စစ်ကောင်စီလေယာဉ်မှူးများက လွန်ခဲ့သော ရက်များအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာကျောင်းတကျောင်းကို မည်သို့တိုက်ခိုက်ပြီး မည်သည့်အတွက် ကလေး ၁၁ ဦး သေဆုံးရသည်ကို မြန်မာစစ်တပ်မှ ဘက်ပြောင်းလာသည့် ရဟတ်ယာဉ်မှူးတဦးက ရှင်းပြသည်။ “မြေပြင်မှာ ကလေးတွေ ပြေးနေတာကို တွေ့နေရတာကိုတောင်မှ ရဟတ်ယာဉ်မှူးတွေက ပစ်နေခဲ့တာ” ဟုသူပြောသည်။
စစ်ကောင်စီ၏ ရုရှားလုပ် Mi-35 ရဟတ်ယာဉ် ၂ စီးက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာမှ စာသင်ကျောင်းတခုကို စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ်တွင် ပစ်ခတ်သောအခါ အသက် ၇ နှစ်အထိ ငယ်ရွယ်သည့် ကလေးများအပါအဝင် ကလေးငယ် ၁၁ ဦးခန့် သေဆုံးပြီး အခြားသူ တဒါဇင်ကျော် ဒဏ်ရာရသည်။ ထိုနောက် စစ်ကောင်စီတပ်များသည် မြေပြင်တွင် ထပ်မံတိုက်ခိုက်သည်။ ထိုတိုက်ခိုက်မှုအတွင်း အရွယ်ရောက်ပြီးသူ ၅ ဦးခန့်လည်း သေဆုံးသည်။
ဧရာဝတီသတင်းဌာနနှင့် သီးခြားတွေ့ဆုံမေးမြန်းရာတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုအပြီး မကြာမီ ဘက်ပြောင်းလာသော မြန်မာလေတပ်မှ ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ဇေသူအောင် က လက်ယက်ကုန်းကျေးရွာမှ တိုက်ခိုက်မှုတွင် မည်သို့ဖြစ်နိုင်သည်ကို ပြန်လည်ရှင်းပြသည်။
ကျောင်းပတ်ဝန်းကျင်တွင် ကွင်းပြင်များသာရှိပြီး တောင်များ တောများ ဝိုင်းရံမထားသောကြောင့် ရဟတ်ယာဉ်မှူးများသည် ကလေးများကျောင်းဝင်းအတွင်း ထွက်ပြေးနေသည်ကို ကောင်းစွာမြင်ရမည်ဖြစ်ကြောင်း သူပြောသည်။
မြေပြင်အနေအထားအရ ရဟတ်ယာဉ်များသည် အမြင့်မီတာ ၃၀၀ မှ ၄၀၀ ထက် ပိုမိုမမြင့်မားသည့် နေရာတွင် ပျံသန်းနေမည်ဖြစ်ကြောင်း သူပြောသည်။ ထို့အပြင် ကျောင်းပတ်ဝန်းကျင်တွင် ကွင်းပြင်များသာရှိပြီး တောင်များ တောများ ဝိုင်းရံမထားသောကြောင့် ရဟတ်ယာဉ်မှူးများသည် ကလေးများကျောင်းဝင်းအတွင်း ထွက်ပြေးနေသည်ကို ကောင်းစွာမြင်ရမည်ဖြစ်ကြောင်း သူပြောသည်။
“ရဟတ်ယာဉ်မှူးတွေက အောက်က ကလေးတွေကို မမြင်စရာ အကြောင်းမရှိဘူး” ဟုလည်း သူဆက်ပြောသည်။
ရဟတ်ယာဉ်များရောက်ရှိလာချိန်တွင် ကလေးများသည် ကျောင်းဝင်းအတွင်း ဆော့ကစားနေကြောင်း စေတနာ့ဝန်ထမ်း ကျောင်းဆရာတဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ ကလေးများ ဘေးကင်းစေရန်အတွက် စာသင်ခန်းအတွင်း ဝင်နေရန် ဆရာ ဆရာမများက အော်ဟစ်ခဲ့သည်။ သို့သော် ကလေးများ စာသင်ခန်းအတွင်းသို့ ပြေးဝင်ချိန်တွင် ပေါက်ကွဲသံတခုကြားရကြောင်း အထက်ပါ စေတနာ့ဝန်ထမ်းဆရာပြောသည်။ ထိုပေါက်ကွဲသံမှာ စစ်ကောင်စီ ရဟတ်ယာဉ်မှ ပစ်လိုက်သည့် ဒုံးကျည်ပေါက်ကွဲသံဖြစ်သည်။
တိုက်ခိုက်မှု၏ ဓာတ်ပုံအထောက်အထားများ
တိုက်ခိုက်မှုအပြီး ရိုက်ကူးထားသော ဓာတ်ပုံများကလည်း ထိုကျောင်း မည်သို့ ပစ်မှတ်ထား တိုက်ခိုက်ခံရသည်ကို အထောက်အထားများဖေါ်ပြနေကြောင်း ကိုဇေသူအောင်ပြောသည်။
ရဟတ်ယာဉ်သည် ၎င်းကိုအောက်ဘက်မှ ပြန်လည်ပစ်ခတ်မှု မရှိသောကြောင့် ကျောင်းအဆောက်အအုံကို ကောင်းစွာ ချိန်ရွယ်နိုင်ပြီး ဒုံးကျည်များ၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သူပြောသည်။
“ဓာတ်ပုံတွေထဲမှာ အမိုးပွင့်ပြီး ကွန်ကရစ်တိုင်တွေ ပျက်စီးကုန်တာ တွေ့ရသလို လူ့ခန္ဓာကိုယ် အပိုင်းအစတွေကိုလည်း တွေ့နေရတယ်။ ဒါတွေက ကျောင်းကို ဒုံးကျည်တွေ ထိမှန်သွားကြောင်း ပြသနေတယ်” ဟု သူရှင်းပြသည်။
“Mi-35 မောင်းခဲ့ဖူးတယ်လို့ ပြောရမှာတောင် ရှက်တယ်။ တခါက ကျနော့်သူငယ်ချင်း ဖြစ်ခဲ့ဖူးသူတွေက ဒီလိုစက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှု ကျူးလွန်ကြတယ်”
ရဟတ်ယာဉ်များသည် ဒုံးကျည်အနည်းဆုံး ၃ ခု ပစ်ခတ်ပြီးနောက် ကလေးငယ် ၂၀၀ ခန့်ရှိနေသည့် ကျောင်းကို စက်သေနတ်များဖြင့် တနာရီကြာအောင် ပစ်ခတ်နေကြောင်း ကျောင်းဆရာဆရာမများနှင့် ရွာသားများပြောသည်။
“Mi-35 မောင်းခဲ့ဖူးတယ်လို့ ပြောရမှာတောင် ရှက်တယ်။ တခါက ကျနော့်သူငယ်ချင်း ဖြစ်ခဲ့ဖူးသူတွေက ဒီလိုစက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှု ကျူးလွန်ကြတယ်” ဟု အထက်ပါ တိုက်ခိုက်မှု ပြီးလျှင်ပြီးခြင်း ကိုဇေသူအောင်က သူ၏ Facebook တွင်ရေးသားသည်။
ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ကိုဇေသူအောင်က ထိုလုပ်ရပ်သည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း ပြောကြားပြီး အဓိက တာဝန်ရှိသူများမှာ ထိုတိုက်ခိုက်မှုကို အမိန့်ပေးသည့် တိုင်းမှူးနှင့် ရဟတ်ယာဉ်မှူးများ ကိုယ်တိုင်ပင်ဖြစ်ကြောင်း ထောက်ပြသည်။
ထိုတိုက်ခိုက်မှုကို ပြုလုပ်သည့် ရဟတ်ယာဉ်မှူးကို မည်သူမျှ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးပေ။ သို့သော် မြန်မာစစ်တပ်တွင် Mi-35 ရဟတ်ယာဉ် ၁၃ စီးသာရှိပြီး ၎င်းတို့ကို မောင်းနှင်နိုင်သည့် ရဟတ်ယာဉ်မှူး ၂၆ ယောက်သာရှိကြောင်း သူပြောသည်။
မည်သည့်အတွက် စစ်ကိုင်းတိုင်းကို ပစ်မှတ်ထားသနည်း
Mi-35 ရဟတ်ယာဉ်များကို တိုက်ပွဲဖြစ်နေသည့် ခြေလျင်တပ်စစ်ကြောင်းများအား ပစ်ကူပေးရန် အဓိကအားဖြင့် အသုံးပြုသည်။ ယခုအခါ စစ်ကောင်စီသည် Mi-35 ရဟတ်ယာဉ်များကို MI-17 ရဟတ်ယာဉ်များနှင့် ပူးတွဲကာ တော်လှန်ရေးလှုပ်ရှားမှု အခိုင်မာဆုံးသောဒေသများအနက် တခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင် ရှောင်တခင် တိုက်ခိုက်မှုလုပ်ရန် အသုံးပြုနေသည်။
စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် အင်အား ၇၅ ယောက်ဆိုလျှင် လုံလောက်ပြီး ထိုစစ်သားများ ဆင်းသက်သည့် နေရာမှ အလွယ်တကူ ပြန်ထွက်နိုင်သည်ဟု စစ်ကောင်စီယုံကြည်နေကြောင်းလည်း သူရှင်းပြသည်။
Mi-35 ရဟတ်ယာဉ်များက ရှောင်တခင် တိုက်ခိုက်မှု လုပ်ပြီးနောက် Mi-17 ရဟတ်ယာဉ်များက ထိုနေရာသို့ စစ်ကောင်စီစစ်သားများကို ပို့ဆောင်ပေးသည်။ ထိုနောက် စစ်ကောင်စီ စစ်သားများသည် ရွာသားများကို ဖမ်းဆီးသတ်ဖြတ်ပြီး ရွာကို မီးရှို့သည်။
လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ခဲ့သည်မှာလည်း ထိုအတိုင်းပင်။
“စစ်ကောင်စီက ဒီလို စီးနင်းတိုက်ခိုက်မှုတွေကို ကယား၊ ချင်းပြည်နယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ မလုပ်သေးဘူး။ အဲဒီ နေရာတွေမှာ Mi-35 နဲ့တိုက်ခိုက်ပြီးတာတောင် Mi-17 နဲ့ချထားပေးတဲ့ စစ်သား ၇၅ ယောက်က မြေပြင်မှာ သေကုန်မှာကို သူတို့ကြောက်နေတယ်” ဟု ကိုဇေသူအောင် ပြောသည်။
စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် အင်အား ၇၅ ယောက်ဆိုလျှင် လုံလောက်ပြီး ထိုစစ်သားများ ဆင်းသက်သည့် နေရာမှ အလွယ်တကူ ပြန်ထွက်နိုင်သည်ဟု စစ်ကောင်စီယုံကြည်နေကြောင်းလည်း သူရှင်းပြသည်။
အနာဂတ်တွင် မည်သို့တားဆီးနိုင်မည်နည်း
စစ်ကိုင်းတိုင်းမှ တော်လှန်ရေးအင်အားစုများအနေဖြင့် နယ်မြေကို သေနင်္ဂဗျူဟာအရ ထိန်းချုပ်နိုင်ရန် တပ်တခုအဖြစ် စုစည်းရမည်ဖြစ်ကြောင်း သူပြောသည်။
“စစ်တပ်ကို ကြည်းတပ်၊ ရေတပ်၊ လေတပ် လို့ခွဲထားပေမယ့် သူတို့တွေက တတပ်ထဲဖြစ်တယ်ဆိုတာကို ကျနော်တို့ နားလည်ဖို့ လိုတယ်။ သူတို့က တပ်ဖွဲ့တခုတည်းအနေနဲ့ စစ်ဆင်ရေးလုပ်တယ်” ဟု သူရှင်းပြသည်။
“PDF တွေအနေနဲ့ ရဟတ်ယာဉ် ပစ်ချဖို့ လက်နက်လိုအပ်ပေမယ့် သူတို့အတွက် ပိုမိုအရေးကြီးတာက ခိုင်မာတဲ့ အမိန့်ပေးကွင်းဆက်ရှိတဲ့ တပ်ပေါင်းစု ဖွဲ့ထားပြီ သေနင်္ဂဗျူဟာကျကျ စစ်ဆင်ဖို့ဖြစ်တယ်” ဟုလည်း ကိုဇေသူအောင်ပြောသည်။
ရုရှားနိုင်ငံသည် SU-30SME များကို ၂၀၁၅ ခုနှစ်က ဆီးရီးယားတွင် အသုံးပြုခဲ့သည်။ SU-30SME များသည် ဗုံး ၈ တန်ခန့်သယ်ဆောင်နိုင်သောကြောင့် မြန်မာစစ်တပ်က သုံးနေသည့် အခြားလေယာဉ်များထက် ဖျက်အားပိုမိုပြင်းကြောင်း သူပြောသည်။
“အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေရာမှာ အရေးပါတဲ့ အခန်းက ပါဝင်တယ်” ဟု သူမှတ်ချက်ချသည်။
SU-30SME များ၏ ပိုမိုကြီးမားသော ခြိမ်းခြောက်မှု
အသစ်ရောက်ရှိလာသည့် SU-30SME ဂျက်တိုက်လေယာဉ်နှစ်စီး၏ ခြိမ်းခြောက်မှုကိုလည်း ကိုဇေသူအောင် သတိပေးသည်။ ထိုလေယာဉ်များသည် လွန်ခဲ့သော ၅ လက မြန်မာသို့ရောက်ရှိသော်လည်း ၎င်းတို့ကို စစ်ဆင်ရေးများတွင် အသုံးမပြုရသေးပေ။ ထိုဘက်စုံသုံး ဂျက်တိုက်လေယာဉ်များကို ရုရှားက စစ်ကောင်စီထံ မတ်လတွင် ပေးပို့ခဲ့သည်။
ရုရှားနိုင်ငံသည် SU-30SME များကို ၂၀၁၅ ခုနှစ်က ဆီးရီးယားတွင် အသုံးပြုခဲ့သည်။ SU-30SME များသည် ဗုံး ၈ တန်ခန့်သယ်ဆောင်နိုင်သောကြောင့် မြန်မာစစ်တပ်က သုံးနေသည့် အခြားလေယာဉ်များထက် ဖျက်အားပိုမိုပြင်းကြောင်း သူပြောသည်။
စစ်ကောင်စီသည် PDF အခြေစိုက်စခန်းများကို တိုက်ခိုက်ရာတွင် SU-30SME များကို အသုံပြုနိုင်ကြောင်း သူပြောသည်။
“စစ်တပ်ဟာ PDF တွေကို ချေမှုန်းဖို့ နည်းလမ်းအားလုံးကို အသုံးပြုလိမ့်မယ်။ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ၁၉၈၈ ခုနှစ်ကတည်းက အလုပ်မဖြစ်ခဲ့ဘူး။ အခုလည်း လက်နက်ဝယ်ဖို့က ရုရှားရှိနေပြီ” ဟု သူပြောသည်။
စစ်တပ်မှာ ကျန်ခဲ့သူများအတွက် စကား
“အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ သတင်းတွေကို ခင်များတို့ မြင်သိပြီးဖြစ်မယ်။ စစ်တပ်က လေယာဉ်မှူးတွေဟာ အပြစ်မဲ့ကလေးတွေကိုတောင်မှ သတ်တယ်ဆိုတာ ပြည်သူအားလုံး သိနေတယ်။ အရိုင်းအစိုင်း စစ်ကောင်စီအမိန့်ကို နာခံပြီး ပြည်သူကို ဆက် အန္တရာယ် ပြုနေမယ်ဆိုရင် ခင်များတို့ ကိုယ့်ကိုကိုယ် လူလို့တောင် မခေါ်နိုင်တော့ဘူး။ အမှန်တရားကို မြင်ပါ၊ တပ်က အမြန်ထွက်ပြီး တသက်လုံး ခြောက်လှန့်နေမယ့် ရာဇဝတ်မှု ကျုးလွန်တာကို ရှောင်ရှားးကြပါ” ဟု ကို ဇေသူအောင်ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Khin Nadi ၏ Myanmar Military Defector Reveals How Junta Killed Sagaing School Kids ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်
မြန်မာကလေးများ ထပ်မံသတ်ဖြတ်မခံရရေး ကမ္ဘာက ချက်ခြင်းအရေးယူရမည်
အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သချိုင်္င်းများ ယူကရိန်း ရှာတွေ့