁၉၈၇ ခုနှစ်သို့ ရောက်သောအခါ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (LCD) စာရင်းဝင်သွားသည်။
“အရင်က စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာမှာ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ လုံးဝ အလုပ်မဖြစ်ဘူး ဆိုတာကို သက်သေပြခဲ့တယ်။ သူတို့တွေက လူမှန် နေရာမှန် မဟုတ်ဘူး” ဟုလည်း အထက်ပါ ဗဟိုဘဏ် အရာရှိဟောင်းက ပြောသည်။
မတည်ငြိမ်သော မူဝါဒများ
တချိန်တည်းတွင် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့သည် စီးပွားရေးလုပ်ရန် ပိုမိုခက်ခဲလာကြောင်း ပြောပြီး ထိုအကျပ်အတည်း၏ ဒုတိယ အကြောင်းရင်းမှာ ဗဟိုဘဏ်သည် မကြာခဏ မူဝါဒ ပြောင်းလဲသောကြောင့် ဖြစ်ကြောင်း ပြောကြသည်။
ဗဟိုဘဏ်က မူဝါဒ အပြောင်းအလဲတခု လုပ်လိုက်တိုင်း စီးပွားရေး အသိုက်အဝန်းသည် စည်းမျဉ်းသစ်များနှင့် ချိန်ညှိလုပ်ကိုင်ရကြောင်း ၎င်းတို့က ပြောသည်။ ထိုစီးပွားရေး အသိုက်အဝန်းသည် ပထမဆုံးချမှတ်သည့် ညွှန်ကြားချက် သို့မဟုတ် မူဝါဒကို ကျင့်သားရလာသောအခါ ဗဟိုဘဏ်က ညွှန်ကြားချက်သစ် သို့မဟုတ် မူဝါဒသစ်ကို ထုတ်ပြန်လိုက်သောကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲသစ်များ ဖြစ်လာပြီး ထိုကိစ္စကိုဖြေရှင်းရန် အခြားနည်းလမ်း ရှာရပြန်သည်။
ဧပြီလတွင် ဗဟိုဘဏ်သည် နိုင်ငံတွင်းရှိ နိုင်ငံခြားငွေကြေးများကို သိမ်းပိုက်လိုက်ကာ နိုင်ငံသားများရရှိသည့် နိုင်ငံခြားငွေများအားလုံးကို အလုပ်ဖွင့်ရက် တရက်အတွင်း ၎င်းတို့သတ်မှတ်သော နှုန်းထားဖြင့် တဒေါ်လာလျှင် ၁,၈၅၀ ကျပ်ဖြင့် လဲလှယ်ရမည်ဟု ကြေညာသည်။ ထိုစဉ်က ဈေးကွက်အတွင်း အမေရိကန် တဒေါ်လာ၏ ပေါက်ဈေးသည် ၂,၀၅၀ ကျပ်ရှိသည်။ ထို့ကြောင့် ပြည်ပတင်ပို့သူများနှင့် နိုင်ငံခြားငွေကြေးအကောင့် ကိုင်ဆောင်သူများသည် ထိုမူဝါဒသစ်ကြောင့် လွန်စွာ ထိခိုက်နစ်နာသွားသည်။

သြဂုတ်လ ၇ ရက်နေ့သို့ ရောက်ပြန်သောအခါ ဗဟိုဘဏ်သည် ထိုပုံသေ နိုင်ငံခြားငွေလဲနှုန်းကို တဒေါ်လာလျှင် ၂,၁၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ပြန်သည်။ သို့သော် ထိုသို့လုပ်ခြင်းသည် မြန်မာ၏ သွင်းကုန်ဖြစ်သော လောင်စာဈေးများကို မြင့်တက်သွားစေသည်။ တချိန်တည်းတွင် ပြည်သူများ၏ နေ့စဉ်သုံးပစ္စည်းများ၊ ကုန်စည်များ၊ ကုန်ပစ္စည်းများ၊ ဆေးဝါးများ အားလုံး ဈေးတက်ကုန်သည်။
“သူတို့က အနိမ့်ဆုံးအနေနဲ့ သူတို့မူဝါဒ ငြိမ်အောင် ထိန်းထားရင်တောင် ကူညီရာရောက်တယ်။ ကျနော်တို့က အဲဒီစည်းမျဉ်းသစ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ နည်းလမ်းရှာလို့ ရနိုင်တယ်။ ရှာမရရင်တော့ အခြေအနေပိုဆိုးပြီပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ပြောသည်။
မဇာဇာသည် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု လုပ်ငန်းသစ်တခုကို ရန်ကုန်တွင် တည်ထောင်ထားသူ ဖြစ်သည်။ သူ၏ကုမ္ပဏီမှာ ၂၀၁၉ ခုနှစ်ကမှ ထူထောင်သော လုပ်ငန်းဖြစ်ပြီး လုပ်ငန်းအပ်နှံသူအများစုမှာ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များ ဖြစ်သည်။
သို့သော် ဗဟိုဘဏ်နှုန်းသေ ငွေလဲနှုန်းကို ဧပြီလတွင် ကြေညာလိုက်ပြီး ပြည်ပဝင်ငွေများကို ထိုနှုန်းအတိုင်း လဲလှယ်ရမည်ဟု အမိန့်ထုတ်ပြီး နောက်တွင် သူ့ထံ လုပ်ငန်းအပ်နှံသူများသည် ယခင်သွင်းကုန်-ထုတ်ကုန် လုပ်ငန်းများကို ဆုံးရှုံးသွားသောကြောင့် ထိုလုပ်ငန်းကို မလုပ်ကြတော့ပေ။ တရားဝင်ငွေလဲနှုန်းနှင့် ဈေးကွက်ငွေလဲနှုန်းကြား လွန်စွာ ကွာဟသောကြောင့် ၎င်းတို့ ပြင်းထန်စွာ ထိခိုက်နစ်နာသည်။
“မနှစ်ကတုန်းက လုပ်ငန်းက အရမ်း နှေးကွေးသွားတာတောင်မှ ကျမတို့က နည်းနည်းစီ တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။ ဒီနှစ်တော့ ကျမတို့ ခြေကုပ်ပါမရှိတော့ဘဲ ဆက်လက်ရှင်သန်ရေး လုပ်နေရပြီ” ဟု မဇာဇာက ပြောသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံဘဏ္ဍာရေး ကဏ္ဍအပေါ် ဗဟိုဘဏ်၏ စီမံခန့်ခွဲမှုများနှင့် ပတ်သက်ပြီး ဗဟိုဘဏ်ကျွမ်းကျင်သူဟောင်း၏ ထင်မြင်ချက်ကို မေးသောအခါ ထိုကျွမ်းကျင်သူက “အခု ဘဏ္ဍာရေး လောကမှာ ဖြစ်နေတဲ့ ဖရိုဖရဲအခြေအနေကို ကြည့်လိုက်ရင် စစ်ကောင်စီ ဗဟိုဘဏ်က အမိန့်တွေ၊ မူဝါဒတွေက အလုပ်မဖြစ်ဘူးဆိုတာ အရမ်းသိသာတယ်” ဟု သူက ဖြေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Central Bank’s New Leadership, Policies Unlikely to Improve Battered Financial Sector ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရွှေနှင့် ဒေါ်လာဈေးကွက် စစ်ကောင်စီ ထိန်းနိုင်မလား
စက်သုံးဆီ ဈေးကွက်ကို စစ်အုပ်စု လက်ဝါးကြီးအုပ်ပြီ
ပို့ကုန်မူဝါဒ အပြောင်းအလဲကြောင့် ပဲဈေးမြင့်လာသော်လည်း တင်ပို့ရန် ခက်ခဲနေ
ဇောက်ထိုးဆင်းနေဦးမည့် မြန်မာ့စီးပွားရေး