ယူကရိန်း အရှေ့ပိုင်းနှင့် တောင်ပိုင်းမှ နယ်မြေများကို ရုရှားက တဖက်သက် ဆန္ဒခံယူပွဲ ကျင်းပပြီး ပြီးခဲ့သည့် သောကြာနေ့တွင် နယ်ချဲ့သိမ်းပိုက်လိုက်ခြင်းသည် ဒုတိယကမ္ဘာစစ် မတိုင်မီ ဥရောပအခြေအနေနှင့် အတိတ်နိမိတ် မကောင်းစွာ တူညီနေသည်။
နိုင်ငံတကာစနစ် တည်ငြိမ်ရေးအတွက် တာဝန်ရှိသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတနိုင်ငံသည် အိမ်နီးချင်းနိုင်ငံတခုတွင် နေထိုင်ကြသော ရုရှားလူမျိုးစုများကို ကာကွယ်ရန်ဟု အကြောင်းပြကာ ထိုနိုင်ငံ၏နယ်မြေကို အင်အားသုံး သိမ်းယူသည်။
၁၉၃၈ ခုနှစ်တွင် နာဇီဂျာမနီသည် ဆူဒီတန်လန်းကို နယ်ချဲ့သောအခါ ချက်ကိုစလိုဗက်ကီးယားမှ အဖိနှိပ်ခံဂျာမန်များကို ကာကွယ်ရန်ဟု ပြောသည်။ ဗြိတိန်နှင့် ပြင်သစ်တို့က ပဋိပက္ခရှောင်ရှားရန် ဂျာမနီကို ဖျောင်းဖျကြသည်။ သို့သော် နောက်တနှစ် ကြာသောအခါ ဂျာမနီက ပိုလန်ကို ဆက်လက် ကျူးကျော်ပြီး ကမ္ဘာစစ် ဖြစ်သွားစေသည်။
အလားတူအခြေအနေမျိုး ရုရှားသြဇာလွှမ်းမိုးသည့် အခြားနေရာများတွင် ဖြစ်လာမည်ကို လေ့လာသူများ သောကြာနေ့မှ စတင်ကာ စိုးရိမ်နေသည်။ ဂျော်ဂျီယာမှ ခွဲထွက်ဒေသဖြစ်သည့် တောင် အော့ဆက်တီးယားသည် ရုရှားနှင့်ပူးပေါင်းရေး ဆန္ဒခံယူပွဲကျင်းပရန် အခြေအနေကြည့်နေပြီး မော်ဒိုဗာအရှေ့ပိုင်းမှ ရုရှားလိုလားသော ထရန်နစ်ထရီးယား ခွဲထွက်ဒေသတွင် နယ်ချဲ့မည့်အခြေအနေများ ဖြစ်လာနိုင်သည်။
နိုင်ငံတနိုင်ငံ၏ ပိုင်နက်ကို အခြားတနိုင်ငံက သိမ်းပိုက်သည့် မည်သည့်လုပ်ရပ်မဆို အင်အားအသုံးပြုမှုကို ဖြစ်စေပြီး ကုလသမဂ္ဂ ပဋိညာဉ်၏မူများနှင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်ဇ်က ကြာသပတေးနေ့တွင် ပြောသည်။
သို့သော် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တားဆီးမရ ဖြစ်နေသည်။ နယ်ချဲ့သိမ်းပိုက်ခံ ဒေသများတွင် နေထိုင်သူများက မိမိတို့ညီညွတ်ရေး၊ မိမိတို့ ဘုံအနာဂတ်အတွက် မဲပေးခဲ့သည်ဟု မစ္စတာ ပူတင်က သောကြာနေ့က မိန့်ခွန်းတွင် အကြောင်းပြသည်။
ရုရှား၏ လုပ်ငန်းဆောင်တာများသည် ပြီးစီးခြင်း မရှိသေးပေ။ သိမ်းပိုက်ခံနယ်မြေများ ပြန်လည် ရရှိရေးတိုက်ပွဲတွင် အလျှော့ပေးမည်မဟုတ်ကြောင်း ယူကရိန်းသမ္မတ မစ္စတာ ဗိုလိုဒီမာ ဇယ်လန်စကီး ပြောကြားလိုက်ပြီး ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ကွဲသွားခြင်းကို ခိုင်မာစေမည့် မော်စကိုနှင့် အပစ်အခတ်ရပ်စဲရေးကို ငြင်းဆန်လိုက်သည်။
“အဲဒီလိုနယ်ချဲ့သိမ်းပိုက်ဖို့ ကြိုးစားတာ ဘာအဓိပ္ပာယ်လဲဆိုတာ ကမ္ဘာပေါ်က လူတိုင်းသိတယ်” ဟု ကြာသပတေးနေ့က မိန့်ခွန်းတွင် မစ္စတာ ဇယ်လန်စကီးပြောသည်။ “မော်စကို မျှော်လင့်ထားသလိုဖြစ်မှာ မဟုတ်ဘူး” ဟုလည်း သူကပြောသည်။
အနောက်နိုင်ငံများက ကိဗ်ဘက်မှ ရပ်တည်ကြသည်။
“ဒီတရားမဝင်တဲ့ စစ်မှာ သူ ရှုံးနိမ့်အောင် ကျမတို့လုပ်မယ်” ဟု ဗြိတိန်ဝန်ကြီးချုပ် မစ္စ လစ်ဇ်ထရပ်စ်က ပူတင်ကို ရည်ရွယ်သည့် သောကြာနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပိုင်နက်နယ်မြေတည်မြဲမှုကို ပြန်လည် ထိန်းသိမ်းနိုင်သည်အထိ ယူကရိန်းသို့ လူသားချင်းစာနာမှု၊ စီးပွားရေးနှင့် စစ်ရေးအထောက်အပံ့များကို ဆက်လက်ပေးမည်ဖြစ်ကြောင်း ဂျာမနီအာဏာရ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ နိုင်ငံခြားရေးရာ ပြောခွင့်ရသူ နေးလ် ရှမစ်က Nikkei သို့ ပြောသည်။
ရုရှားနိုင်ငံသည် စစ်မြေပြင် ရှုံးနိမ့်မှုများမှ ပြန်လည် နာလန်ထရန်အတွက် အရန်တပ်များကို တစိတ်တပိုင်းအားဖြင့် ဆင့်ခေါ်လိုက်ပြီး လက်ရှိ ပဋိပက္ခတွင် အနောက်နိုင်ငံများ မပါဝင်လာစေရန်အတွက် နျူကလီးယားလက်နက် အသုံးပြုမည်ဟု ခြိမ်းခြောက်သည်။ ဒီမိုကရေစီနိုင်ငံများအကြား မညီညွတ်မှုကို မော်စကိုက မျှော်လင့်နေသည်။
“စစ်ဆက်ဖြစ်နေတဲ့အတွက် နယ်ချဲ့သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ ပြန်လည် ထူထောင်ရေးလုပ်ဖို့ ခက်ခဲလိမ့်မယ်” ဟု နိုင်ငံရေးသိပ္ပံပညာရှင် ဆာဂျက် ဆမ်လန်နီက ပြောသည်။ “အဲဒီဒေသတွေက ရုရှားအတွက် စီးပွားရေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ်” ဟုလည်း သူကပြောသည်။
ဥရောပစီးပွားရေးများ ထောင်းထောင်းကြေနေသည်။ ဂျာမနီသည် စီးပွားရေးတုံ့ဆိုင်း ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ရမည်မှာ သေချာပေါက်နီးပါး ဖြစ်နေသည်။
မော်စကို၏ သေနင်္ဂဗျူဟာနှင့် ပတ်သက်ပြီး ရုရှား၏ အိမ်နီးချင်း လတ်ဗီးယား ဝန်ကြီးချုပ် မစ္စတာ ခရစ်ဂျန်းနစ် ကာရင်စ်က သတိပေးသည်။
“ရုရှားက ဒီမိုကရေစီ အင်အားချည့်နဲ့အောင် လုပ်နေတာကို ကျနော်တို့ မြင်နေရတယ်” ဟု ၂၀၂၀ ပြည့်နှစ်တွင် လတ်ဗီးယားသမ္မတက ပြောသည်။ “ဘယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာမဆို သွေးကွဲမှုကို ရှာဖွေပြီး အကွဲအပြဲကို မီးထိုးပေးနေတယ်” ဟုလည်း သူကပြောသည်။
၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို ရုရှားက သိမ်းပိုက်နယ်ချဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်တို့သည် ရုရှားကို လွန်စွာသက်ညှာခဲ့ကြောင်း ဝေဖန်သူများက ပြောသည်။ ထိုအမှားသည် ၎င်းတို့ ထပ်မလုပ်ရမည့် အမှားဖြစ်သည်။
စစ်အေးတိုက်ပွဲအတွင်း အနောက်အုပ်စုသည် နျူကလီးယားစစ်အန္တရာယ် နီးကပ်နေစေကာမူ ကုန်သွယ်ရေး ထိန်းချုပ်ရန်အတွက် ယန္တရားတခုဖြစ်သည့် နိုင်ငံစုံကော်မတီကို ထူထောင်ခဲ့သည်။ အရေးယူ ပိတ်ဆို့သည့်စနစ်တွင် ချို့ယွင်းချက်များ ရှိနေစေကာမူ ဆယ်စုနှစ် ၄ ခု ကြာသောအခါ ကွန်မြူနစ်အာဏာရှင်စနစ် ပြိုလဲသွားစေသည်။
စီးပွားရေးအန္တရာယ်များကို တားဆီးနေမည့်အစား အနောက်နိုင်ငံများအနေဖြင့် ရုရှားသဘာဝဓာတ်ငွေ့ တင်သွင်းမှု လုံးဝပိတ်ပင်ခြင်းကဲ့သို့ ပိုမိုပြင်းထန်သော အရေးယူ ပိတ်ဆို့မှုများ ချမှတ်သင့်သည်။ လာမည့်နှစ်တွင် စက်မှုထိပ်သီး ၇ နိုင်ငံအုပ်စု ဥက္ကဋ္ဌတာဝန်ယူရမည့် ဂျပန်လည်း ထိုအတိုင်း လိုက်ပါလုပ်ဆောင်ရမည်။
ရုရှားကို မဟန့်တားပါက တရုတ်အပါအဝင် အခြားအာဏာရှင်များသို့ မှားယွင်းသော သတင်းစကား ပေးပို့လိုက်ခြင်းဖြစ်ပြီး အရှေ့ဖျားတွင်ပါ အနာဂတ်ပြဿနာများအတွက် မျိုးစေ့ချပေးလိုက်ခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများအနေဖြင့် မော်စကို၏ ခေတ်မမီတော့သော နယ်ချဲ့စနစ်ကို အခိုင်အမာ ဆန့်ကျင်ရမည်ဖြစ်သည်။
ကိုးကား။ ။ Nikkei Asia သတင်း Russia’s annexations in Ukraine echo prelude to World War II in Europe
You may also like these stories:
စစ်မှုမထမ်းလို၍ အိမ်နီးချင်းနိုင်ငံများသို့ ရုရှား ၂ သိန်းလောက် ထွက်ပြေး
အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သချိုင်္င်းများ ယူကရိန်း ရှာတွေ့
ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ
ရုရှားထောက်လှမ်းရေး နိုင်ငံခြားဌာန အကြီးအကဲကို ပူတင်ဖမ်းထား