ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း မိုင်တိုင်အမှတ် ၄၀ အနီးရှိ အာဏာသိမ်း စစ်ကောင်စီ၏ စခန်းတခုကို ရက္ခိုင့်တပ်တော် (AA) က သြဂုတ် ၃၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
စစ်ကောင်စီ၏ တပ်စခန်းသည် ရက်ပေါင်းများစွာ အပြန်အလှန်တိုက်ပွဲများ ဖြစ်နေသည့် နေရာများထဲမှ တခုဖြစ်ပြီး သြဂုတ် ၃၁ ရက် နံနက် ၉ နာရီ ၁၂ မိနစ်တွင် AA တပ်ဖွဲ့ဝင်များက စခန်းတခုလုံး အပြီးသတ် သိမ်းပိုက်လိုက် ခြင်းဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တွင်တည်ရှိသော အဆိုပါ မိုင်တိုင် ၄၀ စခန်းအား ပြန်ရရှိရေး အတွက် စစ်တပ်က စစ်ကောင်စီတပ်က မြေပြင်သာမက လေကြောင်းကိုပါ အသုံးပြု၍ အင်အားသုံး တိုက်ခိုက်ခဲ့သော်လည်း စစ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
မိုင်တိုင် ၄၀ စခန်းသည် လတ်တလော ပူပူနွေးနွးဆုံးရှုံးခဲ့သည့် စစ်ကောင်စီ တပ်စခန်းတခုသာ ဖြစ်ပြီး စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်မှုကြောင့် ခြေကုပ်စခန်းပေါင်း ၉၀ ခန့် ဆုံးရှုံးနေပြီဖြစ်သည်။
ထိုအထဲတွင် စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးပါသော စခန်းကြီးများ ပါဝင်သလို ရှေ့တန်းမြေပြင် တပ်များအတွက် ရိက္ခာ၊ လက်နက်ထောက်ပံ့ရေးနှင့် နယ်မြေစိုးမိုးရေး အရ အချက်အချာကျသည့် ခစန်းများလည်းပါဝင်သည်။
ထိုအရေအတွက်သည် စစ်တပ်က တိုင်းပြည်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ စက်တင်ဘာလဆန်းထိ ၁ နှစ်ခွဲ ကျော် ကာလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ထံမှ ဧရာဝတီက စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီဘက်က အနည်းဆုံး ခြေကုပ်စခန်း ၂၀ ခန့်၊ ချင်းပြည်နယ်တွင် အနည်းဆုံး ခြေကုပ် စခန်း ၃ ခု၊ ကယား (ကရင်နီ) ပြည်နယ်တွင် စခန်း ၁၉ ခု၊ ကရင်ပြည်နယ်တွင် စခန်း ၁၂ ခုနှင့် ရခိုင်ပြည်နယ်တွင် စခန်း ၃၆ ခု ဆုံးရှုံးထားခြင်း ဖြစ်ကြောင်း အဆိုပါ EAOs များထံမှ စုစည်းရရှိထားသော အချက်အလက်များအရ သိရသည်။
ကချင်ပြည်နယ်
၂၀၂၁ မတ်လကုန်ပိုင်းတွင် ကချင်ပြည်နယ်၌ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) သည် တရုတ်-မြန်မာ နယ်စပ်အနီး စစ်ရေးအရ အရေးပါသည့် အလော့ဘွမ်တောင် စစ်တပ် ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့် စခန်းသိမ်းတိုက်ပွဲများ စတင်ခဲ့သည်။
အလော့ဘွမ်တောင်သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်တွင် တည်ရှိပြီး မြန်မာစစ်တပ်က ၁၉၈၇ ခုနှစ်၌ သိမ်းယူခဲ့သည့် စစ်စခန်းတခု ဖြစ်သည်။
အဆိုပါစခန်း ပြန်ရနိုင်ရေး အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ ဧပြီတွင် လက်နက်ကြီး အပါအဝင် လေကြောင်းပစ် ကူသုံးပြီး ခြေမြန်တပ်မ ၇၇၊ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခဲ့သော်လည်း စခန်းပြန်မရဘဲ အရေးနိမ့်ခဲ့သည်။
ယင်းနောက်ပိုင်း ကာလများတွင် KIA က ကချင်ဒေသကာကွယ်ရေးတပ် (KPDF) များကို ဖွဲ့စည်းဦးဆောင်ပြီး စစ်ကောင်စီတပ်များ အထိုင်ချထားသည့် စခန်းများအား လိုက်လံသိမ်းယူမှုများကို စနစ်တကျ လုပ်ဆောင်ခဲ့သည်။
KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ KIA သည် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်စခန်း ၅ ခု၊ ပူတာအိုမြို့နယ်တွင် စခန်း ၃၊ တနိုင်းမြို့နယ်တွင် စခန်း ၂၊ ဗန်းမော်ခရိုင်တွင် စခန်း ၃ ခု၊ ဝိုင်းမော်မြို့နယ်တွင် စခန်း အနည်းဆုံး ၃ ခု နှင့် ရွှေကူမြို့နယ်တွင် စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက “ရွှေကူမြို့နယ်ထဲက စခန်းအချို့ဆိုရင် တိုက်တောင် မတိုက်ရဘူး။ သူတို့ ဘာသာ ဖယ်သွားတာ” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည် မြို့များ အပါအဝင် မြို့တမြို့နှင့်တမြို့ကို ဆက်သွယ် သည့် လမ်းကြောင်း (Line of Communication) ကိုသာ ထိန်းသိမ်းနိုင်ရန် ရုန်းကန်နေရကြောင်း ၎င်းကဆက်၍ ရှင်းပြသည်။
KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း “တကယ် ထိထိရောက် KIA တပ်မဟာတွေကို တက်မတိုက်နိုင်တော့ဘူး။ နည်းနည်းလေးတောင် မတက်နိုင်ဘူး။ တက်တိုက်တာနဲ့ ပြန်လန်ကျတယ်။ KIA တပ်မဟာ မပြောနဲ့ KIA ရဲ့ ရှေ့တန်းကာကင်း စခန်းတွေက အရင်က ၃၊ ၄ ယောက်လောက်ပဲ စစ်သားရှိတာ။ အခုက ရှေ့တန်းကာကင်းတွေက ဆယ်ဂဏန်းပိုင်းထိတွေ ဖြစ်ကုန်ပြီ။ ဆိုတော့ သူတို့ ခြေတလှမ်းမလှမ်းရဲတော့ဘူး ဖြစ်သွားပြီ” ဟုပြောသည်။
ကယားပြည်နယ် (ကရင်နီပြည်နယ်)
ကယား (ကရင်နီ) ပြည်နယ်တွင်မူ အာဏာသိမ်း စစ်ကောင်စီသည် စစ်စခန်း ၁၄ ခုနှင့် ရဲစခန်း ၅ ခုကို ဆုံးရှုံးထား ကြောင်း စစ်ကောင်စီကို တိုက်နေသည့် ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ (KNPP) ထံမှ သိရသည်။
KNPP အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က ကရင်နီတပ်မတော် (KA) ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများ သည် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘော်လခဲမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ရှားတောမြို့နယ်ထဲမှ စစ်စခန်း၊ ရဲစခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “အဲဒီထဲက စခန်းကြီးကြီး လူ ၃၀၊ ၄၀ ထိုင်တာက ၂ ခုလောက်တော့ ပါတယ်။ ကျန်တဲ့ဟာတွေက ၁၀၊ ၁၂ ယောက်ဝန်းကျင်ပဲ ထိုင်တာပေါ့။ ၂၀၂၁ တုန်းက စခန်းက ၄ ခုလောက်ပဲ သိမ်းနိုင်ခဲ့တာ။ ၂၀၂၂ မှာတော့ ကျနော်တို့ ဘက်က ပိုသိမ်းနိုင်ခဲ့တယ်” ဟု ရှင်းပြသည်။
ယခုကဲ့သို့ စစ်ကောင်စီစခန်းများအား ပိုသိမ်းလာနိုင်ခြင်းသည် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးစွမ်းရည် တဖြည်းဖြည်း မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း ခူးဒယ်နီရယ်က ပြောသည်။
၎င်းက “၁ နှစ်ကျော်အတွင်း နေရာတကာမှာလည်း တိုက်နေတော့ ကျဆုံးမှုတွေက များလာတယ်။ သူ့ အတွက် သိပ်အရေးမပါတဲ့ စခန်းတွေကို သူ စွန့်လွှတ်တယ်။ ၁ နှစ်အတွင်းမှာတော့ ကျနော်တို့ဘက်က လက်နက်တွေ ကလည်း ရှိသင့်သလောက် ရှိလာတယ်။ တိုက်ခိုက်တဲ့ စွမ်းရည်ကလည်း တဖြည်းဖြည်း မြင့်လာတယ်။ သူတို့ဘက်က သေဆုံးမှုလည်း များလာတော့ အားတွေက တဖြည်းဖြည်း လျော့လာတယ်။ ရိက္ခာပို့တဲ့ လမ်းကြောင်းကလည်း ဖြတ် တောက်ခံရတော့ ရိက္ခာကလည်း အခက်အခဲ ရှိနေတယ်” ဟု ဆိုသည်။
လက်ရှိတွင် ကရင်နီဒေသ၌ စစ်ကောင်စီတပ်သည် ၎င်း၏ အခြေစိုက်စခန်းများအား စစ်ကြောင်းဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်း ပို့ဆောင်သည်မှလွဲ၍ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှု မရှိကြောင်း KNPP ထံမှ သိရ သည်။
တဖက်တွင်လည်း ကရင်နီတော်လှန်ရေးအင်အားစုများသည် ပြောက်ကျားတိုက်ခိုက်မှုနှင့် လျှပ်တပြက်တိုက်ခိုက်မှုများသာ လုပ်ဆောင်နိုင်ပြီး တန်ပြန်ထိုးစစ် မဆင်နိုင်သေးကြောင်း ခူးဒယ်နီရယ်က ဆိုသည်။
၎င်းက “ကျနော်တို့ စိုးရိမ်ရတာက လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူပဲ။ သူတို့က တိုက်ပွဲမရှိလည်း လက်နက်ကြီး တွေက ပစ်တာပဲလေ။ လက်နက်ကိုင်တဲ့သူ ရှိရှိ မရှိရှိ၊ လူထုမှန်းမသိ၊ လက်နက်ကိုင်မှန်းမသိ ပစ်တာပဲ။ အတွဲလိုက် ပစ်တာတွေ သုံးတာကတော့ ၂၊ ၃ ခေါက်လောက်တော့ ရှိတယ်။ ဗုံးတွေချတာကတော့ များတာပေါ့” ဟု ပြောသည်။
၎င်းကဆက်၍ “အဓိကကတော့ ကိုယ့်တော်လှန်ရေး အင်အားစုတွေကိုပဲ အားပေးချင်တယ်။ ကျနော်တို့က နိုင်အောင်တိုက်မယ်လို့ ဆုံးဖြတ်ထားရင် နိုင်အောင်တိုက်ဖို့ လိုတယ်။ စုစည်းမှု လိုအပ်တယ်။ တိုက်ခိုက်ရေးစွမ်းရည်တွေ လိုအပ်တယ်ဆိုတာ ခံယူထားဖို့ လိုပါတယ်” ဟု မှတ်ချက်ပေးသည်။
ချင်းပြည်နယ်
ချင်းပြည်နယ်က စစ်မျက်နှာတွင်လည်း စစ်ကောင်စီသည် အနည်းဆုံး စခန်း ၃ ခုခန့် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ပဋိပက္ခလေ့လာစောင့်ကြည့်သူများက ဆိုသည်။
ချင်းတော်လှန်ရေးအင်အားစုများက ပူးပေါင်းသိမ်းပိုက်လိုက်သည့် စခန်းများမှာ ချင်းပြည်နယ် ထန်တလန်ရှိ လုံလဲရ်ရွာ ရဲ စခန်းနှင့် မင်းတပ်မြို့နယ်၊ မကွီအိမ်နူးရွာရှိ စစ်တပ်နှင့်ရဲ ပူးပေါင်းစခန်း၊ စွန်တောင်ရွာ ရဲစခန်းတို့ ဖြစ်ကြောင်း ချင်းတော် လှန်ရေးတပ်များထံမှ သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် ထန်တလန်မြို့နယ်၊ လုံလဲရ်ရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကို ချင်းအမျိုးသားတပ် (CNA) နှင့် ချင်းကာကွယ်ရေးတပ် (CDF) ထန်တလန်တို့က ၂၀၂၁ စက်တင်ဘာတွင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှု များကြောင့် စစ်ဘေးရှောင် ၁၀၀၀ ကျော် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မင်းတပ်မြို့နယ်တွင်မူ မင်းတပ်မြို့ အနောက်တောင်ဘက် မကွီအိမ်နူးရွာရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ အင်အား ၃၀ ကျော် အခြေချသည့်စခန်းကို CDF မင်းတပ်က ၂၀၂၁ ဇူလိုင်လတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက မကွီအိမ်နူးစခန်းကို CDF မင်းတပ် တပ်ဖွဲ့ဝင်များသည် သေနတ်တချက်မှ မဖောက်လိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဆလိုင်းဟာအွမ်း က “အဲဒီပွဲက ပြီးပြည့်စုံတဲ့ တိုက်ပွဲပဲ။ ကျနော်တို့က သူတို့ ဗိုလ်ကြီးကို ဖမ်းတယ်။ သူတို့က ရွာထဲလာတဲ့အချိန် ဖမ်းတယ်။ ကျနော်တို့က တောင်ကုန်းတကုန်းလုံး ပတ်ပတ်လည်ကို ဝိုင်းထားတယ်။ ခင်ဗျားတို့ လက်နက်ချပါ။ ခင်ဗျားတို့ကို မသတ်ဘူး။ ကျနော်တို့ ချင်းလူမျိုးက သစ္စာရှိတယ်၊ အာမခံတယ်ဆိုပြီး တကုန်းလုံးကို သိမ်းခဲ့တာ” ဟု ဆိုသည်။
ထို့ပြင် မင်းတပ်မြို့နယ်ရှိ စွန်တောင်ရွာ ရဲစခန်းသည်လည်း CDF မင်းတပ်၏ တိုက်ခိုက်မှုကို စိုးရိမ်လာသဖြင့် ရဲများက စခန်းကို စွန့်ခွာထွက်ပြေးသွားခြင်း ဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင် စစ်ကောင်စီ တပ်များသည် ၂၀၂၁ နှစ်ကုန်ပိုင်း တိုင်အောင် မင်းတပ် CDF အား အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခဲ့ကြောင်း ဆလိုင်းဟာအွမ်းက ပြောသည်။
၎င်းက “ကျနော်တို့ကို စစ်ကြောင်း ၄ ကြောင်းလောက်နဲ့ ပြင်းပြင်းထန်ထန် ထိုးတဲ့ရက်တွေ ရှိခဲ့တယ်။ ထိုးတဲ့တပ်တွေက ပလက်ဝက ပြန်လာတဲ့တပ်တွေ။ AA နဲ့ တိုက်ခဲ့တဲ့ တပ်တွေပေါ့။ သူတို့က တိုက်ပွဲ အတွေ့အကြုံလည်း များတယ်။ ကျနော်တို့ တော်တော်လေးကို တောင့်ခံလိုက်ရတယ်။ အဲဒီတုန်းက အခုလောက် ခုခံ တိုက်ခိုက်မှုတွေက မပြင်းထန်သေးဘူး။ မင်းတပ်နဲ့ မတူပီကြား မိုင် ၁၀၀ မှာ မိုင် ၈၀ လောက်ကို ကျနော်တို့ အကြိမ် ကြိမ် တိုက်ခိုက်ခဲ့ရတယ်” ဟု ရှင်းပြသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့၌ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တိုက်နေသည့် တော်လှန်ရေး တပ်များ အခိုင်အမာ ပေါ်ပေါက်လာပြီဖြစ်ရာ စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်ကို အလွယ်တကူ တက်လာ၍ မရတော့ကြောင်းလည်း ၎င်းက ဆိုသည်။
ဆလိုင်းဟာအွမ်းက “ကျနော်တို့က မင်းတပ်ရဲ့ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်။ မင်းတပ်နားက ရွာ ၂၊ ၃ ရွာ လောက်ကိုပဲ စစ်တပ်က ထိန်းထားနိုင်တာ။ ဒါတောင် ကျနော်တို့က လိုအပ်ရင်လိုအပ်သလို မြို့ပေါ်တက်ပစ်တာ ရှိ တယ်။ ကျနော်တို့ဆီကို စစ်ကြောင်း မလာတာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာက နောက်ဆုံး စစ်ကြောင်းထိုးတာ ပဲ။ အဲဒါပြီးတဲ့နောက် မလာတော့ဘူး။ အခုထိပဲ” ဟု ပြောသည်။
ကရင်ပြည်နယ်
ထို့အတူ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် ကရင်ပြည်နယ်တွင်လည်း စစ်ကောင်စီ တပ်များသည် ၎င်းတို့၏ ခြေ ကုပ်စခန်း အနည်းဆုံး ၁၂ ခုထက်မနည်းကို ဆုံးရှုံးထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန် သည့် အချက်အလက်များအရ သိရသည်။
KNU တပ်မဟာ ၅ အခြေစိုက်ရာ ဖာပွန်ခရိုင်တွင် သော်လဲထ၊ သီးမူထာနှင့် ကျောက်ညှပ် စခန်းများကို စစ်ကောင်စီ ဘက်က ဆုံးရှုံးထားပြီး KNU တပ်မဟာ ၆ အခြေစိုက်ရာ ဒူးပလာယာခရိုင်တွင် မော်ခီးနှင့် သေဘော့ဘိုး စသည့် စခန်း များကို ဆုံးရှုံးထားသည်။
ကရင်ပြည်နယ်၊ မြဝတီနှင့် ဝေါ်လေမြို့ကြားရှိ စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို KNU လက်အောက်ခံ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၂ ဇွန် ၂၆ ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ အများအပြား အသုံးပြုခဲ့သဖြင့် စခန်းမသိမ်းနိုင်ခဲ့ပေ။
ယင်းတိုက်ပွဲတွင် ကရင်တော်လှန်ရေးတပ်များဘက်က ကျဆုံးမှုများ ရှိခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ရာနှင့်ချီသော ကျဆုံး မှုများ ရှိခဲ့သည်။
KNU တပ်မဟာ ၃ အခြေစိုက်ရာ မုန်းမြို့နယ်တွင်မူ KNU ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ကော့ပြင်းစခန်း၊ ကျောင်းစုစခန်း၊ ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်းနှင့် ကျွန်းပင်ဆိပ်စခန်း စသည့် အခြေစိုက်စခန်း ၅ ခုကို လက်လွှတ်ထားရသည်။
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်တွင်မူ အာဏာသိမ်း စစ်ကောင်စီဘက်က အခြေစိုက်စခန်း အနည်းဆုံး ၃၅ ခု လက်လွှတ်ထားရကြောင်း မြန်မာနိုင်ငံပဋိပက္ခအား လေ့လာစောင့်ကြည့်နေသည့် သုတေသီအချို့က ဆိုသည်။
စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရသည့် စခန်းများမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ထဲတွင် စခန်း ၃၀ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စခန်း ၆ ခုတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် ပဋိပက္ခလေ့လာစောင့်ကြည့် သည့် သုတေသီတဦးက ပြောသည်။
ပလက်ဝမြို့နယ်ထဲက စခန်း ၅ ခုမှာ ၂၀၂၂ ဩဂုတ်လကုန်ပိုင်းတွင် AA ၏ တိုက်ခိုက်မှုများကြောင့် လက်လွှတ်လိုက်ရသည့် စခန်းများ ဖြစ်ကြောင်း၊ ပလက်ဝမြို့အရှေ့ဘက် လေးမြို့မြစ် အပေါ်ဘက်က တပ်မ ၅၅ လက် အောက်ခံ စစ်စခန်းမှာမူ AA ၏ ဝိုင်းပတ် ပိတ်ဆို့ထားမှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တပ်ဆုတ်လိုက်ရခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ယခု ဩဂုတ်လကုန်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံ မိုင် တိုင် ၄၀ နယ်ခြားစောင့်တပ်စခန်းကို AA ဘက်က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကာ လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။
စက်တင်ဘာ ၁ ရက်တွင် စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဘင်္ဂလား ဒေ့ရှ်နိုင်ငံထဲ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာစစ်ကောင်စီ၏ သံအမတ်ကို ဆင့်ခေါ်သတိပေးမှုများလည်း ရှိခဲ့သည်။
ပဋိပက္ခလေ့လာစောင့်ကြည့်သည့် သုတေသီတဦးက မောင်တောမြို့နယ်တွင် စစ်ကောင်စီဘက် က လက်လွှတ်လိုက်ရသည့် စခန်းအရေအတွက်မှာ AA တရားဝင် ထုတ်ပြန်သည့် သတင်းပါ အချက်အလက်များထက် ပိုများနိုင်ပြီး ၃၀ ခန့် ရှိကြောင်း သုံးသပ်ပြောဆိုသည်။
၎င်းက “မောင်တောမြောက်ပိုင်းမှာက AA က သိမ်းတာရော၊ စစ်တပ်က ဆုတ်ပေးတာရောက စခန်း အခု ၃၀ ရှိတယ် လို့ ပြောတယ်။ ပလက်ဝမှာ ၆ ခု၊ မောင်တောမှာ ၃၀ ဆိုတော့ စုစုပေါင်း ၃၆ ခုလောက် ရှိလိမ့်မယ်” ဟု ဆိုသည်။
စစ်ကိုင်းနှင့် မကွေး
စစ်ကောင်စီသည် တိုင်းရင်းသားနယ်မြေများထဲတွင် ၎င်း၏ စစ်စခန်းများအား လက်လွှတ် ဆုံးရှုံးထားရသကဲ့သို့ ဗမာ တိုင်းရင်းသား ပြည်သူ့ကာကွယ်ရေးတပ် (PDF) အများစု လှုပ်ရှားရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများ၌လည်း လက် လွှတ်ရသည့် စခန်းများ ရှိကြောင်း လေ့လာသူများက ပြောသည်။ သို့သော် အရေအတွက် အတိအကျ သိနိုင်ရန် ခက် ခဲကြောင်း ၎င်းတို့က ဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် ပဋိပက္ခလေ့လာစောင့်ကြည့်သည့် သုတေသီတဦးက EAOs များနှင့် PDF များသည် စုဖွဲ့မှုနှင့် လက်နက်အင်အား တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာကြပြီး စစ်ကောင်စီ၏ အားနည်းသော ရှေ့တန်းစခန်းများကို ရွေးချယ်တိုက်ခိုက်ကြသဖြင့် စစ်ကောင်စီသည် ၎င်း၏တပ်စခန်းများကို လက်လွှတ်ရခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
၎င်းက “စစ်တပ်က အတိုက်ခံရမှာ စိုးတယ်။ တိုက်ရင်လည်း ကျမယ်ဆိုတာ သိတဲ့အခါကျတော့ စခန်းငယ်တွေကို ဆုတ်ရတယ်။ ဆုတ်ပြီးတော့ ၁၀ ယောက်ရှိတဲ့ စခန်းကို ၃၀၊ ၄၀ စခန်းအဖြစ် ပြန်ထိုင်တာ ရှိတယ်။ အဲဒီတော့ ဘာဖြစ် သလဲဆို လုံခြုံရေး လစ်ဟာလာတယ်ပေါ့။ စစ်ကိုင်းနဲ့ မကွေးထဲမှာ အဓိကအားဖြင့် ရဲစခန်းငယ်တွေ အတော်လေးကို ဆုတ်ပေးလိုက်ရတယ်။ စစ်တပ်က အဓိကတော့ တပ်အင်အား မလုံလောက်ဘူး။ တဖက်မှာလည်း သူ့ကို တိုက်ခိုက်တဲ့ အင်အားက ကြီးလာတဲ့ အခြေအနေမှာ သူက အဓိက မြို့တွေရယ်၊ ဆက်သွယ်ရေးလမ်းကြောင်းရယ်ကို ထိန်းဖို့ပဲ ကြိုး စားလာတယ်။ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ မြို့ကြီးတွေနဲ့ဝေးတဲ့ ဒေသတွေအားလုံးဟာ EAOs နဲ့ PDF တွေရဲ့ ထိန်း ချုပ်မှုအောက်ကို အလိုလို ရောက်သွားတာပဲ” ဟု ရှင်းပြသည်။
အုပ်ချုပ်ရေး ယန္တရားများပါ ဆုံးရှုံး
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) ကလည်း စက်တင်ဘာ ၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စာတမ်းတစောင်ကို ထုတ်ပြန် ကြေညာခဲ့သည်။
ယင်းစာတမ်းတွင် အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၇၂ မြို့နယ်ကိုသာ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ထားနိုင်ကြောင်း ရေးသားထားသည်။
ရာခိုင်နှုန်းအားဖြင့် မြန်မာနိုင်ငံရှိ နယ်မြေ ၁၇ ရာခိုင်နှုန်းကိုသာ စစ်ကောင်စီဘက်က အပြည့်အဝ ထိန်းချုပ်နိုင်သည့် သဘောဖြစ်ပြီး နယ်မြေ ၂၃ ရာခိုင်နှုန်းမှာ စစ်ကောင်စီနှင့် အာဏာသိမ်းမှု ဆန့်ကျင်သည့် တော်လှန်ရေးတပ်များကြား နယ်မြေစိုးမိုးမှု ရနိုင်ရေး အားပြိုင်နေရသော အခြေအနေ ဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် အာဏာသိမ်းမှုကို ဆန့်ကျင်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် EAOs များသည် နိုင်ငံ၏ နယ်မြေ ၅၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် အခြေအနေရှိနေပြီး စစ်ကောင်စီသည် မြန်မာနိုင်ငံကို အပြည့်အဝ နယ်မြေစိုးမိုး နိုင်မှု မရှိကြောင်း SAC-M က ထောက်ပြသည်။
မြန်မာနိုင်ငံအခြေစိုက် ပဋိပက္ခလေ့လာစောင့်ကြည့်သည့် သုတေသီတဦးကလည်း စစ်ကောင်စီသည် ယခင်ကကဲ့သို့ အင်အားထောင်ချီသုံးပြီး ထိုးစစ်ကြီးတရပ် ဆင်နွှဲနိုင်သည့် အနေအထား မရှိတော့ဘဲ ခံစစ်ပုံစံသာ ဗျူဟာခင်းထားရ သည့် အခြေအနေ ဖြစ်နေကြောင်း သုံးသပ်ပြောဆိုသည်။
၎င်းက “လောလောဆယ် စစ်တပ်လုပ်နေတာက ခံစစ်ပါပဲ။ အဓိကကတော့ မြို့ကြီးတွေကို ထိန်းမယ်။ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းမယ်။ သူ့ကို ခြိမ်းခြောက်နိုင်တယ်လို့ ယူဆတဲ့ EAOs တွေကို အဓိက ထိန်းမယ်။ အဲဒါပဲ။ စစ်ကိုင်းနဲ့ မကွေးမှာလည်း မြို့နဲ့ဆက်သွယ်ရေး လမ်းကြောင်းကိုပဲ အဓိက ထိန်းတာ။ ကျန်တာက သတင်းရတဲ့နေရာ လိုက်ရှင်းလိုက်၊ မီးရှို့လိုက်ပဲ လုပ်နေတာ။ တကယ်က ဒီဟာတွေကို ပြုတ်သွားအောင်ဆိုတဲ့ ဖြတ်လေးဖြတ် စစ်ဆင် ရေးလိုဟာမျိုး စနစ်တကျ မလုပ်နိုင်ဘူး။ သတင်းရတဲ့နေရာ သွားတိုက်ပြီး ပြန်ဆုတ်လာတာပဲ” ဟု မှတ်ချက်ပေးသည်။
စစ်ကောင်စီတပ်ဘက်က PDF နှင့် EAOs များကို ချေမှုန်းမည့်စစ်ဆင်ရေး မလုပ်နိုင်တော့သဖြင့် လာမည့်လများ၌ PDF နှင့် EAOs များ ပိုမိုအားကောင်းလာနိုင်ပြီး စိုးမိုးနယ်မြေများ ပိုတိုးချဲ့လာနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ဆိုသည်။ ။