အညာသား ကိုသီဟရဲ့ ရန်ကုန်က တိုက်ခန်းလေး အရင်တနေ့က ဈေးတည့်သွားတယ်။ တကယ် ရောင်းထုတ်ရတော့ မယ်ဆိုတော့လည်း နှမြောမိတယ်။ ဒီတိုက်ခန်းကလေးက ကိုယ်တိုင်ရတဲ့ ချွေးနည်းစာနဲ့ စုပြီး ဝယ်ထားတာ။
ပြီးတော့ တိုက်ခန်းလေးကို ကိုယ့်စိတ်ကြိုက် ဒီဇိုင်းလေး ပြင်ဆင်ထားတယ်။ စာအုပ်စင်နဲ့ စာဖတ်စရာ နေရာလေးနဲ့။ ဒါ ပေမယ့်လည်း မရောင်းရင်ဆိုတဲ့ အခြေအနေနဲ့ ပြန်တွက်ကြည့်တဲ့အခါ မရောင်းရင်ဆိုတဲ့ အခြေအနေက ပိုပြီးတော့ အန္တ ရာယ်များနေတယ်။
အဲဒါနဲ့ ရောင်းမယ်လို့ စဉ်းစားလိုက်ရတာ။ ပြီးတော့ လက်ရှိ ရောက်နေတဲ့ ဘဝကို ပြန်စဉ်းစားမိတယ်။
နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့တဖွဲ့က ဝန်ထမ်းတယောက်။ သူတို့ရုံးက အစိုးရ ဌာနတွေ အားကောင်းအောင် လုပ်ပေးရတယ်။ အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း အလှူရှင်တွေက လုပ်ငန်းတွေ ရပ်လိုက်တော့ သူလည်း အလုပ်ပြုတ်တယ်။ ပြီးတော့ သူက လူငယ်ပီပီ တက်တက်ကြွကြွ။
တကယ်တော့ သူက IDP လို့ခေါ်တဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဖြစ်နေပြီ။
တကယ်တော့ သူက IDP လို့ခေါ်တဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဖြစ်နေပြီ။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာတော့ ရုံးက အခြေအနေကို ကြည့်ရင်း ရန်ကုန်မှာ ဆက်နေတယ်။ ပြီးတော့ အများပြည်သူနဲ့ အတူ တတပ်တအား ပါဝင်တယ်။
မတ်လရောက်တော့ အခြေအနေတွေ တဖြည်းဖြည်း ဆိုးလာတယ်။ အကြမ်းဖက်နှိမ်နင်းတာတွေ ခံလာရတဲ့အခါကျ တော့ ရန်ကုန်ကနေ အညာက ရွာကို ခဏသွားနေလိုက်တယ်။ ဒီမှာနေရင်း အလုပ်လက်မဲ့လည်း ဖြစ်နေ၊ ပြီးတော့ သူ့အညာရွာတွေကလည်း မုန်တိုင်း ဗဟိုချက် ဖြစ်မှန်းမသိ ဖြစ်လာတဲ့အခါ ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်လာတယ်။
ဒီအချိန်မှာပဲ သူ့အရင်လုပ်ခဲ့ဖူးတဲ့ အလုပ်တခုက စစ်ဘေးရှောင်တွေ ကူညီရေးအတွက် လူခေါ်တော့ သူလည်း ဝင်လုပ်ဖြစ်တယ်။ ဒီကနေ အင်တာနက် ပျက်လိုက်၊ လိုင်းမရလိုက်နဲ့ လုပ်နေလို့ မဖြစ်တော့၊ အင်တာနက်ရပြီး ရုံးအလုပ် လုပ်လို့ရတဲ့ အခြားတနေရာကို ရွေ့ရပြန်တယ်။
ဒီအချိန်မှာ ရန်ကုန်က သူနေခဲ့တဲ့ လမ်းထဲက ထူးခြားမှုတွေ ဖြစ်နေပြီ။ လမ်းထဲက စစ်မှုထမ်းဟောင်း တယောက် ရပ်ကွက် ဥက္ကဌ ဖြစ်လာတယ်။ သူနဲ့ ခင်မင်လွန်းတဲ့ ရာအိမ်မှုးက ရပ်ကွက်ဥက္ကဌ အသစ်ရဲ့ လက်စွဲတော် ဖြစ်လာတယ်။
သူ့အကြောင်း အကုန်သိနေတဲ့ လူတွေက ဒီနေရာကို ရောက်နေတဲ့အခါ ရန်ကုန်ပြန်ဖို့ နောက်ကျော မလုံတော့။ ဒီလိုနဲ့ သူ့ ရိပ်မြုံလေးကို ရောင်းထုတ်ရဖို့ ဖြစ်လာတယ်။
အခုအချိန်မှာ ရန်ကုန်က သူနဲ့ ဝေးသည်ထက် ဝေးလာတယ်။ ရန်ကုန်ညတွေဟာ အဝေးက လွမ်းစရာ အိပ်မက်လိုလို ဘာလိုလို။
ပြီးတော့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းကို အနီးကပ်လုပ်နိုင်မယ့် နေရာတခုမှာ ယာယီနေထိုင်ရင်း အလုပ်တွေ ဆက်လုပ်နေဖြစ်တယ်။ အခုအချိန်မှာ ရန်ကုန်က သူနဲ့ ဝေးသည်ထက် ဝေးလာတယ်။ ရန်ကုန်ညတွေဟာ အဝေးက လွမ်းစရာ အိပ်မက်လိုလို ဘာလိုလို။
ကိုသီဟ ရန်ကုန်ကို ခွာပြီး အညာမြို့ဘက်ဆီကို ထွက်လာတဲ့ချိန်မှာ ကျောင်းသားဘဝက အတန်းတူ သူငယ်ချင်း တချို့ ကတော့ လွတ်မြောက်နယ်မြေ ရှိရာဆီ ရောက်နေကြပြီ။ လမ်းကြောင်းအသစ်တခုကို ဖောက်နေကြပြီ။ ကိုသီဟကတော့ စစ်ရေးပဋိပက္ခတွေကြောင့် ဖြစ်လာရတဲ့ ဒုက္ခသည်တွေကို ကူညီနေရသူ။
မတူညီပေမယ့် ဆက်စပ်နေတဲ့ လမ်းနှစ်သွယ်။ ဒီလမ်းနှစ်ခုက ဘယ်မှာ သွားပေါင်းဆုံမလဲလို့ ပြန်စဉ်းစားကြည့်မိတော့ အညာမှာ လာဆုံတယ်လို့ ကိုသီဟ တွေးမိပါတယ်။
ကိုသီဟကိုယ်တိုင်က နှစ်ပေါင်းများစွာ စစ်ဘေးဒဏ်ခံရတဲ့သူတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီသည့် အလုပ်တွေ လုပ်ခဲ့သူ။ သူ့လုပ်သက်တလျှောက် တိုင်းရင်းသား ဒေသတွေမှာသာ ကူညီရေး လုပ်ငန်းတွေ လုပ်ခဲ့ရပါတယ်။
တခါသော အခါကမှ ကိုယ့်အညာဒေသမှာ ဒီလို စစ်ဘေးရှောင်တွေ ဖြစ်လာမယ်၊ ကိုယ်ကိုယ်တိုင် နေရပ်စွန့်ခွာရသူ ဖြစ်လာမယ်လို့ မတွေးခဲ့ဖူးဘူး။
ဒုက္ခသည်စခန်းထဲမှာ ဖြစ်သလို နေထိုင်ဖြတ်သန်းကြရတဲ့ လူတွေ၊ အရေးပေါ်အကူအညီတွေ၊ သဘာဝ ကပ်ဘေးကြောင့် ဒုက္ခရောက်ရတဲ့သူတွေ အများကြီး အများကြီး ကူဖူးတယ်။ ဒါပေမယ့် တခါသော အခါကမှ ကိုယ့်အညာဒေသမှာ ဒီလို စစ်ဘေးရှောင်တွေ ဖြစ်လာမယ်၊ ကိုယ်ကိုယ်တိုင် နေရပ်စွန့်ခွာရသူ ဖြစ်လာမယ်လို့ မတွေးခဲ့ဖူးဘူး။
အခုတော့ ကိုသီဟရဲ့ အညာက ဆွေမျိုးညာတိတွေ မိတ်ဆွေ သင်္ဂဟတွေရဲ့ နေရာတွေက စစ်တလင်း ဖြစ်လာတယ်။ တော်လှန်ရေးမျိုးစေ့ လှိုင်းလုံးတွေက တလှိုင်းပြီး တလှိုင်းတက်လာတယ်။ နေအိမ်တွေ မီးရှို့ခံရတယ်။ ကိုယ့်ရွာထဲကနေ မကြာခဏ ထွက်ပြေးရတယ်။ အစားအသောက်တွေ ဖျက်စီးခံရတယ်။
ကိုသီဟရဲ့ အလုပ်ထဲမှာ နေ့စဉ် စစ်ဘေးရှောင် အရေအတွက် ဘယ်လောက် များလာသလဲဆိုတဲ့ ကိန်းဂဏန်းတွေကို စောင့်ကြည့်ရတဲ့ အလုပ်တခုကလည်း ပါနေပြန်တယ်။ နေ့စဉ် တရိပ်ရိပ်တက်နေတဲ့ ကိန်းဂဏန်းတွေကို အရင်ကလည်း ကြည့်ဖူးပါတယ်။ အဲဒီတုန်းကတော့ ကူညီစရာ လူတွေ တိုးလာတယ်လို့ပဲ ရိုးရိုးတွေးခဲ့မိဖူးတယ်။ အခုတော့ ကိန်းဂဏန်းတခု တိုးလာတိုင်း ငါ့ ဆွေမျိုးတွေ၊ ငါ့သူငယ်ချင်းတွေထဲ ဒုက္ခရောက်သူ တယောက်တိုးလာတာပဲလို့ တွေးမိလာတယ်။
အခုဆိုရင် တနိုင်ငံလုံး ဒုက္ခသည် ၁ သန်းကျော် ဖြစ်နေပါပြီ။ ဒါတောင် တိုက်ရိုက်ထွက်ပြေးရသူတွေပဲ ရှိပြီး ကိုသီဟတို့လို လူမျိုးတွေ မပါသေး။
ဒီလို နေ့စဉ် စိတ်ဒုက္ခတွေကို ကြုံရခြင်းဟာ သူကူညီပေးနေတဲ့ စစ်ဘေးရှောင်ရသူတွေလောက် ဒုက္ခမရောက်ပေမယ့် မတူညီတဲ့ ဒုက္ခတခုလို့ ဆိုရပါမယ်။ ကိုယ့်အိုးပိုင် အိမ်ပိုင်ကို စွန့်ပြီး သူများအိမ်ကို ပြန်ငှားနေရတဲ့ဘဝနဲ့ နေရာအသစ်မှာ ယာယီ ဖြစ်သလို ဖြတ်သန်းနေရတယ်။ နေ့စဉ်သတင်းဆိုးတွေ ကြားနေရ မြင်နေရတယ်။ ကံကောင်းတာ တခုက အခုထိတော့ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ရှိနေသေးတယ်။ နေစရာ ထိုင်စရာလေးတော့ ရှိနေသေးတယ်။
ကိုသီဟရဲ့ လက်ရှိ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် နော်အယ်ဆားတယောက်လည်း သူတို့ကရင်နီမှာ တိုက်ပွဲတွေ ဖြစ်တော့ နေရပ်ရွေ့ပြောင်းရပြန်တယ်။ သူက ကိုသီဟနဲ့ပြောင်းပြန် ရန်ကုန်ကို ရွေ့ရတယ်။ သူ့ရဲ့ တချို့မိသားစုဝင် တွေက ဒုက္ခသည်စခန်းထဲသွား နေရပြီးတော့ အချို့က ပြည်တွင်းဘက်ကို ပြန်ဝင်လာရတယ်။
ပြည်တွင်းဘက်ဆိုတာက အနီးအနား ရှမ်းတောင်ဒေသ တောင်ကြီးဘက်နဲ့ တချို့ကတော့ ရန်ကုန်လို မြို့ကြီး ပြကြီးတွေ ဆီကိုပါ။ နီးစပ်ရာ လမ်းကြောင်းသင့်ရာ။ လေမုန်တိုင်း ခေါ်ဆောင်ရာ။
သူ့လစာကို သူ့ဆွေမျိုးညာတိတွေကို မျှဝေပြီးတော့ စားသောက်နေရတယ်။ သူအလုပ်ပြုတ်လို့ မရဘူး။
နော်အယ်ဆားဆိုလို့ရှိရင် လူဦးရေများတဲ့ မိသားစုကြီးရဲ့ လက်ရှိကာလ တခုတည်းသောဝင်ငွေ အတွက် အလုပ်လုပ် နေရသူ ဖြစ်နေပါတယ်။ သူ့လစာကို သူ့ဆွေမျိုးညာတိတွေကို မျှဝေပြီးတော့ စားသောက်နေရတယ်။ သူအလုပ်ပြုတ်လို့ မရဘူး။
သူအလုပ်မပြုတ်ဖို့ဆိုရင် လုပ်ငန်းသဘောအရ ရုံးအလုပ်တွေကို အဆင်ပြေပြေ လုပ်နိုင်မယ့်နေရာ၊ အင်တာနက်လိုင်း ရပြီး တော့ အိမ်မှာ အလုပ်လုပ်လို့ရမယ့်နေရာ လိုအပ်တယ်။ ဒီအတွက် သူ့မှာ ရွေးချယ်စရာက မြို့ကြီးတွေသာ ရှိပါတယ်။ အလုပ်ဆက်လုပ်နိုင်ရေးအတွက် သူမကြိုက်တဲ့၊ အေးချမ်းတိတ်ဆိတ်တဲ့ ချစ်သော ကရင်နီပြည်နဲ့ ဆီနဲ့ရေလို ကွာခြားတဲ့ ရန်ကုန်၊ ကျဉ်းကျဉ်းကျပ်ကျပ် လူရှုပ်ကားရှုပ် ဆူညံပြီးတော့ မလုံခြုံတဲ့ ရန်ကုန်မြို့ကြီးမှာ လာနေရတယ်။
သူ့ရဲ့ စစ်မြေပြင်ဖြစ်နေတဲ့ ဇာတိထက်တော့ တော်သေးတယ်ဆိုတဲ့ စိတ်နဲ့ နော်အယ်ဆားတယောက် အားတင်းပြီး နေနေ ရပါတယ်။ အယ်ဆားရဲ့ အိမ်နီးနားက သူငယ်ချင်း မော်စိုးမြာကတော့ ရွေးချယ်စရာ မရှိသလို၊ ကိုယ့်နေရာလေးမှာ ရသလောက် နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လွိုင်ကော်မြို့ပေါ်မှာပဲ ပေကပ်နေနေပါတယ်။ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ၊ လက်နက် ကြီး ပစ်သံတွေနဲ့ သတ္တိရှိရှိ နေနေဆဲပဲ ဖြစ်ပါတယ်။
ရန်ကုန်က ကိုသီဟနဲ့ တိုက်တခုတည်း အတူတူ နေခဲ့တဲ့ ကိုမင်းနောင်ကတော့ ပိုပြီး အဆင်ပြေသူလို့ ဆိုချင်ဆိုနိုင်မယ်။ ပြည်ပနိုင်ငံတခုမှာ အလုပ်တခုရအောင် ရှာနိုင်ပြီး မိသားစုကိုပါ ခေါ်သွားနိုင်တယ်။ ဒါပေမယ့် ပြေချင်ယောင်ဆောင်ရတာပေါ့ကွာလို့ ဆွေးဆွေးမြေ့မြေ့ ပြောလာတော့ သူ့စကားတွေ နားထောင်ဖြစ်တယ်။
ကိုမင်းနောင်မှာက ကလေးငယ် နှစ်ယောက်ရှိတော့ ကျောင်းထားဖို့အတွက်ကလည်း မလွယ်ကူဘူး။ စားရိတ်စက ကြီးတာ၊ ကလေးတွေ အဆင်ပြေပြေနေမယ့် ကျောင်းကို ရွေးရတာ၊ နယ်မြေအသစ်မှာ အဆင်ပြေ ချောမွေ့ပါ့မလား စိတ်ပူရတာ၊ နေရေးထိုင်ရေးအတွက် ကိုယ့်လစာနဲ့ လောက်ငအဆင်ပြေမယ့် နေရာကို ရွေးရတာတွေက စလို့၊ လူအသစ်တွေ စကားအသစ်တွေကြားမှာ ရုန်းကန်ရတယ်။
အလုပ်ရှိလို့ အဆင်ပြေနေပေမယ့် ဒီဘက်ကို ရပ်တည် ကူးပြောင်းနိုင်ဖို့တွက် စုဆောင်းထားတာတွေ ရင်းနှီးခဲ့ရတာကတော့ ကိုမင်းနောင်အတွက် စွန့်စားမှုပဲ ဖြစ်ပါတယ်။ ငွေရေးကြေးရေး စွန့်စားရတာထက် သူလုပ်ချင်တဲ့ ကိုယ်ပိုင် လုပ်ငန်း အိပ်မက်တခုကို စွန့်လွှတ်ပစ်ခဲ့ရတာ ဖြစ်ပါတယ်။
ဘဝကို ဘယ်သူ့မှ အပြစ်မမြင်ဘဲ တွေးကြည့်ရင်တောင်မှ တော်တော်လေး စိတ်နာစရာ ကောင်းလှပါတယ်။ ကိုမင်းနောင်လိုဘဲ တချို့က နိုင်ငံခြားကို သွားပြီး အလုပ်လုပ်ကြဖို့၊ တချို့ကလည်း နိုင်ငံခြားကို ထွက်ပြီး ရောက်နေကြပါပြီ။ နည်းလမ်းပေါင်းစုံနဲ့ ဒီနိုင်ငံကနေ ဖြစ်စေ၊ ကိုယ့်နေရပ်ဇာတိကဖြစ်စေ ထွက်ပြေးဖို့ စွန့်ခွာဖို့ ကြိုးစားနေကြရပါတယ်။
ထွက်ခွာရတာချင်း တူပေမယ့် တချို့က ကိုယ့်ခွန်ကိုယ့်အားနဲ့ ရုန်းကန်ကြိုးစား ထွက်ကြရတယ်။ တချို့ကတော့ အသက်အန္တရာယ် လုံခြုံရေးအတွက် မဖြစ်မနေ ထွက်ကြရတယ်။
အများစု အတွက်ကတော့ ထွက်ပြေးစရာ မြေမရှိတော့သလို ဖြစ်လာတယ်။
မုန်တိုင်းခေါ်ဆောင်ရာနောက်မှာ အေးချမ်းတဲ့ဘဝ၊ မျှော်လင့်ချက် အပြည့်နဲ့ ဘဝ၊ စိတ်ကူးယဉ် အိပ်မက်တွေနဲ့ဘဝတွေ ကစဉ့်ကလျား ဖြစ်ကုန်ကြရတယ်။
ဒါဟာ လူတယောက် နှစ်ယောက်ရဲ့ ဇာတ်လမ်း မဟုတ်ပါဘူး။ သန်းချီတဲ့ လူသားတွေရဲ့ပကတိ အဖြစ်အပျက် ဖြစ်ပါတယ်။ မုန်တိုင်းအလယ်မှာ ရပ်တည်ရာမဲ့ ဖြစ်သူတွေ၊ အားကိုးရာမဲ့ ဖြစ်သူတွေထဲမှာ လူ့ဘဝထဲက အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်သူတွေကလည်း မနည်းမနော။
မုန်တိုင်းခေါ်ဆောင်ရာနောက်မှာ အေးချမ်းတဲ့ဘဝ၊ မျှော်လင့်ချက် အပြည့်နဲ့ ဘဝ၊ စိတ်ကူးယဉ် အိပ်မက်တွေနဲ့ဘဝတွေ ကစဉ့်ကလျား ဖြစ်ကုန်ကြရတယ်။ ဒီမုန်တိုင်း ဘယ်ကစတာလဲ။ မုန်တိုင်းတို့ ထုံးစံအတိုင်း လေဖိအားနည်း ရပ်ဝန်းကလေး တခုက စတာပါပဲ။
သဘာဝ မုန်တိုင်းနဲ့ မတူတာက ဒီမုန်တိုင်းဟာ လူလုပ်မုန်တိုင်း ဖြစ်ပါတယ်။ မုန်တိုင်းရဲ့ ဖြစ်တည်ရာ လေဖိအားနည်း ရပ်ဝန်းကလေးကိုတော့ “မိုက်မဲမှု”လို့ ခေါ်လိုက်ချင်ပါတယ်။ လူတစုရဲ့ မိုက်မဲမှုဟာ သန်းချီတဲ့ ကစင့်ကလျား ဘဝတွေရဲ့ အစပဲ မဟုတ်ပါလား။
ဘယ်လိုပင် ရှိပါစေ ပြင်းထန်တဲ့ မုန်တိုင်းဒဏ်အလယ်မှာ ကိုသီဟ၊ ကိုမင်းနောင်နဲ့ နော်အယ်ဆား တို့ကတော့ ကြံ့ကြံ့ ခံနေနိုင်ကြဆဲပဲ ဖြစ်ပါတယ်။
You may also like these stories:
ပြည်ပမှ လုပ်ခလစာငွေ ပြန်လွှဲရေး စစ်ကောင်စီသတ်မှတ်ချက် အခက်အခဲရှိ ဟုဆို
စစ်တပ်ယိမ်း နိုင်ငံရေးသမားပိုင် “ဖောင်းစိန်”ကို သပိတ်မှောက်
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”
ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ