သိပ္ပံမောင်ဝ တက္ကသိုလ်တက်တုန်းအခါက ရန်ကုန်တက္ကသိုလ်ကို “ကောလိပ်သိပ္ပံကျောင်း” လို့ အမည်တွင်တယ်။ သူ တက္ကသိုလ်တက်ပြီး စာစရေးတော့ “နေရပ်ချောင်က လူမည် မောင်ဝ” နာမည်နဲ့ရေးတယ်။ နောက်တော့ သိပ္ပံကျောင်းသားတွေကလည်း မြန်မာစာပေ တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်နေပါတယ်ဆိုတာ တင်ပြလိုတာနဲ့ မောင်ဝရှေ့မှာ သိပ္ပံတပ်ပြီး သိပ္ပံမောင်ဝ ကလောင်အမည် ယူခဲ့တယ်။
သိပ္ပံမောင်ဝ ကလောင်နဲ့ ဆောင်းပါး၊ ဝတ္ထုတွေ မနားတမ်းရေးသလို သိပ္ပံကျောင်းသား မောင်မြသွင်၊ တင်မောင်မြင့်၊ မောင်သံချောင်း၊ တင့်တင့်၊ ကောလိပ်ခင်ခင်စတဲ့ ကလောင်တွေနဲ့လည်း စာအမျိုးမျိုး ရေးခဲ့တယ်။
လူထုဒေါ်အမာရဲ့စာတပုဒ်ထဲမှာ သူက သိပ္ပံမောင်ဝလို ခွေးကလေး၊ ကြောင်ကလေးတွေအကြောင်း သိပ်ရေးဖွဲ့တတ်ချင်တယ်လို့ ဆိုထားဖူးတယ်။ မြန်မာအမျိုးသားရေးလှုပ်ရှားမှု အားကောင်းစဉ်ချိန်ခါမှာ ခွေးအကြောင်းပဲ စာဖွဲ့ရေးနေသူလို့ ဝေဖန်ခံရတယ်။
သိပ္ပံမောင်ဝစာတွေကို အလယ်တန်း မြန်မာစာသင်ကတည်းက ရွာ့ကျက်သရေလိုစာမျိုးနဲ့စပြီး မြည်စမ်းခွင့်ရခဲ့တယ်။ နောင်တော့ မောင်လူအေးတို့၊ မောင်လူမွှေးတို့ မိသားစုနဲ့ပါ ရင်းနှီးခဲ့ပြီး နှိုက်နှိုက်ချွတ်ချွတ်လိုစာမျိုး တရင်းတနှီးဖတ်ရတယ်။
ခေတ်စမ်းစာပေ ဦးဆောင်သူတွေထဲ ထိပ်တန်းကပါတဲ့ ဇော်ဂျီနဲ့ မင်းသုဝဏ်တို့ကတော့ “ဦးစိန်တင်သည် စာပေကို ချစ်ခင်သကဲ့သို့ ပတ်ဝန်းကျင်လောကကိုလည်း ချစ်ခင်ခြင်း ရှိပေသည်။ ပညာရှင်ကို ရိုသေလေးစားသကဲ့သို့ ပတ်ဝန်းကျင်လောကကိုလည်း အယုတ်အလတ်အမြတ်မရွေး ရိုသေလေးစားခြင်း ရှိလေသည်။ သူစာရေးသည်ဟုဆိုအပ်သော ၁၉၂၇ ခုနှစ်မှ သူ အနိစ္စရောက်သော ၁၉၄၂ ခုနှစ်အထိ တဆယ့်ငါးနှစ်မျှသော ကာလအတွင်း သူရေးခဲ့သမျှသော စာပေဆောင်းပါး၊ ဝတ္ထုဆောင်းပါးတို့သည် သူ၏ ချစ်ခင်တတ်ခြင်း၊ ရိုသေလေးစားတတ်ခြင်းတို့ကို သက်သေခံလျက် ရှိလေသည်။ အထူးအားဖြင့် ဝတ္ထုဆောင်းပါးများသည် ချစ်ခင်တတ်သော၊ ရိုသေလေးစားတတ်သော ဦးစိန်တင်၏စေတနာကို ထင်ရှားစွာပြခဲ့လေသည်။ ထိုစေတနာကြောင့်ပင်လျှင် သူ၏စိတ်ကူးဉာဏ်နှင့် သူ၏အရေး အာဝဇ္ဇန်းတို့ကလည်း ကြည်လင်ရွှင်ပျခြင်း ရှိလာရသည်ဟု ယူဆအပ်လေသည်” လို့ ရေးခဲ့ပါတယ်။
ဆရာနှစ်ဦးက ဝတ္ထုဆောင်းပါးများလို့ ဆိုထားတာ သတိပြုမိကြပါလိမ့်မယ်။
သိပ္ပံမောင်ဝစာတွေကို အလယ်တန်း မြန်မာစာသင်ကတည်းက ရွာ့ကျက်သရေလို စာမျိုးနဲ့စပြီး မြည်းစမ်းခွင့်ရခဲ့တယ်။ နောင်တော့ မောင်လူအေးတို့၊ မောင်လူမွှေးတို့ မိသားစုနဲ့ပါ ရင်းနှီးခဲ့ပြီး နှိုက်နှိုက်ချွတ်ချွတ်လို စာမျိုး တရင်းတနှီးဖတ်ရတယ်။
နှစ် ၃၀ ကျော်ကြာ ၂၀၂၀ ပြည့်နှစ်ထဲရောက်တော့ မဖတ်ရသေးတဲ့ သူ့စာတွေကို ရှာဖွေလေတွေ့ရှိလေနဲ့ ဖတ်ရတယ်။ “မောင်လူအေး မဟုတ်သော မှတ်တမ်းဝင် ဇာတ်လမ်းစဉ်များ” လို့ စာအုပ်နာမည် ပေးထားတယ်။
အကြံထုတ်ရင်းထုတ်ရင်း နှစ်လ၊ သုံးလ ကြာသွားတယ်။ ဒီအချိန်မှာ သူချိန်နေသူက လယ်ဧက ၄,၀၀၀ လောက်ပိုင်တဲ့ သူဌေးကြီး ဦးသာဘေးရဲ့သမီး မတင်လှ။ ဒါနဲ့ တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်တော့ မောင်သာဝက အမ်အေ၊ အမ်အက်စ်တီ တက်ဖို့ စာရင်းသွင်းထားလိုက်တယ်။
ဝတ္ထုလည်းမမည်၊ ဆောင်းပါးလည်း မဟုတ်ပြန်ပေမယ့် သိပ္ပံမောင်ဝလေအတိုင်း စာလေးတွေက ဖတ်ကောင်းတယ်။ အိုင်စီအက်စ်၊ တို့တောရွာ၊ ဓားမြောင်၊ ပန်းသည် စသဖြင့် နာမည်ပေးထားတဲ့ စာပုဒ်ရေ ကိုးပုဒ်တိတိ ပါတယ်။ ၁၉၂၉၊ ၁၉၃၀၊ ၁၉၃၁ တဝိုက် စာနယ်ဇင်းအသီးသီးမှာ ရေးသားဖော်ပြခဲ့တဲ့ စာမူတွေဖြစ်ပြီး စာတွေက တိုပေမယ့် ဖတ်ကောင်းတယ်။
ရှေ့ဆုံးတပုဒ်ဖြစ်တဲ့ အိုင်စီအက်မှာကို ဖတ်ပြီး ပြုံးချင်စရာတွေ အတော်ပါတယ်။ မောင်သာဝဆိုသူဟာ ဝိဇ္ဇာတန်းအောင်တော့ အိုင်စီအက်စ် ဖြေချင်ပေမယ့် သူက ဉာဏ်နည်းသူဖြစ်လို့ မအောင်နိုင်မှန်း သူသိတယ်။ မောင်သာဝ ဝိဇ္ဇာတန်းအောင်ပြီး တောင်တောင်အီအီ အတွေးရောက်နေပုံကို အခုလို ရေးဖွဲ့ထားတယ်။
“ရှေးဦးစွာ အိုင်စီအက်စ်စာမေးပွဲဝင်ရန် စိတ်ကူး၏။ မိမိနှင့်အတူတူ ဝင်မည့်သူများနှင့်စာလျှင် မိုးနှင့်မြေကြီးလောက် ပညာအခြေခံ ကွာခြားနေသည်ကို သိသဖြင့် ထိုစိတ်ကူးမှာ လွင့်ပါး၍ သွားလေသည်။
ထို့နောက် ဘီစီအက်စ် စာမေးပွဲကိုဝင်ရန် စိတ်ကူးထုတ်ပြန်၏။ ထိုစာမေးပွဲတွင်လည်း သူများနောက်မှာ ကျန်ရစ်မည်ကို သိသဖြင့် လက်လျှော့ပြန်၏။ မြို့အုပ်စာမေးပွဲမှာမူကား မိမိထက်နိမ့်လွန်းသည်။ ရုံးစာရေးများနှင့် ဥပစာတန်းသမားတို့၏ အရာသာဖြစ်၏။”
သူတို့ခေတ်က အလုပ်အကိုင် အခွင့်အလမ်းတွေကိုပါ သိလိုက်ရတယ်။ အိုင်စီအက်စ်အောင်မှ မြို့ပိုင်၊ နယ်ပိုင်ဝန်ထောက်မင်းဖြစ်တာမို့ မောင်သာဝ အကြံရကျပ်နေ။
အကြံထုတ်ရင်းထုတ်ရင်း နှစ်လ၊ သုံးလ ကြာသွားတယ်။ ဒီအချိန်မှာ သူချိန်နေသူက လယ်ဧက ၄,၀၀၀ လောက်ပိုင်တဲ့ သူဌေးကြီး ဦးသာဘေးရဲ့သမီး မတင်လှ။ ဒါနဲ့ တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်တော့ မောင်သာဝက အမ်အေ၊ အမ်အက်စ်တီ တက်ဖို့ စာရင်းသွင်းထားလိုက်တယ်။
အရပ်ထဲမှာတော့ သူ အိုင်စီအက်စ် စာမေးပွဲဖြေပြီး အရေးပိုင် လုပ်မယ်လို့ သူဌေးကြီး ဦးသာဘေး ကြားအောင် အသံလွှင့်ထားလိုက်တယ်။ မောင်သာဝ အိုင်စီအက်စ်ဖြေပြီး အရေးပိုင် လုပ်တော့မယ်ဆိုတဲ့ သတင်းကို ဦးသာဘေးကြားတော့ သူ့ပြိုင်ဘက် သူဌေး ဦးဖိုးထောင်ကို သတိပြုမိသွားတယ်။ ဦးဖိုထောင်မှာ သမက်မြို့ပိုင်တယောက်ရှိတာနဲ့ ကြွားလုံးထုတ်နေတာကို သူက ကြည့်မရဖြစ်နေတာ။
ဒီတော့ မောင်သာဝသာ အရေးပိုင်ဖြစ်ရင် ဦးဖိုးထောင်သမက် မြို့အုပ်လောက်တော့ ငုံ့ကြည့်ရုံပဲ။ ဒါနဲ့ ဦးသာဘေးက မောင်သာဝနဲ့ သူ့သမီး မတင်လှကို ပေးစားလိုက်တယ်။ မောင်သာဝ သဘောတွေကျပြီး အဆင်တွေပြေလို့ပေါ။ အိုင်စီအက်စ် စာမေးပွဲဖြေချိန်ရောက်လာတော့ မောင်သာဝ စည်းရုံးထားတဲ့ မတင်လှက သူ့အဖေဆီကပ်ပြီး မောင်သာဝဟာ အိုင်စီအက်စ်စာမေးပွဲကို ပထမရပြီး ကျိန်းသေအောင်မယ်။ ဒီအခါ ဘိလပ်သွားပြီး ပညာသင်ရမယ်။ ဒါဆို သူနဲ့ မောင်သာဝတို့ ခွဲနေရမယ်။ သူ ဒီလို ခွဲမနေချင်ဘူး။ အဲ့ဒီတော့ မောင်သာဝကို အိုင်စီအက်စ် စာမေးပွဲ သွားမဖြေနဲ့လို့ ပြောပေးပါ။
သမီးကိုချစ်တဲ့ ဦးသာဘေးကလည်း မောင်သာဝကို သွားမဖြေနဲ့တော့လို့ ပြော။ ဟော … လယ်ဧက ၄,၀၀၀ က မြေဆီမြေခတွေနဲ့ မောင်သာဝတို့လင်မယား စိုစိုပြည်ပြည် သာသာယာယာ။ အကြံပိုင်တဲ့ မောင်သာဝပါ။
သိပ္ပံမောင်ဝတို့ခေတ်က တကယ့်အဖြစ်အပျက်တခုကို အခြေခံပြီးရေးဖွဲ့ခဲ့ပုံပါ။ မောင်သာဝတို့က ၁၉၃၀ လောက်ကတည်း လူလည်ကျခဲ့တာနော် … ဟွန်း။
နောက်တပုဒ် ညွှန်းဆိုလိုတာက “ပန်းသည်”။
ဒီစာမူကို တက္ကသိုလ်ကျောင်းတိုက် နှစ်ပတ်လည် မဂ္ဂဇင်းမှာ ရေးခဲ့တာဖြစ်ပြီး အဲ့ဒီခေတ်က တက္ကသိုလ်ကျောင်းသားတွေ ဘဝကို အခြေခံထားတယ်။
တကယ်ပဲ သူတို့ တက္ကသိုလ်တက်တုန်းက အလားတူဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးသလား။ တကယ်ဖြစ်ခဲ့ဖူးတာကို ဇာတ်လမ်းဆင် ရေးဖွဲ့ခဲ့တာလား။ သူတို့ အသက်အရွယ်တန်းတွေ ခုနေရှိ အသက် ၁၂၀ ကျော်ပြီ။
ရွှေတိဂုံဘုရား အနောက်ဘက်စောင်းတန်းမှာ မသိန်း ဆိုတဲ့ ပန်းသည်တယောက်ရှိတယ်။ ပန်းသည်မသိန်းပုံကို သိပ္ပံမောင်ဝ ရေးဖွဲခဲ့ပုံက …။
“မသိန်းသည် ပန်းသည်တို့အနက် အတော်ပင် ယဉ်စစ ရှိ၏။ အပြောလည်း ကောင်း၊ သဘောလည်း ကောင်း၊ အပြုအပြင်ကလည်း ကောင်း၊ သူ့မှာ အကောင်းချည်း စုနေလေတော့သည်။ သို့ဖြစ်သောကြောင့် တက္ကသိုလ်ကျောင်းသားတွေ သူ့ဆိုင်မှာချည်း ပန်းဝယ်ကြလေသည်။”
အဲ့ဒီခေတ်က တက္ကသိုလ်ကျောင်းသားတွေဟာ စနေ၊ တနင်္ဂနွေနေ့တွေမှာ အုပ်စုလိုက် ဘုရားတက်ပြီး မသိန်းဆိုင်က ပန်းတွေဝယ်၊ မသိန်းဆိုင်ရှေ့က ခုံမှာထိုင်ပြီး စကားတွေ ဖောင်ဖွဲ့ကြပါသတဲ့။
တချို့ရက်တွေဆို ရှေ့ကအဖွဲ့ ဖောင်ဖွဲ့နေတုန်း နောက်တဖွဲ့ရောက်လာလို့ မထချင် ထချင်နဲ့ နေရာဖယ်ပေးရဆိုပဲ။ ဒီထဲ မောင်သိန်းခိုင်ဆိုတဲ့ ကျောင်းသားကတော့ တကိုယ်တော်။
သူက မသိန်း ဆိုင်သိမ်းချိန်အထိနေပြီး ဆိုင်သိမ်းပြီးရင် အတူပြန်တဲ့ထိ မသိန်းနဲ့ ရင်းနှီးတယ်။ ဒီလိုနဲ့ ကျောင်းသားဟောင်းတွေက ကျောင်းပြီးသွားလို့ နေရပ်အသီသီးဆီ ဘဝခရီးချီတက်ကြ။
နောက် ကျောင်းသားအသစ်တွေ ရောက်လာပြီး မသိန်းဆိုင်မှာ ပန်းဝယ်ကြ၊ စကားတွေဖောင်ဖွဲ့ကြနဲ့။ ဆယ်စုနှစ် နှစ်ခုလောက်ရှိတော့ မသိန်းဆိုင်နားမှာ မသောင်း ပန်းဆိုင် ပေါ်လာ။
ပန်းသည် မသောင်းက အသက်က ၁၆နှစ်၊ ယဉ်စစနဲ့ နုပျိုမှုခြင်းမှာ မသိန်းထက် အပုံကြီးသာသပေါ့။ ဒီတော့ တက္ကသိုလ်ကျောင်းသားတွေက ပန်းသည် မသောင်းဆိုင်မှာ ပြောင်းပြီး ပန်းဝယ်ကြ၊ စကားတွေ ဖောင်ဖွဲ့ကြတာပေါ့။
မသိန်းပန်းဆိုင် အရင်လို မရောင်းရတော့ဘဲ ခြောက်ကပ်လာတာပေါ့။ ဒီလိုနဲ့ တနေ့ သူ့ပန်းဆိုင်နားကို လင်မယားနှစ်ယောက် ကလေးလေး လက်ဆွဲပြီးရောက်လာ။ အမျိုးသားဖြစ်သူက တပ်ထားတဲ့ မျက်မှန်ချွတ်လိုက်ပြီး ကျနော့်မှတ်မိလားမေး။ မောင်သိန်းခိုင် ဖြစ်နေ။ ပန်းသည်မသိန်းနဲ့ ယောကျ်ားဖြစ်သူ ကိုသိန်းခိုင်တို့ စကားတွေ တရင်းတနှီး ဖောင်ဖွဲ့နေကြတာကြည့်ပြီး ဇနီးဖြစ်သူက အံ့တွေသြ။
သိပ္ပံမောင်ဝက ဒီမှာတင် ပန်းသည် စာမူကို ရပ်ခဲ့တယ်။
တကယ်ပဲ သူတို့ တက္ကသိုလ်တက်တုန်းက အလားတူဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးသလား။ တကယ်ဖြစ်ခဲ့ဖူးတာကို ဇာတ်လမ်းဆင် ရေးဖွဲ့ခဲ့တာလား။ သူတို့ အသက်အရွယ်တန်းတွေ ခုနေရှိ အသက် ၁၂၀ ကျော်ပြီ။
စာမူတိုင်းစာမူတိုင်း ဖတ်ကောင်းပြီး ဇာတ်လမ်းဆင်ထားတာတွေကလည်း ကောင်းလှတယ်။ သိပ္ပံမောင်ဝဟာ လွယ်ကူတဲ့ စကားလုံးတွေသုံးပြီး ရှင်းလင်းပြတ်သားစွာ ရေးတတ်တယ်။ ဇော်ဂျီနဲ့မင်းသုဝဏ်က “နှောင်းခေတ် မြန်မာစာပေသမိုင်းတွင် ကာရန်အချိတ်အဆက်ရှိသော စကားပြေမျိုးမှ စကားပြေရိုးရိုးသို့ ကူးပြောင်း၍ အရေးများလာလေသည်။ အစ ကနဦးတွင် စကားပြေရိုးရိုးကို ကာရန်အချိတ်အဆက်ရှိသော စကားပြေမျိုးလောက် အရေးမပေးချင်ကြချေ။ နောင်အခါမှ အရေးပေးလာကြလေသည်။ ထိုသို့ အရေးပေးအောင်စွမ်းဆောင်ကြသော စကားပြေ အရေးဆရာများအနက် ဦးစိန်တင်သည် ထူးချွန်သူတဦး ဖြစ်လေသည်။ ဦးစိန်တင်သည် အလွမ်းသမား မဟုတ်သဖြင့် လွမ်းစရာ၊ ဆွေးစရာတို့ကို ရေးလေ့မရှိချေ။ သို့ရာတွင် သူ့စေတနာအလျောက် ကြားမြင်ကြုံတွေ့ရသော ဘဝအကြောင်း၊ လောကအကြောင်းတို့ကိုကား အာဝဇ္ဇန်းရွှင်ရွှင် ရှင်းရှင်းလင်းလင်း သရုပ်ဖော်နိုင်သူဖြစ်လေသည်” လို့ မှတ်ချက်ပေးဖူးတယ်။
တခါ မဟာဆွေကလည်း “အရေးပိုင်ဦးစိန်တင် အိုင်စီအက်စ်ဆိုလျှင် စာပေပရိသတ်ထဲမှ လူတိုင်းသိကြမည် မဟုတ်သော်လည်း သိပ္ပံမောင်ဝဆိုလျှင် လူတိုင်းသိကြမည်ဖြစ်၏။ မောင်ဝ ကား ခေတ်စမ်းစာပေသမား ဖြစ်၏။ သူ၏ ရေးပုံရေးနည်းကို ကျောင်းသားအများ အတုယူလိုက်ရေးကြ၏။ သူသည် အကြောင်းအရာတရပ်ကို ရေးသားရာ၌ ဖတ်သူတို့ စိတ်ရွှင်ပြုံးနှစ်သက်အောင် ဆွဲငင်နိုင်သောသတ္တိရှိ၏။ သိပ္ပံမောင်ဝကား အထက်တန်းစားအရာရှိကြီးဖြစ်၍ မော်တော်ကားနှင့် သားသားနားနားနေပုံကို အထူးရေးဖွယ်မလို။ ကျောင်းဆရာဘဝတွင် သူ့တပည့်များက ဆရာမျက်ပြူး ခေါ်သည့်အတိုင်း မျက်လုံးမျက်ဖန်ကောင်း၏။ ရုပ်ရည်သန့်၏။ အမှတ်တမဲ့ကြည့်သော် ဟန်ကြီးပန်ကြီးနိုင်သည်ဟု ထင်တတ်ကြသော်လည်း ကပ်ပေါင်းသောအခါ သဘောကောင်း၏။ ဖော်ရွေ၏။ သိပ္ပံမောင်ဝမှာ ဦးစိန်တင် (အိုင်စီအက်စ်) ထက် သူ၏ မောင်ဝ ဟူသောနာမည်ကို လေးစားပုံရ၏။” လို့ ရေးခဲ့ပါတယ်။
“တို့ညီနောင်” ဆိုတဲ့ ဆရာဇော်ဂျီ့ ကဗျာလေးနဲ့ သိပ္ပံမောင်ဝကို ဂါရဝပြုချင်ပါတယ်။
အရှေ့ကို မျှော်မှန်းတော့
မောရှမ်းတောင်ထွေထွေ
လှိုင်းထလို့နေ။
တောင်ခိုးရယ်ဝေ၊ တောင်ခြေတန်းက မြူတန်း။
ဖွားစော မာယာဆင်လို့
ပုဂံရှင်တောင်ခါးပန်းမှာ
စည်းရသင်္ကန်း။
အနောက်ကိုတဲ့ မျှော်ပြန်လျှင်
ပုပ္ပါးဆို တောင်မြင့်ချွန်း
လွမ်းစေတီသွင်။
ကိုယ်ထီးငယ်ထင်၊ လွင်ပြင်၌မတ်မား။
ယက္ခမောင်မယ်ကြင်နှင့်
စကားလှော်ရွှေစင်နှင့်
ခြေလျင်ကို တောင်ထွတ်ဖျားမှာလ
ပန်းလက်ဆောင်ပါး။
မောရှမ်းက အပြာရောင်
ပုပ္ပါးဆို တောင်မြင့်ကျိုင်း
မှိုင်းညိုလို့မှောင်။
တို့ညီနောင် လယ်ခေါင်ကနေနား။
နောင်လည်း မျှော်တော်ယောင်နဲ့
ညီလည်း မျှော်တော်ယောင်နဲ့
သည်နှစ်တောင် တောင်စပ်ကြားမှာ
လွမ်းဖွယ်ကများ။”
နောင်က သိပ္ပံမောင်ဝ။ ညီက ဇော်ဂျီ။
စစ်မဖြစ်မီ သိပ္ပံမောင်ဝ ကျောက်ဆည်မှာ အရေးပိုင်လုပ်နေတုန်း ဇော်ဂျီ အလည်ရောက်သွားခိုက် နှစ်ယောက်သား ရွှေသာလျောင်းတောင် တက်ကြပုံကို ကဗျာစပ်ထားတာ။
၁၉၉၂ ခုနှစ်၊ သိပ္ပံမောင်ဝ ကွယ်လွန်ခြင်းနှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူသေဆုံးခဲ့တဲ့ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဂါးတာရွာမှာလုပ်တော့ မင်းသုဝဏ်က ကဗျာတပုဒ်သဝဏ်လွှာ ပို့ခဲ့တယ်။
၁၉၉၂ ခုနှစ်၊ သိပ္ပံမောင်ဝ ကွယ်လွန်ခြင်းနှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူသေဆုံးခဲ့တဲ့ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဂါးတာရွာမှာလုပ်တော့ မင်းသုဝဏ်က ကဗျာတပုဒ်သဝဏ်လွှာ ပို့ခဲ့တယ်။
“မင်းသုဝဏ်ရဲ့ သိပ္ပံမောင်ဝသမိုင်း”
ကောလိပ်သိပ္ပံ၊ အရင်းခံ၍
သိပ္ပံမောင်ဝ၊ ထိုမှတဆင့်
တင်မောင်မြင့်ပင်၊ မောင်မြသွင်ဟု
ဆင်ကွဲဟန်ကွဲ ဦးစိန်တင်။
ဂန္ထလောက၊ သူရိယနှင့်
မြန်မာ့နေ့စဉ်၊ တွဲယှဉ်ဒဂုန်
အစုံမြောက်မြား၊ ကြီးပွားရေး၌
တွေးဖွယ်တောဖွယ်၊ ဆင်ခြင်ဖွယ်တို့
ဖွယ်ဖွယ်ဖုံဖုံ၊ ဆောင်းပါးစုံနှင့်
ပြည်သူ့ဖြစ်ပုံ၊ ဝတ္ထုစုံကို
ကြုံရာရေးထု၊ ကျေးဇူးပြုသည်
စုစုနှစ်ပေါင်း ဆယ့်ငါးမျှ။
ထိုအခိုက်တွင်
မှောင်မိုက်စစ်ကြီး၊ သူဖိစီး၍
သမီးနှင့်သား၊ ဇနီးအားလျှင်
ဘေးများကင်းရာ၊ ခေါ်ဆောင်ရာ၌
ကြမ္မာဆိုးသွမ်း၊ ငပုတ်ဖမ်းကာ
စိတ်ဝမ်းကွဲဖွယ်၊ တောအလယ်တွင်
ကွယ်ခဲ့ပါရ ကြယ်တပွင့်။
လူထုကြီးမှာ လွန်ရင်နင့်။
သိပ္ပံမောင်ဝဟာ ၁၉ ၂၉ ခုနှစ်ကနေ ၁၉ ၄၂ ခုနှစ်အထိ မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်ရာထူးတွေနဲ့ ကျောက်ဆည်၊ စစ်ကိုင်း၊ မိတ္ထီလာ၊ မင်းဘူး၊ ဟင်္သာတ၊ ဇလွန်၊ မြောင်းမြ၊ ညောင်တုန်း၊ ရန်ကုန်၊ အင်းစိန်၊ စလင်း၊ ရွှေဘိုမြို့တွေမှာ လှည့်ပတ်အမှုထမ်းရင်း စာမျိုးစုံကို မနားတမ်းရေးသွားခဲ့တယ်။
သူ့ရဲ့ တပေလောက်ရှိတဲ့ ကုလားလေးနေလို့ တပေကုလားလို့ခေါ်တယ် အစချီ တပေကုလားစကားပြေမှာ သူက ရွာကိုဖွဲ့ရင်း ပစ္စန္တရစ်ရွာလို့ ရေးခဲ့တယ်။
သူ့လိုပဲ အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်ရင်း တပေကုလားရွာကို ရောက်သွားသူက စာရေးဆရာ မန်းတင်။ ရွာဦးကျောင်းဆရာတော်နဲ့ ရွာသားတွေက သိပ္ပံမောင်ဝက သူတို့ရွာကို ပစ္စန္တရစ်ရွာလို့ ရေးတာဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ မန်းတင်ကို ပြောကြပါသတဲ့။
သိပ္ပံမောင်ဝရဲ့ မောင်လူအေး မဟုတ်သော မှတ်တမ်းဝင်ဇာတ်လမ်းစဉ်များ စာအုပ်ကို စာပေခရီးသွားများ စာအုပ်တိုက်က ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလမှာ ထုတ်ဝေခဲ့တာပါ။
You may also like these stories:
သီပေါမင်းကို ရည်းစားစာရေးပေးရသူ
ဒေါက်တာ အောင်ကြီးရဲ့ လူတွေ လူတွေ
မြို့မကိုပေါပြောတဲ့ မြို့မငြိမ်းနှင့် မြို့မ