အသေးစား နျူကလီးယားဓာတ်အားပေး စက်ရုံတရုံကို မကြာမီနှစ်များအတွင်း တည်ဆောက်မည်ဟု စစ်ကောင်စီက အတည်ပြုပြောကြားလိုက်ခြင်းသည် ၂၀၀၀ ပြည့်နှစ်များဆီက စတင်ခဲ့သည့် နျူကလီးယား နည်းပညာရရှိရေး အားထုတ်မှု၏ အထွဋ်အထိပ်သို့ ရောက်သွားခြင်းဖြစ်သည်။
မြန်မာ၏ နျူကလီးယားစွမ်းရည်ရရှိရေး ဆယ်စုနှစ် ၂ ခုကြာ ခရီးကို လက်ရှိ စစ်ကောင်စီနှင့် ယခင် စစ်အုပ်စုခေတ်တွင် အရှိန်မြှင့်ဆောင်ရွက်လာသည့် ရုရှားနှင့် ထိတွေ့ဆက်ဆံမှုများက လမ်းဖွင့်ပေးလိုက်သည်။
နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား နာတာရှည်ပြတ်တောက်နေသော မြန်မာတွင် ငြိမ်းချမ်းစွာအသုံးပြုမည်ဟု လက်ရှိ စစ်ကောင်စီက ပြောကြားနေသော်လည်း ယခုအစီအစဉ်သည် နျူကလီးယားလက်နက်များ ထုတ်လုပ်ခြင်း အပါအဝင် စစ်ရေးကိစ္စများအတွက် နျူကလီးယားစွမ်းအင် အသုံးပြုရေး၏ ပထမ ခြေလှမ်းဖြစ်သည်ဟု ယုံကြည်သူ အများအပြား ရှိသည်။
နျူကလီးယားနည်းပညာ ပိုင်ဆိုင်ရေးအတွက် မြန်မာ၏ ရှည်လျားသော အားထုတ်မှုမှတ်တမ်းကို အောက်တွင်ဖော်ပြထားသည်။
၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ
ငြိမ်းချမ်းသော ကိစ္စများအတွက် နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုတခု တည်ဆောက်မည့် အစီအစဉ်ကို မြန်မာစစ်အုပ်စုက အတည်ပြုသည်။
၂၀၀၂ ခုနှစ်၊ မေလ
ရုရှား၏ အနုမြူစွမ်းအင် ဝန်ကြီးဌာန Minatom က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းတွင် ၁၀ မဂ္ဂါဝပ် ရှိသော နျူကလီးယားဓာတ်ပေါင်းဖိုနှင့် ဓာတ်ခွဲခန်း ၂ ခုအပါအဝင် နျူကလီးယား လေ့လာရေး ဌာနတခု တည်ဆောက်ပေးရန် သဘောတူခဲ့သည်။ သဘောတူညီချက်တွက် နျူကလီးယား စွန့်ပစ်ပစ္စည်းများအတွက် အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် မြန်မာနည်းပညာရှင်များကို ရုရှားက သင်တန်းပေးခြင်းလည်း ပါဝင်သည်။
၂၀၀၂ ခုနှစ်၊ ဇူလိုင်လ
အဆိုပါ နျူကလီးယား သုတေသနဌာန မြန်မာတွင် တည်ဆောက်ရေးအတွက် ရုရှားနှင့်မြန်မာတို့ မော်စကိုတွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။
၂၀၀၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့
အမေရိကန် အထက်လွှတ်တော်အမတ် ရစ်ချတ် လူဂါ၏ လက်ထောက် ကိတ်သ် လုစ်က ကွန်ဆာဗေးတစ် သုတေသန လုပ်ငန်းတခုဖြစ်သော Heritage Foundation က ဝါရှင်တန်တွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားသည် မြန်မာသို့ နျူကလီးယားနည်းပညာ ပေးအပ်ခြင်း ရှိ မရှိမေးသည်။
၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့
နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ဆန္ဒမရှိကြောင်း စစ်အုပ်စုက ကြေညာသော်လည်း ငြိမ်းချမ်းသော ကိစ္စများအတွက် နျူကလီးယား အဆောက်အအုံများ တည်ဆောက်ခွင့်ရှိကြောင်းလည်း ပြောသည်။
၂၀၀၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့
မြန်မာမှ လူငယ်စစ်အရာရှိ ၄၀၀ ခန့်ရုရှားသို့ သွားရောက်ပြီး ၎င်းတို့အနက်အချို့သည် နျူကလီးယား အင်ဂျင်နီယာ ပညာရပ်များ လေ့လာမည်ဟု သတင်းများထွက်နေသည်။
၂၀၀၆ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့
မြန်မာသည် နျူကလီးယားလက်နက်များကို ဆန့်ကျင်ကြောင်း ဂျနီဗာတွင်ကျင်းပသည့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာဒုသံအမတ် ဦးညွန့်ဆွေက ပြောသည်။
၂၀၀၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့
အဆိုပြုထားသော နျူကလီးယား အဆောက်အအုံကို တည်ဆောက်ရာတွင် မြန်မာကို ကူညီမည်ဖြစ်ကြောင်း ရုရှားဖက်ဒရယ်အစိုးရ အနုမြူစွမ်းအင် အေဂျင်စီ Rosatom က ကြေညာသည်။ ၂၀ ရာခိုင်နှုန်းအောက် ယူရေနီယမ် – ၂၃၅ အသုံးပြုသည့် ၁၀ မဂ္ဂါဝပ် ဓာတ်ပေါင်းဖိုသည် နျူကလီးယား ရူပဗေဒ၊ ဇီဝနည်းပညာ၊ ရုပ်ဝတ္တုပစ္စည်း သိပ္ပံသုတေသနအတွက် အကျိုးပြုရုံသာမက ဆေးဝါးအမျိုးစုံကိုလည်း ထုတ်လုပ်နိုင်မည်ဟု ထိုအေဂျင်စီက ပြောသည်။ စီမံကိန်း အသေးစိတ်များနှင့် ပတ်သက်သော ပထမဆုံးအကြိမ် ဆွေးနွေးပွဲများ စတင်သည်။
၂၀၀၇ ခုနှစ်၊ မေလ ၁၆ ရက်
အမေရိကန် ပြည်ထောင်စုက ထိုစီမံကိန်းကို ရှုတ်ချပြီး ထိုင်းနိုင်ငံကမူ နျူကလီးယား သုတေသနဌာနကို နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က အနီးကပ် ကြီးကြပ်မည်ဖြစ်သောကြောင့် မစိုးရိမ်ကြောင်း ပြောသည်။
၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ
စစ်အုပ်စု တတိယခေါင်းဆောင် သူရဦးရွှေမန်း ဦးဆောင်သည့် အဖွဲ့ဝင် ၁၇ ဦးပါသော မြန်မာစစ်တပ်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဘေဂျင်းမှတဆင့် ပြုံယမ်းသို့ ခိုးကြောင်ခိုးဝှက် သွားရောက်ပြီး ထိုခရီးစဉ်အတွင်း စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှိုင်းစွာလုပ်ရန် စာချုပ်ချုပ်ဆိုကြသည်။
သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယား၏ ဂျက်တိုက်လေယာဉ်များ၊ ဒုံးကျည်များ၊ တင့်ကားများ၊ နျူကလီးယားနှင့် ဓာတုလက်နက်များ သိုလှောင်ကာကွယ်ထားသည့် တောင်များမှ လိုဏ်ခေါင်းများ တည်ရှိသော မျိုဟန်းသို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်ကြောင့် မြန်မာစစ်တပ်၏ နျူကလီးယား ရည်မှန်းချက်နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ မြင့်မားလာသည်။
၂၀၁၂ ခုနှစ် ဦးသိန်းစိန် အစိုးရခေတ် အောက်လွှတ်တော် ဥက္ကဋ္ဌတာဝန်ယူရသောအခါ ဦးရွှေမန်းက မြောက်ကိုရီးယားသို့ သွားရောက်သည့် ကိုယ်စားလှယ်အဖွဲ့သည် လေကြောင်း ကာကွယ်ရေးစနစ်ကို လေ့လာပြီး စစ်တပ် ၂ ခုအကြား ဆက်ဆံရေး တိုးမြှင့်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြောင်းပြောပြီး နျူကလီးယားလက်နက်နှင့် ပတ်သက်သော ကိစ္စများ မပါကြောင်း ပြောသည်။
၂၀၁၀ ပြည့်နှစ်
မြန်မာစစ်တပ်၏ “နျူကလီးယားယူနစ်” ဟု သိထားသည့် သိပ္ပံနှင့်နည်းပညာ အလုပ်ရုံမှ အင်ဂျင်နီယာဖြစ်ပြီး ရုရှားမှ အနုမြူစွမ်းအင်ဆိုင်ရာ ပါရဂူဘွဲ့ရထားသူ ဗိုလ်မှူး စိုင်းသိန်းဝင်းက ဓာတ်ပုံများအပါအဝင် သတင်းအချက်အလက်များကို လူသိရှင်ကြား ဖွင့်ချလိုက်ပြီး စစ်အုပ်စုသည် မြောက်ကိုရီးယားထံမှ နည်းပညာအကူအညီဖြင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် လုပ်ဆောင်နေကြောင်း ဖော်ပြလိုက်သည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ
ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးသည် မြောက်ကိုရီးယားမှ မြန်မာသို့ လက်နက်များ ခိုးသွင်းသောကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူသည့် စာရင်းတွင် ပါဝင်လာသည်။ သူသည် ၂၀၀၈ ခုနှစ်က သူရဦးရွှေမန်းနှင့်အတူ မြောက်ကိုရီးယားသို့ သွားရောက်သည့် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ ယခုအခါတွင်မူ သူသည် စစ်ကောင်စီ၏ လက်နက်ထုတ်လုပ်ရေး အကြံပေးအဖြစ် ထမ်းဆောင်နေသည်။
၂၀၁၆ ခုနှစ်
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရွေးကောက်ခံ အစိုးရအောက်တွင် မြန်မာက ကျယ်ပြန့်သော နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးလိုက်သည်။ ထိုစာချုပ်လက်မှတ်ရေးထိုး အတည်ပြုရေး စာချုပ်စာတမ်းများကို ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် မစ်ဂူရယ် ဒီ ဆာပါ ဆောရက်စ်သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
၂၀၁၈ ခုနှစ်
နိုင်ငံတကာ နျူကလီးယားလက်နက် ပိတ်ပင်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုရန် သမ္မတ ဦးဝင်းမြင့်၏ အဆိုပြုချက်ကို လွှတ်တော်နှစ်ရပ် ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ထိုနှစ် စက်တင်ဘာလတွင် ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ထိုစာချုပ်ကို လက်မှတ်ရေးထိုးသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ
မြန်မာစစ်ကောင်စီနှင့် ရုရှားနိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom တို့သည် မြန်မာတွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအပါအဝင် အနာဂတ် အနုမြူစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကို လက်မှတ်ရေးထိုးလိုက်သည်။
ထိုစာချုပ်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်သော ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့တွင် ကျင်းပသည့် အရှေ့ဖျား စီးပွားရေးဖိုရမ် (EEF-2022) ၏ သီးခြားအစီအစဉ်တွင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီသည် လာမည့်နှစ် အနည်းငယ်အတွင်း အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း အတည်ပြုသည်။
ထိုစီမံကိန်း တည်နေရာကို စစ်ကောင်စီ ပြောခွင့်ရသူက အတည်ပြုပြောကြားခြင်း မပြုသော်လည်း စစ်ကောင်စီ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အနုမြူစွမ်းအင်ဌာနသည် နျူကလီးယား သတင်းအချက်အလက် နည်းပညာဌာနကို ရန်ကုန်တွင် တည်ထောင်မည်ဖြစ်ကြောင်း ပြောသည်။ ထိုဌာနသည် နျူကလီးယားစွမ်းအင်နှင့် ပတ်သက်သည့် လူထုအမြင်ကို လေ့လာ သြဇာသက်ရောက်စေမည့် ဌာနဖြစ်သည်။
You may also like these stories:
ယခင်စစ်အုပ်စုကဲ့သို့ စစ်ကောင်စီလည်း နျူလက်နက် ပိုင်ဆိုင်လို
ပျောက်ဆုံးနေသော သမိုင်းတခု (သို့မဟုတ်) Chernobyl (2019)
နျူလက်နက် တားဆီးရေး စာချုပ်တွင် မြန်မာလက်မှတ်ရေးထိုး
နျူကလီးယား စာချုပ် လက်မှတ်ထိုးရန် တပ်မတော်သား ကိုယ်စားလှယ် အကြံပြု