ဆောင်းပါး

သီပေါမင်းကို ရည်းစားစာရေးပေးရသူ

ရည်းစားစာပေး ဆိုတာကို ခုခေတ်ဆယ်ကျော်သက်ကလေးတွေ နားလည်မယ် မထင်။ “ငှက်ခါးလေးတွေ အခါခါနားလို့ … သက်ထားလေးဆီ စာလွှာပါးရင်း” သီချင်းဆိုပြရင်လည်း ပိုပြီးနားဝေးသွားမယ်ထင်ပါ့။

စာထည့်တဲ့စာအိတ်ပေါ်မှာ ငှက်ခါးပုံ တံဆိပ်ခေါင်းကပ်ပြီး စာပို့ရတဲ့ခေတ်မို့ သီချင်းရေးသူက “ငှက်ခါးလေးတွေ အခါခါနားလို့” စပ်ဆိုထားတာ။

စိုင်းထီးဆိုင်ခေတ် မီသူတွေတော့ ကြားဖူးကြမယ်ထင်။

“စာလွှာတွေ တသီတသန်းနဲ့ ပါးခဲ့လည်း
မမြင်နိုင်သူလွင့်မျောခြင်း ခရီးအစမှာ
လက်ထဲကို ရောက်လို့လာ
အသေအချာကွယ် ကိုင်ကာဖတ်ရ
အဆုံးအဖြတ်တွေ သိရတဲ့အချိန်
အခါတွေ လွန်နှောင်းနေပြီ
မညားထိုက်လို့လေလား မဆုံထိုက်လို့လား
ကြင်ဖူးစာမမည်လို့ဘဲလား”

ချစ်သူက ဖြတ်စာပို့လိုက်တာကို ဖူးစာမဆုံလို့ပါဘဲလို့ တွေးဆခံယူလိုက်ပုံကို သီချင်းစပ်ဆိုထားတာပါ။

မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော် တဦးနဲ့တဦး ဆက်သွယ်ရေးအခြေအနေက စာတိုက်က စာပို့တာနဲ့ ကြေးနန်းရိုက်တာပဲရှိတယ်။ တယ်လီဖုန်းဆိုတာက နယ်မြို့တွေဆို တမြို့လုံးမှတလုံးပဲ ရှိတယ်။

ချစ်လို့ကြိုက်လို့ ဆက်သွယ်တဲ့အခါကျ စာတိုက်ကစာပို့တာထက် လူကိုယ်တိုင် စာလိုက်ပေးကြပြီး ရည်းစားစာပေးတယ်လို့ ပြောကြဆိုကြတယ်။ ချစ်တဲ့အကြောင်း မရေးတတ်ရင်ပဲဖြစ်ဖြစ် ရေးတတ်ပေမယ့် လက်ရေး မလှရင်ဖြစ်ဖြစ် ကိုယ်စားရေးပေးတတ်တဲ့ သူငယ်ချင်းလည်း ရှိခဲ့ဖူးတယ်။

ချစ်လို့ကြိုက်လို့ ဆက်သွယ်တဲ့အခါကျ စာတိုက်ကစာပို့တာထက် လူကိုယ်တိုင် စာလိုက်ပေးကြပြီး ရည်းစားစာပေးတယ်လို့ ပြောကြဆိုကြတယ်။ ချစ်တဲ့အကြောင်း မရေးတတ်ရင်ပဲဖြစ်ဖြစ် ရေးတတ်ပေမယ့် လက်ရေး မလှရင်ဖြစ်ဖြစ် ကိုယ်စား ရေးပေးတတ်တဲ့ သူငယ်ချင်းလည်း ရှိခဲ့ဖူးတယ်။

ဒါကိုယ်ဖြတ်သန်းခဲ့တဲ့ ၁၉၇၀-၈၀ ကျော်ကာလက အတွေ့အကြုံဖြစ်ပြီး ဟော … အခုတော့ ကုန်းဘောင်မင်းဆက် သီပေါမင်းလက်ထက်ကတည်းက ကာယကံရှင်ကိုယ်စား ရည်းစားစာရေးပေးသူ သူငယ်ချင်းကောင်း ရှိနေပါပေါ့လားဆိုတာ သိလိုက်ရတယ်။ တို့ဘိုးဘွား အမွေအနှစ်အစစ်တခုပေါ့။

သီပေါမင်းရဲ့ ငယ်သူငယ်ချင်း အဝေးရောက်မင်း ဦးအောင်ကြီးက သီပေါမင်းကိုယ်စား သူ့ချစ်သူ စုဖရားလတ်ထံ ရည်းစားစာရေးပေးခဲ့ရတာပါ။ ဦးအောင်ကြီးအကြောင်း ကာယကံရှင်ကိုယ်တိုင် ပြောပြခဲ့တာက အစပြုပြောမှ လိပ်ပတ်လည်ပါမယ်။

ဦးအောင်ကြီးရဲ့ အဖေဖြစ်သူ ဦးမှတ်ကြီးက မင်းတုန်းမင်းလက်အောက်မှာ အလုပ်လုပ်တယ်။ ရာထူးက စကု၊ စလင်း၊ ကျပင်း၊ လယ်ကိုင်း။ လေးမြို့နယ်ဆိုင်ရာ စာရေးကြီး။

အဝေးရောက်မင်း ဦးအောင်ကြီး

ဦးအောင်ကြီး ၇ နှစ်သားအရွယ်ရောက်တော့ မင်းတုန်းမင်းကြီးရဲ့ဆရာတော် ဦးပညာဏဆီမှာ စာသင်ပြီး သဒ္ဒါရှစ်စောင်၊ ဋ္ဌီကာကျော်၊ အဘိဓာန်တွေ သင်ရတယ်။ နောက် အဲဒီကျောင်းမှာပဲ ရှင်သာမဏေဘဝနဲ့ စာကြီးပေကြီးတွေသင်။

၁၇ နှစ်အရွယ် ရှင်လူထွက်တော့ ဖခင်အပ်ပေးတဲ့ လွှတ်တော်စာရေးကြီး ဦးမှုံဆီမှာ ဆကာရန္တ၊ ကဗျာသာရတ္ထ၊ စွယ်စုံကျော်ထင်သတ်ပုံကျမ်းတွေ လေ့လာသင်ယူတယ်။ သင်ယူပြီး ၆ လကြာတော့ စာရေးစာမေးပွဲ ဝင်ဖြေတယ်။ စာရေးစာမေးပွဲမှာ စာစီစာကုံး၊ အတွက်အချက်၊ ဂဲသြမေတြီ၊ သတ်ပုံသတ်ညွှန်းတွေ ဖြေရတယ်။ ရေးဖြေနှုတ်ဖြေ ဖြေပြီး စာရေးစာမေးပွဲအောင်တာနဲ့ တလကျပ် ၃၀ ရတယ်။

စာမေးပွဲအောင်ပြီး မကြာခင်မှာပဲ ကင်းဝန်မင်းကြီးဖြစ်လာမယ့် ဝန်ထောက်က ဦးမှုံဆီကနေ သူ့ကို တောင်းခေါ်သွားပြီး ကဗျာ အလင်္ကာတွေ လေ့လာစေတယ်။ စတုဓမ္မသာရကိုးခန်းပျို့၊ ဘုံခန်းပျို့၊ ဘူရိဒတ်လင်္ကာ၊ ဆုတောင်းခန်း စတာတွေ လေ့လာရ။

ပျို့ကဗျာလင်္ကာတွေ တီးမိခေါက်မိတော့ လေးချိုး၊ ဧချင်း၊ ရတု၊ ရကန်၊ လူးတားတွေ အဆိုတတ်ရအောင် ကင်းဝန်မင်းကြီးက ပြော့ကြီးမှူး ဦးဘိုဆီမှာ အပ်တယ်။ ရတုရကန်တွေ အဆိုတတ်အောင် ဦးဘိုက သင်ပေးတယ်။ (ပြော့ကြီးမှူးဆိုတာက နန်းတော်လွှတ်တော် အဆောက်အဦးပျက်ရင် ပြင်ကြရတဲ့ ယိုးဒယားလက်သမားတွေကို ကြီးကြပ်အုပ်ချုပ်ရသူ)

ပျို့ကဗျာလင်္ကာတွေ တီးမိခေါက်မိတော့ လေးချိုး၊ ဧချင်း၊ ရတု၊ ရကန်၊ လူးတားတွေ အဆိုတတ်ရအောင် ကင်းဝန်မင်းကြီးက ပြော့ကြီးမှူး ဦးဘိုဆီမှာ အပ်တယ်။ ရတုရကန်တွေ အဆိုတတ်အောင် ဦးဘိုက သင်ပေးတယ်။ (ပြော့ကြီးမှူးဆိုတာက နန်းတော်လွှတ်တော် အဆောက်အဦးပျက်ရင် ပြင်ကြရတဲ့ ယိုးဒယားလက်သမားတွေကို ကြီးကြပ်အုပ်ချုပ်ရသူ)

ပြော့ကြီးမှူးဆီ ဦးအောင်ကြီး သင်နေတုန်း မင်းတုန်းမင်းက စာတော်ဖတ်တယောက် အလိုရှိတယ်လို့ ကင်းဝန်မင်းကိုပြော။ ကင်းဝန်မင်းက ဦးအောင်ကြီးကိုအပ်။ စာတော်ဖတ်ဖြစ်တော့ စာရေးလစာ ၃၀၊ စာတော်ဖတ်က ၃၀၊ ပေါင်း ကျပ် ၆၀ ရတယ်။

ည ၉ နာရီ ညီလာခံကွဲရင် မင်းတုန်းမင်းက သူ့အခန်းပြန်တယ်။ (ရှေးဘုရင်တွေလည်း ညကျောင်းတက်တာပဲနော့်)။ စာတော်ဖတ်က အခန်းကစောင့်ပြီး ဘုရင်ဖတ်ခိုင်းတာ ဖတ်ပြရတယ်။ မင်းတုန်းမင်းက ပျို့ကဗျာလင်္ကာတွေကို မကြိုက်ဘူး။ ဇိနတ္ထပကာသနီနဲ့ သံဝေဂဝတ္ထုတွေ အဖတ်ခိုင်းတာ များတယ်။

ဦးအောင်ကြီးက သီပေါမင်းလက်ထက်အထိ စာတော်ဖတ်လုပ်ရသေးတော့ သူ့အပြောအရ သီပေါမင်းလက်ထက် စာတော်ဖတ်တွေ အင်မတန်သက်သာတယ်။ စာမဖတ်ခိုင်းတဲ့ည များပါသတဲ့။ မောင်သံတိုင်၊ မောင်ကျော်မြ၊ မောင်အိုနဲ့ မောင်အောင်ကြီးဆိုပြီး စာတော်ဖတ် လေးယောက်ရှိတယ်။ အလှည့်ကျဖတ်ပြရတယ်။

သီပေါမင်း ဖောင်တော်ကို မန္တလေးကျုံးထဲ မြင်ရစဉ်

ဒီနေရာမှာ အလျဉ်းသင့်တုန်း ကုန်းဘောင်မင်းလက်ထက် ဝန်ထမ်းတွေ ခန့်ထားပုံပြောရဦးမယ်။ စာတော်ဖတ်တွေ ခန့်ထားသလိုပဲ မင်းတုန်းမင်းလက်ထက်မှာ မြန်မာနန်းသုံးသမားတွေလည်း ခန့်ထားတယ်။ (သမားဆိုတာ မွန်စကားရင်းဖြစ်ပြီး မည်သည့်အတတ်ပညာမဆို ကောင်းစွာတတ်ကျွမ်းပြီး ထိုအတတ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူလို့ မွန်ဘာသာအဘိဓာန်ကျမ်းက ဖွင့်ဆိုတယ်)။

မင်းတုန်းဘုရင်လက်ထက်အခါက နန်းတွင်းမှာ ဘိသက္ကရာဇဘွဲ့ရ သမားတော်ကြီး ၁၀ ယောက် ခန့်ထားတယ်။ သမားတော်ကြီး ဦးဘဲ၊ ဦးစံဝင်း၊ ဦးနှောင်း၊ ဦးစာ၊ ဦးနက်၊ ဦးမှိုင်း၊ ဦးမိတ်၊ ဦးတူ၊ ဦးခဲ၊ ဦးပေါတို့ဖြစ်ပြီး အဲ့ဒီခေတ်ကတည်းက စပါယ်ရှယ်လစ်သမားတော် ရှိတယ်။

ဥပမာ ဦးမှိုင်းက မီးယပ်နာကုရာမှာ တဖက်ကမ်းခပ်ပြီး ဦးခဲက ကလေးစပါယ်ရှယ်လစ်။ သမားတော်လစာ တလ ၅၃ ကျပ်ရတယ်။ သမားတော်တွေဟာ နန်းတွင်းအဆောင်တော်မှာ နေ့ညမပြတ် ဝင်ထွက်ခစားရပြီး တခါတရံ ဘုရင်စားဖို့ ဓာတ်စာဖန်တီးပေးရတယ်။ ဘုရင်စားချင်တာရှိရင် စားတော်ကဲတွေက သမားတော်တွေကို မေးပြီးမှ စီမံချက်ပြုတ်ရတယ်။

နန်းတော်ထဲ သမားတော်တွေနဲ့အတူ ခန့်ထားတာက အနှိပ်တော်တွေ။ မြန်မာအနှိပ်တော် ၁၀ ယောက်ခန့်ထားပြီး ဆရာလူ၊ ဆရာပန်းဆံ စသူတို့ဖြစ်တယ်။ မညှာ ခေါင်းဆောင်တဲ့ မိန်းမအနှိပ်တော် ၇ ယောက်လည်းရှိပြီး အဲ့ဒီအနှိပ်တော် ၁၇ ယောက်ဟာ နန်းတော်မှာအလှည့်ကျ ဂျူတီဝင်ရပြီး လစာတလ ၃၅ ကျပ်ရကြတယ်။

နန်းတော်တွင်းမှာ မြွေပေါလို့ ဆရာဟိန်း ခေါင်းဆောင်တဲ့ မြွေသမားတော် ၁၂ ယောက် ခန့်ထားရပြီး နန်းတော်တွင်း အလှည့်ကျ စောင့်ကြပ်ကြရတယ်။ နေ့ည စောင့်ကြပ် ကြရတာဖြစ်ပြီး လစာတလ ၁၅ ကျပ် ရကြတယ်။

နန်းတော်တွင်းမှာ မြွေပေါလို့ ဆရာဟိန်း ခေါင်းဆောင်တဲ့ မြွေသမားတော် ၁၂ ယောက် ခန့်ထားရပြီး နန်းတော်တွင်း အလှည့်ကျ စောင့်ကြပ်ကြရတယ်။ နေ့ည စောင့်ကြပ် ကြရတာဖြစ်ပြီး လစာတလ ၁၅ ကျပ် ရကြတယ်။

သီပေါနဲ့ ဦးအောင်ကြီးဘက်ဆက်ရရင် သီပေါမင်းနဲ့ မောင်အောင်ကြီးက ငယ်သူငယ်ချင်းတွေဖြစ်တော့ သူ မင်းဖြစ်တဲ့အခါ သူငယ်ချင်းကို အဝေးရောက်မင်းရာထူး တိုးပေးတယ်။ အဝေးရောက်မင်း အလုပ်အကြောင်း မပြောခင် သီပေါမင်းအတွက် ရည်းစားစာရေးပေးခဲ့ပုံ ပြောပြမယ်။ သီပေါမင်းက ကိုရင်ကလေး ဘဝကတည်းက စုဖုရားလတ် မင်းသမီးနဲ့ အဆက်ဖြစ်နေခဲ့တယ်။ ချစ်သူသမီးရည်းစား ဖြစ်နေတာကိုပြောတာ။

တခါသား စုဖုရားလတ်နဲ့ မယ်တော်ဆင်ဖြူမရှင်တို့ဟာ အင်းဝမှာဆောက်နေတဲ့ နန်းမတော်မယ်နုအုတ်ကျောင်း ပြင်ဆင်နေတာ သွားကြည့်ကြတာ ၃၊ ၄ ရက်ကြာတယ်။ ဒီတော့ သီပေါမင်းသားလေးက သူ့ရည်းစားကိုလွမ်းလို့ ဦးအောင်ကြီးကို စာရေးခိုင်းတယ်။

၁၉၄၀ ပြည့်နှစ် ကာလတဝိုက်မှာ သိပ္ပံမောင်ဝနဲ့ ဦးအောင်ကြီးတို့ ရွှေဘိုမြို့မှာတွေ့ကြတော့ ဦးအောင်ကြီးက သူရေးပေးတဲ့စာကို အခုလို ရွတ်ပြတယ်။

၁၈၈၅ နိုဝင်ဘာလ ဗြိတိသျှစစ်သားများ မန္တလေး ဘုရင့်နန်းတော်ရှေ့ ရောက်လာစဉ်

“၂ နေညွတ်နတ်တယ်၊ ပယောဂနာဝရေ၊ မွန်ညက်ကယ်နဲ့ ရွှေစကြာပထလမ်းကို မြန်းရှာတော့တယ်။ တောစုံစွာ နံ့သာသပါတဲ့၊ စောပုညာသာ ပတ္တမြရယ်နှင့် နှစ်ဌာနယှက်နှောင်သွယ်၊ ကြက်မောင်စံကွန်း။

နှင်းစဲချိန်ရင်းရဲရွှေဝတ်သို့၊ ဆွေတသိန်စုခေါင်ဆိုက်ရှာတော့၊ မျှော်လိုက်မယ်သိမ်သဘောငဲ့၊ ကိန္နရာ ဖို မ ထုံးလို၊ ဘုန်းငိုလို့လွမ်း”

၂ နေညွတ်နတ်ကယ်ဆိုတာက စုဖရားရဲ့မယ်တော် ဆင်ဖြူမရှင်ကလည်း မိဖုရားကြီး၊ သူ့ဘွားတော် နန်းမတော်မယ်နုကလည်း မိဖုရားခေါင်ကြီး၊ အဲဒီ မိဖုရားကြီးနှစ်ယောက်ရဲ့ တိုက်ရိုက်အဆက်အနွယ်မို့ ၂ နေညွတ်လို့ ဆိုတယ်။

ပယောဂဆိုတာက ပါဠိစကား ဖြစ်ကိုဆိုလိုတယ်။ တခြားစကားတွေကတော့ ပုညရှင်စေတီ၊ ပတ္တမြားစေတီ၊ ရွှေကြက်ယက်၊ ရွှေကြက်ကျ၊ ရင်းရဲကျောက်ဆိုင်တွေကို ဆိုလိုတာပါလို့ ဦးအောင်ကြီးက ရှင်းပြတယ်။

သိပ္ပံမောင်ဝက အဝေးရောက်မင်းဆိုတာ ဘာတွေလုပ်ရသလဲလို့မေးတော့ “မန္တလေးကအပ နယ်မှာရှိတဲ့ ရုံးပေါင်း ၅၂ ရုံးလာ စာတွေအားလုံး ဘိုးဘိုးဆီ ရောက်လာတာပဲ။ သည်စာတွေအားလုံးဖတ်ပြီးတော့ မင်းတရားကြီးထံ ဆက်သင့်တာကိုဆက်၊ လွှတ်တော်ပို့သင့်တာပို့၊ မပို့သင့်တာတွေကိုတော့ ဘိုးဘိုးကပဲ ဖျက်ပစ်လိုက်တာပဲ။ အဲသည်လို အဝေးက ရောက်လာသမျှ စာတွေကို ကြည့်ရှုနေရာချပေးရတဲ့အတွက် အဝေးရောက်မင်းလို့ ဆိုတာပါပဲ” လို့ ရှင်းပြပါတယ်။

အဝေးရောက်မင်း လစာက ကျပ် ၅၀ သာရပေမယ့် ဘုရင်ဆီဆက်တဲ့ လက်ဆောင်မြင်း ၁၀ စီးဆို အဝေးရောက်မင်းက တစီးလက်ဆောင်ရတယ်။ လက်ဆောင် အင်မတန်ရတဲ့ ရာထူးလို့ ဦးအောင်ကြီးက ပြောပြတယ်။

အဝေးရောက်မင်း လစာက ကျပ် ၅၀ သာရပေမယ့် ဘုရင်ဆီဆက်တဲ့ လက်ဆောင်မြင်း ၁၀ စီးဆို အဝေးရောက်မင်းက တစီးလက်ဆောင်ရတယ်။ လက်ဆောင် အင်မတန်ရတဲ့ ရာထူးလို့ ဦးအောင်ကြီးက ပြောပြတယ်။

သိပ္ပံမောင်ဝနဲ့ တွေ့တုန်းက သူ သီပေါမင်းကိုယ်စား ရည်းစားစာရေးပေးဖူးတယ်သာ ပြောသွားတယ်။ တကယ်တော့ စုဖရားလတ်အတွက်လည်း ရေးပေးဖူးတာကို အွန်လိုင်းအဘိဓာန်မှာ ခုလိုတွေ့ရတယ်။

“အဝေးရောက်မင်းသည် ကဗျာလင်္ကာ အချို့ကိုလည်း ရေးဖွဲ့ခဲ့သည်။ ‘စုဖုရားလတ်အတွက် အလွမ်းကဗျာ’၊ ‘တောပု ဘုရားပွဲသွား တေးထပ်’၊ ‘သီလရှင်နှစ်ပါးဘွဲ့ လေးဆစ်ကဗျာ’ တို့ကို တွေ့ရှိရသည်။ ယင်းကဗျာများတွင် အဓိပ္ပာယ် ယုတ္တိနှင့်တကွ ကာရံနဘေများမှာ လွန်စွာ သုတိသာယာမှု ရှိကြောင်း မောင်အေးသန့်က အကဲဖြတ်ခဲ့သည်။ ထို့ပြင် လူအဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်တွင် ပုထုဇဉ်ပီပီ လူ့ပြည်မှာ အနေရဲခိုက် အပျော်သဘောနှင့် စာချိုးများလည်း ရေးဖွဲ့တတ်သည်။”

အဝေးရောက်မင်း ဦးအောင်ကြီးရဲ့ရုပ်ပုံလွှာကို သိပ္ပံမောင်ဝက ခုလိုရေးဖွဲ့ခဲ့တယ်။
“အဝေးရောက်မင်း မောင်လူအေးအိမ်သို့ ရောက်လာလေပြီ။ ခေါင်းပေါင်းဖော့လုံး၊ ပုဆိုးတောင်ရှည်၊ ရင်ဖုံးအင်္ကျီတို့ကို ဝတ်စားထား၏။ အရပ်မှာ မမြင့် မပု၊ ကိုယ်မှာ မဝမပိန် အရွယ်တော်ပင်ဖြစ်လေသည်။ အသက်ကြီးလှပြီ ဖြစ်သောကြောင့် ခါးအနည်းငယ်ကိုင်းနေသဖြင့် တောင်ဝှေးကို စွဲကိုင်ရပြီ။ အသားမှာညို၏။ ပါးရေ၊ နဖူးရေများ တွန့်နေလေပြီ။ မျက်နှာတွင် မှည့်အနည်းငယ်ရှိ၏။ ရှေ့သွားများ မကျိုးသေး။ အံသွားအချို့ကျိုးပြီး မျက်စိအနည်းငယ် မှုန်နေသောကြောင့် မျက်မှန်ကို တပ်ထားရ၏။ နှုတ်ခမ်းမွှေးဖြူပြီး စကားပြောရာတွင် ပြုံးပြုံးရွှင်ရွှင် ပြောတတ်၏။ ကြည်ညိုဖွယ်ကောင်းလှပေသည်။”

ရတု၊ ရကန်၊ အဲ၊ အန်၊ ဧချင်းတွေ အဆိုကောင်းသူ ဦးအောင်ကြီးကို အွန်လိုင်းအဘိဓာန်က ခုလို မှတ်တမ်းတင်ထားတယ်။

“အဝေးရောက်မင်းသည် သီချင်းကြီး၊ သီချင်းခန့်၊ အဲ၊ အန်၊ လူတား စသည့် တေးကဗျာများ၏ အမှန်အကန် ရွတ်ဖတ်နည်း၊ ဆိုနည်းတို့ကို လည်းကောင်း၊ အဓိပ္ပာယ် ကောက်ယူပုံတို့ကို လည်းကောင်း လွန်စွာ ပိုင်နိုင်သူတဦး ဖြစ်သည်။ မြန်မာပြည် အရပ်ရပ်မှ မြန်မာစာပေ ပညာရှင်များ၊ သုတေသီများ၊ ဂီတပညာရှင်များ အဝေးရောက်မင်းထံ လာရောက် ဆည်းပူးခဲ့ကြသည်။ မြန်မာနိုင်ငံ သုတေသနအသင်းကလည်း ၁၉၄ဝ ပြည့်နှစ်၊ နိုဝင်ဘာလထဲတွင် အဝေးရောက်မင်းကို ရန်ကုန်သို့ ပင့်၍ ရတု၊ ရကန်၊ အန်ချင်း၊ လူးတား၊ မော်ကွန်း၊ လေးချိုးကြီး၊ တောလား၊ အိုင်ချင်း၊ အဲချင်း၊ ဧချင်း၊ သာချင်းတို့၏ မူမှန် သီဆိုရွတ်ဖတ်နည်းတို့ကို ဓာတ်ပြားသွင်းယူ မှတ်တမ်းတင်ခဲ့သည်။

ဦးအောင်ကြီးက အသက် ၈၉ နှစ်မှာ ဆုံးသွားတာဆိုတော့ သိပ္ပံမောင်ဝနဲ့ တွေ့ချိန်မှာ ၈၇ နှစ်ခန့် ရှိမယ်မှန်းရတယ်။ သူတို့နှစ်ဦးဆုံးတော့ ၁၉ ၄၂ ခုနှစ်တနှစ်တည်း။ သိပ္ပံမောင်ဝက ၁၈၄၂ ခုနှစ်၊ ဇွန်လထဲ အသက် ၄၃ နှစ်အရွယ်မှာ ဓားပြသတ်လို့သေတယ်။ ဦးအောင်ကြီးက အဲဒီနှစ် စက်တင်ဘာမှာ လူကြီးရောဂါနဲ့ဆုံးတယ်။ နှစ်ဦးစလုံး စာပေပညာရှင်တွေ ဖြစ်တယ်။

ကိုးကား
– စကားပြေ ၁၀၀
– အဝေးရောက်မင်းဦးအောင်ကြီး (သိပ္ပံမောင်ဝ)
– ရွှေနန်းသုံး မြန်မာသမားတော်များ (ပါမောက္ခ ဦးချမ်းမြ)

You may also like these stories:

ဒေါက်တာ အောင်ကြီးရဲ့ လူတွေ လူတွေ

ကားသမားနှင့် ခိုလှုံရာ

၈၈ က အာဂ အနုပညာရှင်များ

စာပေသူပုန်ကြီး သခင်ကိုယ်တော်မှိုင်း

Loading