လွန်ခဲ့သော နှစ်ဦးက မြန်မာအရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီး ထောင်ပေါင်းများစွာသော သူများကို သတ်ဖြတ်ဖမ်းဆီးမှုများ မပြုလုပ်မီက မနှင်းဆီသည် မြန်မာနိုင်ငံတောင်ပိုင်း မြို့ကြီးဖြစ်သော ထားဝယ်တွင် ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်ခဲ့သည်။
အလုပ်ဆင်းရသည့် နေရက်များတွင် သူသည် ရုံးသို့သွားမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရက်သတ္တပတ်ကုန်တွင် မိတ်ဆွေများနှင့် ကပ္ပလီပင်လယ်ကို မိုးနေသည့် တောင်များသို့ ခြေကျင် သွားရောက်သလို စက်ဘီးစီး၍လည်း သွားရောက်မည်ဖြစ်သည်။
သို့သော် ထိုသို့သော နေ့ရက်များ ကုန်ဆုံးသွားပြီ ဖြစ်သည်။
စစ်အုပ်စုသည် နိုင်ငံတဝှမ်းကျယ်ပြန့်သည့် ဆန့်ကျင်မှုများကို နှိမ်နင်းရန် ကြိုးစားနေရသောကြောင့် တော်လှန်ရေးတွင် အဓိကကျသည့် အင်အားစုများဖြစ်သည့် လူငယ်များကို အဓိက ပစ်မှတ်ထားသည်။ မြန်မာလူငယ်များ ရင်ဆိုင်နေရသည့် ပြဿနာများကို ပိုမိုဆိုးရွားစေသော အချက်မှာ နိုင်ငံစီးပွားရေး ပြိုလဲနေပြီး ပညာသင်ကြားရမည့် အခွင့်အလမ်းများ ပျောက်ကွယ်နေခြင်းဖြစ်သည်။
“လူငယ်တိုင်း လူငယ်တိုင်းကို စစ်ကောင်စီက ရန်သူသဖွယ်ဆက်ဆံနေတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။
“လူငယ်တိုင်း လူငယ်တိုင်းကို စစ်ကောင်စီက ရန်သူသဖွယ်ဆက်ဆံနေတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုကို စစ်တပ်က ဖြိုခွဲစဉ် အသက် ၁၆ နှစ်မှ ၃၅ နှစ်အကြား လူငယ် ၉၀၀ ကျော် သတ်ဖြတ်ခံရပြီး ထိုအရွယ် လူငယ် ၂,၈၀၀ ကျော်ကိုလည်း စစ်တပ်ဖမ်းထားကြောင်း AAPP က ပြောသည်။
“ဒီလူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်ပဲ ဖြစ်သင့်တယ်။ နောက်ပြီး စစ်တပ်ဆိုတဲ့သူတွေက သူတို့ကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတယ်။ နိုင်ငံနဲ့လူအဖွဲ့အစည်းရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာပဲ” ဟု ကိုဘိုကြည်က ပြောသည်။
Al Jazeera သတင်းဌာနသည် မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှ အသက် ၂၀ နှင့် ၃၀ ကြား လူငယ် ၈ ဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။ တနင်္သာရီတိုင်းတွင် ဒေသခံတော်လှန်ရေး အင်အားစုများသည် လွန်ခဲ့သာ နှစ်အတွင်း အင်အားကြီးထွားလာနေပြီး စစ်တပ်ကလည်း ၎င်းတို့ကို ထောက်လှမ်း၊ သတ်ဖြတ်၊ ဖမ်းဆီးနေသည်။
ထိုသို့ တွေ့ဆုံမေးမြန်းခဲ့သူ အားလုံးက လူငယ်များသည် နိုင်ငံမှထွက်ခွာခြင်း၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် နေရာများတွင် ခိုလှုံခြင်း၊ လက်နက်ကိုင် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းတို့ကြောင့် မြို့ကြီးမြို့ငယ်များတွင် လူငယ်များ မရှိတော့ကြောင်း ပြောသည်။ စစ်တပ်ထိန်းချုပ်ထားသော နေရာများတွင် နေထိုင်နေရသူများမှာလည်း ကြောက်လန့်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာ နေထိုင်ကြရသည်။
အသက် ၂၀ ကျော် မနှင်းဆီသည် စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီး ဆန္ဒပြနေသော နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ပုံငွေရှာသည့် Facebook စာမျက်နှာတခု ထူထောင်ခဲ့သော်လည်း ယခုအခါတွင် အပြင်သိပ်မထွက်ဖြစ်တော့ဘဲ အွန်လိုင်းပို့စ်တင်ခြင်းလည်း လုံးဝမလုပ်တော့ပေ။ စစ်ဘေးရှောင်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးသောကြောင့် သူနှင့် ရင်းနှီးသူတဦး အဖမ်းခံရပြီးနောက် မကြာသေးမီက မနှင်းဆီလည်း သူငယ်ချင်းတယောက်အိမ်တွင် ပုန်းအောင်းနေရသည်။
“ကျမတို့ လူငယ်တွေဟာ ဒီထဲမှာ ပိတ်မိနေပြီး အနာဂတ်က မျှော်လင့်ချက် ကင်းမဲ့နေတယ်လို့ ခံစားနေရတယ်”
“ကျမတို့ လူငယ်တွေဟာ ဒီထဲမှာ ပိတ်မိနေပြီး အနာဂတ်က မျှော်လင့်ချက် ကင်းမဲ့နေတယ်လို့ ခံစားနေရတယ်” ဟု သူကပြောသည်။
သူ၏ အမည်ရင်းအတိုင်းသုံးရန် တောင်းဆိုသည့် ဆန္ဒပြ ခေါင်းဆောင်တဦးမှအပ ယခုသတင်းအတွက် တွေ့ဆုံမေးမြန်းသူအားလုံး၏ အမည်များကို ပြောင်းလဲထားသည်။ စစ်တပ်က လက်စားချေမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်သည်။
လုံခြုံသောနေရာမရှိ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း မြန်မာတွင် ငြိမ်းချမ်းသော ဆန္ဒပြပွဲများ ပေါ်ပေါက်လာသော်လည်း ဧပြီလသို့ ရောက်သောအခါ စစ်တပ်က ရာပေါင်းများစွာသော လက်နက်မဲ့ အရပ်သားများကို လူသတ်လက်နက်ဖြင့် ပစ်ခတ်သောအခါ နိုင်ငံအနှံ့အပြားမှ လူငယ်များ လက်နက်စွဲကိုင်ကြရသည်။
ပြည်သူလူထုသည် တော်လှန်ရေး နည်းပရိယာယ်များ ချမှတ်လိုက်သောကြောင့် စစ်တပ်သည် ၎င်းတို့၏ အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအတွက် လုံခြုံသောနေရာမရှိအောင် လုပ်ဆောင်ထားသည်။ စစ်သားများနှင့် ရဲများသည် သံသယရှိသော အစိုးရဆန့်ကျင်သူများ၏ နေအိမ်များကို မကြာခဏ ဝင်ရောက်စီးနင်းကြသည်။ ဧည့်စာရင်းမတိုင်သူများကို ရှာဖွေရန်၊ ညအိပ်ညနေ ဧည့်သည်များကို ရှာဖွေရန်လည်း ၎င်းတို့သည် တအိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးကြသည်။
ပုန်းအောင်းနေသော နေရာများမှ အစိုးရဆန့်ကျင်သူများ ထွက်လာစေရန် စစ်တပ်က ၎င်းတို့၏ မိသားစုများနှင့် မိတ်ဆွေများကိုလည်း ဖမ်းဆီးကြသည်။ အာဏာသိမ်းပြီးနောက် သက်ကြီးရွယ်အို မိသားစုဝင်များ၊ ကလေးများ အပါအဝင် လူ ၄၅၀ ကျော်ကို ထိုသို့သော ပုံစံဖြင့် ဖမ်းဆီးထားကြောင်း AAPP ၏ အချက်အလက်များအရ သိရသည်။
စစ်ကောင်စီတပ်များသည် လမ်းမများတွင်လည်း လူများကို ထင်သလို ရှာဖွေပြီး ဖုန်းများကို စစ်ဆေးကာ တော်လှန်သော အထောက်အထားများကို ရှာဖွေသည်။ စစ်ဆေးရေး စခန်းများတွင် ရပ်မပေးသောကြောင့် ပစ်သတ်ခံရသူ အနည်းဆုံး ၇ ဦး ရှိကြောင်း AAPP က ပြောသည်။ နိုဝင်ဘာလမှစတင် ပိတ်ပင်ထားသော အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရသည့် စည်းကမ်းကို ချိုးဖောက်သောကြောင့် ပစ်သတ်ခံရသူ အနည်းဆုံး ၁ ဦးရှိသည်။
အွန်လိုင်း လှုပ်ရှားမှုများသည်ပင် အန္တရာယ်များလှသည်။ လူမှုကွန်ရက်တွင် လှုံ့ဆော်မှုများအတွက်ဟုဆိုကာ ယခုနှစ်အတွင်း လူ ၂၀၀ ကျော် အဖမ်းခံရပြီး ၇ ဦးမှာ လက်နက်ကိုင်များသို့ ၁၀ ဒေါ်လာအောက် ငွေကြေးကို မိုဘိုင်းဘဏ်လုပ်ငန်းမှ လွှဲပေးသောကြောင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ထောင် ၇ နှစ်မှ ၁၀ နှစ်အထိ ချခံရသည်ဟု လွတ်လပ်သော အာရှအသံ (RFA) ၏ သတင်းအရ သိရသည်။
တနင်္သာရီဒေသခံ သုတေသနအဖွဲ့ Southern Monitor က ယခုအပတ်အတွင်း ထုတ်ပြန်သည့် အစီအရင်ခံစာအရ စစ်ကောင်စီ တပ်များ၏ ပစ်သတ်၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခံရမည့် အန္တရာယ်သည် သိသိသာသာ မြင့်မားလာကြောင်း သိရသည်။
တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ လွန်ခဲ့သော သြဂုတ်လမှ စတင်ဖြစ်ပွားသည့် တနင်္သာရီတိုင်းတွင် အခြေအနေ သိသိသာသာ ဆိုးရွားနေသည်။ တနင်္သာရီဒေသခံ သုတေသနအဖွဲ့ Southern Monitor က ယခုအပတ်အတွင်း ထုတ်ပြန်သည့် အစီအရင်ခံစာအရ စစ်ကောင်စီ တပ်များ၏ ပစ်သတ်၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခံရမည့် အန္တရာယ်သည် သိသိသာသာ မြင့်မားလာကြောင်း သိရသည်။
“အခုလက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခမှာ လူငယ်တွေက အများစု ပါဝင်ကြပြီး သူတို့တွေကလည်း အထိခိုက်အခံရဆုံးသူတွေ ဖြစ်နေတယ်” ဟု ထိုအဖွဲ့မှ ပြောခွင့်ရသူတဦးက Al Jazeera သို့ စာဖြင့် အကြောင်း ပြန်သည်။
တနင်္သာရီ ကျေးလက်ဒေသတွင် စစ်တပ်သည် နေအိမ်များကို မီးရှို့ပြီး လူနေရပ်ကွက်များကို အမြောက်ဖြင့် ပစ်သောကြောင့် လူ ၂၃,၀၀၀ နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။ ထိုသို့ ထွက်ပြေးရသူများအနက် ၇,၀၀၀ ခန့်သည် လက်ရှိအချိန်အထိ နေရပ် မပြန်နိုင်သေးကြောင်း Southern Monitor က ဖော်ပြသည်။
မတ်လတွင် တိုက်ပွဲများ ပြင်းထန်လာသောကြောင့် အသက် ၂၁ နှစ် ရှိပြီဖြစ်သော မနိုနိုသည် တာကူးဟူသည့် ကျေးရွာမှ ထွက်ပြေးရသည်။
နောက် ၂ လကြာသောအခါ မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ထားသည့် အမျိုးသားအလောင်း ၄ လောင်းကို ထိုရွာ ပတ်ဝန်းကျင်တွင် တွေ့ရသည်။ ထိုအကြမ်းဖက်မှုများကြောင့် ဒေသခံကျေးရွာ ၂၀ မှ ရွာသားများ ထွက်ပြေးရသည်။ “ရွာကလူတွေ တယောက်မှ မကျန်တော့ဘူး” ဟု ယခုအခါ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသည့် မနိုနိုက ပြောသည်။ “ကျမ အကြောက်ဆုံးကတော့ စစ်တပ်က ကျမ ခေတ္တတိမ်းရှောင်နေတဲ့ နေရာကို တိုက်ခိုက်မှာကိုပဲ။ သူတို့တိုက်လာရင် ကျမမှာ ပြေးစရာနေရာ မရှိတော့ဘူး” ဟု မနိုနိုက ပြောသည်။
ဆန္ဒပြပွဲများ ဆက်လက်ဖြစ်နေ
စစ်ကောင်စီသည် ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများကို ဖြိုခွဲရာတွင် လူ ၂,၂၀၀ ကျော်ကို သတ်ဖြတ်ပြီး ၁၅,၀၀၀ ကျော်ကို ဖမ်းဆီးထားစေကာမူ အချို့သော ဆန္ဒပြအဖွဲ့များသည် ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန့်ကျင် ကန့်ကွက်နေဆဲ ဖြစ်သည်။ “ကျနော်တို့က အခြေအနေ အရမ်းရှုပ်ထွေးပြီး အန္တရာယ်များနေတာတောင် ဆက်လက် ဆန္ဒပြ ကန့်ကွက်နေတယ်” ဟု ဆန္ဒပြကန့်ကွက်ပွဲများတွင် ဆက်လက် ပါဝင်နေသော တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ ကိုရေမွန်က ပြောသည်။
စစ်အာဏာမသိမ်းမီက ရေမွန်သည် ပြည်ပတွင် ပညာဆည်းပူးရန် ကြိုးစားခဲ့သော်လည်း ယခုအခါတွင်မူ အဖမ်းမခံရစေရန် တနေရာမှ တနေရာသို့ ရွှေ့ပြောင်းနေရသည်။ သူ၏ ဆန္ဒပြအုပ်စုသည် ၎င်းတို့၏ နေ့စဉ် လိုအပ်ချက်များ ရရှိရန် ရပ်ရွာလူမှုအသိုက်အဝန်းကို မှီခိုနေရသော်လည်း ကုန်ဈေးနှုန်းများ လွန်စွာမြင့်တက်ခြင်း၊ ကျပ်ငွေတန်ဖိုး ပြိုလဲခြင်း၊ စီးပွားရေးအခြေအနေ ဆိုးရွားခြင်းများကြောင့် ဖုန်းဘေလ် ဖြည့်ရန်၊ ဆန္ဒပြသည့်နေရာများသို့ သွားရောက်ရန်အတွက် ဆိုင်ကယ်ဆီဖြည့်ရန်ပင် မတတ်နိုင်သလောက် ဖြစ်နေသည်။ စားစရာအတွက် ငွေမလုံလောက်မှုများ မကြာခဏဖြစ်နေပြီး စစ်သားများကို ရှောင်ရှားရန် တောထဲတွင် လူစုခွဲနေရသည်။
“စစ်အာဏာရှင်စနစ်အောက် မြန်မာနိုင်ငံမှာနေရတာက ငရဲမှာနေရတာနဲ့ အတူတူပဲ”
“စစ်အာဏာရှင်စနစ်အောက် မြန်မာနိုင်ငံမှာနေရတာက ငရဲမှာနေရတာနဲ့ အတူတူပဲ” ဟု ရေမွန်က ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများကို လူ့အခွင့်အရေးအဖွဲ့များနှင့် မီဒီယာများက မှတ်တမ်းတင်ထားသော်လည်း ရေမွန်အတွက် အစိုးရိမ်ဆုံးကိစ္စမှာ အဖမ်းခံရပြီးနောက် ဆန္ဒပြပွဲများ ဆက်လက် မလုပ်ဆောင်နိုင်မည်ကို စိုးရိမ်ခြင်းဖြစ်သည်။
သူ့၏ လုပ်ဖော်ကိုင်ဘက် ဆန္ဒပြခေါင်းဆောင်ကို ကိုမင်းလွင်ဦးသည် စစ်သားများနှင့် မကြာခဏ အနီးကပ် ရင်ဆိုင်ရသည်။
သိန်းနှင့်ချီသည့် လူထုအာဏာဖီဆန်ရေး ဆန္ဒပြဝန်ထမ်းများအနက် တဦးဖြစ်သော အစိုးရ အင်ဂျင်နီယာဟောင်း ကိုမင်းလွင်ဦးသည် ထားဝယ်မြို့တွင် ပထမဆုံး ဆန္ဒပြပွဲများကို စီစဉ်သူများတွင် ပါဝင်သည်။ မတ်လက သူပုန်းအောင်းနေသော နေရာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူ ၈ ဦးကို ဖမ်းဆီးသည်။ ဧပြီလတွင် သူသည် လောင်းလုံသို့ ရွှေ့ပြောင်းပြီး ထိုနေရာတွင် ဆန္ဒပြပွဲများကို ဆက်လက် ဦးဆောင်သည်။
ယမန်နှစ် နိုဝင်ဘာလတွင် စစ်သားများသည် သူ့မိသားစုနေထိုင်သော အိမ်ကို ဝင်ရောက်ဖျက်ဆီးပြီး သူ့ မိခင်ကို ဖမ်းဆီးသည်။ ကိုမင်းလွင်ဦး၏ ပြောကြားချက်အရ စစ်သားများသည် သူ၏မိခင်ကို သေနတ်ဒင်ဖြင့် ရိုက်နှက်ပြီး ၄ ရက်ကြာ စစ်မေးပြီးမှ ပြန်လွှတ်ပေးကြောင်း သိရသည်။
စစ်တပ်နှင့် ပတ်သက်သည့် ပျူစောထီးတဦးက ကိုမင်းလွင်ဦးနှင့် သူ့မိသားစုကို Facebook တွင် ခြိမ်းခြောက်သည်။ “ကျနော် ဆက်လက် ဆန္ဒပြတာတွေ၊ တခြားလှုပ်ရှားမှုတွေလုပ်ရင် ကျနော်နဲ့ ကျနော့် မိသားစုကို သတ်မယ်လို့ သူတို့ ခြိမ်းခြောက်တယ်” ဟု သူက ပြောသည်။ လွန်ခဲ့သော နှစ်ကလည်း အလားတူ စစ်ခါးပိုက်ဆောင်အုပ်စုများသည် မြန်မာနိုင်ငံတောင်ပိုင်းမှ လူ ၁၈ ဦးအပါအဝင် တော်လှန်ရေး အင်အားစုနှင့် ပတ်သက်သူ အများအပြားကို သတ်ဖြတ်ခဲ့ကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ကိုမင်းလွင်ဦးသည် သူ့ဇနီးနှင့် ရင်သွေးငယ်၏ လုံခြုံရေးအတွက် စိုးရိမ်နေရသော်လည်း အရှုံးမပေးရန် ဆုံးဖြတ်ထားသည်။
“ကျနော်တို့ ရေငုံနှုတ်ပိတ်နေလို့မရဘူး။ ခြိမ်းခြောက်မှုတွေရှိပေမယ့် ကိုယ်လုပ်စရာ ကိုယ်ဆက်လုပ်ရမယ်။ မိသားစုအနာဂတ် အစီအစဉ်နဲ့ အိပ်မက်တွေအားလုံး ပျက်စီးသွားပြီ။ စစ်အာဏာရှင် စနစ်ကို ကျနော်တို့ မတိုက်ရင် ကျနော်တို့ ဘယ်တော့မှ လွတ်လပ်မှာ မဟုတ်ဘူး”
“ကျနော်တို့ ရေငုံနှုတ်ပိတ်နေလို့မရဘူး။ ခြိမ်းခြောက်မှုတွေရှိပေမယ့် ကိုယ်လုပ်စရာ ကိုယ်ဆက်လုပ်ရမယ်။ မိသားစုအနာဂတ် အစီအစဉ်နဲ့ အိပ်မက်တွေအားလုံး ပျက်စီးသွားပြီ။ စစ်အာဏာရှင် စနစ်ကို ကျနော်တို့ မတိုက်ရင် ကျနော်တို့ ဘယ်တော့မှ လွတ်လပ်မှာ မဟုတ်ဘူး” ဟု သူကပြောသည်။
လူငယ်များ အလုံးအရင်းဖြင့် နိုင်ငံစွန့်ခွာ
မည်သူမျှ ဆက်လက် နေထိုင်လိုခြင်း မရှိသောကြောင့် တနင်္သာရီတိုင်းမှ လူငယ်များသည် အလုံးအရင်းဖြင့် နိုင်ငံကို စွန့်ခွာနေသည်။
“စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ လူငယ်အများအပြား ထွက်ပြေးရတယ်” ဟု အသက် ၂၄ နှစ်အရွယ် မစတီးက ပြောသည်။ “မြို့ထဲမှာ ဆက်နေတဲ့ လူငယ် သိပ်မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းမှုအပြီးတွင် သူမသည် တနင်္သာရီတောင်ပိုင်း မြိတ်မှ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂနှင့်အတူ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော်လည်း ဧပြီလသို့ ရောက်သောအခါ မြို့မှ ထွက်ခွာပြီး ပတ်ဝန်းကျင် ကျေးရွာများတွင် တနေရာပြီး တနေရာ လှည့်လည်နေထိုင်ရသည်။ ယခုနှစ် အစောပိုင်းတွင် သူမသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် လွတ်မြောက်ဒေသသို့ ရောက်ရှိသွားပြီး ပဋိပက္ခကြောင့် ထွက်ပြေးလာသူများအတွက် ပညာရေးနှင့် လူသားချင်းစာနာမှု အကူအညီဆိုင်ရာ စေတနာ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည်။
အခြားသော လူငယ်များလည်း နိုင်ငံမှ ထွက်ခွာကြသည်။ အသက် ၂၅ နှစ်ရှိပြီဖြစ်သော ကိုရှိုင်းသည် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သောကြောင့် လွန်ခဲ့သော မတ်လကတွင် သူ့ကိုဖမ်းဆီးရန် အိမ်ရှေ့သို့ စစ်ထရပ်ကား ၇ စီး ရောက်လာသည်။ သူ၏ မိဘများသည် ပတ်ဝန်းကျင် ကျေးရွာများတွင် တိမ်းရှောင်နေပြီး ကိုရှိုင်းသည်လည်း ရာဘာစိုက်ခင်းတခုတွင် ပုန်အောင်းနေထိုင်ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နောက်ထပ် ၂ ကြိမ် ရင်ဆိုင်ရပြီးနောက် မေလတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးရန် စီစဉ်ခဲ့ရသည်။
စစ်အဏာမသိမ်းမီက သူ၏တက္ကသိုလ်ကို ကိုယ်စားပြုပြီး နည်းပညာညီလာခံတခု တက်ရောက်ရန် ဘန်ကောက်သို့ လေယာဉ်ဖြင့် သွားရောက်ဖူးသည်။ သို့သော် ယခုတကြိမ်တွင်မူ သူသည် ခြေကျင်လျှောက်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိကာ ကျွန်းတကျွန်းတွင် ပန်ကန်ဆေးသည့် အလုပ်လုပ်နေရသည်။
“ကျနော်က ကျောင်းတက်ချင်တာ။ ဒါပေမယ့်အခု စားသောက်ဆိုင်မှာ လုပ်နေရတယ်။ ဒီအကြောင်း စဉ်းစားမိတိုင်း စစ်တပ်ကို ဒေါသထွက်တယ်။ ကျနော်တို့အနာဂတ် ပျောက်ဆုံးသွားသလို ခံစားနေရတယ်”
“ကျနော်က ကျောင်းတက်ချင်တာ။ ဒါပေမယ့်အခု စားသောက်ဆိုင်မှာ လုပ်နေရတယ်။ ဒီအကြောင်း စဉ်းစားမိတိုင်း စစ်တပ်ကို ဒေါသထွက်တယ်။ ကျနော်တို့အနာဂတ် ပျောက်ဆုံးသွားသလို ခံစားနေရတယ်” ဟု သူကပြောသည်။
သူသည် မြန်မာစစ်သားများနှင့် ရဲများထံမှ ထွက်ပြေးနေရန် မလိုတော့သော်လည်း ယခုအခါတွင် အထောက်အထားမဲ့ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများကို မကြာခဏ ပြည်နှင်ဒဏ် ပေးလေ့ရှိသော ထိုင်းအာဏာပိုင်များကို ကြောက်နေရသည်။
“ကျနော်က တရားမဝင် လမ်းကြောင်းကနေ လာတာ။ ကျနော်အဖမ်းခံရပြီး ထိုင်းအစိုးရက ကျနော့်ကို စစ်တပ်လက်ကို အပ်လိုက်ရင် ဘာဆက်ဖြစ်မယ်ဆိုတာ စဉ်းတောင် မစဉ်းစားရဲဘူး” ဟု သူကပြောသည်။
ယခုနှစ်အတွင်း တိုက်ပွဲများသည် သူ့မိဘများဒေသများအထိ ပျံ့နှံ့လာသောကြောင်း ၎င်းတို့၏ လုံခြုံရေးအတွက်လည်း သူ စိုးရိမ်နေရသည်။ “ကျနော့်ကြောင့် ကျနော့်မိသားစု ဒုက္ခရောက်တဲ့အကြောင်း စဉ်းစားမိရင် အပြစ်ရှိသလို ခံစားနေရတယ်” ဟု သူကပြောသည်။
နိုင်ငံတွင်ကျန်ရစ်ခဲ့သည့် သက်တူရွယ်တူ လူငယ်များနှင့် စကားပြောသောအခါ သူ၏ အပြစ်မကင်းခံစားရသည့် စိတ်သည် ပိုမိုဆိုးရွားလာသည်။ “ကျနော်က ကျနော်တယောက်တည်း အကျိုးအတွက် နိုင်ငံကထွက်သွားတယ်လို့ သူတို့ပြောတယ်။ ကျနော်ဟာ တော်လှန်ရေးထဲ မပါတော့ဘူးလို့လည်း သူတို့ပြောကြတယ်” ဟု သူကပြောသည်။
လူငယ်အများအပြားသည် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ကြသည်။ အသက် ၃၂ နှစ်အရွယ် မထားသည် လွန်ခဲ့သော မတ်လက သတင်းသမားအဖြစ် လုပ်ကိုင်ရင်း သူမ ပုန်းအောင်းနေသည့် ရုံးခန်းကို စစ်ထရပ်ကား ၄ စီးဖြင့် အဝိုင်းခံရပြီးနောက် မြိတ်မှ လွတ်မြောက်ဒေသသို့ ထွက်ပြေးခဲ့သည်။ ထိုစဉ်က စစ်ကောင်စီသည် မီဒီယာများကို အရှိန်မြှင့် ဖြိုခွဲနေသည့်အချိန် ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသည့် သတင်းသမား ၁၃၀ ကျော်ပြီ ဖြစ်သည်။
“အဖေနေမကောင်းဘဲ အိပ်ယာထဲမှာ လဲနေတယ်လို့ ကျမ သိရတယ်။ သူ့ကို သွားပြီး ကြည့်ရှုစောင့်ရှောက်လို့ မရတော့ဘူး။ ကျမ တော်တော်စိတ်ထိခိုက်တယ်။ ပိုမိုအရေးကြီးတဲ့ အရေးအတွက် ပြည်သူတွေကို တာဝန် ထမ်းဆောင် ပေးနေတယ်လို့ပဲ ကျမကိုယ်ကျမ အားပေးရတယ်”
အင်တာနက်အဆက်အသွယ် မကောင်းသောကြောင့် လွတ်မြောက်ဒေသတွင် သတင်းသမားအဖြစ် ဆက်လက် လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အတွက် ဆေးဝန်ထမ်းအဖြစ် လေ့ကျင့်ရသည်။ ယခုနှစ် ဧပြီလတွင် သူမသည် ရွာအနီးစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရသည်။
“အဖေနေမကောင်းဘဲ အိပ်ယာထဲမှာ လဲနေတယ်လို့ ကျမ သိရတယ်။ သူ့ကို သွားပြီး ကြည့်ရှုစောင့်ရှောက်လို့ မရတော့ဘူး။ ကျမ တော်တော်စိတ်ထိခိုက်တယ်။ ပိုမိုအရေးကြီးတဲ့ အရေးအတွက် ပြည်သူတွေကို တာဝန် ထမ်းဆောင် ပေးနေတယ်လို့ပဲ ကျမကိုယ်ကျမ အားပေးရတယ်” ဟု သူကပြောသည်။
ထိုစဉ်က မိသားစုသည် သူမကို စွန့်လွှတ်ကြောင်း လူသိရှင်ကြား ကြေညာထားရသည်။ ထိုသို့ စွန့်လွှတ်ရခြင်းမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဆန့်ကျင်သူများ၏ မိသားစုရာပေါင်းများစွာသည် ၎င်းတို့ကို စစ်တပ်က လက်စားချေမည် စိုးရိမ်သောကြောင့် လုပ်ဆောင်ရခြင်းဖြစ်သည်။
“ကျမရဲ့ မိဘတွေက ကျမတို့အမျိုးတွေရှိတဲ့ ထိုင်းနိုင်ငံကို ကျမလိုက်သွားစေချင်ကြတာ။ ဒါပေမယ့် ကျမက လိုက်မသွားချင်ဘူး။ ကျမတို့ တိုက်ပွဲဝင်မှ ကျမတို့ စစ်ကျွန်ဘဝက လွတ်မြောက်မှာ” ဟု သူကပြောသည်။
(Al Jazeera မှ Emily Fishbein, Nu Nu Lusan နှင့် Zin Min Htet တို့ ရေးသားသော Young, rebellious and the Myanmar military’s ‘worst enemy’ ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီ စစ်ကြောရေးတွင် သတ်ဖြတ်ခံရသူ ၃၀၀ နီးပါးရှိလာ
မြန်မာ့နွေဦး တော်လှန်ရေးထဲက အသက်ကယ် လက်များ
လက်ယက်ကုန်းမှ ကလေးငယ်များ လွတ်မြောက်ရေး အကူအညီမဲ့နေ