ဆောင်းပါး

ပြည်သူ့နှလုံးသားကို ဆွဲဆောင်နိုင်သော NUG ယာယီသမ္မတ ဒူဝါလရှီးလ

သူသည် ကမ္ဘာတွင် အခြားမည်သည့် နိုင်ငံအကြီးအကဲမျှ မရင်ဆိုင်ရသည့် အခက်ခဲဆုံးတာဝန်ကို ထမ်းဆောင်နေသည့် လူသိအနည်းဆုံး သမ္မတဖြစ်သည်မှာ သေချာသည်။ ထိုတာဝန်မှာ ကမ္ဘာတွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံးနှင့် အရက်စက်ဆုံးသော မြန်မာစစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် ကတိပြုထားသည့် တော်လှန်သော အစိုးရကို ဦးဆောင်ရသည့် တာဝန်ဖြစ်သည်။

သူ၏တရားဝင်ရာထူးမှာ ယာယီသမ္မတဖြစ်သည်။ သို့သော် သူသည် သမ္မတအိမ်တော်တွင် မနေနိုင်သလို သမ္မတရုံးတွင်လည်း အလုပ်မလုပ်နိုင်ပေ။ သူတို့ သမ္မတ မည်သည့်နေရာတွင်ရှိနေသည်ကို မြန်မာပြည်သူများ မသိကြပေ။ သူသည် ရွေးကောက်ခံမဟုတ်သော်လည်း သူ့ကို တရားဝင် ရွေးကောက်ခံလွှတ်တော်က ခန့်အပ်ထားခြင်း ဖြစ်သည်။ မကြာသေးမီကအထိ သူ့ကို နိုင်ငံသားများက မသိကြသော်လည်း လေးစားပြီး ၎င်းတို့၏ နိုင်ငံအကြီးအကဲအဖြစ် ကြိုဆိုကြသည်။

သူဦးဆောင်သည့် အစိုးရကို လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အများစုနှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များဖြင့် ဖွဲ့စည်းထားသည်။ မြန်မာပြည်သူအများစု၏ ထောက်ခံမှုကို ရရှိနေသည့် တချိန်တည်းတွင် သူဦးဆောင်သည့်အစိုးရသည် မြန်မာပြည်သူ ၅၄ သန်းကျော်အပေါ် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ပြုလုပ်နေသည့် အာဏာသိမ်း စစ်ကောင်စီ၏ တရားဝင်မှုကို စိန်ခေါ်သည်။

အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဒူးဝါးလရှီလသည် ကချင်တိုင်းရင်းသား ခရစ်ယာန်တဦး ဖြစ်သည်။ သူ၏ ဇာတိ ရှမ်းပြည်မြောက်ပိုင်း၊ မန်ဂျီကျေးရွာတွင် ကျောင်းဆရာတဦး ဖြစ်ခဲ့ဖူးသည်။ သူသည် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာ ဆည်းပူးခဲ့ပြီး တရားရေးအရာရှိအဖြစ် ၁၈ နှစ် လုပ်ကိုင်ခဲ့ဖူးသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလအကြောင်းကို လေ့လာကြည့်ကြပါမည်။

ဒူဝါလရှီးလသည် မည်သူနည်း

အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဒူးဝါးလရှီလသည် ကချင်တိုင်းရင်းသား ခရစ်ယာန်တဦး ဖြစ်သည်။ သူ၏ ဇာတိ ရှမ်းပြည်မြောက်ပိုင်း၊ မုန်းစီးကျေးရွာတွင် ကျောင်းဆရာတဦး ဖြစ်ခဲ့ဖူးသည်။ သူသည် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာ ဆည်းပူးခဲ့ပြီး ရှေ့နေနှင့် ဥပဒေအရာရှိအဖြစ် ၁၈ နှစ် လုပ်ကိုင်ခဲ့ဖူးသည်။ မိခင်ဘာသာစကားဖြစ်သည့် ကချင် ဘာသာစကားအပြင် အင်္ဂလိပ်၊ တရုတ်၊ ဗမာနှင့် ရှမ်းဘာသာ စကားများပြောတတ်ပြီး ကချင်မျိုးနွယ်စုမှ အခြား ဘာသာစကားများကိုလည်း ကျွမ်းကျင်သည်။

ကချင်တိုင်းရင်းသား ယာယီသမ္မတ ဒူးဝါးလရှီလသည် အသက် ၇၂ နှစ်ရှိပြီ ဖြစ်သည်

သားသမီး ၄ ဦး၏ ဖခင်ဖြစ်သော ဒူူဝါလရှီးလသည် ရှမ်းနှင့် ကချင်ပြည်နယ်များမှ ပဋိပက္ခဒေသများတွင် လူမှုအသိုက်အဝန်း တိုးတက်မှု၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ကယ်ဆယ်ရေးနှင့် လူမှုပြန်လည် နေရာချထားရေးစသည်တို့ကို လုပ်ကိုင်သည့် လူမှုအဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်း အမျိုးမျိုးတွင် ၁၉၉၀ ပြည့်နှစ်များမှ စတင် ဦးဆောင်လုပ်ကိုင်သည်။

သူသည် ကချင်ပြည်နယ်တွင် သြဇာအကြီးမားဆုံး ဖြစ်သည်ဆိုသည့် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR တွင်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်သူများအရေးကို ဆောင်ရွက်ရန် ပြည်တွင်းပြည်ပ ကချင်အသင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ကချင်နိုင်ငံရေးဆိုင်ရာကြားကာလပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) တွင်လည်း ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။

အကြီးမားဆုံးတာဝန် ထမ်းဆောင်ခြင်း

ဒူဝါလရှီးလ ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်တာဝန်များအနက် သူ၏ဘဝတွင် အကြီးမားဆုံးတာဝန်မှာ နိုင်ငံအကြီးအကဲ တာဝန်ဖြစ်ပြီး ထိုတာဝန်ကို ရုတ်တရက် ထမ်းဆောင်ရခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ၂ လအကြာ လွန်ခဲ့သောနှစ် ဧပြီလက KPICT နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ပုံမှန်ကျင်းပသည့် အစည်းအဝေးတွင် ထိုရာထူးကို လက်ခံလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့က စစ်အာဏာရှင်ကို ဖြုတ်ချတဲ့ တော်လှန်ရေး ဆင်နွှဲပြီး ခေတ်သစ်ထူထောင်ဖို့ လုပ်နေတာဖြစ်တဲ့အတွက် စစ်သားဟောင်းတွေကို မထည့်တာ ကောင်းတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အတွင်း ပြုပြင်ပြောင်းလဲရေး အမြင်ရှိသူတွေကို ရွေးသင့်တယ်”

အာဏာသိမ်းလိုက်သောကြောင့် ဖျက်သိမ်းလိုက်သည့် လွှတ်တော်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေပြုအဖွဲ့အစည်းဖြစ်သော CRPH သည် နိုင်ငံမှ တိုင်းရင်းသားအုပ်စုများနှင့် အစည်းအဝေးများ ကျင်းပပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ထိုစဉ်က ဖွဲ့စည်းရန် ပြင်ဆင်နေခဲ့သည်။ NUG အစိုးရသည် စစ်ကောင်စီကို စိန်ခေါ်ရန် ထူထောင်ထားသည့် ဒီမိုကရေစီ အင်အားစုများ၏ ကြားဖြတ်ညွန့်ပေါင်း အစိုးရ ဖြစ်သည်။

ထို အစည်းအဝေးတွင် ဝန်ကြီးနေရာ ၃ နေရာအတွက် အမည်စာရင်း တင်သွင်းရန် CRPH က KPICT ကို ပြောကြားခဲ့ပြီး အစိုးရသစ်ဖွဲ့စည်းရန် ဆက်လက်ဆွေးနွေးကြသည်။ ဗိုလ်မှူးဟောင်းနှင့် NLD အစိုးရ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို NUG တွင် ဒုသမ္မတအဖြစ် ဆက်လက်ထားရန် အဆိုပြုချက်နှင့် ပတ်သက်ပြီး ထိုစဉ်က KPICT ဥက္ကဋ္ဌ ဒူဝါလရှီးလက သူ၏ သဘောထားကို ပြောကြားခဲ့သည်။

ဦးဟင်နရီဗန်ထီးယူသည် စစ်အာဏာသိမ်းစဉ်က ဖြုတ်ချခံအစိုးရမှ အခြား အဆင့်မြင့်အရာရှိများနှင့်အတူ အဖမ်းခံရပြီး နေအိမ်တွင် အကျယ်ချုပ်ချခံထားရသည်ဟု ဆိုသော်လည်း သူ့ကို တရားစွဲဆိုခြင်း မရှိပေ။

ဒူဝါလရှီးလတက်ရောက်ခဲ့သော ထိုအစည်းအဝေးအကြောင်းကို သူ၏ ကိုယ်ရေးအတွင်းရေးမှူးက ဧရာဝတီသို့ ပြောကြားရာတွင် “ကျနော်တို့ကတော့ ခေတ်စနစ်တခုကိုပြောင်းလဲဖို့အာဏာရှင်ကိုတော်လှန်နေပြီဖြစ်တဲ့အတွက်ကြောင့် ဒီစစ်တပ်နဲ့ နီးနွှယ်တဲ့စစ်တပ်ဘက်ကထွက်လာတဲ့သသူတွေကိုဖြစ်နိုင်သမျှ ကျနော်တို့အစိုးရသစ်မှာမထည့်ရင်ကောင်းတယ်။ ပြုပြင်ပြောင်းလဲရေးကိုလိုချင်တဲ့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရေးကိုအားပေးမယ့်သူကိုရွေးချယ်တာဆိုရင် ပိုကောင်းမယ်” ဟု ဒူဝါလရှီးလ ပြောသည်ဟု ဆိုသည်။

NUG ကို ထောက်ခံကြောင်း ချီတက် ဆန္ဒထုတ်ဖော်နေသည့် မန္တလေးပြည်သူများ

CRPH က ထိုအချက်ကို သဘောတူပြီး ဒူဝါလရှီးလ အနေဖြင့် ထိုရာထူးကို လက်ခံရန် တောင်းဆိုသည်။ ထိုရုတ်တရက် ကမ်းလှမ်းမှုကို KPICT အဖွဲ့ဝင်အားလုံးက သဘောတူ ထောက်ခံကြသည်။

ဒူဝါလရှီးလ က ရှေ့ဖြစ်လာမည့် အခြေအနေများအတွက် ပြင်ဆင်ထားရန် မိသားစုကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် ထိုကမ်းလှမ်းမှုကို တနာရီ ၂နာရီအတွင်း လက်ခံလိုက်သည်။

“သူ့အနေနဲ့ ဒီရာထူးကို လက်ခံလိုက်တာက တော်လှန်ရေးကာလမှာ ပုခုံးပေါ်ကျလာတဲ့ တာဝန်ကို လက်ခံလိုက်တာပဲ” ဟု သူ့ကိုသိတာကြာပြီဖြစ်သည့် ထိုကိုယ်ရေးအတွင်းရေးမှူးက ပြောသည်။

ရှေ့တန်းရှိ PDF စခန်းတွင် တွေ့ရသည့် ယာယီသမ္မတ ဒူးဝါးလရှီလ

သူ၏ တသက်တာတွင် စစ်အာဏာသိမ်းမှု ၃ ကြိမ် မြောက်ကြုံတွေ့ရသည့် စစ်အာဏာသိမ်းမှုကိုအမြစ်ဖြတ်ပြီး နိုင်ငံကို အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင်လုပ်ရန် ဆန္ဒပြင်းပြမှုကက ထိုကြီးလေးသည်တာဝန်ကို မတွေဝေဘဲ လက်ခံရန်ဆုံးဖြတ်လိုက်စေခြင်းဖြစ်ကြောင်း ကိုယ်ရေးအတွင်းရေးမှူးက ပြောသည်။

ဒူဝါလရှီးလ ကို ဧပြီလ ၁၆ ရက်နေ့တွင် ဒုသမ္မတအဖြစ် ခန့်အပ်သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သမ္မတ ဦးဝင်းမြင့်သည် စစ်အာဏာသိမ်းသည့်နေ့မှ စတင်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံနေရသောကြောင့် ယာယီသမ္မတ ဖြစ်လာသည်။

ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်မထားသူ အများအပြားရှိသလို ကျော်ကြားသော ကချင်လူ့အခွင့်အရေး လှုပ်ရှားသူ မမေစပယ်ဖြူလည်း မျှော်လင့်မထားပေ။ ဒူဝါလရှီးလ သည် ယာယီသမ္မတ ဖြစ်သည်ဆိုသည့် သတင်းကို ပထမဆုံး သိရစဉ် သူ အံ့သြသွားသည်။ ထူးခြားသည်မှာ နိုင်ငံသမိုင်း တလျှောက်တွင် ကချင်တိုင်းရင်းသား တဦးသည် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအကြီးအကဲ ဖြစ်လာခြင်း ဖြစ်သည်။

သို့သော် ဒူူဝါလရှီးလ ကို သိရှိသူတဦးအနေဖြင့် ထိုရွေးချယ်မှုသည် မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း သူသိသည်။ မြန်မာပြည်သူများကလည်း နွေးထွေးစွာ လက်ခံပြီး သူဦးဆောင်သည့် NUG အစိုးရကို တရားဝင်အစိုးရအဖြစ် ဝန်းရံကြသည်။

ဒူဝါလရှီးလကလည်း နိုင်ငံအတွက် အန္တရာယ်ကျရောက်နေချိန်တွင် ပေါ်ပေါက်လာသည့် စစ်မှန်သော ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြခဲ့သည်။

အမျိုးမျိုးသော နောက်ခံအကြောင်းများမှ စုစည်းမိလာသည့် NUG အစိုးရ၏ ဝန်ကြီးဌာနများကို ညီညွတ်စေပြီး ဒူဝါလရှီးလ က သူ၏ ခေါင်းဆောင်မှုကို သက်သေပြသည်။ အသုံးစရိတ် အနည်းငယ်မျှဖြင့် အစိုးရအဖွဲ့ လုပ်ငန်းများ လည်ပတ်အောင်လုပ်သည်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်သည်။ သံတမန်ရေး စစ်မျက်နှာတွင် စစ်ကောင်စီကို စိန်ခေါ်သည်။

လျှို့ဝှက် သမ္မတရုံး

လူအများအတွက် အံ့သြစရာဖြစ်ရသည်မှာ ဒူဝါလရှီးလသည် မင်းအောင်လှိုင် စစ်အုပ်စုကို မောင်းထုတ်နေသည့် NUG အစိုးရ လုပ်ငန်းဆောင်တာများကို ပြည်တွင်းမှ စီမံနေခြင်းဖြစ်သည်။

စစ်ပွဲဖြစ်ပွားနေသည့် နေရာသို့ ရောက်ရှိနေသည့် ယာယီသမ္မတ ဒူးဝါးလရှီလ

သူသည် မင်းအောင်လှိုင်တပ်များ၏ နံပါတ် ၁ ပစ်မှတ်ဖြစ်သည်ကို သိသော်လည်း ဒူဝါလရှီးလသည် ပြည်တွင်းတွင်သာ ဆက်လက်နေထိုင်သည်။ သူနှင့်အတူ ပစ်မှတ်အဖြစ် သတ်မှတ်ခံရသော သူ့မိသားစုဝင်များကလည်း သူနှင့် ဆက်လက်ရှိနေသည်။ သူ့ကို ယာယီသမ္မတအဖြစ် ခန့်အပ်လိုက်ပြီးနောက် လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် များပြားလှစွာသော စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ်၊ လားရှိုးရှိ သူ၏အိမ်တွင် သူနှင့် သူ့မိသားစုကို ရှာဖွေရင်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးသည်။ သူနှင့် သူ့မိသားစုကို မတွေ့သောအခါ စစ်ကောင်စီက ထိုအိမ်ကို ချိပ်ပိတ်လိုက်သည်။

သူနှင့်သူ့အစိုးရသည် လွတ်မြောက်ဒေသမှ လျှို့ဝှက်နေရာတခုတွင် အခြေစိုက်သည်။ သမ္မတရုံး၏ အမြဲတမ်းအတွင်းဝန်ဖြစ်သော သူ၏ ကိုယ်ရေးအတွင်းရေးမှူးက ဒူဝါလရှီးလနှင့် တနှစ်ခွဲကြာ လုပ်ကိုင်ပြီးနောက် ယာယီသမ္မတသည် မည်သည့်အခါမျှ မညည်းညူဘဲ သူလုပ်ရမည့်အလုပ်များကို နှောင့်နှေးခြင်း မရှိသလို စနေ၊ တနင်္ဂနွေတွင်ပင် နားရက်မယူဘဲ အစီအစဉ်များ အပြည့်ဆွဲကာ အလုပ်လုပ်ကြောင်း တွေ့ရှိရသည်။

ဒူဝါလရှီးလ၏ နေ့စဉ် လုပ်ငန်းဆောင်တာများသည် နံနက် ၅ နာရီတွင် စတင်သည်။ အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဒူဝါလရှီးလသည် သက်လုံကောင်းစေရန်နှင့် သူ၏လုပ်ငန်းဆောင်တာများကို အာရုံစူးစိုက် ထမ်းဆောင်နိုင်ရန် နံနက်တိုင်း အပြေးလေ့ကျင့်ခန်းလုပ်သည်။ သူ၏ တနေ့တာ လုပ်ငန်းဆောင်တာများတွင် အစိုးရအဖွဲ့အစည်းအဝေးများ ကျင်းပခြင်း၊ NUG အောက်မှ တော်လှန်ရေး တပ်ဖွဲ့ ၃၀၀ ကျော်နှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ နိုင်ငံတကာသံတမန်များနှင့် ထိတွေ့ဆက်ဆံခြင်း၊ နိုင်ငံတွင်းနှင့် ယူကရိန်း စစ်ပွဲအပါအဝင် ကမ္ဘာ့အခြေအနေ အစီရင်ခံစာများကို ဖတ်ရှုခြင်းတို့ ပါဝင်သည်။

သူ၏ ရုံးတွင်သာ လုပ်ငန်းဆောင်ရွက်သူ မဟုတ်ပေ ။ NUG ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ပြည်သူကာကွယ်ရေးတပ် (PDF) ရှေ့တန်း စစ်မျက်နှာတခုကို မေလအတွင်းက သွားရောက်ပြီး PDF တပ်ဖွဲ့ဝင်များ၏ ခံစားချက်များ၊ လိုအပ်ချက်များကို ကိုယ်တိုင်နားထောင်သည်။

ယာယီသမ္မတကို PDF တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရသောကြောင့် အားတက်မိကြောင်း ချင်းပြည်နယ်တွင် အခြေစိုက်သည့် PDF တပ်ဖွဲ့ဝင် လူငယ်တဦးက ပြောသည်။

“သမ္မတကြီးကို ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ရတာ အားတက်စရာကောင်းတယ်။ ကျနော်တို့ စခန်းကိုလည်း သမ္မတကြီး တနေ့လာမယ်လို့ မျှော်လင့်မိတယ်” ဟု သူက ပြောသည်။

အမျိုးမျိုးသော နောက်ခံအကြောင်းများမှ စုစည်းမိလာသည့် NUG အစိုးရ၏ ဝန်ကြီးဌာနများကို ညီညွတ်စေပြီး ဒူးဝါးလရှီလက သူ၏ ခေါင်းဆောင်မှုကို သက်သေပြသည်။ အသုံးစရိတ် အနည်းငယ်မျှဖြင့် အစိုးရအဖွဲ့ လုပ်ငန်းများ လည်ပတ်အောင်လုပ်သည်။

သံခမောက်နှင့် ကျည်ကာအင်္ကျီ ဝတ်ဆင်ထားပြီး ရှေ့တန်းစစ်မျက်နှာ တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံနေသော ဒူဝါလရှီးလ၏ သွင်ပြင်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ မင်းအောင်လှိုင်သည် သူ၏အာဏာနှင့် ချမ်းသာကြွယ်ဝရေး လောဘအတွက် အသက်ပေးနေရသော ရှေ့တန်းစစ်မျက်နှာမှ သူ၏စစ်သားများထံ တကြိမ်မျှပင် သွားရောက်ခြင်း မရှိပေ။

ကချင်ဝတ်စုံကိုသာ အများအားဖြင့် ဝတ်ဆင်ပြီး တနိုင်ငံလုံးသို့ မိန့်ခွန်းများပြောကြားသောအခါ ဒူဝါလရှီးလ၏ မိန့်ခွန်းများသည် စိတ်အားတက်ကြွဖွယ် ဖြစ်ရုံသာမက သူ၏ ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် စစ်အာဏာရှင်စနစ်ကို သုတ်သင်ရန် သူ၏တာဝန်အပေါ် ယုံကြည်မှုကို အထင်အရှား တွေ့ရသည်။ ခိုင်မာ ပြတ်သားသော သွင်ပြင်ရှိသည့် တောင့်တင်းကြံ့ခိုင်သော ဒူဝါလရှီးလသည် ကျောက်ဆောင်ကြီးနှင့်တူပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်မှာမူ ရုပ်သံတွင် စကားပြောသည့်အခါ အသံတုန်ပြီး မျှော်လင့်ချက် ကင်းမဲ့နေသလို ဂနာမငြိမ်ပေ။

ထင်ရှားသည့်လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်သူ ကိုတေဇာဆန်းကလည်း သူ၏ Facebook စာမျက်နှာတွင် “ကျနော်ကတော့ သမ္မတကြီး ဥပဓိရုပ်ကို ရုပ်သံတွေမှာ စမြင်ဖူးကတည်းကက လေးစားစိတ်၊ ချစ်ကြည်စိတ်၊ ယုံကြည်စိတ်မျိုး ခံစားရတယ်ဗျာ။ ကျနော့်အတွက်တော့ သမ္မတကြီးကိုမြင်ရတာ ကိုယ့်ဘကြီးတယောက်လိုမျိုး ရင်းနှီးမှုစိတ်ခံစားချက်နဲ့လေးစားယုံကြည်မှုမျိုးဖြစ်မိတယ်” ဟု ရေးသားသည်။

ဒူဝါလရှီးလ ၏ အထူးခြားဆုံးသော မိန့်ခွန်းများအနက်တခုမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ပြည်သူ့ခုခံစစ်ကို ကြေညာပြီး မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် စစ်တပ်ကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပုန်ကန်ကြရန် ပြည်သူများကို တိုက်တွန်းသည့် မိန့်ခွန်းဖြစ်သည်။

“အာဏာသိမ်းအကြမ်းဖက် မင်းအောင်လှိုင်နှင့် အာဏာရှင်စနစ်ကို မြန်မာနိုင်ငံမှ အပြီးတိုင်ဖြုတ်ချမယ်” ဟု ယာယီသမ္မတက ပြောပြီး တိုင်းရင်းသားပြည်သူများအားလုံး စောင့်မျှော်ခဲ့သည့် တန်းတူအခွင့်အရေးကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီနစ်ကို ထူထောင်မည် ပြောသည်။

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားနေရသည့် မြန်မာပြည်သူအများစုက ထိုကြေညာချက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလကတည်းကပင် မြန်မာနိုင်ငံအနှံ့အပြားတွင် တော်လှန်မှုများ စတင်နေပြီဖြစ်သည်။ စစ်ကောင်စီက ဆန္ဒပြသူများကို အသေအကြေ ဖြိုခွဲသောကြောင့် လူငယ်အများအပြားသည် လက်နက်စွဲကိုင် တော်လှန်နေကြသည်။ ထိုသို့ စစ်ကြေညာမှုကြောင့် ဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ခိုက်မှုများ အရှိန် မြင့်လာကြောင်း၊ တနိုင်ငံလုံးတွင် တိုက်ပွဲများ ပြင်းထန်လာကြောင်း စစ်ကောင်စီကပင် ဝန်ခံရသည်။

စစ်ပွဲဖြစ်ပွားနေသည့် နေရာသို့ ရောက်ရှိနေသည့် ယာယီသမ္မတ ဒူးဝါးလရှီလ

ယခုအခါ စစ်ကောင်စီသည် နိုင်ငံ၏ ထက်ဝက်မျှကို NUG ၏ PDF တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ဆုံးရှုံးသွားကြောင်း ယာယီသမ္မတက စစ်ကောင်စီကို စစ်ကြေညာသည့် တနှစ်ပြည့်မိန့်ခွန်းတွင် ပြောသည်။ သူ၏ ပြောကြားချက်များကို ကုလသမဂ္ဂ မြန်မာ့အရေး ကျွမ်းကျင်သူဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထောက်ခံသည်။ ၎င်းတို့၏ မကြာသေးမီက ခွဲခြမ်းစိတ်ဖြာလေ့လာမှုအရ NUG နှင့် တော်လှန်ရေး အင်အားစုများက မြန်မာပိုင်နက်၏ ၅၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်ဟု ဖော်ပြသည်။

“အမျိုးသားညီညွတ်ရေး အစိုးရဆိုတာ စင်ပြိုင်အစိုးရ၊ အဝေးရောက်အစိုးရ မဟုတ်ဘူး။ ပြည်သူ့တော်လှန်ရေးရဲ့၊ စစ်ကောင်စီဆန့်ကျင်ရေး ခုခံမှုရဲ့ ကိုယ်စားလှယ်ဖြစ်တယ်။ နိုင်ငံရဲ့အများစုကို ထိန်းချုပ်ထားတဲ့ တပ်ပေါင်းစု ဖြစ်တယ်” ဟု SAC-M အဖွဲ့ဝင် မစ္စ ယန်ဟီးလီက ပြောသည်။

သို့သော် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်သည့် လက်နက် တပ်ဆင်ထားသော စစ်တပ်နှင့် ရင်ဆိုင်နေရသောကြောင့် မြန်မာပြည်သူများသည် စိတ်ဓာတ်ရေးရာ ထောက်ခံမှုသာမက ရုပ်ပိုင်းဆိုင်ရာ အကူအညီများလည်း လိုအပ်နေသည်။

ရုရှားစစ်တပ်ကို တိုက်ခိုက်ရန်အတွက် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်အပါအဝင် နိုင်ငံအများအပြားထံမှ အကူအညီနှင့် လက်နက်များ ရရှိနေသည့် ယူကရိန်းနှင့်မတူဘဲ မြန်မာ့လက်နက်ကိုင် တော်လှန်ရေးသည် နိုင်ငံတကာ အသိုက်အဝန်းထံမှ မည်သည့်ရုပ်ဝတ္တု အကူအညီမျှမရဘဲ ပြည်သူများ၏ လှူဒါန်း ထောက်ပံ့မှုများ သက်သက်ကိုသာ မှီခိုနေရသည်။

“ဖက်ဆစ်အာဏာရှင်ကို တိုက်ခိုက်ဖို့ အသက်တွေကို စတေးနေရတဲ့ မြန်မာပြည်သူတွေအတွက် နည်းပညာ၊ လက်နက်ခဲယမ်းနဲ့ ငွေကြေးများ ထောက်ပံ့ဖို့ ကျနော် မေတ္တာရပ်ခံပါတယ်” ဟု နိုင်ငံတကာ အသိုက်အဝန်းသို့ ပြောသည့် မိန့်ခွန်းတွင် ဒူဝါလရှီးလ ပြောကြားပြီး အရေးပေါ် လိုအပ်နေကြောင်း အလေးထားပြောသည်။

သံခမောက်နှင့် ကျည်ကာအင်္ကျီ ဝတ်ဆင်ထားပြီး ရှေ့တန်းစစ်မျက်နှာ တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံနေသော ဒူးဝါးလရှီလ၏ သွင်ပြင်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။

သမ္မတနှင့် NUG ခေါင်းဆောင်မှုကို သူထောက်ခံကြောင်းနှင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို လက်နက်ထောက်ပံ့ခြင်း ကဲ့သို့သော ၎င်းတို့ရင်ဆိုင်နေရသည့် အခက်အခဲများကို အကောင်းဆုံး ကျော်လွှားရန် ကြိုးစားနေသည်ဟု ယုံကြည်ကြောင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ထင်ရှားသော PDF ခေါင်းဆောင် ဗိုလ်နဂါးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“သေချာတဲ့အချက်တခုကတော့ သမ္မတနဲ့ ကျနော်တို့အစိုးရဖြစ်တဲ့ NUG က ကျနော်တို့ မိဘမဲ့လိုဖြစ်နေချိန်မှာ ကျနော်တို့နဲ့ ရပ်တည်ပေးလို့ သူတို့ရဲ့ ခေါင်းဆောင်မှုကို ကျနော်လက်ခံတယ်” ဟု သူက ပြောသည်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အများအပြား၊ စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၊ လက်နက်ကိုင် တော်လှန်နေသော အင်အားစုများနှင့် ပြည်တွင်းပြည်ပမှ နိုင်ငံသားများက ဒူးဝါးလရှီလအပေါ် အကောင်းမြင်ကြသည်။

ထင်ရှားသော လူထုသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက “ပြည်သူ့သမ္မတ ဦးဆောင်တဲ့ ပြည်သူ့တော်လှန်ရေး အောင်ရမည်” ဟု ရေးသားခဲ့သည်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းမှ ခင်နဒီ၏ Acting President of Myanmar’s Civilian Govt Wins Hearts of the People ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

သံခင်းတမန်ခင်း ဆက်ဆံရေးကို တိုးမြှင့် ထိတွေ့ဆက်ဆံသွားနိုင်ဖို့ ကြိုးစားနေပါတယ်

အာဆီယံအနေဖြင့် NUG နှင့် တရားဝင်တွေ့ဆုံရန် APHR တိုက်တွန်း

လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်

လူထုအနေဖြင့် ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး တပြိုင်တည်းလုပ်ရန် NUG တိုက်တွန်း

Loading