ဆောင်းပါး

ဖေဖေချစ်တဲ့ သားကြီး ဦးအေးချမ်း

ယခင်မြန်မာစစ်အုပ်စုမှ ရေတပ်ဗိုလ်ချုပ်ဟောင်းတဦး၏ သားသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ငွေကြေးထောက်ပံ့သည့် ဒေသတွင်း မီဒီယာဆွေးနွေးပွဲတခုကို အသုံးချပြီး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနှင့် လွတ်လပ်သော သတင်းသမားများကို တိုက်ခိုက်ကာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကာကွယ်ပြောကြားသည်။

UNESCO ၏ အထောက်အပံ့ဖြင့်ပြုလုပ်သည့် Dili Dialogue Forum-2022 ကို တီမောလက်စ်တေနိုင်ငံ မြို့တော် ဒီလီတွင် သြဂုတ်လ ၂၅ နှင့် ၂၆ နေ့များက ပြုလုပ်သည်။ ထိုနှစ်ရက်ကြာ အစည်းအဝေးသို့ တီမောလက်စ်တေ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာမှ စာနယ်ဇင်းကောင်စီဥက္ကဋ္ဌများ တက်ရောက်ကြပြီး ၎င်းတို့ နိုင်ငံများမှ မီဒီယာ စိန်ခေါ်မှုများကို ဆွေးနွေးကြသည်။

ရေတပ်ဗိုလ်ချုပ်နှင့် ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သား ဦးအေးချမ်းသည် မြန်မာစာနယ်ဇင်းကောင်စီ (MPC) အဖွဲ့ဝင် တဦးအဖြစ် ထိုဆွေးနွေးပွဲတက်သည်။ MPC တွင် စစ်ကောင်စီလိုလားသော စာရေးဆရာများနှင့် ထုတ်ဝေသူများသာ ပါဝင်စေရန် အာဏာသိမ်းပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည်။

Dili Dialogue Forum 2022 တက်ရောက်သူများ

၂၀၁၁ ခုနှစ်အစောပိုင်းမှ ၂၀၁၆ ခုနှစ်အထိ စစ်တပ်လက်ဝေခံ ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးဖြစ်စဉ်က ဦးစိုးသိန်းသည် စစ်အာဏာရှင်စနစ် နိဂုံးချုပ်သွားပြီး သူနှင့် သူ့တို့အစိုးရမှ အခြားသူများသည် ပြုပြင်ပြောင်းလဲရေးသမား ဖြစ်သည်ဟု ပြောပြီး တကမ္ဘာလုံးကို လိမ်ခဲ့သည်။ သူသည် နိုင်ငံကို ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အာဏာသိမ်းထားသည့် ယခင်စစ်အုပ်စုမှ ရေတပ်ဗိုလ်ချုပ် ဖြစ်သည်။

ထိုသို့ လိမ်ညာပြီးနောက် ၁၀ နှစ်ကြာသောအခါ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချသည့် နောက်ဆုံး စစ်အာဏာသိမ်းမှုကို ထောက်ခံခြင်းဖြင့် သူ၏အရေခြုံမှုသည် ကွာကျသွားသည်။ ထိုဗိုလ်ချုပ်ဟောင်းသည် ဦးသိန်းစိန်အစိုးရကို ဆက်ခံသည့် ဒေါ်အောင်ဆန်းစုနှင့် NLD အစိုးရကို အပုပ်ချပြီး စစ်တပ်လိုလားသည့်စိတ်ဓာတ်များနှင့် ကောလာဟလအခြေခံသည့် အမျိုးသားရေးကို လှုံ့ဆော်သည်။

ဒီလီ ဆွေးနွေးပွဲတွင် ဦးအေးချမ်းက သူ့အဖေ ခြေရာနင်းပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံကာ NLD အစိုးရကို တိုက်ခိုက်ပြီး လွတ်လပ်သော မီဒီယာကို သိက္ခာချသည်။ မြန်မာမှ လွတ်လပ်သော မီဒီယာသည် စစ်ကောင်စီက ပြည်သူများအပေါ် နေ့စဉ် ရက်စက်ကြမ်းကြုတ်မှုများကို သတင်းတင်ပြနေသည့် မီဒီယာဖြစ်သည်။ လက်ရှိအချိန်အထိ စစ်ကောင်စီသည် ပြည်သူ ၂,၀၀၀ ကျော်ကို သတ်ဖြတ်ထားပြီး စစ်အုပ်ချုပ်ရေး ဆန့်ကျင်သည့် လူမှုအသိုက်အဝန်းများကို စီးနင်းတိုက်ခိုက် မီးလောင်တိုက်သွင်းနေသည်။

၂၀၁၁ ခုနှစ်အစောပိုင်းမှ ၂၀၁၆ ခုနှစ်အထိ စစ်တပ်လက်ဝေခံ ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးဖြစ်စဉ်က ဦးစိုးသိန်းသည် စစ်အာဏာရှင်စနစ် နိဂုံးချုပ်သွားပြီး သူနှင့် သူ့တို့အစိုးရမှ အခြားသူများသည် ပြုပြင်ပြောင်းလဲရေးသမား ဖြစ်သည်ဟု ပြောပြီး တကမ္ဘာလုံးကို လိမ်ခဲ့သည်။

သူ၏ ဆွေးနွေးချက်များသည် စစ်ကောင်စီက အကြိမ်ကြိမ်သုံးသောကြောင့် စုတ်ပြတ်သတ်နေသည့် အာဏာသိမ်းရခြင်း အကြောင်းရင်းကို အလွတ်ကျက်မှတ် ပြောကြားခြင်းသာ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD က မဲစာရင်းလိမ်သည်ဟု စွပ်စွဲသည်။ ထိုအချက်သည် ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲလေ့လာသူများ လက်မခံနိုင်သည့် စွပ်စွဲချက် ဖြစ်သည်။ “အဲဒီပါတီက အကျင့်ပျက်ခြစားတယ်”၊ “သူတို့ ရွေးကောက်ပွဲလိမ်တယ်” ထို့ကြောင့် အာဏာသိမ်းသည်ဟု NLD ကို ရည်ညွှန်းပြီး သူက ပြောသည်။ စစ်ကောင်စီဝါဒဖြန့်သည့်အတိုင်း လိုက်ပြောပြီး သူသည် နိုင်ငံ၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို သိက္ခာချကာ ထိုလှုပ်ရှားမှုက ဒီမိုကရေစီ ပြန်လည်ထူထောင်ရန် လုပ်ဆောင်နေခြင်းကို အကြမ်းဖက်ဝါဒဟု ၎င်းက ခေါ်သည်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဇော်မင်းထွန်းကို သံယောင်လိုက်ပြီး ဦးအေးချမ်းက အာဏာသိမ်းပြီး နောက်ပိုင်းတွင် မြန်မာမီဒီယာများ၊ အထူးသဖြင့် ပြည်ပအခြေစိုက်များသည် သတင်းတု သတင်းမှားများကို ဖြန့်ချိနေပြီး အကြမ်းဖက်သမားများ၏ ကိရိယာများဖြစ်နေကြောင်း ပြောသည်။ စစ်ကောင်စီက စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့သည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် အားထုတ်သောကြောင့် အကြမ်းဖက်သမားများဟု တံဆိပ်ကပ်သည်။

Dili Dialogue Forum 2022 တွင် ဦးအေးချမ်း တင်ပြနေစဉ်

“သူတို့ (NUG နှင့် PDF အဖွဲ့များ) ရတဲ့အလှူငွေတွေရဲ့ ၂၀ ရာခိုင်နှုန်းက Facebook မှာ သတင်းတုတွေ ရေးဖို့ မီဒီယာတွေကို ပေးရတာ” ဟု ဖမ်းမိသော အကြမ်းဖက်သမားတဦးက ပြောကြောင်း ၎င်းကပြောသည်။

သို့သော် သူသည် စစ်ကောင်စီက ပြည်တွင်း မီဒီယာများကို ဖြိုခွင်းနေသည်ကို ဖော်ပြခြင်းမရှိပေ။ အာဏာသိမ်းပြီးနောက် သတင်းသမား ၁၃၅ ဦး အဖမ်းခံထားရပြီး ယခုနှစ် မတ်လတခုတည်းတွင်ပင် သတင်းသမား ၆ ဦးကို ထောင်ချသည်ဟု ဖမ်းဆီးသတင်းသမားများ သတင်းအချက်လက် မြန်မာ (Detained Journalists Information Myanmar) ၏ အဆိုအရ သိရသည်။ လွန်ခဲ့သောနှစ်တွင် သတင်းသမား ၃ ဦး သတ်ဖြတ်ခံရသည်။

စစ်ကောင်စီသည် သတင်းဌာန ၉ ခု၏ လိုင်စင်များကို ရုတ်သိမ်းပြီး ၂၀၂၁ ခုနှစ်နှင့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၄၀ ရောက်နေသည်။ လက်ရှိ အချိန်တွင် သတင်းသမားများသည် ပုန်းအောင်း သို့မဟုတ် ထွက်ပြေးနေရသောကြောင့် လွတ်လပ်သော မီဒီယာများသည် ပြည်တွင်းတွင် ရပ်တည်မရသလောက် ဖြစ်နေသည်။ ဧရာဝတီအပါအဝင် အဓိကကျသော မီဒီယာများသည် နိုင်ငံပြင်ပမှ လုပ်ကိုင်နေရသည်။

သူသည် စစ်ကောင်စီက ပြည်တွင်း မီဒီယာများကို ဖြိုခွင်းနေသည်ကို ဖော်ပြခြင်းမရှိပေ။ အာဏာသိမ်းပြီးနောက် သတင်းသမား ၁၃၅ ဦး အဖမ်းခံထားရပြီး ယခုနှစ် မတ်လတခုတည်းတွင်ပင် သတင်းသမား ၆ ဦးကို ထောင်ချသည်။ လွန်ခဲ့သောနှစ်တွင် သတင်းသမား ၃ ဦး သတ်ဖြတ်ခံရသည်။

ထိုဆွေးနွေးပွဲတွင် ဦးအေးချမ်း၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး အမည်ခံ စာနယ်ဇင်း ကောင်စီကို Dili Dialogue Forum တွင် ကိုယ်စားပြုခွင့် ပေးသောကြောင့် မြန်မာမှ လွတ်လပ်သော မီဒီယာအဖွဲ့အစည်း ၃၃ ခုက ပြီးခဲ့သည့် သောကြာနေ့တွင် အပြင်းအထန် ရှုတ်ချပြီး မြန်မာနိုင်ငံလက်ရှိ သတင်းမီဒီယာလောက အခြေအနေကို သူ၏တင်ပြချက်များသည် စစ်ကောင်စီ၏ သတင်းမှားများသာဖြစ်ကြောင်း ပြောသည်။

“မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့ပြီး သတင်းတု၊ သတင်းမှား၊ အမုန်းစကား ဖြန့်ချိရာတွင် ပါဝင်ပတ်သက်သည့် ဒေသတွင်းနှင့် နိုင်ငံတကာမီဒီယာ အဖွဲ့အစည်းများ၊ အစိုးရများကို မြန်မာမှ လွတ်လပ်သော သတင်းမီဒီယာ အဖွဲ့အစည်းများက ပြင်းထန်စွာရှုတ်ချသည်” ဟု ထိုပြစ်တင်ရှုတ်ချစာတွင် ဖော်ပြထားသည်။

ထိုဆွေးနွေးပွဲအတွက် ငွေကြေးစိုက်ထုတ်သော UNESCO ၏ ဂျကာတာရုံးကို ဧရာဝတီသတင်းဌာနက အီးမေးလ်ဖြင့် ဆက်သွယ်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံသော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။

ဖအေတူသား ရမ်းကား

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ဦးအေးချမ်း၏အဖေ ဦးစိုးသိန်းက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် NLD ထံမှ အာဏာသိမ်းလိုက်ခြင်းသည့် လွန်စွာကောင်းမွန်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။ ထိုဗိုလ်ချုပ်ဟောင်းသည် အာဏာသိမ်းလိုက်သောကြောင့် ဝမ်းသာမှုများကို မထိန်းချုပ်နိုင်တော့ဘဲ “ကျနော်တို့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လွတ်လပ်ရေးရတယ်” ဟုပင် ရေးသားသည်။

ထိုစကားသည် ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်းအဖြစ် မြန်မာနှင့်ကမ္ဘာ ပြန်လည်ထိတွေ့ဆက်ဆံရန် လုပ်ဆောင်သော ပြုပြင်ပြောင်းလဲရေးသမား ဝန်ကြီးဆိုသည့် သူ၏ယခင်ပုံရိပ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုအစိုးရတွင် အကြံပေးသမိုင်းဆရာ ဒေါက်တာ သန့်မြင့်ဦးက သူ၏ နောက်ဆုံးစာအုပ်ဖြစ်သည့် The Hidden History of Burma တွင် ဦးစိုးသိန်းသည် အနောက်နိုင်ငံများနှင့် မြန်မာတို့ ဆက်ဆံရေး ပုံမှန် ပြန်လည်ထူထောင်ရေးတွင် အဓိက ဗိသုကာနှင့် ပြည်ပတွင် မြန်မာကိုထောက်ခံမှုရရန် အဓိက ကြိုးစားသူဖြစ်ပြီး ပွင့်လင်းစွာ စကားပြောသော်လည်း နိုင်ငံအလားအလာကို အကောင်းမြင်သူဖြစ်ကြောင်း ဖော်ပြသည်။

၂၀၁၈ ခုနှစ်က ရန်ကုန်မြို့တွင် ကျင်းပသည့် သမ္မတဟောင်း ဦးသိန်းစိန်အကြောင်း စာအုပ်မိတ်ဆက်ပွဲတွင် တွေ့ရသည့် ဦးစိုးသိန်း / ဧရာဝတီ

အသက် ၄၉ နှစ်ရှိပြီဖြစ်သော ဦးအေးချမ်းသည် မြန်မာစာနယ်ဇင်းကောင်စီတွင် Myanmar Insider ပိုင်ရှင်အဖြစ် ပါဝင်လာခြင်းဖြစ်သည်။ ထိုစာစောင်သည် NLD မဲလိမ်သည်ဆိုသည့် စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုများကို အားပေးရန် သူအသုံးချနေသော စာစောင်ဖြစ်သည်။ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများ မည်သည့်အတွက် ကျဆုံးရမည်ဆိုသည့် သူ၏ အားအင်ချိနဲ့ ကို့ရို့ကားရားနိုင်သည့် ဆွေးနွေးချက်များ အပါအဝင် သူ၏ ဆောင်းပါးများတွင် သူက Myanmar Insider သည် စစ်ကောင်စီ၏ အာဘော်ဖြစ်ကြောင်း ဝန်ခံလိုက်ရသည်။

အသက် ၄၉ နှစ်ရှိပြီဖြစ်သော ဦးအေးချမ်းသည် မြန်မာစာနယ်ဇင်းကောင်စီတွင် Myanmar Insider ပိုင်ရှင်အဖြစ် ပါဝင်လာခြင်းဖြစ်သည်။ ထိုစာစောင်သည် NLD မဲလိမ်သည်ဆိုသည့် စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုများကို အားပေးရန် သူအသုံးချနေသော စာစောင်ဖြစ်သည်။

ထို့အပြင် အဆိုပါစာစောင်၏ လိပ်စာမှာ ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ KFC ဆိုင်ခွဲနှင့် တူညီနေသည်မှာလည်း ထိုနေရာကို ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကော်ပိုရေးရှင်းက ပိုင်ဆိုင်သည့် နိုင်ငံပိုင် ဖြစ်ဖူးသောကြောင့် မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ထိုနေရာသည် ဦးအေးချမ်း လက်တွင်းသို့ မည်သို့ ရောက်သွားသည်ကို မည်သူမျှ မသိပေ။ Myanmar Insider သတင်းစာမျက်နှာတွင်မူ ထိုအဆောက်အအုံတွင် ရန်ကုန်မြို့လယ်မှ အဆင့်အတန်းမြင့် ရုံးခန်းများ ငှားရမ်းရန်ရှိကြောင်း ကြော်ငြာထားသည်။

ထို့အပြင် သူ၏ LinkedIn ကိုယ်ရေးအချက်အလက်များအရ ဦးအေးချမ်းသည် မြန်မာ အီးကောမာ့စ် အသင်း ဥက္ကဋ္ဌဖြစ်ပြီး မြန်မာဒစ်ဂျစ်တယ် စီးပွားရေးအသင်း ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်း ဖော်ပြထားကြောင်း တွေ့ရသည်။ သူသည် အာဏာသိမ်းမှုနောက်ပိုင်း လူထုက သပိတ်မှောက်ခံရသည့် စစ်တပ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းတခုဖြစ်သည့် အွန်လိုင်းအရောင်းလုပ်ငန်း rgo47 တွင် ဒါရိုက်တာဖြစ်သည်။ သူ၏ ဇနီးမှာ ဒေါ်ဝင်းနန္ဒာသိုက်ဖြစ်သည်။

အခွင့်ထူးခံ မောင်နှမများ

ဦးချမ်းအေးတွင် မွေးချင်း နှစ်ဦးရှိပြီး ဒေါ်သက်ထားအေးနှင့် ဒေါ်ရည်မွန်အေးတို့ ဖြစ်သည်။

ဒေါ်ရည်မွန်အေးနှင့် ဒေါ်သက်ထားအေး

ဒေါ်သက်ထားအေးသည် မြန်မာတွင် ဒစ်ဂျစ်တယ်နည်းအရ ငွေချေးသည့် မိုဘိုင်းအပလီကေးရှင်း ပလက်ဖောင်း ဖြစ်သော Mother Finance Co., Ltd., ၏ ခေတ္တ အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ သူသည် KBZ အုပ်စုတွင် ဒုတိယ မန်နေဂျင်း ဒါရိုက်တာ လုပ်ခဲ့ဖူးပြီး Temasek Holdings ကျောထောက်နောက်ခံပြု အာရှအခြေစိုက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Dymon Asia Capital တွင်လည်း ဒါရိုက်တာ လုပ်ခဲ့ဖူးသည်။ သူသည် ဘွဲ့ကြိုနှင့် ဘွဲ့လွန် ပညာရေးများကို ဗြိတိန်မှ အောက်စဖို့ တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စုမှ မက်ဆာချူးဆက် နည်းပညာ အင်စတီကျုနှင့် စင်ကာပူမှ လီကွမ်ယူ ပြည်သူ့မူဝါဒရေးရာကျောင်း တို့တွင် သင်ယူခဲ့သည်။

ဒေါ်ရည်မွန်အေးသည် ဓာတုဗေဒနှင့် မော်လီကျူး ဇီဝဗေဒ ပညာရှင်ဖြစ်ပြီး Swiss Federal Institute of Technology Lausanne (EPFL) တွင် ပါမောက္ခတဦးဖြစ်သည်။ ၂၀၂၂ ခုနှစ်မှစတင်ပြီး သူသည် ACS Chemical Biology ၏ တွဲဖက် စာတည်းအဖြစ်လည်း ဆောင်ရွက်နေသည်။

ထိုမောင်နှမ ၃ ယောက်တို့သည် ၎င်းတို့အဖေကို နိုင်ငံတကာက အရေးယူပိတ်ဆို့ထားသည့် အချိန်တွင် စင်ကာပူ၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ယူကြသည်။

ထိုမောင်နှမ ၃ ယောက်တို့သည် ၎င်းတို့အဖေကို နိုင်ငံတကာက အရေးယူပိတ်ဆို့ထားသည့် အချိန်တွင် စင်ကာပူ၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ယူကြသည်။ ဥပမာအားဖြင့် ဆိုရပါက ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် ဦးစိုးသိန်းကို နိုင်ငံတကာအရေးယူပိတ်ဆို့ခံရသည့်စစ်အုပ်စုမှ လူပုဂ္ဂိုလ်များ စာရင်းတွင် ထည့်သွင်းထားသော်လည်း ဦးအေးချမ်းသည် အမေရိကန် ပြည်ထောင်စုမှ Emory University တွင် စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ MBA တက်နေကြောင်း သူ၏ LinkedIn အချက်အလက်များအရ သိရသည်။ ထိုအချိန်တွင် သူ့အဖေသည် ရေတပ် ဒုဗိုလ်ချုပ်ကြီး ဖြစ်သည်။

ဦးသိန်းစိန်အစိုးရတွင် သမ္မတရုံးဝန်ကြီးအဖြစ် ဦးစိုးသိန်းသည် နိုင်ငံ၏ စီးပွားရေး အာဏာရှင်ဖြစ်ပြီး အကျင့်ပျက် ခြစားသည်ဟု ကျယ်ပြန့်စွာ ယုံကြည်ကြသည်။ သူသည် ထိုရာထူးဖြင့်ပင် မြန်မာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (MICA) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ထိုအေဂျင်စီသည် အစိုးရတပိုင်း အဖွဲ့အစည်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံမှ အပြည့်အဝ အသုံးမချနိုင်သည့် ပိုင်ဆိုင်မှုများဖြစ်သည့် လယ်ယာမြေများ၊ ရေလုပ်ငန်းများနှင့် စက်ရုံများကို တိုးတက်အောင်လုပ်ရန် ပြည်တွင်းနှင့် ပြည်ပကို ညှိနှိုင်းပေးသည့် အဖွဲ့ဖြစ်သည်။ MICA သည် စက်ရုံနှင့် စီးပွားရေးလုပ်ငန်း ၆၀ နှင့် မြေဧက ရာပေါင်းများစွာကို ထိန်းချုပ်ခဲ့သည်။ ထို့နောက် MICA သည် ပုဂ္ဂလိကကဏ္ဍနှင့် အငြင်းပွားဖွယ် မြေငှားစာချုပ်များ ချုပ်ဆိုကာ အသေးစိတ်များကို ပြည်သူလူထုထံ ချပြခြင်း မရှိပေ။ MICA သည် လုံးဝ အကျင့်ပျက်ခြစားသောကြောင့် အမျိုးသားလွှတ်တော်က ၎င်းကို ဖျက်သိမ်းရန် ၂၀၁၇ ခုနှစ်တွင် မဲခွဲဆုံးဖြတ်ခဲ့ရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Like Father, Ex-General’s Son Blasts Myanmar Democracy Movement, Independent Media ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မီဒီယာကောင်စီ အမည်ခံ စစ်တပ် ဝါဒဖြန့်မှု မြန်မာ မီဒီယာများ ကန့်ကွက်

ပြုပြင်ပြောင်းလဲရေး အရေခြုံ ဦးစိုးသိန်း

မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

အာဏာရှင်စနစ်အောက်က အမျိုးသမီးသတင်းထောက်များ ဘဝ

Loading