ဆောင်းပါး

၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း

ဆရာကျောင်းဟု လူသိများသော ကမ္ဘောဇ လုပ်ငန်းစု (KBZ)၏ ဦးဆောင်သူ ဦးအောင်ကိုဝင်းသည် မြန်မာ့စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသော ဆက်ဆံရေးများကြောင့် ကျိကျိတက်ချမ်းသာ ကြွယ်ဝလာသော ထိပ်တန်းခရိုနီများထဲမှ တယောက်ဖြစ်သည်မှာ လူတိုင်းသိသော လျှို့ဝှက်ချက်တခု ဖြစ်သည်။

ဦးအောင်ကိုဝင်းသည် မြန်မာ့ခရိုနီကြီးများထဲတွင် ဩဇာတိက္ကမအကြီးဆုံးဟူ၍ပင် ပြောနိုင်ပြီး ဖြတ်လမ်းနည်းဖြင့် မြန်မြန် ချမ်းသာချင်သော လုပ်ငန်းရှင်များကို စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးပြီး နောက်ပေါက် ခရိုနီများ ဖြစ်လာအောင် မွေးထုတ်ပေးနိုင်သော ခရိုနီဖခင်ကြီး ဆိုလျှင်လည်း မမှားပါ။

မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ၏ မြီရှင် အကြီးစားလည်းဖြစ်သူ ဦးအောင်ကိုဝင်းသည် ခရိုနီလက်သစ်များကို စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးသည်ဟု ခေါင်းစဉ်တပ်ပြီး မြန်မာစစ်တပ်၏ အခွင့်အာဏာရှိသူများနှင့် တွေ့ဆုံခွင့်ရရှိစေခြင်း၊ ၎င်း၏ ကမ္ဘောဇဘဏ်က ငွေကြေးများ ထောက်ပံ့ပေးပြီး စီးပွားရေး အကျိုးအမြတ်များမည့် စီမံကိန်းများကို လုပ်ကိုင်စေသည်။

သူသည် ဘာသာရေး ကိုင်းရှိုင်းပြီး အလှူအတန်း ရက်ရောသူအဖြစ် အမြဲတစေ ပုံဖော်နေထိုင်တတ် သော်လည်း လူသားဆန်မှု ကင်းမဲ့ကာ ရိုင်းစိုင်းကြမ်းကြုတ်သည့် စစ်အာဏာရှင်များနှင့် နောက်ကွယ်တွင် ရင်းနှီးသူ ဖြစ်သည်။ စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက်မှသည် ယခု ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ စစ်အစိုးရ အဆက်ဆက်တိုင်းတွင် စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရေး မပြတ်ရှိနေနိုင်ခဲ့သူ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် သရေစည်သူဘွဲ့ လက်ခံရယူစဉ်

NLD အစိုးရလက်ထက်တွင် အချို့ခရိုနီကြီးများသည် စစ်တပ်နှင့် အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆက်ဆံမှု လျော့ချပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပို၍ နီးနီးကပ်ကပ် ဆက်ဆံကြသော်လည်း ဦးအောင်ကိုဝင်းကမူ သမီးဖြစ်သူ ဒေါ်နန်းလိုင်ခမ်းကို သုံးပြီး NLD ရော စစ်တပ် နှစ်ဖက်စလုံးနှင့် အဆင်ပြေအောင် ပါးပါးနပ်နပ် ရပ်တည်နေထိုင်ခဲ့သည်။

ဦးအောင်ကိုဝင်းသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ထိုအချိန်က စစ်အစိုးရ၏ ဒုတိယအာဏာအရှိဆုံး ဖြစ်သည့် ဒုဗိုလ်ချုပ် မှူးကြီး မောင်အေးနှင့် ရင်းနှီးသော ဆက်ဆံရေးကြောင့် အကျိုးအမြတ်များသော ကျောက်စိမ်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရပြီး ချမ်းသာလာခဲ့သည်။

သူ၏ ကမ္ဘောဇလုပ်ငန်းစုသည် ပုဂ္ဂလိကဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း၊ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်သုံးဆီလုပ်ငန်း အစရှိသော လုပ်ငန်းကဏ္ဍ အများအပြားကို ဒါဇင်နှင့် ချီသော ကုမ္ပဏီခွဲများဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းစုအဖြစ် ရပ်တည်လာခဲ့သည်။

ဦးအောင်ကိုဝင်းသည် ဘာသာရေး ကိုင်းရှိုင်းပြီး အလှူအတန်း ရက်ရောသူအဖြစ် အမြဲတစေ ပုံဖော်နေထိုင်တတ် သော်လည်း လူသားဆန်မှု ကင်းမဲ့ကာ ရိုင်းစိုင်းကြမ်းကြုတ်သည့် စစ်အာဏာရှင်များနှင့် နောက်ကွယ်တွင် ရင်းနှီးသူ ဖြစ်သည်။

ပါးနပ်ပြီး စီးပွားရေး၊ နိုင်ငံရေး အကွက်မြင်မှုနှင့် ကြိုတင်ပြင်ဆင်နိုင်မှုများကို အခြားသော မြန်မာ့ခရိုနီကြီးများ လိုက်၍ မမီခြင်းကို ယခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီနှင့် အာဏာသိမ်းမှုအတွင်း ဦးအောင်ကိုဝင်း၏ ခြေရာလက်ရာများကို ကြည့်ပါက သိနိုင်မည်။

ဒီဇင်ဘာ မိတ်ဆုံစားပွဲ

ကိုဗစ်နိုင်တီးကပ်ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး တင်းကြပ်သော စည်းကမ်းများအောက် တခဲနက်မဲပေးခဲ့ကြသော ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲပြီး ဒီဇင်ဘာလသည် စစ်တပ်၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး စွပ်စွဲပြောဆိုချက်များကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရနှင့် စစ်တပ်တို့ကြား တဖက်နှင့်တဖက် ဝေဖန်မှု၊ အငြင်းပွားမှု၊ အကဲဆတ်သော စကားလုံးများဖြင့် မြန်မာ့နိုင်ငံရေးအရှိန် မြင့်တက်နေသည့် နေ့ရက်များ ဖြစ်သည်။

ဦးအောင်ကိုဝင်းသည် အလှူအတန်း ရက်ရောသူလည်း ဖြစ်သည်

အဆိုပါ လအတွင်းတွင် စစ်တပ်က ရွေးကောက်ပွဲတွင် မဲစာရင်း မသမာမှုပေါင်း ၇.၆ သန်းတွေ့ရှိကြောင်း လူသိရှင်ကြား ကြေညာခဲ့သလို တဖက်တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာသာရေး အဆောက်အအုံများနှင့် ဘာသာရေး ခေါင်းဆောင်များကိုလည်း သွားရောက်လှည့်လည်တွေ့ဆုံနေသော ကာလလည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အေးချမ်းပြီး ညတာရှည်သော ထိုဒီဇင်ဘာလ၏ နောက်ဆုံးနေ့ရက်ကိုမူ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အေးသာယာ ဂေါက်ကလပ်တွင် ကမ္ဘောဇလုပ်ငန်းစု ဦးအောင်ကိုဝင်း ကျင်းပပြုလုပ်သော မိတ်ဆုံစားပွဲ တက်ရောက်ပြီး ကုန်ဆုံးခဲ့သည်။

“ဆရာကျောင်းက အဲဒီပွဲကို တပ်ချုပ်ကို ဧည့်ခံတဲ့ပွဲလို့ပဲ ပြောတယ်။ အဲဒီတုန်းက သူ့ (မင်းအောင်လှိုင်) ပုံစံက အာဏာသိမ်းမယ့် ရုပ်တောင် မပေါက်ဘူး။ လုံးဝကို ရိုးသားပြီး အေးဆေးဖြစ်နေတဲ့ ပုံစံ”ဟု ထိုပွဲကို တက်ရောက်ခွင့်ရခဲ့သော စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အေးချမ်းပြီး ညတာရှည်သော ဒီဇင်ဘာလ၏ နောက်ဆုံးနေ့ရက်ကိုမူ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အေးသာယာ ဂေါက်ကလပ်တွင် ကမ္ဘောဇလုပ်ငန်းစု ဦးအောင်ကိုဝင်း ကျင်းပပြုလုပ်သော မိတ်ဆုံစားပွဲ တက်ရောက်ပြီး ကုန်ဆုံးခဲ့သည်။

အဆိုတော် ဇော်ဝင်းထွဋ်၏ အင်ပါယာတီးဝိုင်းအပြင် ဒါဇင်နှင့်ချီသော စီးပွားရေး လုပ်ငန်းရှင်များ အသင့်စောင့်ဆိုင်းနေ သော ထိုပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင်နှင့် သူ၏ မိသားစုတို့သည် ညနေ ၆ နာရီခွဲ ဝန်းကျင်တွင် ရောက်လာခဲ့ကြပြီး ဦးအောင်ကိုဝင်းက ခရီးဦးကြိုပြုခဲ့သည်။

ထို့နောက် တဝန်းလုံးနီးပါး လွှင့်ထွက်ပျံနှံ့နေသော အဆိုတော် ဇော်ဝင်းထွဋ်၏ လူကြိုက်များသော တေးသီချင်းသံများကြားတွင် စစ်ခေါင်းဆောင်မိသားစုထိုင်နေသော အထူးဧည့်သည်တော် စားပွဲဝိုင်းသို့ ပွဲတက်ရောက်လာခဲ့သော စီးပွားရေး လုပ်ငန်းရှင်များက အလှည့်ကျ သွားရောက်နှုတ်ဆက်ခဲ့ကြပြီး ဦးအောင်ကိုဝင်းက တဦးချင်း ဒိုင်ခံမိတ်ဆက်ပေးသည်။

အဆိုပါ အခမ်းအနားကို ဝမင်း ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ 24 hours ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးအောင်အောင် ဇော်၊ ပတ္တမြားနဂါး ကုမ္ပဏီလုပ်ငန်းစု ဥက္ကဋ္ဌ ဦးနေဝင်းထွန်း၊ အောင်မြင်သူကုမ္ပဏီအုပ်စု အုပ်ချုပ်မှု ဒါရိုက်တာ ဦးလှမျိုး၊ STRONG SOURCE အမှုဆောင် အရာရှိချုပ် ဦးစိုးနိုင်နှင့် KT လုပ်ငန်းစုမှ ဦးဂျွန်နသန်ကျော်သောင်း၊ Famous International ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးကျော်ဆွေ၊ KBZ လုပ်ငန်းစုမှ ဗိုလ်မှူး(ဟောင်း) ဦးမိုးဆန်းအောင်၊ ရှမ်းပြည်နယ်မှ စီး ပွားရေး လုပ်ငန်းရှင်တချို့ အပါအဝင် ဦးအောင်ကိုဝင်းနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် အများအပြား တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုဗိုလ်ချုပ်ကြီး ညိုစော(MEC ဥက္ကဋ္ဌ)၊ ဒုဗိုလ်ချုပ်ကြီး အောင်စိုး (အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း (စစ်ရေးချုပ်)၊ ဗိုလ်ချုပ် ဇော်မင်းထွန်း အပါအဝင် ရှမ်းပြည်နယ်၏ စစ်ဖက်ဆိုင်ရာအရာရှိများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ စစ်ခေါင်းဆောင်၏ သားနှင့် သမီးဖြစ်သူ ဦး အောင်ပြည်စုံနှင့် ဒေါ်ခင်သီရိသက်မွန်တို့တော့ မပါဝင်ပေ။

“အဲဒီနေ့ညက ဆရာကျောင်းနဲ့ တပ်ချုပ်ကြားမှာ Confirmation (အတည်ပြု) လုပ်ကြတယ်လို့ ပြောရမယ်။ စီးပွားရေးစကားနဲ့ ပြောရရင် MOU ထိုးတဲ့ ညပေါ့”

ဦးအောင်ကိုဝင်း စီစဉ်သော ထိုညစာစားပွဲ၏ ထူးခြားချက်တခုမှာ စစ်တပ်အကြီးအကဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုံညီလှသည့် အဆိုပါပွဲအခမ်းအနားကို ထိုအချိန်က NLD အရပ်သား အစိုးရ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် အရပ်သားအစိုးရ အဖွဲ့ဝင်တဦးတယောက်မျှ မဖိတ်ကြားခဲ့ခြင်းပင်။

အဆိုပါ ညစာစားပွဲကို သိရှိသော အခြားသော စီးပွားရေးလုပ်ငန်းရှင်တဦးက ထိုနေ့အခမ်းအနားသည် အာဏာသိမ်းမည်ဆိုပါက မိမိတို့သည် စစ်တပ်ဘက်မှသာ ရပ်တည်မည်ဖြစ်ကြောင်း စကားလက်ဆောင်ပါးလိုက်ခြင်းပင် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အဲဒီနေ့ညက ဆရာကျောင်းနဲ့ တပ်ချုပ်ကြားမှာ Confirmation (အတည်ပြု) လုပ်ကြတယ်လို့ ပြောရမယ်။ စီးပွားရေးစကားနဲ့ ပြောရရင် MOU ထိုးတဲ့ ညပေါ့”ဟု သူက ပြောဆိုသည်။

ထိုမိတ်ဆုံစားပွဲနောက် လပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က နိုင်ငံအနှံ့အပြား သွေး ထွက်သံယိုသတ်ဖြတ်မှုများနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခဲ့သော စစ်အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံခေါင်းဆောင်များကို ဖမ်းဆီးထောင်ချပြီး တိုင်းပြည်အာဏာကို သိမ်းယူခဲ့သလို စစ်အာဏာသိမ်းမှု ၁ နှစ်ခွဲကျော်ကာလအတွင်း၌ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ပေါင်း ၂၂၀၀ ကျော်ကို သတ်ဖြတ်ထားခဲ့ပြီး ၁၂၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းများအရ သိရသည်။

ဗဟိုဘဏ်နှင့် KBZ

စစ်အာဏာသိမ်းမှု ၁ နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် စီးပွားရေးကျဆင်းမှုများ ရှိခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်၏ ညံ့ဖျင်းသော မူဝါဒများကလည်း တိုင်းပြည် စီးပွားရေးကို အထွေထွေအကျပ်အတည်းသို့ တွန်းပို့ခဲ့သည်။

ဗဟိုဘဏ်ထိပ်ပိုင်းအကြီးအကဲများကို အာဏာသိမ်း စစ်ခေါင်းဆောင်ပိုင်းများက ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် အပြောင်းအလဲပြုလုပ်သည့်အနေဖြင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ နားသွားခဲ့သည်။

၎င်းတို့၏ နေရာတွင် ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါ်သန်းသန်းဆွေကို ဥက္ကဋ္ဌအဖြစ် တိုးမြှင့်ခန့်အပ်လိုက်သလို ကမ္ဘောဇ KBZ ဘဏ်၏ အကြီးအကဲဖြစ်သူ ဦးအောင်ကိုဝင်း၏ ယောက်ဖတော်စပ်သူ တပ်မတော် ငွေစာရင်းရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မြင့်နိုင်ကိုလည်း ဗဟိုဘဏ်၏ ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် အများဆုံး အခွန်ဆောင်သူဆုကို သမ္မတ ဦးဝင်းမြင့်ထံမှ ဦးအောင်ကိုဝင်း ရယူစဉ်

ဗဟိုဘဏ်၏ ဒုဥက္ကဋ္ဌဖြစ်လာသော အငြိမ်းစား ဗိုလ်ချုပ်ဇော်မြင့်နိုင်သည် ကမ္ဘောဇဘဏ်အကြီးအကဲ ဦးအောင်ကိုဝင်း၏ ညီမ ဒေါ်တင်တင်အုန်း၏ ခင်ပွန်းဖြစ်သလို နဝတ အစိုးရလက်ထက် အတွင်းရေးမှူး (၃) တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီး ဝင်းမြင့်၏ ကိုယ်ရေးအရာရှိအဖြစ် လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။

ထို့သို့ ဗဟိုဘဏ်တွင် ဗိုလ်ချုပ်ဇော်မြင့်နိုင်ကို ခန့်အပ်လိုက်ခြင်းကြောင့် ကမ္ဘောဇဘဏ်သည် ဘဏ်လုပ်ငန်းကဏ္ဍတွင် အခွင့်အရေးပေး ခံရနိုင်သည်မှာ သေချာကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ၌ ကမ္ဘောဇ KBZ ဘဏ်နှင့် စီးပွားပြိုင်ဘက်များဟု ဆိုနိုင်သော ဧရာဝတီဘဏ် (AYA)၊ သမဝါယမဘဏ် (CB ဘဏ်)နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အရပ်သားအစိုးရနှင့် နီးကပ်စွာနေခဲ့ကြသည့်အတွက် ယခု အာဏာသိမ်း စစ်အုပ်စု၏ မျက်မုန်းကျိုးခြင်းကို ခံကြရသည်။

ဗဟိုဘဏ်တွင် ဗိုလ်ချုပ်ဇော်မြင့်နိုင်ကို ခန့်အပ်လိုက်ခြင်းကြောင့် ကမ္ဘောဇဘဏ်သည် ဘဏ်လုပ်ငန်းကဏ္ဍတွင် အခွင့်အရေးပေး ခံရနိုင်သည်မှာ သေချာကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဥက္ကဋ္ဌ ဦးချစ်ခိုင်တို့သည် စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် စစ်ကောင်စီ၏ ထိန်းသိမ်းစစ်ဆေးမေးမြန်းမှုများကြုံတွေ့ခဲ့ရသလို ဧဒင်စီးပွားရေး လုပ်ငန်းစု၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးချစ်ခိုင်ကိုမူ NLD အစိုးရနှင့် ဆက်နွယ်မှုဖြင့် ပြီးခဲ့သည့် ဧပြီလအတွင်းက အဂတိအမှု အကြောင်းပြကာ နေပြည်တော်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။ သမဝါယမဘဏ်(CB) ဥက္ကဋ္ဌ ဦးခင်မောင်အေးသည်လည်း စစ်အာဏာသိမ်းပြီးနောက် ပြည်ပတွင် သွားရောက်နေထိုင်ခဲ့ သော်လည်း ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ပြည်တွင်းမှာသာ ပြန်လည်နေထိုင်ရန် စစ်ကောင်စီက ဖိအားပေးခဲ့သည်။

“အခုမြင်တွေ့နေရတဲ့ အခြေအနေကတော့ ဘဏ်လုပ်ငန်းကဏ္ဍကို ဦးအောင်ကိုဝင်းတို့ အုပ်စုတွေကပဲ ပြန်ပြီး ချုပ်ကိုင်မယ့် သဘောရှိတယ်။ သူ(ဦးအောင်ကိုဝင်း) နဲ့ အရင်ကတည်းက လုံးဝမတည့်တဲ့ CB ဦးခင်မောင်အေး အုပ်စုတွေကတော့ တော် တော်လေးကို အနောက်ရောက်သွားပြီ”ဟု ဦးအောင်ကိုဝင်းနှင့် ရင်းနှီးသည့် စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

အဖေနဲ့ သမီး

နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ တစခန်းရပ်သွားပြီး အရပ်သားအစိုးရလက်ထက် ခေတ်စားခဲ့သော ပွင့်လင်းမြင်သာပြီး တာဝန်သိသော စီးပွားရေးလုပ်ငန်းများ တည်ထောင်ရေးဟူသည့် အယူအဆများ ပျောက်ကွယ်သွားသောအခါ အာဏာသိမ်းစစ်တပ်နှင့် မည်သို့စခန်းသွားရမည်ကို ဦးအောင်ကိုဝင်းသာ နောကျေအောင်သိသည်။

သို့သော် ဦးအောင်ကိုဝင်း၏ သမီးဖြစ်သူ ဒေါ်နန်းလိုင်ခမ်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အချိန် ၂ နာရီကျော်ကြာ စရဖ အရာရှိတဦး၏ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရခြင်းက မိမိကိုယ်မှလွဲ၍ မည်သူ့ကိုမှ မယုံသော စစ်အုပ်စုသည် ငွေကြေးဓန တောင့်တင်းသူများ၏ လှုပ်ရှားမှုများကို သေချာစောင့် ကြည့်နေခဲ့ပြီး စောင့်ကြည့် ခရိုနီကြီးများ စာရင်းတွင် ဦးအောင်ကိုဝင်းလည်း ထည့်သွင်းခံထားရသလောဟု မေးခွန်းများ ပေါ်ထွက်စေသည်။

ဦးအောင်ကိုဝင်းနှင့် သမီးဖြစ်သူ ဒေါ်နန်းလိုင်ခမ်း

အသက် ၃၄ နှစ်အရွယ် ဒေါ်နန်းလိုင်ခမ်းသည် ဦးအောင်ကိုဝင်း၏ သမီး ၃ ဦးထဲက တဦးဖြစ်ပြီး ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း၊ Myanmar Airways International (MAI)၊ Air KBZ ၊ Kempinski Hotel– Nay Pyi Taw တို့၏ ဥက္ကဋ္ဌ၊ KBZ ဘဏ်၏ Deputy CEO (ဒုတိယ အမှုဆောင် အရာရှိချုပ်) လည်း ဖြစ်သည်။ သူသည် လူမှုကူညီစောင့်ရှောက်ရေးတွင် ရှေ့တန်းရောက်သလို ၂၀၁၅ ခုနှစ်မှာ “နိုင်ငံ့စွမ်းဆောင်ရည်ဆု” နှင့် “အမျိုးသမီး ထူးချွန်စီးပွားရေး လုပ်ငန်းရှင်” ဆု၊ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ “ထူးချွန် အမျိုးသမီးဂုဏ်ပြုဆု” နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ “မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှု စွမ်းဆောင်ရည်ဆု”၊ ၂၀၁၇ ခုနှစ် လူမှုထူးချွန်ဆု-ပထမဆင့်တို့ ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်သည်။ သူ့ကို အနာဂတ် KBZ အား ဦးဆောင်မည့် တက်သစ်စ လူငယ် စီးပွားရေးသမားတဦးအဖြစ် ဝိုင်းချီးကျူးခဲ့ကြသည်။

ဒေါ်နန်းလိုင်ခမ်းအား ရန်ကုန်လေဆိပ်တွင် တားဆီးခဲ့သည်မှာ ဒေါ်လာငွေအမြောက်အမြား သယ်ဆောင်မှုကြောင့်ဟု နီးစပ်သူများက ဆိုသလို နောက်တရက် မြန်မာပြည်မှ သူ ထွက်ခွါလာအပြီး ဘန်ကောက်တွင်သာ အနေများတော့သည်ကို ကြည့်ရှုရခြင်းအားဖြင့် အာဏာသိမ်းစစ်တပ်လက်အောက် သမီးကို ရှေ့တန်းတင်ပြီး ယခင်လို စီးပွားရေး ဆက်လုပ်မရဟု ဦးအောင်ကိုဝင်း ကောင်းကောင်း သဘောပေါက်ကြောင်း ယူဆနိုင်သည်။

ဦးအောင်ကိုဝင်းသည် ထိပ်တန်းစစ်ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးကို အသုံးပြုပြီးလည်း သူ့မိတ်ဆွေများအား ကူညီကာကွယ်ပေးတတ်သည်။

ဒေါ်နန်းလိုင်ခမ်းအား ရန်ကုန်လေဆိပ်တွင် တားဆီးခဲ့သည်မှာ ဒေါ်လာငွေအမြောက်အမြား သယ်ဆောင်မှုကြောင့်ဟု နီးစပ်သူများက ဆိုသလို နောက်တရက် မြန်မာပြည်မှ သူ ထွက်ခွါလာအပြီး ဘန်ကောက်တွင်သာ အနေများတော့သည်ကို ကြည့်ရှုရခြင်းအားဖြင့် အာဏာသိမ်းစစ်တပ်လက်အောက် သမီးကို ရှေ့တန်းတင်ပြီး ယခင်လို စီးပွားရေး ဆက်လုပ်မရဟု ဦးအောင်ကိုဝင်း ကောင်းကောင်း သဘောပေါက်ကြောင်း ယူဆနိုင်သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေးအထောက်အကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ကို ဦးဆောင်တည်ထောင်သူ ဗြိတိန် သံအမတ်ဟောင်း မစ္စ ဗစ်ကီဘိုးမန်း အဖမ်းခံရချိန် ယောကျာ်းဖြစ်သူ ဦးထိန်းလင်းတို့ အင်းစိန်ထောင်ထဲတန်းပို့ခဲ့သော်လည်း ဦးအောင်ကိုဝင်း၏ ကြားဝင် မေတ္တာရပ်ခံမှုကြောင့် စစ်ကောင်စီဘက်က ပို၍ သက်သောင့်သက်သာ ဖြစ်သည့် ရဲစခန်း အချုပ်သို့ ပြန်လည် ပြောင်းရွေ့ပေးခဲ့သည်။ မစ္စ ဗစ်ကီဘိုးမန်းကို အမှုကြီးကြီးတပ်၍ အရေးယူနိုင်ခဲ့သော်လည်း ဦးအောင်ကိုဝင်း ကြားဝင်လာသဖြင့် ထောင်တနှစ်သာ ပြီးသွားခဲ့ရသည်။

မစ္စ ဗစ်ကီဘိုးမန်းသည် သူနေထိုင်ရမည့် နေရာတွင် မနေဘဲ ယောကျာ်းဖြစ်သူ၏ ကလောနေအိမ်တွင် ပြောင်းရွေ့နေထိုင်ခဲ့သည်ဟုဆိုကာ လဝက ဥပဒေဖြင့် စစ်တပ်က ထောင်တစ်နှစ် ချခဲ့သည်။ အမှုမှာ ဟန်ပြသာ ဖြစ်ပြီး တကယ့်အကြောင်းရင်းမှာ စစ်တပ်၏ သတင်းများ၊ မြန်မာပြည်သတင်းများကို ချဲ့ကားပြောဆိုပြီး စီးပွားရေးပိတ်ဆို့မှုများ ခံရစေရန် သတင်းမှားများ ပြောဆိုခဲ့သည်ဟု စစ်ကောင်စီဘက်က ထင်မြင်ခဲ့သဖြင့် အရေးယူခံရခြင်း ဖြစ်သည်။

KBZ ရဲ့ ခြေလှမ်းသစ်

အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းကဏ္ဍတွင် ကမ္ဘောဇဘဏ်က ရှေ့တန်းရောက်လာခဲ့သလို နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သော စက်သုံးဆီ တင်သွင်းမှုအတွက်ကိုလည်း KBZ လုပ်ငန်းစုက ခြေလှမ်းနောက်မကျခဲ့ပါ။

မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးကွက်သည် နှစ်စဉ်တင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲမှ ၃ ဘီလီယံကျော် အထိရှိသော အကျိုးအမြတ်ကြီးသော စီးပွားရေးလုပ်ငန်းကဏ္ဍ တခုလည်း ဖြစ်သည်။

KBZ လုပ်ငန်းစု၏ ကုမ္ပဏီခွဲတခုဖြစ်သော Brighter Energy ကုမ္ပဏီမှ ဒါရိုက်တာ ဦးဆန်းနောင်သည် အာဏာသိမ်း စစ်အုပ်စု၏ စက်သုံးဆီဈေးကွက်ကို ထိန်းချုပ်စီမံကွပ်ကဲမည့် ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူ သိုလှောင် ဖြန့်ဖြူးရေး ဦးဆောင် ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။ ထိုကော်မတီကို ဩဂုတ် ၁ ရက်နေ့က လူပုဂ္ဂိုလ် ၁၀ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC)၏ ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ကြီး ညိုစောက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်။

ထိုကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ စစ်အုပ်စုနှင့် နီးစပ်သော ခရိုနီများကသာ ပြည်တွင်း စက်သုံးဆီ ဈေးကွက်ကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ရန်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင် အပါအဝင် အခြားသော စီးပွားရေး လုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်၊ မန္တလေးကဲ့သို့ နိုင်ငံ၏ အဓိကမြို့ကြီးများ အပါအဝင် တနိုင်ငံလုံး အတိုင်းအတာဖြင့် လက်လီဆီဆိုင်များတွင် စက်သုံးဆီပြတ်လပ်ခြင်း၊ ဈေးနှုန်းများ အဆမတန် ကြီးမြင့်မှု နှင့် ပြည်ပသို့ နိုင်ငံခြားငွေ စီးထွက်မှုကို လျှော့ချနိုင်ရန်ဟု ဆိုသည်။ သို့သော် ထိုကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ စစ်အုပ်စုနှင့် နီးစပ်သော ခရိုနီများကသာ ပြည်တွင်း စက်သုံးဆီ ဈေးကွက်ကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ရန်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင် အပါအဝင် အခြားသော စီးပွားရေး လုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။

စစ်တပ်ပိုင် Star High ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးလှဝင်း၊ Yetagon Energy ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးမောင်မောင်နိုင်၊ ကမ္ဘောဇလုပ်ငန်းစု (KBZ) လုပ်ငန်းခွဲတခုဖြစ်သည့် Brighter Energy မှ ဒါရိုက်တာ ဦးဆန်းနောင်နှင့် Best Oil ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းဆွေ ကဲ့သိုသော ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိတချို့ကို အရောင်ပြ ထည့်သွင်းဖွဲ့စည်းထားသည်။

၂၀၁၉ ခုနှစ် ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သော PTT နှင့် Brighter Energy တို့ကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုးစဉ်

Yetagon Energy ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား ဖြစ်သူ ဦးအောင်ပြည့်စုံအတွက် စီးပွားရေးလုပ်ငန်းများ ရှေ့ထွက်လုပ်ဆောင်ပေးရသူအဖြစ် စီးပွားရေး လုပ်ငန်းရှင်များကြား သိရှိသူဖြစ်ပြီး Yetagon Energy ကုမ္ပဏီ စက်သုံးဆီလုပ်ငန်းကဏ္ဍတွင် မည်သည့်စီးပွားရေးမှ မလုပ်ဆောင်ဖူးသလို ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသေးသော ကုမ္ပဏီသစ်တခု ဖြစ်သည်။

စက်သုံးဆီလုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသည် လုပ်ငန်းရှင်တဦးက“ဒီခြေရာ၊ လက်ရာ ကြည့်လိုက်ကတည်းက ကျနော်တို့က ဆရာကျောင်းရဲ့ အကွက်လို့ပဲ ထင်တယ်။ နီလာရိုးမဆိုင်တွေကတည်းက KBZ က စက်သုံးဆီလောကကို တိုးနေတာ၊ ဒါပေမယ့် တခြားကုမ္ပဏီတွေလောက် ထင်သလောက် ရှေ့မရောက်ဘူး”ဟု ပြောဆိုသည်။

KBZ လုပ်ငန်းစုလက်အောက်ရှိ Brighter Energy စက်သုံးဆီကုမ္ပဏီသည် နီလာရိုးမ စက်သုံးဆိုင် လုပ်ငန်းများကို လုပ် ကိုင်လျက်ရှိပြီး ၂၀၁၉ ခုနှစ် နှစ်လယ်ကတည်းက ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သော PTT နှင့် ပူးပေါင်းပြီး သီလဝါ စက်မှုဇုန်အနီးတွင် စက်သုံးဆီ လီတာပေါင်း သန်း ၁၀၀ ကျော် သိုလှောင်နိုင်မည့် ဆီသိုလှောင်ကန်နှင့် လက်လီစက်သုံး ဆီဆိုင်များ တိုးချဲ့ဖွင့်လှစ်ပြီး ပြည်တွင်း စက်သုံးဆီဈေးကွက်သို့ ထိုးဖောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားဖူးသည်။

ကုမ္ပဏီဘက်က ပြောကြားထားချက်အရ သိုလှောင်ကန်သည် ၂၀၂၁ ခုနှစ်အတွင်း ပြီးစီးမည် ဖြစ်သည်။ သို့သော် ကမ္ဘာ့ ကပ်ရောဂါကိုဗစ် – ၁၉ နှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် ထိုစီမံကိန်းသည် ပြီးစီးခြင်း ရှိ၊ မရှိကို သေချာမသိရသေး ပေ။

ထိုသို့ အခြေအနေများများအပြင် ဦးအောင်ကိုဝင်း၏ အရင်းနှီးဆုံး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ကောင်စီ-နဝတခေတ် တွင် ဒုတပ်ချုပ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးမောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့သော ဗိုလ်ကြီး မိုးမြင့်ထွန်းသည် လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) ဥက္ကဋ္ဌအပြင် စီးပွားရေး ဆိုင်ရာ ဆုံးဖြတ်ချက်များကို အတည်ပြုဆုံးဖြတ်ပေးရသော ကော်မတီများ၏ ဥက္ကဋ္ဌ နေရာများ ရယူထားမှုကလည်း KBZ လုပ်ငန်းစုကို ပို၍ တန်ခိုးထွားလာစေမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြုကြသည်။

“ဦးအောင်ကိုဝင်း နဲ့ ဗိုလ်ချုပ်မောင်အေးတို့ တကယ်ပေါင်းပြီး လုပ်ကြကိုင်ကြတဲ့အချိန်မှာ မိုးမြင့်ထွန်းဆိုတာက PSO ပဲ ရှိသေးတာလေ။ အခုအချိန်မှာ ဘာကြီးဖြစ်နေနေ မိုးမြင့်ထွန်းက ဆရာကျောင်းအိတ်ထဲက လူဆိုတာ အကုန်လုံးသိကြပါတယ်”ဟု ဦးအောင်ကိုဝင်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

You may also like these stories:

တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ

စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

မရှင်းမလင်း တင်သွင်းလာနေတဲ့ ရုရှားက စက်သုံးဆီ

ရုရှား ရူဘယ်ငွေ ဘယ်လိုတွေ သုံးမှာလဲ

တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ

Loading