စာရေးဆရာကြီး တိုက်စိုးက စာရေးဆရာဘဝ ဆိုတဲ့စာတပုဒ်မှာ စာရေးဆရာဟူသည်ကို အခုလို ဖွင့်ဆိုရေးသားခဲ့တယ်။ “သူတို့တွင် အစွမ်းတခုသာ ရှိ၏။ ထိုအစွမ်းမှာသူတို့၏ ဉာဏ်ပညာအရ ကျမ်းဂန်ဝတ္ထု၊ ကဗျာအစုစုကို ဖန်တီးပြုစုခြင်းပင် ဖြစ်သည်။ လောကရေးရာ၊ လူမှုရေးရာ၌ ဤကားအကောင်း၊ ထိုကားအဆိုး၊ ဤကားအလှ၊ ထိုကားရွံမုန်းစရာဟူ၍ သူတို့၏ စိတ်သဏ္ဌာန်တွင် ထင်သမျှကို သရုပ်သကန်ဖော်ကာ စာဖတ်သူ၊ စာနာသူအား ခံစားနှလုံးသွင်းစေခြင်းပင် ဖြစ်သည်။”
မြန်မာစာပေလောကမှာ စာရေးဆရာ၊ ကဗျာဆရာတွေ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ပြီး ကဗျာ၊ ဝတ္ထု၊ အက်ဆေး၊ ဆောင်းပါး သန်ရာသန်ရာ ရေးသားတင်ဆက်ခဲ့ကြတာ ဒီနေ့ထိပဲ။ လုံးချင်းဝတ္ထု၊ ဝတ္ထုတို၊ ရသအက်ဆေး ကြိုက်ရာရွေးချယ် ဖတ်ခဲ့ကြရာမှာ ဒီဘက်ပိုင်း ၂၀၁၇ ခုနှစ်လောက် ရောက်တော့ မိမိနှစ်သက်ရာစာအုပ်ကို အပိုင်ဝယ်ဖတ်ကြတဲ့ အခြေအနေတခုကို ရောက်လာတယ်။
စာကောင်းပေမွန်တွေလည်း အကြိမ်ကြိမ်ရိုက်ပြီး ထုတ်ဝေလာကြတော့ ၁၉၈၀ ကျော်ကာလကလို စာအုပ်ဟောင်းတန်းသွား မွှေနှောက်ရှာစရာ မလိုတော့ဘဲ အက်ဒစ်ရှင်းအသစ်၊ စာအုပ်အသစ်တွေ ဝယ်ဖတ်လာနိုင်ကြတယ်။ စာအုပ်တိုက်တွေဟာ စာကောင်းပေမွန်တွေကို ပြန်လည် ရိုက်ထုတ်ဝေလာကြသလို စိတ်ကူးစိတ်သန်း အသစ်တွေသုံးပြီး အဟောင်းထဲက အကောင်းတွေကို ပြန်လည်စုစည်း ထုတ်ဝေလာတယ်။
စာအုပ်တိုက်တွေဟာ စာကောင်းပေမွန်တွေကို ပြန်လည် ရိုက်ထုတ်ဝေလာကြသလို စိတ်ကူးစိတ်သန်း အသစ်တွေသုံးပြီး အဟောင်းထဲက အကောင်းတွေကို ပြန်လည်စုစည်း ထုတ်ဝေလာတယ်။
ဒီအထဲ ထင်ရှားတဲ့တိုက်က စိတ်ကူးချိုချို စာအုပ်တိုက်ဖြစ်ပြီး သူ့အိုင်ဒီယာအသစ်နဲ့ စာအုပ်တွေက စာဖတ်ပရိသတ်ကို တမူထူးခြားစွာ ဆွဲဆောင်နိုင်တယ်။ ပြီး စီးရီးဆွဲပြီး တခါထုတ် အမျိုးအစားပေါင်း တဒါဇင်လောက်ထုတ်တော့ တဝကြီးဖတ်ရတယ်။
ဥပမာ – ၂၀၂၁ နှစ်ဦးပိုင်းက ထုတ်ဝေဖြန့်ချိခဲ့တဲ့ “ချစ်ခြင်းထိုမေတ္တာ”၊ “စာကညစ် ခြစ်လေရာ”၊ “ရောင်စုံကျေးလက်”၊ “သင်ယူခြင်းပုစ္ဆာ” စတဲ့ ဝတ္ထုတိုပေါင်းချုပ်စီးရီး။
ဆိုကြပါစို့၊ ရောင်စုံကျေးလက် ဝတ္ထုတို ၁၂ ပုဒ်စုစည်းမှုမှာ ရွာအလွမ်းနဲ့ကျေးလက် လူမှုရှုခင်း ဝတ္ထုတိုတွေထဲက သိန်းဖေမြင့်ရဲ့ “အချိုရှာတမာတွေ့” ဝတ္ထုတိုကနေ၊ ဂျိုဇော်ရဲ့ “ပန်းနွယ်ကစိမ်း” အလယ် မောင်ခိုင်အောင်ရဲ့ “မှတ်တိုင်အထိ” ဝတ္ထုတိုကောင်းလေးတွေ စုစည်းထားတယ်။
အလားတူ၊ စာကညစ် ခြစ်လေရာ ဝတ္ထု ၁၂ ပုဒ်မှာလည်း စာပေရပ်ဝန်းနောက်ခံပြု ခေတ်အဆက်ဆက်က ဝတ္ထုတိုတွေကို စုစည်းဖော်ပြထားတယ်။ ထင်လင်း၊ သော်တာဆွေ၊ မြသန်းတင့်၊ နတ်နွယ်၊ မင်းကျော်၊ ဆောင်းဝင်းလတ်၊ မာန်မြင့်၊ သဲအိမ်မောင်နေဝါ၊ ခင်မြဇင်၊ ကိုဆွေ၊ သိုက်ထွန်းသက်၊ မခင်လေးတို့ရဲ့ စာပေရပ်ဝန်း နောက်ခံဝတ္ထုတိုများကို ခေတ်အဆက်ဆက် ဖြတ်သန်းရင်း တဝကြီးဖတ်ရတယ်။
အသက် ၅၀ ကျော် ၆၀ နီးနီးတွေ ရှဲဒိုးစာရေးဆရာနဲ့ ရှဲဒိုးဝတ္ထုတွေအကြောင်း သိမီနိုင်ပေမယ့် (ဒါတောင် စာဖတ်ဝါသနာပါသူမှ) ငယ်သူတွေ မသိနိုင်။ အဲဒီခေတ်အခါက စာရေးဆရာတချို့ဟာ နာမည်လှလှလေးတွေ အမည်ခံထားသူ တချို့အတွက် များသောအားဖြင့် အချစ်ဝတ္ထုတွေကို နောက်ကွယ်က ရေးပေးရတယ်။
၂၀၂၂ ခုနှစ်ထဲရောက်တော့ ဇလပ်နီစာပေတိုက်ကနေ အလားတူ ဝတ္ထုတိုပေါင်းချုပ်တွေ ထွက်လာတယ်။ “စာတောအလယ်မှာ မောလှတယ်လို့ … စာပေလောကဝတ္ထုတိုများ – ၁”။ “ဇာတ်ထဲကဇာတ်”၊ “သဘင်ဝတ္ထုများ – ၁”၊ “ဇလပ်နီဝတ္ထုတိုစုစည်းမှု” မှာ ဝါရင့်ကလောင်တွေဖြစ်တဲ့ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဖေမြင့်၊ နေဝင်းမြင့်တို့ရဲ့ ဝတ္ထုတိုတွေပါသလို ဇေဦးယျာ၊ ရေအေးစတဲ့ ကလောင်ပျိုတွေရဲ့ လက်ရာတွေပါ စုစည်းထားတယ်။
ထုတ်ဝေသူက သူသဘောကျတဲ့ ဝတ္ထုတိုတွေ စုစည်းထုတ်ဝေတာဖြစ်ပြီး နောင်မှာလည်း ရုပ်သေး၊ ပန်းချီစတဲ့ လောကနောက်ခံဝတ္ထုတိုတွေ စုစည်းထုတ်ဝေဦးမယ်လို့ စကားဦးသန်းထားတယ်။
ဒီနေ့တော့ အမျိုးအစားတူ “စာကညစ် ခြစ်လေရာ” ဝတ္ထုတိုပေါင်းချုပ်နဲ့ “စာပေတောမှာမောလှတယ်လို့ …” တို့ကို ဖတ်ရှုခံစားကြည့်ပါမယ်။ အဝေးမြင်နဲ့ အနီးကြည့်ဆိုပြီး နှစ်ကဏ္ဍတော့ ရှိမယ်။ တချို့ဝတ္ထုတိုတွေက ထဲထဲဝင်ဝင်၊ ထိထိခတ်ခတ်။ တချို့ဝတ္ထုတိုတွေကတော့ တို့ထိရုံပ။
“စာကညစ် ခြစ်လေရာ” ဝတ္ထုတိုတွေမှာပါတဲ့ စာရေးဆရာအများစုက နည်းနည်း ရှေ့ကျတဲ့ခေတ်က စာရေးဆရာတွေ ရေးထားတာဆိုတော့ နောက်ခံကားချပ်တွေက တချို့ဖမ်းဆုပ်မရ ဖြစ်နိုင်တယ်။ ဥပမာ – နတ်နွယ်ရဲ့ တချိန်တုန်းက စာရေးဆရာဆိုတဲ့ ဝတ္ထုဟာ ၁၉၈၀ ကာလတဝိုက် ပေါ်ထွန်းခဲ့ဖူးတဲ့ ရှဲဒိုး စာရေးဆရာအကြောင်း ရေးဖွဲ့ထားတာ။
အသက် ၅၀ ကျော် ၆၀ နီးနီးတွေ ရှဲဒိုးစာရေးဆရာနဲ့ ရှဲဒိုးဝတ္ထုတွေအကြောင်း သိမီနိုင်ပေမယ့် (ဒါတောင် စာဖတ်ဝါသနာပါသူမှ) ငယ်သူတွေ မသိနိုင်။ အဲဒီခေတ်အခါက စာရေးဆရာတချို့ဟာ နာမည်လှလှလေးတွေ အမည်ခံထားသူ တချို့အတွက် များသောအားဖြင့် အချစ်ဝတ္ထုတွေကို နောက်ကွယ်က ရေးပေးရတယ်။
အနားက ဘီယာဆိုင်တဆိုင်ဝင်ထိုင်၊ ဘီယာသောက်ရင်း မဂ္ဂဇင်းထဲပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကြည့်ပြီး ပန်းချီထိုင်ဆွဲနေလိုက်တယ်။ မကြာခင်မှာ ဆိုင်ရှင် ဖုန်းဆက်တိုင်လိုက်တာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေ ရောက်လာပြီး သူ့ကိုဖမ်းသွားတော့တာပဲ။
မိမိပင်ကိုယ်ရေးစာအုပ်ကို ထုတ်ပေးမယ့်သူ မရှိတော့ ဝင်ငွေမရှိ။ ဒီတော့ စာရေးဆရာဟာ သူ့ဝမ်းရေးအတွက် အမည်ခံ ရှဲဒိုးရေးပေးရပြီး ပိုက်ဆံလည်း မြိုးမြိုးမြက်မြက် ရခဲ့ကြတယ်။ ဒီအကြောင်း တချိန်ကစာရေးဆရာမှာ ဖတ်ရတယ်။ နတ်နွယ်က ဒီဝတ္ထုတိုကို ၁၉၈၀ ပြည့်နှစ်က ရေးခဲ့တာဖြစ်တော့ ဒီတုန်းကတော့ ကွက်တိဖြစ်ခဲ့ပေမယ့် အခုတော့ ခေတ်မမီ၊ မလတ်ဆတ်တော့ဘဲ မှတ်တမ်းတော့ ဖြစ်သပေါ့လေ။
မင်းကျော်ရဲ့ အစည်းအဝေးရှိသည်ဆိုတဲ့ ဝတ္ထုတိုလည်း အလားတူ။ မဆလခေတ် သမဝါယမဆိုင်က ရှားပါးပစ္စည်း မဲပေါက်ရင် ကောင်စီလူကြီးပဲ ဖြစ်နေတာ။ အစည်းအဝေးတွေ ကြံဖန်ခေါ်ပြီး ဆိုင်ကောင်းကောင်းက အစားအသောက်ကောင်းတွေ မှာစားပြီး အချိန်ဖြုန်းကြတာတွေကို ငွေ့ငွေ့လေး သရော်ထားတဲ့ဝတ္ထု။ အချိန်ကာလကကွာတော့ ဖတ်ရတာပေါ့တော့တော့။
ထင်လင်းရဲ့ တကျပ်ခွဲဝတ္ထုတိုက တချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ စာရေးဆရာတယောက် အရက်သောက်လွန်ပြီး ကြောင်တောင်တောင်ဖြစ်။ သူရေးတဲ့ ကြောင်တောင်တောင်စာတွေကို အယ်ဒီတာတွေက မသုံးတော့ အယ်ဒီတာတွေ မကောင်းကြောင်းပြော။ ရေးထားတဲ့စာမူတခုကို သူ့မိတ်ဆွေတယောက်လာတော့ စာအုပ်ထုတ်ပေးဖို့အပ်။ ဟိုက မေ့နေ။ သတိရတော့ ပစ္စည်းဟောင်း ဝယ်သူကိုခေါ်ပြီး ချိန်ရောင်းလိုက်တာ တကျပ်ခွဲရ။ ကြည့်ရတာ ဆရာတို့ခေတ်က စာရေးဆရာတယောက် အဖြစ်နဲ့တူပါရဲ့။
ကလောင်နာမည်တွေ ကြည့်လိုက်တာနဲ့ ကိုယ်မဖတ်ဖူးတဲ့ ကလောင်တချို့ ပါနေတာ သတိထားမိတယ်။ (တချို့ကလောင်တွေဆို ကိုယ်ကသာ မဖတ်ဖူးသေးတာ၊ သူတို့က အမျိုးသားစာပေဆုရတွေတောင် ဖြစ်နေတာမျိုးလည်း ကြုံရ၊ မကြာခဏ ရွက်လွှင့်ရသူတွေဘဝ။)
စာပေလောကဆက်စပ် “စာကညစ် ခြစ်လေရာ” ဝတ္ထုတိုပေါင်းချုပ်မှာ ခံစားလိုက်ရတဲ့ ဝတ္ထုတိုကတော့ ဆောင်းဝင်းလတ်ရဲ့ “စကားမပြောဖူးသေးတဲ့ဝတ္ထု”။ ဝတ္ထုကို ၁၉၈၈ အရေးတော်ပုံပြီးခါစ သူ လမ်းဘေးစာအုပ် အရောင်းသမားဘဝနဲ့ စထားတယ်။
ရန်ကုန်မြို့၊ ယောမင်းကြီးလမ်းတနေရာမှာ စာအုပ်ဟောင်း ရောင်းနေတုန်း တရက်မှာ NLD ရုံးခန်းဖွင့်ပွဲလုပ်တော့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းလာပြောတာ သူ နားထောင်လိုက်ရတယ်။
၁၉၉၅ ခုနှစ်မှာ သူ ထောင်ကျတယ်။ အမှုက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပုံတူကူးဆွဲမှု။ သူငယ်ချင်း သင်္ဘောသားတယောက်နဲ့ ဗိုလ်အောင်ကျော်လမ်းမှာတွေ့တော့ ဟိုက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါတဲ့ TIME မဂ္ဂဇင်းတစောင် လက်ဆောင်ပေးတယ်။
ဒါနဲ့ အနားက ဘီယာဆိုင်တဆိုင်ဝင်ထိုင်၊ ဘီယာသောက်ရင်း မဂ္ဂဇင်းထဲပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကြည့်ပြီး ပန်းချီထိုင်ဆွဲနေလိုက်တယ်။ မကြာခင်မှာ ဆိုင်ရှင် ဖုန်းဆက်တိုင်လိုက်တာ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေ ရောက်လာပြီး သူ့ကိုဖမ်းသွားတော့တာပဲ။
၂၀၁၂ ခုနှစ်၊ ဧပြီလရောက်တော့ သူနေထိုင်တဲ့ အိမ်နားကကွင်းကို လာရှင်းနေကြတယ်။ ဟုတ်တယ်။ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ပွဲလာမယ်။ တရားဟောမယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ တီရှပ်တွေ ဝတ်ထားကြတဲ့ ကလေး၊ လူကြီးအရွယ်စုံဟာ ဒေါ်အောင်ဆန်းစုကြည် တရားဟောမယ့်စင်မြင့်ရှိရာ ကွင်းပြင်မှာ လာစုဝေးနေကြတယ်။
ဆောင်းဝင်းလတ်က စကားမပြောဖူးသေးတဲ့ဝတ္ထုကို ခုလို ရေးဖွဲ့အဆုံးသတ်ခဲ့တယ်။
“ကလောင်ကိုင်ရတာ ပေါ့ပါးတယ်၊ တကယ်လည်း လွတ်လပ်မှုရှိတယ်။ ဘယ်သူနဲ့မှ ညှိနှိုင်းစရာမလိုဘူး။ တယောက်တည်း တိတ်တဆိတ် ထိုင်ရေးနိုင်တယ်။ မိုးကုတ်စက်ဝိုင်းအဆုံးထိ စိတ်တွေရွက်လွှင့်လို့ရတယ်”
“ညနေ ၆ နာရီဆယ်မိနစ်။ လူတွေရုတ်ရုတ်သည်းသည်း ဖြစ်သွားသည်။ ပရိသတ်ကြီးအား စကားပြောမည့်နေရာသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီတဲ့။ လူထုပရိသတ်ကြီးက အလံတွေဝှေ့ယမ်း၊ ပန်းတွေလက်ကမ်း၊ ရုပ်ပုံကားချပ်တွေ တင့်လျှမ်းလျှမ်းမှာ ကျန်းမာပါစေ၊ ကျန်းမာပါစေ၊ ကျန်းမာပါစေဟု ကြွေးကျော်သံပြုလျက်။ ခဏကြာတော့ ဟိုးအဝေးစင်မြင့်ထက်ဆီမှ စကားပြောသံက ပရိသတ်ကြီးဆီ ဝေ့ဝဲပြီး သဲသဲကွဲကွဲ လွင့်ပျံလာသည်။”
“အောင်မယ်၊ သူစကားပြောတဲ့ အသံကလေးကလည်း သူ့မျက်နှာလေးလို ချိုနေတာပဲတော့။ ငါတော့ မသေခင်မှာ သူနဲ့စကားပြောဖူးအောင် သူ့နားသွားပြီး စကားပြောချင်သေးတယ်တော့” ဟု ကျနော်တို့အနားမှ အဘွားကြီးက အားရပါးရပြောချလိုက်တော့ ဘေးပတ်ဝန်းကျင်က လူတွေမျက်နှာ ပြုံးရိပ်ဝေသွားတာ ကျနော် သတိထားလိုက်မိသည်။”
“အဘွားရယ်၊ အဘွားရော ကျနော်ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားမပြောဖူးကြသေးပါဘူး။ တခါမှ မပြောဖူးကြသေးတာပါ။ ဒါပေမယ့် အဘွားတို့ ကျနော်တို့ လူထုကြီးရဲ့ ရင်ထဲကစကားလုံးတွေကို သူနားလည်နေခဲ့တာ အနှစ် ၂၀ ကျော် ကြာခဲ့ပါပြီ အဘွားရယ်ဟု ကျနော် ပြောလိုက်ချင်ပါသည်။”
မဝေးသေးသောကာလတခုကို နောက်ခံပြုထားတော့ ဝတ္ထုတိုဟူသည် ခေတ်ကိုထင်ဟပ်နိုင်ရမည် ဆိုသည့်အချက်နှင့် ကိုက်ညီနေပြီး စာရေးသူပေးချင်တဲ့ သတင်းစကားလည်း ကြားရ၊ ခံစားချက်တစုံတရာလည်း ရလိုက်တယ်။
“စာပေတောမှာ မောလှတယ်လို့ …” ဝတ္ထုတိုများဆီ သွားကြဦးစို့။
စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဇေဦးယျာ၊ စုမီအောင်၊ ခင်မြဇင်၊ ရေအေး၊ ဖေမြင့်၊ ညိုရင့်၊ စံပယ်ဖြူနု၊ ဘိုဘိုသန့်ဇင်၊ နှင်းဝေငြိမ်း၊ နေဝင်းမြင့်၊ အဖြူရောင် (ရွှေ)၊ ရဲရင့်လုံ (ဆေး- မန်း)၊ မှူးဆက်ပိုင် (ရွှေတောင်) စာရေးဆရာ ၁၄ ယောက်ရဲ့ စာပေလောကနောက်ခံ ဝတ္ထုတို ၁၄ ပုဒ်တိတိ ဖတ်ရတယ်။
ကလောင်နာမည်တွေ ကြည့်လိုက်တာနဲ့ ကိုယ်မဖတ်ဖူးတဲ့ ကလောင်တချို့ ပါနေတာ သတိထားမိတယ်။ (တချို့ကလောင်တွေဆို ကိုယ်ကသာ မဖတ်ဖူးသေးတာ၊ သူတို့က အမျိုးသားစာပေဆုရတွေတောင် ဖြစ်နေတာမျိုးလည်း ကြုံရ၊ မကြာခဏ ရွက်လွှင့်ရသူတွေဘဝ။)
“ဝတ္ထုဆရာသည် လူသားတို့၏ အနိုင်မခံ အရှုံးမပေးတတ်သည့် ဇွဲသတ္တိအကြောင်းကို ကြေးမုံပြင်ထက်ထင်သော အရိပ်ကဲ့သို့ ပြက်ပြက်ထင်ထင် ဖော်ကျုးပြသနိုင်သည့် ဝတ္ထုတပုဒ်ကို ရေးသားရန် မဝေးလှသော နှစ်ကာလ အပိုင်းအခြားတခုက စတင်ခဲ့ပါသည်။”
ဆရာမစမ်းစမ်းနွဲ့ရဲ့ ဖြေဆေးမလိုပါ ဝတ္ထုတိုက ၁၉၈၂ ခုနှစ်ကရေးခဲ့တဲ့ ဝတ္ထုတိုပီပီ အဲ့ဒီခေတ်က စာပေပြသနာတခုကို အခြေတည် ရေးဖွဲ့ထားတာပါ။ ဆရာမရေးခဲ့တဲ့ကာလမှာ ဝတ္ထုတိုရွှေခေတ်လို့ သတ်မှတ်နိုင်ခဲ့တဲ့ ကာလဖြစ်ပြီး မဂ္ဂဇင်းတွေ လှိုင်လှိုင်ထွက်ခဲ့တယ်။ စာပေရေးရာ အငြင်းပွားမှုတွေလည်း အင်မတန်များပြီး တချို့က စာပေတိုက်ပွဲလို့တောင် သုံးနှုန်းခဲ့ကြတဲ့အထိပဲ။
ဒီတုန်းက ဘဝသရုပ်ဖော်စာပေ ရေးတဲ့သူမှစာရေးဆရာ၊ အပစ်အခတ်အညှစ်အသတ်နဲ့ အချစ်ဝတ္ထုရေးသူတွေဟာ စာရေးဆရာ တန်းမဝင်ဘူး၊ ဘာညာပေါ့လေ။ စာရေးဆရာအချင်းချင်း အငြင်းပွားခဲ့ကြတာဖြစ်ပြီး ကျနော့်လို စာဖတ်သူကတော့ အချစ်ရယ်၊ ဘဝသရုပ်ဖော်ရယ် ခွဲမမြင်ပါဘူး။ ကိုယ်ကြိုက်တဲ့ စာရေးဆရာစာအုပ်ဆို ဖတ်လိုက်တာပဲ။ ကိုယ်ကြိုက်တဲ့ စာရေးဆရာရေးတဲ့ဝတ္ထုကို ရုပ်ရှင်ရိုက်ရင် ကြည့်လိုက်တာပါပဲ။
ဒီသဘောတရားကိုပဲ ဆရာမက ဖြေဆေးမလိုပါမှာ ရေးဖွဲ့ထားတာပါ။ အခုခေတ်စကားနဲ့ပြောရင် ၈၂ က အချိုးတွေပေါ့ခင်ဗျာ။
ဝတ္ထုတိုခေါင်းစဉ်လို့ယူဆရတဲ့ “စာပေတောမှာ မောရတယ်လို့ ကျမ မပြောရက်ပါရှင်” ဝတ္ထုတိုကိုတော့ စုမီအောင်က ရေးတယ်။ စာရေးဝါသနာပါသူတဦး။ မဂ္ဂဇင်းတချို့မှာလည်း ရေးတဲ့ဝတ္ထုတိုတချို့ ပါနေပြီဖြစ်သူတဦးက မဂ္ဂဇင်းအယ်ဒီတာ ဝင်လုပ်ရာက စိတ်အတက်အကျမြန်သူ အယ်ဒီတာတဦးရဲ့ လက်အောက်ရောက်ပြီး စိတ်ဒုက္ခရောက်ရပုံ။ နောက်ဆုံးတော့ သူလုပ်ရမယ့် စာရေးဆရာအလုပ်ကို မြင်တွေ့သွားပုံကို ဖွဲ့ထားတာပါ။
“ကလောင်ကိုင်ရတာ ပေါ့ပါးတယ်၊ တကယ်လည်း လွတ်လပ်မှုရှိတယ်။ ဘယ်သူနဲ့မှ ညှိနှိုင်းစရာမလိုဘူး။ တယောက်တည်း တိတ်တဆိတ် ထိုင်ရေးနိုင်တယ်။ မိုးကုတ်စက်ဝိုင်းအဆုံးထိ စိတ်တွေရွက်လွှင့်လို့ရတယ်”
ဒီအရေးအဖွဲ့က စာရေးဆရာဘဝ အရတော်ပေစွလို့ မှတ်ယူစရာပါ။
ဆရာမ ခင်မြဇင်ရဲ့ “စာရေးဆရာအိမ်” ကတော့ စစ်မဖြစ်ခင်က စာရေးဆရာ မြို့မအုန်းရဲ့ အိမ်အကြောင်း အဖြစ်မှန် ရေးဖွဲ့ထားပုံရတယ်။ ဆိုက်ကားခ အကြွေးမပေးနိုင်လို့ ဆိုက်ကားသမား မိသားစု ၆ ယောက်ကို အိမ်ပေါ်ခေါ်တင်ထားတဲ့ မြို့မအုန်း။
တခြား စာရေးဆရာတွေကိုလည်း အိမ်ပေါ်ခေါ်တင်ထားသေးပေမယ့် ဝင်ငွေက ပုံမှန်ရှိတာလည်း မဟုတ်။ ဆရာမဝတ္ထုတိုထဲက ဇာတ်ကောင်တွေက ဗန်းမော်တင်အောင်၊ နန္ဒ၊ ရဲစိုး၊ မင်းဆွေ စတဲ့ စာရေးဆရာတွေ။ စာရေးဆရာဒဏ်ခံရင်း ဆုံးပါးသွားသူက ဇနီးသည်မမြ။ ၁၉၇၇ ခုနှစ်က ရေးခဲ့တဲ့ စာရေးဆရာအိမ်က မွန်းကြပ်နေတယ်။
“တောင်သူလယ်သမားသည် မိုးကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိမိလယ်ယာကို ထွန်ယက်လုပ်ကိုင်မြဲ လုပ်ကိုင်ကြသကဲ့သို့ စာရေးဆရာများမှာလည်း ငွေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မိမိတို့ကလောင်ကို ချထားမည်မဟုတ်။ ရေးမြဲ ရေးကြရမည် ဖြစ်ပေသည်။”
ဆရာမဝတ္ထုဖတ်ပြီးတော့ ဆရာဇေယျ လောကစာဥယျာဉ်ထဲ ရေးထားတာ ပြေးမြင်မိတာပါ။
“ဝတ္ထုဆရာ” လို့ ရိုးရိုးပဲနာမည်ပေးထားတဲ့ ရေအေးရဲ့ဝတ္ထုတိုကတော့ ရင်ကို ထွင်းဖောက်ထွက်သွားတဲ့အထိ ခံစားစာနာလိုက်ရတယ်။
“ဝတ္ထုဆရာသည် လူသားတို့၏ အနိုင်မခံ အရှုံးမပေးတတ်သည့် ဇွဲသတ္တိအကြောင်းကို ကြေးမုံပြင်ထက်ထင်သော အရိပ်ကဲ့သို့ ပြက်ပြက်ထင်ထင် ဖော်ကျုးပြသနိုင်သည့် ဝတ္ထုတပုဒ်ကို ရေးသားရန် မဝေးလှသော နှစ်ကာလ အပိုင်းအခြားတခုက စတင်ခဲ့ပါသည်။”
“ဝတ္ထုဆရာ ရေးသားချင်သော ဝတ္ထုသည် လူသားတို့၏ အကောင်းအဆိုးကို ဖော်ပြမည့်ဝတ္ထု ဖြစ်သည်။ ထိုဝတ္ထုထဲတွင် လူနှင့်လူအကြားတွင် ရှိသည့် ချစ်ခြင်းမေတ္တာနှင့် အမုန်းတရားများပါမည်။”
ဒီလိုအစချီပြီး ဝတ္ထုဆရာက ဇာတ်ကောင် ရှာပုံတော်ဖွင့်တယ်။ လေး၊ ငါးရက်ကြာ ရှာမတွေ့တော့ မိတ်ဆွေတယောက်က ရဲရင့်တက်ကြွ ကြင်နာ အမှန်တရားကို မြတ်နိုး ဓမ္မကို နှစ်လိုသော ဇာတ်ကောင်အလိုရှိဆိုပြီး ဆိုရှယ်မီဒီယာက ကြော်ငြာဖို့ အကြံပေး။
နောက်ဆုံးတော့ လူ့လောကကို တွယ်မက်တဲ့၊ ချစ်ခြင်းမေတ္တာကိုမြင်ရတဲ့ အဘိုးအို တဦးကို ဇာတ်ကောင်အဖြစ် ဝတ္ထုရေးဆရာရှာတွေ့။
မကောင်းတဲ့စိတ်၊ မကောင်းတဲ့အတွေး၊ မကောင်းတဲ့အပြုအမူတွေကို ဘယ်တော့မှ မတွေး၊ မပြု၊ မကျင့်ကြံခိုင်းရ။ အဘိုးအိုကလည်း ဝတ္ထုဆရာအလိုရှိသလို သဏ္ဌာန်လုပ်သရုပ်တူရမယ် စတဲ့ သဘောတူညီချက်တွေနဲ့ သူတို့လုပ်ငန်းစခဲ့တယ်။
ဝတ္ထုဆရာက ဝတ္ထုထဲမှာ တော်လှန်ရေးတခုကို ခြယ်မှုန်းတယ်။ အဘိုးရဲ့သားဟာ ဖက်ဆစ်ဘီလူးလက်ချက်နဲ့ တော်လှန်ရေးမှာ ကျဆုံးတယ်။ ဇနီးသည်က အတိဒုက္ခရောက်တယ်။ ဝတ္ထုရေးရင်းရေးရင်း တနှစ်လောက်ကြာတော့ ဝတ္ထုထဲက အဖြစ်အပျက်တွေက ပြင်ပကမ္ဘာကို ထွက်လာကြတာလား။ ပြင်ပကမ္ဘာမှာ ဖြစ်ပျက်နေတာတွေက ဝတ္ထုထဲ ဝင်သွားကြတာလား။
မဝေခွဲနိုင်တဲ့အဖြစ်တွေ ဖြစ်လာ။
“ညက ဖမ်းသွားပြီး မနက်ခင်းကို အလောင်းလာသယ်ဖို့ အကြောင်းကြားခဲ့သတဲ့ မောင်ရင်လေး”
အဘိုးအိုက သူကြားတာတွေ ပြောပြနေ။ ဝတ္ထုဆရာကလည်း နောက်တပတ်ဆို သူ့ဝတ္ထု အဆုံးသတ်နိုင်တော့မယ်ဆိုပြီး တွန်းရေး။
“ဟိုဘက်တရွာလုံး ပြာကျသွားသတဲ့ ဝတ္ထုဆရာ”
“သေနတ်သံကြားရဲ့လား မောင်ရင်လေး”
“မပူပါနဲ့ အဘိုး၊ ကျနော်တို့အိမ်က လုံခြုံပါတယ်၊ ကျနော်တံခါးတွေကိုလည်း သေချာပိတ်ထားပါတယ်”
“တခုခု လုပ်သင့်ပြီ မထင်ဘူးလား ဝတ္ထုဆရာ”
“သေနတ်တွေကို လက်ဗလာနဲ့ ရင်ဆိုင်လို့မှ မရတာပဲ အဘိုး”
အိမ်နဲ့မလှမ်းမကမ်းက ထွက်ပေါ်နေတဲ့ ကယ်ကြပါဦးဆိုတဲ့ အသံတွေ၊ တဖုန်းဖုန်း တဒိုင်းဒိုင်း ထုရိုက်နှက်ပစ်ခတ်သံတွေကြားတဲ့ အဘိုးအိုဟာ နောက်ဆုံးဝတ္ထုထဲက ထွက်သွားတော့တယ်။
“ကျေးဇူးပြုပြီး ကျုပ် ဝတ္ထုထဲက ထွက်သွားပါရစေတော့။ ဝတ္ထုဆိုတာ ယုံကြည်ချက်ကို အခြေတည်ပြီး ဖန်တီးရတဲ့ အနုပညာလို့ မောင်ရင်ပြောဖူးတယ်။ ဒီတော့ ကျုပ်လိုအတ္တကြီး၊ သတ္တိကြောင်တဲ့ လူအိုကြီးတယောက်က မောင်ရင်ရေးချင်တဲ့ စွန့်လွှတ်တဲ့၊ အနစ်နာခံတဲ့၊ သတ္တိပြောင်တဲ့လူအကြောင်း ဝတ္ထုထဲမှာ ယုံကြည်ချက်ရှိရှိ ပီပီပြင်ပြင် ပါဝင်နိုင်လိမ့်မယ်လို့ မထင်ဘူး”
အဘိုးအိုက ဆက်ပြောတယ်။
“ဒါက ကျုပ်ဘက်ကအပိုင်းပေါ့။ မောင်ရင့်အနေနဲ့ဆိုရင်လည်း ကျုပ်နဲ့ ထူးမခြားနား၊ ကျုပ်လိုပဲ အတ္တကြီးကြီးဆိုတော့ မောင်ရင်ရေးချင်နေတဲ့ ဝတ္ထုမျိုး အောင်အောင်မြင်မြင် ရေးနိုင်လိမ့်မယ်လို့ ကျုပ် မထင်ဘူး။ ဒီအတွက် မောင်ရင့်ဝတ္ထုထဲကနေ ကျုပ်ကို ထွက်သွားခွင့်ပေးပါတော့”
“ကျေးဇူးပြုပြီး ကျုပ် ဝတ္ထုထဲက ထွက်သွားပါရစေတော့။ ဝတ္ထုဆိုတာ ယုံကြည်ချက်ကို အခြေတည်ပြီး ဖန်တီးရတဲ့ အနုပညာလို့ မောင်ရင်ပြောဖူးတယ်။ ဒီတော့ ကျုပ်လိုအတ္တကြီး၊ သတ္တိကြောင်တဲ့ လူအိုကြီးတယောက်က မောင်ရင်ရေးချင်တဲ့ စွန့်လွှတ်တဲ့၊ အနစ်နာခံတဲ့၊ သတ္တိပြောင်တဲ့လူအကြောင်း ဝတ္ထုထဲမှာ ယုံကြည်ချက်ရှိရှိ ပီပီပြင်ပြင် ပါဝင်နိုင်လိမ့်မယ်လို့ မထင်ဘူး”
အဘိုးအိုသည် စကားပြောပြီးပြီးချင်း သူ၏ နံဘေးတွင်ချထားသည့် တောင်ဝှေးကို ဆတ်ကနဲ ဆွဲယူလိုက်သည်။ ပြီးနောက် ပိတ်ထားသည့်အိမ်တံခါးကို တွန်းဖွင့်ကာ ပေါက်ကွဲသံများ ထွက်နေသည့်ဘက်သို့ ဦးတည်၍ မတွန့်မဆုတ် ထွက်ခွာသွား၏။ ဝတ္ထုဆရာကမူ အဘိုးအို၏ အပြုအမူအတွက် စကားတခွန်းတလေမျှ ပြောချိန်မရလိုက်။ ဆွံ့အမှင်သက်နေသည့်ဟန်နှင့် သူ၏ ဇာတ်ကောင်မပါတော့သော ဝတ္ထုအရှေ့တွင် ထီးထီးကြီး ကျန်ရစ်ခဲ့လေသည်။”
ရေအေးက ‘ဝတ္ထုဆရာ’ ကို ဒီလို အဆုံးသတ်ရေးဖွဲ့ခဲ့တော့ သူရေးနေတဲ့ တော်လှန်ရေးဝတ္ထုထဲက ဇာတ်ကောင်ဟာ ပြင်ပကမ္ဘာက တော်လှန်ရေးထဲ ဝင်ရောက်သွားခဲ့တာပေါ့။ မီးခိုးမဆုံးမိုးမဆုံး တွေးပေဦးတော့ဆိုတဲ့ ဝတ္ထုတိုမျိုးပါ။
စာပေတော နောက်ခံဝတ္ထုတိုတွေ ဖတ်ရင်း ဦးလေးတွေ အဒေါ်တွေ အစ်ကိုတွေ အစ်မတွေ ပြောဆိုသံပြန်ကြားရ၊ ညီ ညီမတွေရဲ့ ရင်ဖွင့်သံတွေလည်း ကြားရမြင်ရ တွေးရပြီး စကားသံတွေ အများကြီး နားထောင်လိုက်ရတယ်။
သြော် … အဲ့ဒီတုန်းက ရှဲဒိုးစာရေးဆရာ ရှိခဲ့ဖူးတယ်နော်။ ဒီတုန်းက တလတလ ဖတ်မနိုင်လောက်အောင် မဂ္ဂဇင်းအကောင်းစားတွေ အမြောက်အမြားထွက်ခဲ့ပြီး ဝတ္ထုတိုတခေတ် ဖြစ်ခဲ့ဖူးတယ်နော်။ ဖေမြင့်၊ လူမျိုးနော်၊ ကျော်စွာထက်၊ တင်မောင်သန်း၊ စုထား၊ ဂျူး စတဲ့ ဆရာဝန်စာရေးဆရာတွေ ထွက်ခဲ့ဖူးတယ်နော်။
အဲ့ဒီတုန်းက လှီးချွတ်ရာမှာ လက်သံပြောင်တဲ့ စာပေစိစစ်ရေးလွတ်အောင် နည်းအမျိုးမျိုးသုံးပြီး ဝတ္ထုတိုကောင်းတွေ ပြောင်ပြောင်မြောက်မြောက် ရေးဖွဲ့ခဲ့ကြတယ်နော်။
အခုလည်း လူငယ်လူသစ်စာရေးဆရာတွေက သူတို့ဖြတ်သန်းနေတဲ့ ခေတ်ဆိုးခေတ်ကြပ်ကို မီးမောင်းထိုးရေးဖွဲ့ တင်ပြနေကြတုန်းနော်။
ဝတ္ထုတိုတွေဖတ်ပြီး အားရှိပီတိဖြစ်ရတယ်။ စာတောအလယ်မှာ ပျော်မောရတယ်။
(စာကညစ် ခြစ်လေရာ ဝတ္ထုတိုပေါင်းချုပ်ကို စိတ်ကူးချိုချိုစာပေတိုက်က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ဝေခဲ့ပြီး ကြည်လင်အေး စီစဉ်တယ်။ ရောင်းဈေး ၁,၈၀၀ ကျပ်။
စာပေတောအလယ်မှာ မောလှတယ်လို့ ဝတ္ထုတိုပေါင်းချုပ်ကို ဇလပ်နီစာပေတိုက်က ၂၀၂၂ ခုနှစ်၊ ဇွန်လမှာထုတ်ဝေပြီး စာအုပ်တန်ဖိုး ကျပ် ၄,၀၀၀ ပါ။)
You may also like these stories:
ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ
ကိုဗစ်ကြောင့် ကြွေလွင့်ခဲ့ရတဲ့ မော်ဒန် ပန်းချီပန်းပု အနုပညာရှင်များ
သိပ္ပံမောင်ဝ၏ ဝတ္ထုမမည်သော ဇာတ်လမ်းစဉ်များ
သီပေါမင်းကို ရည်းစားစာရေးပေးရသူ
ဒေါက်တာ အောင်ကြီးရဲ့ လူတွေ လူတွေ