ယခုအခါ ယူကရိန်းစစ်ပွဲ၏ ခုနစ်လမြောက် ကာလအတွင်း ရောက်ရှိလာမှုက ကမ္ဘာ့ဒီမိုကရေစီလမ်းကြောင်းအတွက် အဆုံးအဖြတ်ပေးမည့် အရေးပါသည့်လမ်းဆုံသို့ ရောက်လာခဲ့ပြီဆိုသည်ကို ညွှန်ပြလျက် ရှိသည်။ ထိုအခြေအနေ၏ အရေးပါမှုနှင့် ပတ်သက်၍ အရေးကြီးသည့် အချက်သုံးချက် ရှိနေသည်။
ပထမအချက်မှာ အဘယ့်ကြောင့် ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာခဲ့ရသနည်း ဆိုသည့် မေးခွန်းဖြစ်သည်။ ရုရှား၏ ကျူးကျော်မှု မစတင်မီကပင် ရှိနေခဲ့သည့် အကြောင်းပြချက်မှာ နေတိုး၏ချဲ့ထွင်လာမှုအပေါ် စိုးရိမ်ကြောက်ရွံ့မှုက ဗလာဒီမာပူတင်အား ၎င်း၏နိုင်ငံကို ကာကွယ်နိုင်ရန် ကြားခံနယ်မြေတခုကို ဖန်တီးရေး ဖိအားပေး တွန်းပို့ခံနေခဲ့ရသည် ဟူ၍ ဖြစ်သည်။
ယူကရိန်းက နေတိုးအဖွဲ့အတွင်းသို့ ဝင်ရောက်နိုင်သည်ဆိုသည့် အယူအဆကို ပူတင်က သံသယဖြစ်စရာ မလိုအောင်ပင် သဘောမကျသည်မှာ မှန်သော်လည်း၊ ဤအချက်က ယူကရိန်းစစ်ပွဲ ဖြစ်လာစေရန် ၎င်းအပေါ်ရှိနေခဲ့သည့် စေ့ဆော်မှု အစစ်အမှန် မဟုတ်ပေ။ ယူကရိန်း၏ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားမှုက မည်သည့်အခါကမျှ ဖြစ်လာနေသည့်အချက် မဟုတ်ခဲ့ပေ။ ထို့အပြင် နေတိုး၏ ချဲ့ထွင်မှုက ထိုမဟာမိတ်အဖွဲ့ကို တတ်နိုင်သမျှ အရှေ့ဘက်သို့ တွန်းပို့တိုးချဲ့ရန် ဝါရှင်တန်၊ လန်ဒန် သို့မဟုတ် ပါရီတို့တွင် စတင်ဖြစ်တည်လာခဲ့သည့် အကွက်ချကြံစည်မှု မဟုတ်ပေ။

ထိုသို့ဖြစ်လာစေရန် ၁၉၄၅ ခုနှစ်ကတည်းက ရုရှားတို့ ကြီးစိုးထားခဲ့သည့် ဆိုဗီယက် ပြည်ထောင်စုဟောင်း၏ နယ်မြေဟောင်းများက မောင်းနှင်တွန်းအားပေးခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် အာဏာချိန်ခွင်လျှာက ရုရှားကို မျက်နှာသာပေးလာသည်နှင့် ရုရှားက ၎င်းတို့ကို ထပ်မံသိမ်းပိုက်လွှမ်းမိုးရန် ကြိုးစားလာလိမ့်မည်ဟု ယုံကြည်နေခဲ့ကြသည်။ ထို့အပြင် ပူတင်က မည်သည့်အပေါ် စွန့်စားလုပ်ဆောင်မှု ရှိလာနိုင်သည်ဆိုသည်ကို ရှင်းလင်းစွာ ရှင်းပြပြောဆိုထားခဲ့ပြီးလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်အတွင်း ရေးသားခဲ့သည့် ဆောင်းပါးရှည် တပုဒ်နှင့် ကျူးကျော်မှု မစတင်မီ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ပူတင်က ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ရမှုကို ပြစ်တင်ဝေဖန်ခဲ့ပြီး၊ ရုရှားနှင့် ယူကရိန်းတို့မှာ “လူမျိုး တခုတည်း” ဖြစ်ခဲ့ကာ အတင်းအကျပ် ခွဲခြမ်းပစ်ခဲ့ကြသည်ဟု ရေးသားပြောဆိုခဲ့သည်။
ထို့ထက် ပို၍ ကျယ်ပြန့်စွာ “ဥရောပအား အပြည့်အဝနှင့် လွတ်လပ်မှု” ကို ဖန်တီးခဲ့သည့် ၁၉၉၁ ခုနှစ်နောက်ပိုင်း ဥရောပတိုက် သဘောတူညီချက် တခုလုံးကို မော်စကိုက ကန့်ကွက်ကြောင်း ရုရှား၏ ကျူးကျော်စစ် မစတင်မီ တောင်းဆိုချက်များက ရှင်းလင်းသိသာ စေခဲ့သည်။
၂၀၂၁ ခုနှစ်အတွင်း ရေးသားခဲ့သည့် ဆောင်းပါးရှည် တပုဒ်နှင့် ကျူးကျော်မှု မစတင်မီ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ပူတင်က ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ရမှုကို ပြစ်တင်ဝေဖန်ခဲ့ပြီး၊ ရုရှားနှင့် ယူကရိန်းတို့မှာ “လူမျိုး တခုတည်း” ဖြစ်ခဲ့ကာ အတင်းအကျပ် ခွဲခြမ်းပစ်ခဲ့ကြသည်ဟု ရေးသားပြောဆိုခဲ့သည်။
ရုရှား၏ စစ်ပွဲရည်မှန်းချက်များကို ယူကရိန်း၏ ကြားနေခြင်းက ကျေနပ်မှု ဖြစ်စေလိမ့်မည် မဟုတ်ဘဲ၊ ကြားနေမှုက ဥရောပတိုက်တခုလုံးတွင် ကျယ်ပြန့်စွာ ရှိနေစေရလိမ့်မည် ဖြစ်သည်။
ပူတင် အမှန်တကယ် မြင်တွေ့လာခဲ့သည့် ခြိမ်းခြောက်မှုမှာ နောက်ဆုံးတွင် ရုရှားနိုင်ငံ၏ လုံခြုံရေးအတွက် မဟုတ်ဘဲ ၎င်း၏ နိုင်ငံရေး မှီငြမ်းမှုပုံစံ အတွက်သာ ဖြစ်သည်။
လစ်ဘရယ်ဒီမိုကရေစီသည် ယေဘုယျအားဖြင့် အလုပ်မဖြစ်ဘဲ အထူးသဖြင့် (အရှေ့ဥရောပနှင့် အနောက်အာရှရှိ ဆလားဗစ်ဘာသာစကား သုံးစွဲသည့်) ဆလားဗစ်ကမ္ဘာအတွက် မသင့်လျော်ကြောင်း ၎င်းက အခိုင်အမာ ပြောဆိုခဲ့သည်။ လွတ်လပ်မှုရရှိနေသည့် ယူကရိန်းနိုင်ငံက ထိုပြောဆိုချက်ကို ဖုံးကွယ်နေပြီး ထိုအကြောင်းကြောင့်ပင် ယူကရိန်းနိုင်ငံအား ဖယ်ရှားပစ်ရန် ဖြစ်လာခဲ့ရသည်။
ဒုတိယအရေးပါသည့် အချက်မှာ ယူကရိန်းကို ထောက်ခံပံ့ပိုးပေးရာတွင် အနောက်တိုင်း၏ စည်းလုံးညီညွတ်မှုနှင့် ဆက်စပ်နေသည်။ ယခုအချိန်အထိ ယူကရိန်းသို့ လက်နက်များကို ဆက်လက်ထောက်ပံ့ ပေးပို့နေမှုနှင့် ရုရှားအား စီးပွားရေးအရ ဒဏ်ခတ်အရေးယူ ပြုမှုများမှာ ယူကရိန်း၏ ရုရှား၏အင်အားကို တွန်းလှန်နိုင်စွမ်းအတွက် လုံးဝ မရှိမဖြစ် အရေးကြီးလှသည်။
လေ့လာဆန်းစစ်သူ အများစုအနေဖြင့် နေတိုးအုပ်စုက ပြသခဲ့သည့် စည်းလုံးညီညွတ်မှု အတိုင်းအတာနှင့် အထူးသဖြင့် ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ပြောင်းလဲလာမှုကြောင့် အံ့အားသင့်ခဲ့ကြရသည်။ သို့ရာတွင် ရုရှားနိုင်ငံက အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုများအား လက်တုံ့ပြန်သည့်အနေဖြင့် ယခုအခါ ဥရောပသို့ ပေးဝေနေသည့် ဓာတ်ငွေ့တင်ပို့မှု၏ အစိတ်အပိုင်း အများအပြားကို ဖြတ်တောက်လိုက်ပြီဖြစ်ပြီး ဥရောပတိုက် တခွင်လုံးတွင် ရာသီဥတုက ပို၍အေးလာကာ စွမ်းအင်ဈေးနှုန်းများက ဆက်လက်မြင့်တက်လျက် ရှိနေသဖြင့် ပြည်ပမှ ပံ့ပိုးကူညီမှုများ ဆက်လက်ရှိနေမှုနှင့် ပတ်သက်၍ ကြီးမားကျယ်ပြန့်သည့် မရေရာမှုများ ရှိလာနေသည်။
ဤအချက်နှင့် ပတ်သက်၍ စောင့်ကြည့်ရမည့် အရေးကြီးဆုံး အပြောင်းအလဲဖြစ်မှုက လက်ရှိ စစ်ရေးပဋိပက္ခ၏ ရလဒ် ဖြစ်သည်။ နိုင်ငံရေးဆန်းစစ်သူများက စစ်ရေးရလဒ်များသည် အရင်းခံ နိုင်ငံရေးအင်အားစုများကို ထင်ဟပ်နေသည်ဟု ယုံကြည်ကြသော်လည်း ယနေ့ ယူကရိန်းတွင် ဆန့်ကျင်ဘက်အဆိုက အမှန်ဖြစ်နေသည်။ တိုင်းပြည်၏ နိုင်ငံရေးအနာဂတ်က အခြားအရာများထက် ရေတိုကာလ စစ်မြေပြင်တွင် အောင်မြင်မှုရရှိခြင်းအပေါ် ပထမဦးစွာ မှီတည်နေမည် ဖြစ်သည်။

နွေရာသီကာလ တလျှောက် ရုရှားက ကိယစ်ဗ်ကို သိမ်းပိုက်ရန် ၎င်း၏ကနဦးကြိုးပမ်းမှုမှ ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲများက ဒွန်ဘတ်စ်ဒေသတွင် ဗဟိုပြုလာသည့်အခါ၊ ယူကရိန်းနှင့် ရုရှားတို့အနေဖြင့် “ရှည်လျားသည့် စစ်ပွဲ” အတွင်း ပိတ်မိလျက် ရှိနေကြသည်ဟူသည့် သမားရိုးကျ တွေးခေါ်မှုအသိတရပ် ထွက်ပေါ်လာခဲ့သည်။ အများစုက နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဆက်၍ဖြစ်နေနိုင်သည့် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်မှုနှင့် အမှည့်ချွေစစ်ပွဲတရပ် ဖြစ်ပေါ်လာမည်မှာ သေချာကြောင်း အခိုင်အမာ ဆိုခဲ့ကြသည်။
ယူကရိန်း၏ ရှေ့တိုးနေသည့် စစ်ပွဲ အရှိန်အဟုန် နှေးကွေးလာသည်နှင့်အမျှ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများနှင့် ယူကရိန်းထံမှ ပိုင်နက်နယ်မြေ လိုက်လျောပေးမှုများ ရှိရန် လိုအပ်နေကြောင်း အနောက်တိုင်းမှ အသံများက အငြင်းအခုံ ဖြစ်နေခဲ့ကြသည်။
တိုင်းပြည်၏ နိုင်ငံရေးအနာဂတ်က အခြားအရာများထက် ရေတိုကာလ စစ်မြေပြင်တွင် အောင်မြင်မှုရရှိခြင်းအပေါ် ပထမဦးစွာ မှီတည်နေမည် ဖြစ်သည်။
ဤအကြံဉာဏ်ကို လက်ခံလိုက်နာခဲ့ပါက ဆိုးရွားသည့် ရလဒ်ကိုသာ ဖြစ်ပေါ်လာစေနိုင်သည်။ ရုရှားသည် ၎င်းကျူးကျော် သိမ်းပိုက်ခဲ့သည့် ယူကရိန်း၏ အစိတ်အပိုင်းများကို ရယူထိန်းသိမ်းထားကာ ကုန်းတွင်းကျနေသည့် ယူကရိန်းနိုင်ငံအား ပို့ကုန်များကို ၎င်း၏ တောင်ဘက်ပိုင်းရှိ ဆိပ်ကမ်းများမှ တင်ပို့နိုင်စေခြင်း မရှိစေဘဲ ချန်ထားခဲ့မည် ဖြစ်သည်။ ထိုကဲ့သို့သော စေ့စပ်ညှိနှိုင်းမှုက ငြိမ်းချမ်းရေးကို ယူဆောင်လာလိမ့်မည် မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းပင် စစ်ပွဲကို ပြန်လည်စတင်ရန် ၎င်း၏စစ်တပ်ကို ပြန်လည်ဖွဲ့စည်းပြီးသည့် အချိန်အထိ ရုရှားက စောင့်ဆိုင်းနေလိမ့်မည် ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် အကယ်၍ ယူကရိန်းက ၂၀၂၂ ခုနှစ်မကုန်မီ စစ်ရေးအရှိန်အဟုန်ကို ပြန်လည်မြှင့်တင်ရရှိနိုင်လျှင် အနောက်တိုင်း ဒီမိုကရေစီခေါင်းဆောင်များ အနေဖြင့် ၎င်းတို့၏ ပြည်သူများအား လာမည့်ဆောင်းရာသီတွင် အသုံးစရိတ်များကို ချွေတာလျှော့ချထားသင့်သည်ဟု ထောက်ခံပြောဆိုရန် များစွာ ပိုမိုလွယ်ကူလာစေလိမ့်မည် ဖြစ်သည်။ ထို့အတွက်ကြောင့် အနောက်တိုင်း ညွန့်ပေါင်းအုပ်စုအတွက် အားလုံးကို အတူတကွ ထိန်းထားနိုင်ရန် ယူကရိန်းတွင် ရေတိုကာလ စစ်ရေးအရ တိုးတက်မှုရရှိရန် အရေးကြီးလှသည်။
စစ်ရေးအရှိန်ကို အမှန်တကယ် ပြန်လည်ရရှိနိုင်မည့် အလားအလာမှာ ယူကရိန်းအတွက် အပြည့်အဝ ဖြစ်နိုင်ခြေ ရှိနေပြီး အမှန်ပင် မိမိတို့ ပြောဆိုနေချိန်အတွင်း ဖြစ်လာနေသည်။ ယူကရိန်း စစ်ဦးစီးဌာနချုပ်သည် ၎င်း၏ ယေဘုယျ ဗျူဟာကျမှုတွင် အလွန်ထက်မြက်မှု ရှိပြီး၊ ဒွန်ဘတ်စ်ဒေသကိုသာမက စစ်ပွဲ၏ ပထမပတ်အတွင်း ရုရှားက သိမ်းပိုက်ထားခဲ့သည့် တောင်ဘက်ပိုင်းရှိ ပြန်လည်လွတ်မြောက်လာခဲ့သည့် ဒေသများအပေါ်တွင်ပါ အာရုံစိုက်လျက် ရှိနေခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် နေတိုးအဖွဲ့က ပံ့ပိုးပေးထားသည့် လက်နက်များဖြင့် ရုရှားတို့၏ လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံများ၊ ကွပ်ကဲမှု စခန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး စုရပ်စခန်းများကို တိုက်ခိုက်ရန် အထူးသဖြင့် ဟိုင်းမာ့စ် တာဝေး ဒုံးပျံပစ်လွှတ်မှုစနစ်အား ရှေ့ဆုံးမှ အသုံးပြုခဲ့ကြသည်။ ခရိုင်းမီးယားကျွန်းဆွယ်အတွင်း နက်ရှိုင်းဝေးကွာသည့် ရုရှားတို့က လုံခြုံမှုရှိသည်ဟု ယူဆနေကြသည့် နောက်တန်းနယ်မြေများကို ၎င်းတို့က အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြသည်။
ယခုအခါ နီပရိုမြစ်၏ အနောက်ဘက်ကမ်း တောင်ပိုင်း ခါဆန်မြို့တဝိုက်ရှိ နယ်မြေတခုတွင် ရုရှားတပ်ဖွဲ့ဝင် ၂၅,၀၀၀ မှ ၃၀,၀၀၀ ကြား ပိတ်မိလျက် ရှိနေသည်။ (နောက်ဆုံးသတင်းများအရ ရုရှတပ်ဖွဲ့များ အသက်လု ဆုတ်ပြေးကြရကြောင်း သိရသည်။) ယူကရိန်းတို့က ရုရှားနိုင်ငံနှင့် ခါဆန်မြို့တို့ကို ဆက်သွယ်ထားသည့် တံတားများကို ဖျက်ဆီးရာတွင် အောင်မြင်ခဲ့ပြီး ထိုပိတ်မိနေသည့် တပ်ဖွဲ့များ၏ ပတ်လည်ရှိ ထွက်ပေါက်များကို ပိတ်ဆို့ထားလျက် ရှိကြသည်။ ထိုဒေသတွင် ရုရှား၏ ရပ်တည်နိုင်မှုက ဆိုးရွားစွာ ပြိုလဲသွားနေပြီး ရုရှားတို့အနေဖြင့် ၎င်းတို့၏ ကျန်ရှိနေသည့် စစ်တပ်၏ ကောင်းမွန်သည့် အစိတ်အပိုင်းတခု ဆုံးရှုံးသွားနိုင်နေသည်။
ပို၍ ကျယ်ပြန့်စွာ ရှိနေသည်မှာ ယူကရိန်းဘက်ခြမ်း၏ စိတ်ဓာတ်က ရုရှားဘက်ထက် များစွာ မြင့်မားနေသည်။ ယူကရိန်းတို့က ၎င်းတို့၏ ပိုင်နက်နယ်မြေအတွက် တိုက်ပွဲဝင်လျက် ရှိနေကြပြီး၊ ရုရှားတို့ သိမ်းပိုက်ထားခဲ့သည့် ဒေသများတွင် ရုရှားတပ်ဖွဲ့များ၏ ရက်စက်ယုတ်မာသည့် ကြမ်းကြုတ်မှုများကို မြင်တွေ့ခဲ့ကြရသည်။ ဆန့်ကျင်ဘက်အားဖြင့် ရုရှားစစ်တပ်သည် ဆုံးရှုံးသွားခဲ့သည့် လူအင်အားကို အစားထိုးနိုင်ရန် အညံ့ဆုံးအဆိုးဆုံး တပ်ဖွဲ့များကို ထုတ်သုံးလျက်၊ ရုရှလူမျိုးများက ၎င်းတို့ကိုယ်တိုင် ပါဝင်ရန် ဆန္ဒမရှိသည့် တိုက်ပွဲကို ဆင်နွှဲရန် အကျဉ်းကျ နေကြသူများနှင့် ဆင်းရဲနွမ်းပါးသည့် တိုင်းရင်းသားလူနည်းစုများထံမှ လူအင်အားရရှိရန် စုဆောင်းလျက် ရှိနေသည်။
စစ်ရေးအရှိန်ကို အမှန်တကယ် ပြန်လည်ရရှိနိုင်မည့် အလားအလာမှာ ယူကရိန်းအတွက် အပြည့်အဝ ဖြစ်နိုင်ခြေ ရှိနေပြီး အမှန်ပင် မိမိတို့ ပြောဆိုနေချိန်အတွင်း ဖြစ်လာနေသည်။
တတိယအချက် အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်းတွင် သိမ်းပိုက်ရယူနိုင်ခဲ့သည့် နယ်မြေများ ပြန်လည် လွတ်မြောက်လာမှုဟု အနည်းဆုံး အဓိပ္ပာယ်ရသည့် ရုရှား၏ စစ်ရေးအရကျရှုံးမှုက ကမ္ဘာတဝှမ်းလုံးတွင် နိုင်ငံရေးအရ ကြီးမားသည့် ပဲ့တင်ထပ် ဂယက်ရိုက်ခတ်စရာ ဖြစ်လာလိမ့်မည် ဖြစ်သည်။
စစ်ပွဲမစတင်မီတွင် ရုရှားနှင့် တရုတ်တို့က လစ်ဘရယ်ဒီမိုကရေစီ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ ဆုတ်ယုတ်လာလျက် ရှိနေကြောင်း ငြင်းချက်ထုတ်ခဲ့ကြသည်။ ကြီးမားသည့် တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရာတွင်နှင့် ပြတ်ပြတ်သားသား လုပ်ဆောင်ရာတွင် ၎င်းတို့၏ အာဏာရှင်စနစ်များက သာလွန်ကောင်းမွန်သည်ဟု ငြင်းခုံခဲ့ကြသည်။
ယင်းအစား အမှန်တကယ် ဖြစ်လာခဲ့သည်က ရုရှားပုံစံဖြစ်သည့် လူပုဂ္ဂိုလ်တဦးကို ဗဟိုပြု၍ ဗဟိုမှချုပ်ကိုင်သည့် ဆုံးဖြတ်ချက်ချမှုက မကြာမြင့်မီ သမိုင်းတလျှောက်အတွင်း စိုးရိမ်စရာအကောင်းဆုံး နိုင်ငံရေးအရမှားယွင်းမှု တခုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
သိမ်းပိုက်ရယူနိုင်ခဲ့သည့် နယ်မြေများ ပြန်လည် လွတ်မြောက်လာမှုဟု အနည်းဆုံး အဓိပ္ပာယ်ရသည့် ရုရှား၏ စစ်ရေးအရကျရှုံးမှုက ကမ္ဘာတဝှမ်းလုံးတွင် နိုင်ငံရေးအရ ကြီးမားသည့် ပဲ့တင်ထပ် ဂယက်ရိုက်ခတ်စရာ ဖြစ်လာလိမ့်မည်
ကပ်ရောဂါကာလအတွင်း အထီးကျန်ဖြစ်နေခဲ့ပြီး ၎င်း၏ကိုယ်ပိုင် ရုရှားစစ်တပ်နှင့်ရော ယူကရိန်းရှိ လူထု၏ အမြင်နှင့်ပါ နှစ်ခုစလုံးနှင့် လက်တွေ့ကျကျ ထိတွေ့မှုမရှိခဲ့သည့် ပူတင်က ယူကရိန်းတွင် ၎င်းအား ကယ်တင်သူတဦးအဖြစ် နှုတ်ဆက်လက်ခံကြလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။ တရုတ်နိုင်ငံသည်လည်း ၎င်း၏အပိုင်းအတွက် အဓိပတိခေါင်းဆောင် ရှီကျင့်ဖျင်က မယိမ်းယိုင် အလျှော့မပေးရန် ဆုံးဖြတ်ထားပုံရသည့် “ကိုဗစ် လုံးဝမရှိစေရ” မူဝါဒ၏ ရလဒ်အဖြစ် ၎င်း၏ ကျဆင်းလာသည့် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မြင်တွေ့နေရသည်။
၎င်းတို့နှင့် ဆန့်ကျင်ခြားနားစွာပင် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများက ဤစိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် စည်းလုံးမှုရှိစွာဖြင့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်။
အကယ်၍ ယူကရိန်းတို့က ကျူးကျော်သူ ရုရှားတို့ကို ရိုးရိုးရှင်းရှင်း ထိန်းထားရုံမျှမက ရုရှား၏ ကြီးမားလှသည့် စစ်တပ်ကို အနိုင်ယူအင်အားသုံးပြီး ဆုတ်ခွာသွားစေရန် လုပ်ဆောင်နိုင်ခဲ့ပါက အပြုသဘောဆောင်သည့် ဂယက်ရိုက်ခတ်မှုများကို ကမ္ဘာတဝှမ်းလုံးက ခံစားကြရမည် ဖြစ်သည်။
ဗစ်တာအော်ဘန်၊ မက်တီယိုဆယ်လ်ဗီနီ၊ မာရင်းလုပန်း၊ ဒေါ်နယ်လ်ဒ် ထရမ့် အထိ ကမ္ဘာတဝှမ်းရှိ လူများကြိုက် အမျိုးသားရေးဝါဒီများက ပူတင်၏ အာဏာရှင် အုပ်ချုပ်မှုပုံစံကို ချီးကျူးဖော်ပြ နေခဲ့ကြသည်။
ရုရှား၏ ရှုံးနိမ့်မှုနှင့် အရှက်ရမှုတို့က အာဏာရှင်အုပ်ချုပ်မှု၏ အားသာချက်များအပေါ် ထိုးနှက်မှု ရှိလာစေမည် ဖြစ်ပြီး ဒီမိုကရေစီစနစ်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းရှိမှုကို ပြန်လည်ရှင်သန်လာစေနိုင်မည် ဖြစ်သည်။
ရုရှား၏ ရှုံးနိမ့်မှုနှင့် အရှက်ရမှုတို့က အာဏာရှင်အုပ်ချုပ်မှု၏ အားသာချက်များအပေါ် ထိုးနှက်မှု ရှိလာစေမည် ဖြစ်ပြီး ဒီမိုကရေစီစနစ်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်းရှိမှုကို ပြန်လည်ရှင်သန်လာစေနိုင်မည် ဖြစ်သည်။
လစ်ဘရယ်ကမ္ဘာ၏ ထုံးတမ်းစဉ်လာများမှ ရရှိလာသည့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုကို အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများတွင် လူထုက လက်ခံရရှိရန် လွယ်ကူနေခဲ့သည်။ လစ်ဘရယ်ဒီမိုကရေစီ၏ပြိုင်ဖက် အခြားရွေးချယ်စရာ စနစ်များက အကြမ်းဖက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုများနှင့် နောက်ဆုံးတွင် စီးပွားရေးကျရှုံးမှုများဆီသို့ ဦးတည်စေသည်ဟူသည့် သင်ခန်းစာကို မျိုးဆက်တိုင်း ပြန်လည်သင်ယူရန် လိုအပ်လာလိမ့်မည် ဖြစ်သည်။
အကယ်၍ ၎င်းတို့၏ နိုင်ငံအတွက် ရဲရင့်သည့် ယူကရိန်းနိုင်ငံသားများ၏ တိုက်ပွဲဝင်နေမှုက မျှော်လင့်ထားသည်များ အားလုံးထက် ကျော်လွန်၍ အောင်မြင်မှု ရရှိလာသည်ကို ကမ္ဘာက မြင်တွေ့လာပါက ထိုကဲ့သို့သော သင်ခန်းစာကို သဘောပေါက်နားလည် လက်ခံလာစေရန် ထပ်ခါတလဲလဲ ကျယ်ကျယ်လောင်လောင် ဒေါနှင့်မောနှင့် ပြောဆိုနိုင်ကြလိမ့်မည် ဖြစ်သည်။
ယူကရိန်းက အနိုင်ရမှာပါ။ မင်္ဂလာပါ ယူကရိန်း။
(Journal of Democracy ပါ Francis Fukuyama ၏ Why Ukraine Will Win ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရုရှားကို မြန်မာ ပဋိပက္ခထဲသို့ ဆွဲသွင်းလိုက်ခြင်း
စစ်အေးတိုက်ပွဲ အဆုံးသတ်သူ ဂိုဘာချော့ဗ် ကွယ်လွန်
နိုင်ငံကို အုပ်ချုပ်ဖို့ NUG အဆင်သင့်ဖြစ်ပြီလား
ဆာဂေးလက်ဗရော့၏ နေပြည်တော် ကြွတော်မူခန်း
ခရုဇ်ဒုံးကျည် မြန်မာကို ရောင်းရန် ရုရှားကြိုးစားနေ