ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ၅ နှစ်တက်ခဲ့ပြီးမှ တော်လှန်ရေးခရီးကြမ်းကို နှစ် ၅၀ ဖြတ်သန်းခဲ့သူ။ မြန်မာစာမှာ ရတု ရကန် အဲအန် ဧချင်းကအစ ကြေညက်အောင်သင်ယူပြီးခါမှ ပအိုဝ်းတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်ခဲ့သူ။
အကြောင်းတခုကြောင့် ပညာရေးဘွဲ့ B.Ed. မရခဲ့ပေမယ့် အထက်တန်းရှေ့နေ HGP ၆ နှစ်တက်ပြီး ရှေ့နေဖြစ်ပြီးခါမှ ယနေ့တိုင် တော်လှန်ရေးခရီးကို မမောမပန်းဖြတ်သန်းနေသူ။
ထောင်ထောင်မောင်းမောင်း မျက်မှန်တဝင်းဝင်းနဲ့ အစိုးရနှစ်ဆက်ရဲ့ ငြိမ်းချမ်းရေးခရီးကို ဖြတ်သန်းခဲ့သူ။ ဒီဘက်ခေတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မီဒီယာများနဲ့ရင်းနှီးပြီး မှတ်ချက်ကောင်းများ ပြောနိုင်သူ။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကိုယ်တိုင်ရေး “အနှစ် (၅၀) တော်လှန်ရေးခရီး” စာအုပ် (ပထမပိုင်း) ထွက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပါပဲ။ ခွန်ဥက္ကာစာအုပ် ဖတ်နေတုန်း စက်တင်ဘာ ၁၅ ရက် ရက်စွဲနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်။
“ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ၏ ဒုတပ်စုမှူးအပါအဝင် ၅ ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/ PNA က စက်တင်ဘာလ ၁၄ ရက်နေ့တွင် အကြောင်းမဲ့ ဖမ်းဆီးကာ သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း” ကြေညာချက်မှာ ဖော်ပြထားတယ်။
“ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ၏ ဒုတပ်စုမှူးအပါအဝင် ၅ ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/ PNA က စက်တင်ဘာလ ၁၄ ရက်နေ့တွင် အကြောင်းမဲ့ ဖမ်းဆီးကာ သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း” ကြေညာချက်မှာ ဖော်ပြထားတယ်။
PNLA တပ်ဖွဲ့ဝင် ဒုတပ်စုမှူး ခွန်ထွန်းဦး၊ ဒုတပ်စိပ်မှူး ခွန်ရှိန်၊ တပ်သား ခွန်သန်းဖေ၊ တပ်သား ခွန်ကြပ်စင်၊ တပ်သား ခွန်ရဲနောင်တို့ ၅ ဦးကို စက်တင်ဘာလ ၁၄ ရက် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် PNA ပြည်သူ့စစ်အဖွဲ့က ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာတွင် အကြောင်းမဲ့ ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်လို့လည်း ဖော်ပြပါရှိတယ်။
အံ့အားသင့်စရာပါပဲ။ ခွန်ဥက္ကာတို့ တောခိုပြီး တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၅၀ ကတည်းက ပအိုဝ်းတပ်ဖွဲ့ဝင်အချင်းချင်း ဒီလိုပဲ အပြတ်ရှင်းခဲ့ကြတာ အခုအချိန်အထိ အတောမသတ်သေးပါလား။
ဟုတ်ပါတယ်။ ခွန်ဥက္ကာရေးတဲ့ “အနှစ် (၅၀) တော်လှန်ရေးခရီး” စာအုပ်ဖတ်ပြီး ပထမဆုံး အတွေးထဲရောက်ခဲ့တာက တော်လှန်ရေးခရီးကြမ်းမှာ သဘောထားခံယူချက် မတူတိုင်း အချင်းချင်း လုပ်ကြံသတ်ဖြတ်ကြတာ ဘာကြောင့်လဲ။
စာအုပ်ပါ အပြတ်ရှင်းခဲ့တာတချို့ ဖတ်ကြည့်ပါ။
“စိုက်ခေါင်/မငဲ့ ကျေးရွာနေ အမျိုးသားခေါင်းဆောင်ကြီး ဦးလှဖေ၏ တပည့်တဦးဖြစ်သူ ဗိုလ်ကြီး ရွှေဝင်း (နောင်တွင် ဦးတာကလယ် ဦးဆောင် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ [ရလလဖ] မှ လုပ်ကြံသတ်ဖြတ်ခြင်းခံရ)။”
“ဇရပ်ကြီးဒေသသားဖြစ်သူ ဆရာ အောင်သန်းသည် ယင်း၏ အလံတရာအဖွဲ့သားများ အင်အား ၅၀ ခန့်ဖြင့် အမျိုးသားတော်လှန်ရေးသို့ ပူးပေါင်းလာသူဖြစ်သည်။ ၁၉၇၃ ခုနှစ်၊ ရလလဖ နှစ်ခြမ်းကွဲပြီးသည့် နောက်ပိုင်းတွင် ဥက္ကဋ္ဌ တာကလယ် ဦးဆောင်သောအဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။”
“ဗိုလ်မှူး ထွန်းရီသည် သထုံမြို့၊ ဆင်ဖြူကျွန်းရွာသားဖြစ်၍ ပအိုဝ်းတော်လှန်ရေးသို့ ကျောင်းဆရာဘဝဖြင့် ကူးပြောင်းဝင်ရောက်လာသူ ဖြစ်သည်။ မိမိတောခိုလာပြီး ၁၉၇၂-၇၃ ခုနှစ်များတွင် သူနှင့် မကြာခဏ တွေ့ဆုံခဲ့ရသည်။ ထိုစဉ်က သူ၏တာဝန်မှာ တပ်ထောက်ဗိုလ်ကြီးတဦးဖြစ်၍ နောင်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပြီး အပစ်ခတ်ရပ်စဲရေးကာလ ၁၉၉၃ ခုနှစ်တွင် အချင်းချင်း လုပ်ကြံသတ်ဖြတ်ခြင်းခံရ၍ ကျဆုံးခဲ့ရသူဖြစ်သည်။”
“PNO ဗဟိုအစည်းအဝေးတရပ်တွင် သဘောထားကွဲလွဲကြပြီးနောက် ရန်သူတပ်များသည် နားလည်မှုယူ ဆက်သွယ်၍ ပအိုဝ်းနယ်မြေတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဥက္ကဋ္ဌကြီး အောင်ခမ်းထီ၏ လုံခြုံရေးကို ထိပါးစေသည်ဟု ယူဆ၍ ဗိုလ်မှူးကြီး အောင်ခမ်းအား ရှင်းပစ်ရန် ဥက္ကဋ္ဌကြီး အောင်ခမ်းထီက အမိန့်ချခဲ့သည်။ ယင်းအမိန့်ကို အကောင်အထည် ဖော်ကြသူများမှာ ဗိုလ်မှူးကြီး ထွန်းရီနှင့် ဗိုလ်မှူးပီတာတို့ပင် ဖြစ်သည်။”
“ဗိုလ်မှူးကြီး အောင်ခမ်းသည် ထီပုံရွာ၌ အခြေပြုနေထိုင်သူဖြစ်ပြီး ရပ်သူရွာသားများ၏ ကြည်ညိုလေးစားမှုကို ရရှိသူလည်းဖြစ်သည်။ သူ့အား ကျောက်တလုံးသို့ ဥပါယ်တံမျဉ်ဖြင့်ခေါ်ယူပြီး ကျောက်တလုံးနှင့် နောင်ဟိုင်းကြီးအကြားရှိ သုသာန်ဇရပ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။”
“ဗိုလ်မှူးကြီး အောင်ခမ်းသည် ထီပုံရွာ၌ အခြေပြုနေထိုင်သူဖြစ်ပြီး ရပ်သူရွာသားများ၏ ကြည်ညိုလေးစားမှုကို ရရှိသူလည်းဖြစ်သည်။ သူ့အား ကျောက်တလုံးသို့ ဥပါယ်တံမျဉ်ဖြင့်ခေါ်ယူပြီး ကျောက်တလုံးနှင့် နောင်ဟိုင်းကြီးအကြားရှိ သုသာန်ဇရပ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။”
တခြားသော တော်လှန်ရေးတပ်ဖွဲ့တို့နဲ့ မဟာမိတ်ခရီးနှင်ခဲ့သူ ခွန်ဥက္ကာရဲ့စာအုပ်ထဲမှာ ကချင်၊ ရှမ်းစတဲ့ တပ်ဖွဲ့တို့မှာလည်း အလားတူ အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ရှိခဲ့တာကို တို့ထိရေးထားတယ်။
ခွန်ဥက္ကာရဲ့ အနှစ် ၅၀ တော်လှန်ရေးခရီးစာအုပ် အဆိုအရတော့ ပအိုဝ်းတော်လှန်ရေးဟာ လုပ်ကြံသတ်ဖြတ်မှုတွေ အကွဲအပြဲတွေနဲ့ စခဲ့တာပါ။
“၁၉၇၃ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်ခန့်တွင် တိတိကျကျ နှစ်ခြမ်းကွဲရသော အခြေအနေကို ဆက်လက်မဖော်ပြမီ ကွဲရသည့် နောက်ခံသမိုင်းကြောင်း (သို့) ယင်းအချိန်က ရှိနေခဲ့သည့် နိုင်ငံရေး မိုးလေဝသအခြေအနေကို ရှင်းလင်းဖော်ပြရန် လိုပေလ်မ့်မည်။
အထက်တွင်ဆိုခဲ့သည့်အတိုင်း ၁၉၆၈ ခုနှစ် ဗိုလ်ချုပ် စံသိန်း ကျဆုံးပြီးနောက်ပိုင်းတွင် ပအိုဝ်းတော်လှန်ရေး အဖွဲ့အစည်းသည် အမျိုးသားရေးလမ်းကြောင်းမှနေ၍ အတန်းအစားရေး လမ်းကြောင်းဘောင်သို့ ရောက်ရှိလာခဲ့သည်။”
“ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ‘အမည်ကိုစွန့်လွှတ်၍’ ရှမ်းပြည်ရှိ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ အတိုကောက် ‘ရလလဖ’ ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် KNUP တို့၏ သြဇာလွှမ်းမိုးမှု ပိုများလာခဲ့သည့် KNUP (ကရင်အမျိုးသား စည်းလုံးရေးပါတီ) ခေါင်းဆောင်တဦးဖြစ်သည့် ‘ပဒိုစံလင်း’ (နောင်တွင် ရှမ်းပြည်ယောက်မ ဟူ၍ နာမည်ပြောင်တရပ်ရခဲ့သူ) သည် ကရင်အမျိုးသားတဦးဖြစ်၍ ဥက္ကဋ္ဌ တာကလယ်အား တစုံတရာ ပြောနိုင်ဆိုနိုင်သူဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင် ခေါ် အသားမည်းမျိုးမြင့်မှာလည်း ရလလဖ အဖွဲ့အစည်း၊ ခေါင်းဆောင်များနှင့် နယ်မြေကို ဗကပ အကျိုးစီးပွားအတွက် လက်လွတ်ဆုံးရှုံးခံမည့်သူ မဟုတ်ပေ။ ပအိုဝ်းအမျိုးသား တော်လှန်ရေးနယ်မြေကိုပင် ၄၀၄၊ ၅၀၅ နှင့် ၆၀၆ ဟူ၍ စစ်ဒေသများ ဗကပ ပုံစံအဖြစ် ခွဲခြမ်းခဲ့သည့် တပ်ခွဲမှူး စိုးအောင်လွင် ဦးစီး ရောင်နီ-၁ တပ်ခွဲနှင့် ပူးတွဲနေသော ကြယ်နီလူငယ်တပ်ဖွဲ့တွင်လည်း ဗကပ ခေါင်းဆောင်များက အောက်ပါအတိုင်း ဟောပြောနေကြပေသည်။”
“ဦးလှဖေနဲ့ ဦးကျော်စိန်ဆိုတာ ဗိုလ်နေဝင်း လွှတ်လာတဲ့ လူတွေဖြစ်တယ်။ ဒီလောက် အစောင့်အကျပ်ထူတဲ့ ရန်ကုန်မြို့ကနေ ရှမ်းပြည်အထိ လွတ်မြောက်အောင် ရောက်လာနိုင်တာ သွေးရိုးသားရိုး မဟုတ်ဘူး။ တဖက်ကကြည့်ရင်လည်း ဦးလှဖေရဲ့ မိဘမျိုးရိုးတွေဟာ အောက်ပြည်အောက်ရွာမှာ လက်ညှိုးထိုးမလွဲ မြေပိုင်ရှင်ကြီးတွေ ဖြစ်တယ်။ ပအိုဝ်းအမျိုးသား တော်လှန်ရေး ပြည်သူတွေကို ကိုယ်စားပြုပြီး လမ်းမှန်ပေါ် ရောက်လာတဲ့ကိစ္စကို နှောင့်ယှက်ဟန့်တားဖို့ လာတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဦးလှဖေနဲ့ ဦးကျော်စိန်တို့ နှစ်ဦးကို အရေးယူလိုက်မယ်။”
ဒါနဲ့ပဲ ဖာဖြားဗွာဦးလှဖေ ခေါင်းဆောင်တဲ့အဖွဲ့ (ပအိုဝ်းလူထုက ပအိုဝ်းဖြူအဖွဲ့လို့ခေါ်) နဲ့ ဥက္ကဋ္ဌ တာကလယ်အဖွဲ့ (ပအိုဝ်းလူထုက ပအိုဝ်းအနီအဖွဲ့လို့ခေါ်) ဆိုပြီး ပအိုဝ်းနှစ်ဖွဲ့ကွဲတယ်။ အကွဲအပြဲတွေအတွင်း လုပ်ကြံသတ်ဖြတ်တာတွေလည်း ရှိခဲ့တယ်။
ဒါနဲ့ပဲ ဦးလှဖေ ခေါင်းဆောင်တဲ့အဖွဲ့ (ပအိုဝ်းလူထုက ပအိုဝ်းဖြူအဖွဲ့လို့ခေါ်) နဲ့ ဥက္ကဋ္ဌ တာကလယ်အဖွဲ့ (ပအိုဝ်းလူထုက ပအိုဝ်းအနီအဖွဲ့လို့ခေါ်) ဆိုပြီး ပအိုဝ်းနှစ်ဖွဲ့ကွဲတယ်။ အကွဲအပြဲတွေအတွင်း လုပ်ကြံသတ်ဖြတ်တာတွေလည်း ရှိခဲ့တယ်။
အဝါရောင်မုန်တိုင်း စစ်ဆင်ရေး၊ အောင်သံလွင် စစ်ဆင်ရေးတို့နဲ့ ပအိုဝ်းတပ်ဖွဲ့အချင်းချင်း တိုက်ကြပြီး ခွန်ဥက္ကာပါတဲ့ ပအိုဝ်းအဖြူအဖွဲ့က အသာစီးရခဲ့တယ်။
သူက “စာရေးသူ၏သုံးသပ်ချက်မှာ ၁၉၇၃ ခုနှစ်၊ စက်တင်ဘာ ၂၃-၂၅ ရက်များမှစ၍ နှစ်ခြမ်းကွဲခဲ့ရသော ရလလဖ တွင် ပထမသုံးလပိုင်း၌ စာရေးသူတို့ဘက်က ခံစစ်၊ ပအိုဝ်းနီဘက်၌ ထိုးစစ်၊ ခြောက်လပိုင်းသို့ ရောက်ရှိသည့်အခါ အင်အားချိန်ခွင်လျှာ မျှလာပြီးနောက် ကိုးလကြာသည့်အခါ စာရေးသူတို့က ထိုးစစ်၊ ပအိုဝ်နီဘက်က ခံစစ်ဖြစ်ပြီး နယ်မြေတော်တော်များများကို စာရေးသူတို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး တနှစ်ပြည့်သည့်အချိန်တွင် မူလ ရလလဖ နယ်မြေအားလုံးသည် စာရေးသူတို့အဖွဲ့ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်” လို့ ရေးထားပါတယ်။
ခေါင်းဆောင် ဦးလှဖေရဲ့တာဝန်ပေးချက်အရ ထိုင်း-မြန်မာနယ်စပ်ရှိ အခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များထံ သွားခဲ့ရတဲ့ ခွန်ဥက္ကာရဲ့အတွေ့အကြုံတွေ ရေးပြထားတာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။
ဒီတုန်းက KNU ဥက္ကဋ္ဌက မန်းဘဇန်ဖြစ်ပြီး သူနဲ့တွေ့တော့ ခုလိုဆိုတယ်။
“ခွန်ဥက္ကာ မင်းတို့ပအိုဝ်းတွေ ကံကောင်းတယ်ကွ။ ခေါင်းဆောင်ကောင်းရတယ်။ ဦးလှဖေကြီးဟာ ငါ့ရဲ့ဆရာအရင်းကွ၊ သူ သစ်တောရေးဝန်ကြီးဖြစ်တုန်းက ငါက တောအုပ်ကွ။ သူက ငါ့ကို ဟေ့ ဘဇန် မင်း အစိုးရဝန်ထမ်းအလုပ်ကြီးပဲ လုပ်တော့မလို့လား။ ကိုယ့်အမျိုးသားရေးအတွက် မလုပ်ဖူးလား” ဟု လမ်းညွှန်သည့်အပေါ် “ငါလည်း အမျိုးသားရေးလမ်းကြောင်းပေါ် ရောက်ခဲ့တယ်၊ ငါ့မှာ သူ့ ကျေးဇူးရှိတယ်။”
အစိုးရဝန်ထမ်းလုပ်ပြီးခါမှ တော်လှန်ရေးခေါင်းဆောင် ဖြစ်လာသူတွေ။ ဗိုလ်ချုပ် ဂွန်မော်လည်း တခါက ပြောဖူးတယ်။ သူ ကုန်သွယ်ရေးမှာ ဝန်ထမ်းလုပ်ဖူးတဲ့အကြောင်း။
ဗိုလ်ချုပ် ဂွန်မော်ဆိုလို့ လက်ရှိ ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုမှာ ပြောခဲ့တဲ့စကားတခွန်းကို မန်းဘဇန် ပြောဖူးတာ စာအုပ်ဖတ်ရင်း ပြန်ပြောင်းသတိရမိတယ်။
သူက ရှမ်းတွေဟာ ကချင်တွေရဲ့ အစ်ကိုကြီးတွေဖြစ်တယ်၊ ရှမ်းတွေ ထွန်ယက်စိုက်ပျိုး လုပ်ကိုင် အသက်မွေးတာကို ကချင်တွေက အတုယူ အသက်မွေးခဲ့ကြရတယ်။ ဒါကြောင့် ကျေးဇူးရှိတယ်လို့ လှိုက်လှိုက်လှဲလှဲ ပြောတယ်။
ဒီတုန်းက သတင်းအတူယူနေတဲ့ ကချင်သတင်းထောက်က မျက်နှာရှုံ့ပြခဲ့တာလည်း အမှတ်တရပဲ။
ပအိုဝ်းအဖွဲ့ခေါင်းဆောင် ဦးလှဖေ ၁၉၇၅ ခုနှစ်မှာ ကွယ်လွန်။ ၁၉၇၆ ခုနှစ်မှာ ဦးလှဖေ ဦးဆောင်တဲ့ ရလလဖနဲ့ ဦးနုအဖွဲ့က ခွဲထွက်လာတဲ့ ဗိုလ်မှူးကြီး ခွန်ရဲနောင်ရဲ့ PNLO တို့ပေါင်းပြီး ပအိုဝ်းညီလာခံလုပ်။ ဥက္ကဋ္ဌ ဦးကျော်စိန်၊ ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ရဲနောင်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး အောင်ခမ်းထီတို့ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် Pa-O National Organization (PNO) ဖွဲ့။ ပအိုဝ်းလက်နက်ကိုင်တပ် အားလုံးကိုလည်း ပအိုဝ်းအမျိုးသားတပ်မတော် Pa-O National Army (PNA) ဖွဲ့။ ၁၉၇၆ ခုနှစ်။
၁၉၇၇ ခုနှစ်မှာ ခွန်ရဲနောင် လက်နက်ချသွား။ ဒီလို လက်နက်ချသွားတဲ့ ဂယက်ကြောင့် ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းက သထုံပအိုဝ်းတွေအပေါ် ယုံကြည်မှုပျက်ပြားခဲ့။
၁၉၇၈ ခုနှစ်မှာ အဖွဲ့ရဲ့တာဝန်ပေးချက်အရ ခွန်ဥက္ကာဟာ ချင်းမိုင်မှာ ဆက်ဆံရေးရုံးဖွင့်ပြီး မဟာမိတ်အရေး၊ တပ်ပေါင်းစုအရေး၊ နိုင်ငံခြားရေးလုပ်ငန်းတွေ လုပ်ရ။
ခွန်ဥက္ကာတယောက် တပ်ပေါင်းစုအရေးလုပ်ရင်း တခြား တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တို့နဲ့ ပြောဆိုဆက်ဆံခဲ့ရ။ ဒီမှာတင် တပ်ဖွဲ့အချို့အပေါ် သူမြင်တဲ့ သုံးသပ်ချက်အချို့က စိတ်ဝင်စားဖို့ကောင်း။
“စာရေးသူ၏ သုံးသပ်ချက်မှာ KIO တွင် ခေါင်းဆောင်တဦးချင်း ချမ်းသာကြွယ်ဝမှု မရှိသော်လည်း အဖွဲ့အစည်းတရပ်လုံးအနေနှင့် အရန်ငွေ/အရန်ရွှေ စသဖြင့် လုံခြုံစွာ စုဆောင်းထားနိုင်သည်ကို တွေ့ရသည်။ KNU တွင်မူ ပုဂ္ဂိုလ်တဦးချင်း ချမ်းသာကြွယ်ဝကြသော်လည်း အဖွဲ့အစည်းတရပ်လုံးအနေနှင့် အရန်ငွေ/အရန်ရွှေ ထားရှိမှု အားနည်းခဲ့ကြောင်းကို ၁၉၉၄ ခုနှစ်ကုန် မာနယ်ပလောပြိုကွဲပြီး နောက်ပိုင်းတွင် အထင်အရှား တွေ့မြင်ခဲ့ရသည်။”
ခွန်ဥက္ကာရဲ့စာအုပ်မှာ ၁၉၉၁ ခုနှစ်က PNO စစ်တပ်ရဲ့ ထောက်လှမ်းရေး ကကလှမ်းနဲ့ပေါင်းသွားတာ၊ အဲ့ဒီနှစ်မှာပဲ ကျန်ရစ်တဲ့ ပအိုဝ်းလက်နက်ကိုင် ၆၀ ခန့်ကို စုစည်းပြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ ပအိုဝ်းပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (PPLO) ဖွဲ့စည်းတာ။
တခါ ၂၀၀၉ ခုနှစ်မှာ ပအိုဝ်းညီလာခံတရပ်ကို မယ်ဟောင်ဆောင်မှာ ခေါ်ယူပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် Pa-O National Liberation Organization (PNLO) ဖွဲ့စည်းတည်ထောင်တာ။
PNLO အနေနဲ့ ၂၀၁၂ ခုနှစ်ကစခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တာတွေနဲ့ အဆုံးသတ်ထားပြီး PNLO သမိုင်းနဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (၂၀၁၂-၂၀၂၂) ၁၀ နှစ်တာခရီးကို ဒုတိယပိုင်းအဖြစ် ဆက်လက်ထွက်ရှိမယ်လို့ သတင်းစကားပါးတယ်။
စာရေးသူရဲ့ ကိုယ်ရေးအကျဉ်းတနေရာမှာ “၁၉၉၁ ခုနှစ်၊ ဧပြီလ ဥက္ကဋ္ဌ အောင်ခမ်းထီ ဦးဆောင်သော PNO/PNA ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးအဖွဲ့သို့ အလင်းဝင်ရောက်ခဲ့ပြီး မိမိမှနယ်စပ်တွင် ကျန်ရစ်ခဲ့” လို့ ရေးထားတယ်။
ကျန်ခဲ့တာလား၊ ထားရစ်ခဲ့တာလား။
စာအုပ်မှာ တော်လှန်ရေး မဟာမိတ်တွေဖြစ်တဲ့ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်မိဆူးပွင့် (အခုစာအုပ်ကို လက်ဆောင်ပေးသူ) နဲ့ မီဒီယာသမား ကိုသန်းလွင်ထွန်းတို့က အမှာစာအသီးသီး ရေးထားကြတယ်။
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက “မြန်မာပြည်ဖွား တိုင်းရင်းသား ပအိုဝ်းအမျိုးသားတို့၏ ရှေ့ဆောင်ပုဂ္ဂိုလ်” လို့ ညွှန်းဆိုတယ်။
ရဲဘော်မိဆူးပွင့်က “သူဟာ လူသားတဦးဖြစ်တဲ့အတွက် အကောင်းနဲ့အဆိုးတွေ ဒွန်တွဲနေနိုင်သလို ချီးမွမ်းဂုဏ်ပြုခံရခြင်းနဲ့ ပြစ်တင်ဝေဖန်ခံရခြင်းတွေကို ယဉ်ပါးနေတဲ့ ခေါင်းဆောင်တဦး” လို့ မှတ်ချက်ပြုတယ်။
ရဲဘော်မိဆူးပွင့်က “သူဟာ လူသားတဦးဖြစ်တဲ့အတွက် အကောင်းနဲ့အဆိုးတွေ ဒွန်တွဲနေနိုင်သလို ချီးမွမ်းဂုဏ်ပြုခံရခြင်းနဲ့ ပြစ်တင်ဝေဖန်ခံရခြင်းတွေကို ယဉ်ပါးနေတဲ့ ခေါင်းဆောင်တဦး” လို့ မှတ်ချက်ပြုတယ်။
ကိုသန်းလွင်ထွန်းကတော့ မီဒီယာရှုထောင့်ကနေ “တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံနဲ့ လက်ရည်တပြင်တည်း ပူးတွဲလုပ်ကိုင်ခဲ့ဖူးတဲ့ သူ့ရဲ့အတွေ့အကြုံကြောင့် သူဟာ မူဝါဒသဘောထား အားလုံးကို ခြုံငုံမိပြီးသား ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဒီသဘောထားတွေကို ပြည်တွင်းပြည်ပ အသံလွှင့်ဌာနတွေ၊ သတင်းထောက်တွေကို စိတ်ရှည်လက်ရှည် ရှင်းပြနိုင်သူလည်း ဖြစ်တယ်” လို့ သုံးသပ်ပြတယ်။
စာရေးသူရဲ့ ဥယျောဇဉ်တနေရာမှာတော့ “ဦးလှဖေ ကျဆုံးကွယ်လွန်ပြီးနောက်မှာ ခံယူချက်၊ ရည်ရွယ်ချက် ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်မှုမျိုး ထပ်မတွေ့ရတော့” လို့ သူ့အမြင်ကို တွေ့လိုက်ရတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာရဲ့ “အနှစ် (၅၀) တော်လှန်ရေးခရီး” စာအုပ်ကို ချင်းမိုင်မြို့မှာ ၂၀၂၂ ခုနှစ်၊ ဧပြီလက အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုး ရေးမထားဘူး။
စာအုပ်နဲ့မဆိုင်တဲ့ သတင်းစကားတခုပါးရရင် အခုနွေဦးတော်လှန်ရေးမှာ ပအိုဝ်းပြည်သူ့စစ်က စစ်တပ်ဘက်က ဝင်တိုက်ပေးနေတယ်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကတော့ စစ်ကောင်စီခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်နေတယ်။
You may also like these stories:
အပစ်ရပ် PNLA တပ်ဖွဲ့ဝင် ၅ ဦးအား ပအိုဝ်းပြည်သူ့စစ်မှ ဖမ်းဆီးသတ်ဖြတ်
ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့
အချိန်မနှောင်းခင် ဒီအစည်းအဝေးကနေ ထပ်ပြီး ဖိအားပေးတဲ့ သဘောပဲ
KNU ဦးမဆောင်၍ တပ်မတော်နှင့် သူတို့ ၈ဖွဲ့ သီးခြားတွေ့ခဲ့ရဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြော
PPCM ဖြစ်လာရင် ငြိမ်းချမ်းရေး ပျက်နိုင်တဲ့ အခင်းအကျင်း ဖြစ်နိုင်တယ်