၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းတွင် ဖြစ်၏။ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့တွင် အခြေစိုက်ထားသော အမှတ် ၂ စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် အစည်းအဝေးခန်းမအတွင်း မြန်မာစစ်တပ်မှ စစ်ဗိုလ်ချုပ်များစွာ စုဝေး ရောက်ရှိနေကြသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်က ၄/၅ ယောက်ခန့်ပါသလို ဗိုလ်ချုပ်အဆင့်၊ ဗိုလ်မှူးချုပ်အဆင့်များလည်း ပါဝင်ကြ၏။ စစ်ယူနီဖေါင်း တောက်တောက်ပြောင်ပြောင်၊ ပုခုံးပေါ်က ရွှေရောင်အပွင့်အခက်များကလည်း တလက်လက်ဖြင့် ဟန်ရေးပြ ကောင်းလှ၏။
စစ်သုံးမြေပုံများကို ရှေ့ချပြီး လက်ညိုးတထိုးထိုးဖြင့် စစ်ဗိုလ်ချုပ်များက ဂိုက်ဆိုက်ဟိတ်ဟန်များနေသော်လည်း အစည်းအဝေးခန်းမအတွင်း ရှမ်းဘောင်းဘီဝတ် ရှမ်းအမျိုးသား သုံးဦးကတော့ အေးအေးလူထိုင်နေပြီး စစ်ဗိုလ်ချုပ်များ၏ တောင်းဆိုမှုများကို ပယ်ချလျက်ရှိသည်။
အခန်းတွင်းတွင် ထိုင်နေသော ရှမ်းအမျိုးသား သုံးဦးက SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်မှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
ပြဿနာက SSPP တပ်စွဲထားသော မိုင်းရှူးမြောက်ဖက်ရှိ စခန်း ၃ ခုကို ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။ ထိုစခန်းသုံးခုမှာ မိုင်းရှူးမြို့နယ် မြောက်ဘက်ရှိ SSPP/SSA ဌာနချုပ် လုံခြုံရေး တပ်စခန်းများဖြစ်သော (၁) လွိုင်နိုင်းလမ်းခွဲအဝင်အနီး ခန့်မှန်းမြေပုံညွှန်း (ME-၃၇၀၃၁၇ ) ရှိစခန်း၊ (၂ )မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း (ME-၄၀၃၃၃၁) စခန်း၊ (၃) မန်ဝိန်း ကျေးရွာအနီး ခန့်မှန်းမြေပုံအညွှန်း ( ME-၄၁၉၃၃၆ ) စခန်းတို့ ဖြစ်၏။
မြန်မာစစ်တပ်က ထိုစခန်းသုံးခု နောက်ဆုံးရက် အကြိမ်ကြိမ် သတ်မှတ်ပြီး ရာဇသံပေးနေသော်လည်း SSPP က မဆုတ်ခွာနိုင်ဟု အကြောင်း ပြန်သကဲ့သို့ မြန်မာစစ်တပ်က လာတိုက်လျင် ပြန်တိုက်မည်ဟု အကြောင်းပြန်ခဲ့သည်။
မြန်မာစစ်တပ်က ထိုစခန်းသုံးခု နောက်ဆုံးရက် အကြိမ်ကြိမ် သတ်မှတ်ပြီး ရာဇသံပေးနေသော်လည်း SSPP က မဆုတ်ခွာနိုင်ဟု အကြောင်း ပြန်သကဲ့သို့ မြန်မာစစ်တပ်က လာတိုက်လျင် ပြန်တိုက်မည်ဟု အကြောင်းပြန်ခဲ့သည်။
သို့ဖြစ်ရာ မြန်မာစစ်ဗိုလ်ချုပ်များက မိုင်းနောင်တွင် SSPP ကိုယ်စားလှယ်အဖွဲ့နှင့် ထပ်မံတွေ့ဆုံပြီး ဖိအားပေးနေခြင်း ဖြစ်၏။
ထိုဒေသသည် မြန်မာစစ်တပ်၏ စစ်တိုင်းဌာနချုပ်သုံးခု ဆုံရာဖြစ်နေသဖြင့် ရမခ၊ ရလခ နှင့်တြိဂံတိုင်းစစ်ဌာနချုပ်တို့မှ စစ်ဗိုလ်ချုပ်များပါ မိုင်းနောင်သို့ရောက်ရှိနေကြ၍ အစည်းအဝေးခန်းအတွင်း ဗိုလ်ချုပ်များ များပြားနေခြင်း ဖြစ်သည်။
မြန်မာစစ်တပ်မှ ဗိုလ်ချုပ်များသည် အစည်းအဝေးခန်းမအတွင်းတွင် ဖိအားပေးသည်သာမက မြေပြင်တွင်လည်း တန့်ယန်းနှင့် မိုင်းရှူးသို့ သံချပ်ကာ ၆ စီးခန့်စီ ပေးပို့ခြင်း၊ မြေပြင်တပ်အချို့အပြောင်းအရွှေ့ပြုပြခြင်း၊ လေယာဉ်များ ပျံသန်းပြခြင်းဖြင့် ခြိမ်းခြောက်ပြနေ၏။
စစ်ခေါင်းဆောင်ကမ်းလှမ်းထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မည့် အဖွဲ့ ၁၀ ဖွဲ့တွင် ၉ ဖွဲ့အား နေပြည် တော်၌ တွေ့ဆုံပြီးသော်လည်း SSPP အား တွေ့ဆုံခြင်း မပြုသေးဘဲ ဤစခန်းများမဆုတ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်မည့်သဘောဖြင့်လည်း ခြိမ်းခြောက်နေသည်။
မည်သို့ပင်ခြိမ်းခြောက်နေသည်ဖြစ်စေ SSPP ကတော့ လုံးဝ မဆုတ်နိုင်။ လာတိုက်လျင်ပြန်တိုက်မည်ဟုသာ အကြောင်းပြန်သည်။ သေနတ်သံမြည်လျှင်လည်း ရှမ်းပြည်နေရာအနှံ့မြည်လိမ်မည်ဟု အကြောင်းပြန်သည်။
တချိန်တည်းတွင် SSPP ၏ မဟာမိတ် UWSA ‘ဝ’ တပ်ဖွဲ့ကလည်း SSPP နှင့်အတူ စစ်ပြင်နေ၏။
ခြိမ်းခြောက်ဟန်ရေးပြနေသောသူများ တဖြေးဖြေး လေသံလျှော့သွားကြသည်။ မည်သည့်နေ့၊ မည်သည့်ရက် နောက်ဆုံး ဆုတ်ခွာရမည်ဆိုသည့် စစ်ကောင်စီ၏ ရာဇသံများသည် ဟာသပျက်လုံးများ ဖြစ်သွားပြီး လေထဲတွင် ပျောက်သွားသည်။
သို့ဖြစ်ရာ ခြိမ်းခြောက်ဟန်ရေးပြနေသောသူများ တဖြေးဖြေး လေသံလျှော့သွားကြသည်။ မည်သည့်နေ့၊ မည်သည့်ရက် နောက်ဆုံး ဆုတ်ခွာရမည်ဆိုသည့် စစ်ကောင်စီ၏ ရာဇသံများသည် ဟာသပျက်လုံးများ ဖြစ်သွားပြီး လေထဲတွင် ပျောက်သွားသည်။
ထို့နောက် SSPP ကိုယ်စားလှယ်အဖွဲ့အားလည်း စစ်ခေါင်းဆောင်က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ထိုစခန်း သုံးခု အကြောင်း ပြောသံ မကြားရတော့ပေ။
တကယ်တော့ ထိုစခန်းများသည် SSPP ထိန်းချုပ်ရာ ရှမ်းပြည်တောင်ပိုင်းနှင့် UWSA ထိမ်းချုပ်ရာ ‘ဝ’ ဒေသသို့ ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတို့ တာဆွတ်နန်ကို ထိန်းချုပ်ရာ စခန်းများဖြစ်၏။
စစ်ကောင်စီ အနေနှင့် UWSA နှင့် SSPP ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပစ်ရန် ကြိုးစားနေခြင်းဖြစ်ရာ SSPP က မာမာထန်ထန် တုန့်ပြန်ခဲ့ခြင်းလည်း ဖြစ်၏။
ထို့ပြင် မြေပြင်တွင် တပြည်လုံးအနှံ့ စစ်ပွဲဖြစ်ပွားနေရာ မိုင်းရှူး၊ တန့်ယန်းဒေသတွင် စစ်ဆင်ရေးပြုလုပ်ရန် မြန်မာစစ်တပ်၏ မြေပြင် ခြေလျင်/ခြေမြန်တပ်ရင်းများ မလုံမလောက် ဖြစ်နေ၏။ ထို့ပြင် စစ်ပွဲဖြစ်ပွားပါက SSPP ၏ မဟာမိတ် UWSA သည် လည်း တနည်းတဖုံဖြင့် ပါဝင်လာနိုင်၏။ ထိုအခြေအနေအောက်တွင် မြန်မာစစ်တပ် လက်လျော့သွားခြင်း ဖြစ်ပေသည်။
ရှမ်းပြည်နှင့် SSPP အခြေအနေသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီး သိသိသာသာပြောင်းလဲသွား၏။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစ၍ နမ္မတူဒေသတွင် SSPP နှင့် RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) တပ်များ တိုက်ပွဲများစတင်ဖြစ်ပွါးသည်။
ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ၂၀၁၅ နောက်ပိုင်းမှစ၍ သိသိသာသာ တိုးချဲ့လှုပ်ရှားလာသော RCSS နှင့် SSPP ကြား ပဋိပက္ခများ ပွင့်ထွက်လာသည်ဟု ဆိုရမည်။ RCSS တပ်များသည် ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းသို့ အလုံးအရင်းနှင့် တိုးဝင်လာသည့်အပြင် မိုင်းနောင်၊ ကျေးသီး အနောက်တောင်ဖက်ရှိ လွယ်ဟွေးတောင်ကြောအားလည်း RCSS တပ်များက ထိန်းချုပ်ပြီး SSPP ဌာနချုပ် ဝမ်ဟိုင်းအား ခြိမ်းခြောက်နိုင်ခဲ့သည်။
သို့နှင့် RCSS အား ရှမ်းပြည်မြောက်ပိုင်းနှင့်တောင်ပိုင်းမှ တွန်းထုတ်သည့် SSPP နှင့် သူ၏ မဟာမိတ်များ၏ တိုက်ပွဲများ မေလမှစ၍ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ကို တွေ့ရ၏။
ရှမ်းမြောက်တွင် SSPP တပ်များသည် သူ၏ မဟာမိတ် TNLA (တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်)နှင့် ပူးတွဲ၍လည်းကောင်း၊ ရှမ်းတောင်တွင် SSPP သည် သူ၏ မဟာမိတ် UWSA နှင့်ပူးတွဲ၍ လည်းကောင်း RCSS အား တိုက်ခိုက်ခဲ့သည်။
ရှမ်းမြောက်တွင် နမ္မတူ၊ ကျောက်မဲဒေသများတွင်လည်းကောင်း၊ ရှမ်းတောင်တွင် လွယ်ဟွေးတောင်ကြော၊ မိုင်းကိုင်၊ ပင်လုံ ဆနင်းတောင်ကြောတို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွါးခဲ့၏။ ထို့ပြင် ရှမ်းမြောက်မှဆုတ်လာသော RCSS တပ်များ အား ရပ်စောက်-ကျောက်ဂူအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲများသည် ၂၀၂၂ ခုနှစ် ဖေဖဝါရီလကုန်ပိုင်း ပင်လုံဆနင်းတောင်ကြောအရောက်တွင် SSPP ဘက်မှ ထိုးစစ် ရပ် တန့်ခဲ့သဖြင့် တိုက်ပွဲကြီးများ ရပ်တန့်သွားခဲ့သည်။ RCSS တပ်အများစုသည် တောင်ကြီး၊ ကျိုင်းတုံကားလမ်း တောင်ဖက်ခြမ်းသို့ ဆုတ်ခွာပေးခဲ့ရသည်။
RCSS တပ်များသည် ရှမ်းမြောက်မှ လုံးဝဆုတ်ပေးခဲ့ပြီး ရှမ်းတောင် တောင်ကြီး၊ ကျိုင်းတုံ ကားလမ်းမြောက်ခြမ်းတွင် အင်အားအနည်းငယ်သာ ကျန်ရစ်တော့၏။
တနှစ်ကျော် ဖြစ်ပွားနေသော SSPP နှင့် သူ၏ မဟာမိတ်များက RCSS အား တိုက်ထုတ်သော တိုက်ပွဲများကို မြန်မာစစ်တပ်က လက်ပိုက်ကြည့်နေခဲ့သော်လည်း တိုက်ပွဲများရပ်တန့်သွားသည့် ၂၀၂၂ ခုနှစ် မတ်လကုန်မှစ၍ မိုင်းကိုင်၊ ပင်လုံ ဆနင်းတောင်နှင့် မိုင်းရှူးဒေသမှ SSPP စခန်းများအား ဆုတ်ခွာရန် ရာဇသံပေးခဲ့သည်။
တနှစ်ကျော် ဖြစ်ပွားနေသော SSPP နှင့် သူ၏ မဟာမိတ်များက RCSS အား တိုက်ထုတ်သော တိုက်ပွဲများကို မြန်မာစစ်တပ်က လက်ပိုက်ကြည့်နေခဲ့သော်လည်း တိုက်ပွဲများရပ်တန့်သွားသည့် ၂၀၂၂ ခုနှစ် မတ်လကုန်မှစ၍ မိုင်းကိုင်၊ ပင်လုံ ဆနင်းတောင်နှင့် မိုင်းရှူးဒေသမှ SSPP စခန်းများအား ဆုတ်ခွာရန် ရာဇသံပေးခဲ့သည်။ ကြက်နှစ်ကောင် ခွပ်နေသည်ကို ထိုင်ကြည့်နေပြီး နှစ်ကောင်လုံးမောမှ ချက်စားရန် ကြံစည်နေပုံရသည်။
RCSS က စစ်ကောင်စီ လိုချင်သည့် ပုံစံဝင်သွားသော်လည်း မဟာမိတ်အင်အားတောင့်သည့် SSPP ကတော့ မာမာထန်ထန် တုန့်ပြန်ခဲ့၏။ ထိုစဉ်ကတည်းက SSPP က လက်မခံဘဲ ပယ်ချခဲ့ရာ တဖြေးဖြေးတင်းမာလာပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့မှစ၍ မိုင်းရှူးမြောက်ဖက်ရှိစခန်း ၃ ခု ဖယ်ခိုင်းရာမှ နှစ်ဖက်တင်းမာလာခဲ့ခြင်းပြီး နောက်ပိုင်းတွင် စစ်ကောင်စီ ဘက်မှ လျှောချသွားခဲ့ပြီး ထိုစခန်းများမှ SSPP အား ဆုတ်ခွာရန် လေသံ မဟတော့ပေ။
တဖန် မိုးမိတ်ဒေသတွင်လည်း SSPP နှင့် စစ်ကောင်စီတပ်များကြား ထိတွေမှု ၃ ကြိမ်နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက SSPP တပ်များအား ဆုတ်ခွာခိုင်းသော်လည်း SSPP ဖက်မှ လက်မခံခဲ့ပေ။ အမှန်တကယ်လည်း မိုးမိတ်ဒေသတွင်း SSPP တပ် များ လှုပ်ရှားနေသည်မှာ စစ်ကောင်စီ ခေါင်းဆောင် စစ်ဗိုလ်မဖြစ်မီ ကာလကတည်းကဖြစ်ရာ SSPP အနေနှင့် ဆုတ်ခွာ ပေးလိမ့်မည် မဟုတ်ပေ။
SSPP သည် စစ်ကောင်စီ မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီအား တိုက်ခိုက်ခြင်း မပြုဘဲ RCSS နှင့်သာ တိုက်ခိုက်နေသဖြင့် အချို့အနေနှင့် SSPP အား နားလည်ရန် ခက်ခဲနေကြသည်ကို တွေ့ရ၏။ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တခု အနေနှင့် ရေရှည် ရပ်တည်နိုင်ရန်မှာ လွတ်မြောက်ဒေသဖြစ်စေ၊ ပြောက်ကျားဒေသဖြစ်စေ ထိန်းချုပ်နိုင်သည့် အခြေခံဒေသတရပ် လိုအပ်၏။ သို့ဖြစ်ရာ SSPP အနေနှင့် ၎င်းတို့ထိန်းချုပ်ဒေသများ မဆုံးရှုံးစေရန်နှင့် ခြိမ်းခြောက်မခံရရန် RCSS တပ်များအား တွန်းထုတ်ခဲ့သည်ဟု ဆိုရမည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ SSPP သည် ၎င်းတို့တိုးချဲ့ထိန်းချုပ်ခဲ့သည့် မိုင်းကိုင်၊ ပင်လုံဒေသများတွင် စည်းရုံး ရေး၊ အုပ်ချုပ်ရေး ယန္တယားများ တည်ဆောက်နေသည်ကို တွေ့ရသည်။ ထို့ပြင် စစ်ကောင်စီနှင့် ဒုတိယအကြိမ် တွေ့ဆုံရာတွင် မြောက်ပိုင်းမဟာမိတ်များဖြစ်သည့် UWSA ၊ NDAA ( မိုင်းလား) နှင့် SSPP တို့ အတူတကွတွေ့ခဲ့ကြ၏။
နေပြည်တော်သို့ လာရောက်မတွေ့ဆုံမီကလည်း ပန်ဆန်းတွင် ၎င်းတို့ သုံးဖွဲ့တွေ့ပြီး တသံတည်း ထွက်မည်ဟူသည့် ၎င်းတို့၏ ရပ်တည်ချက်ကို ဖေါ်ပြခဲ့သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆၊၂၇ နှင့် ၂၈ များတွင် နေပြည်တော်တွင် စစ်ကောင်စီနှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် SSPP သည် ၎င်းအဖွဲ့အတွက် သီးသန့်တင်ပြဆွေးနွေးခြင်းပြုသည်ကို မပြုလုပ်ဘဲ တပြည်လုံးနှင့်ဆိုင်သည့် ဖက်ဒရယ်မူဝါဒကို တင်ပြသည်ကို တွေ့ရ၏။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆၊၂၇ နှင့် ၂၈ များတွင် နေပြည်တော်တွင် စစ်ကောင်စီနှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် SSPP သည် ၎င်းအဖွဲ့အတွက် သီးသန့်တင်ပြဆွေးနွေးခြင်းပြုသည်ကို မပြုလုပ်ဘဲ တပြည်လုံးနှင့်ဆိုင်သည့် ဖက်ဒရယ်မူဝါဒကို တင်ပြသည်ကို တွေ့ရ၏။
၎င်းတို့ဆွေးနွေးသည့် အချက်များကိုကြည့်ပါက ပထမအချက်အနေနှင့် ပင်လုံကတိကဝတ်နှင့်အညီ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေးပြဿနာ (အဓိကအားဖြင့် ၁၉၆၀ ခုနှစ်က ရှမ်းမူကို ဆုပ်ကိုင်ထားသည်ကို တွေ့ရ၏)။ ဒုတိယအချက်အနေနှင့် ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာ၊ ထပ်တူပြုအာဏာ၊ အကြွင်းအကျန် အာဏာစသည့် အာဏာခွဲဝေရေးပြဿနာနှင့် တတိယအနေနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနှင့်ပတ်သက်ပြီး ပါဝင်ရမည့် အခန်း ၁၂ ခန်းစသဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်သည့် ၎င်းတို့သဘောထားကို ဖော်ပြသွားသည်ကို တွေ့ရ၏။
၎င်းဆွေးနွေးပွဲများမှ တွေ့ရသည်မှာ SSPP ၊ UWSA ၊ NDAA သုံးဖွဲ့သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိရာ ၎င်းတို့ ဆွေးနွေးချက်များသည် NCA မူဘောင်ထဲက မဟုတ်ပေ။ စစ်ကောင်စီဘက်ကလည်း SSPP ၏ဆွေးနွေးချက်အား လက်ခံသည်ကို မတွေ့သကဲ့သို့ ညှိနှိုင်းမှု ပြုသည်ကိုလည်း မတွေ့ရပေ။
စစ်ကောင်စီ ခေါင်းဆောင်က ပေးသင့်ပေးထိုက်သည့် ဖက်ဒရယ်သာပေးမည်ဟုလည်းကောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေး အား ၂၀၀၈ အခြေခံ ဥပဒေပါ တခန်းချင်း၊ ပုဒ်မတခုချင်းအရသာ ပြင်ဆင်ခွင့်ပေးမည် ဟုလည်းကောင်း ပြောဆိုခဲ့သည်။
ထို့ပြင် တိုင်းရင်းသားတပ်ဖွဲ့များအနေနှင့် လက်နက်ဆက်ကိုင်လိုပါက မြန်မာစစ်တပ် သို့မဟုတ် နယ်ခြားစောင့်တပ် (BGF) သို့ ဝင်ရမည်ဟုလည်းကောင်း ပြောဆိုခဲ့သည့်အပြင် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးကိုပင် လက်မခံခဲ့ပေ။
မွန်ပြည်သစ်ပါတီနှင့် ဆွေးနွေးစဉ်ကလည်း မွန်ပြည်သစ်ပါတီတင်ပြသည့် ပြည်နယ် ဖွဲ့စည်းပုံရေးဆွဲရေးအား လက်မခံသည့်အပြင် စစ်ကောင်စီ၏ သတင်းပြန်ကြားရေးက သတင်းအဖြစ်ပင် မထုတ်ပြန်ခဲ့ပေ။ စစ်ကောင်စီ၏ တွေ့ဆုံ ဆွေးနွေး ရေး ဆိုသည်မှာ အပြန်အလှန်ညှိနှိုင်းခြင်းမဟုတ်ဘဲ ၎င်းတို့သဘောထားအား ခေါ်ယူလက်ခံခိုင်းခြင်းသာဖြစ်သည်ကို တွေ့ရ၏။
စစ်ကောင်စီ၏ သဘောထား ဖေါ်ပြချက်အရ SSPP လိုလားသည့် ဖက်ဒရယ် နိုင်ငံရေး ရည်မှန်းချက်များသည် စစ် ကောင်စီ၏ ဆွေးနွေးပွဲ စားပွဲဝိုင်းမှ မရနိုင်သည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်နေပြီ။
၂၀၀၉ ခုနှစ်က နအဖ အစိုးရက SSPP တပ်ဖွဲ့အားလည်းကောင်း၊ ဦးအောင်ခမ်းထီ၏ PNO တပ်ဖွဲ့အားလည်းကောင်း၊ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခိုင်းရာ SSPP တပ်မဟာ ၃ က စိန်ဂျော့ ပြည်သူ့စစ် အဖြစ်လည်းကောင်း၊ SSPP တပ်မဟာ ၇ က ကာလိ ပြည်သူ့စစ်အဖြစ်လည်းကောင်း၊ အောင်ခမ်းထီ၏ PNO က ပအိုဝ်း ပြည်သူ့စစ်အဖြစ် လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ကြသည်။
စဝ်ပန်ဖ ဦးစီးသည့် SSPP တပ်မဟာ ၁ သည် ၂၀၁၀ ဧပြီလ ၅ ရက်နေ့တွင် အစည်းအဝေးတရပ်ပြုလုပ်ပြီး ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် လက်မခံခဲ့ဘဲ မြန်မာစစ်တပ်နှင့် ပြန်လည်တိုက်ခိုက်ခဲ့အခါ SSPP အဖွဲ့အစည်းကို တည်တန့်အောင် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
လက်ရှိ စစ်ကောင်စီ၏ သဘောထားမှာ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည်ထက် တိုင်းရင်းသားအဖွဲ့များကို ပြည်သူ့စစ်အဆင့်ဖြင့် နယ်ခံဗိုလ်ကျခွင့်ပေးပြီး စစ်တပ်၏ လက်ကိုင်ဒုတ်အဖြစ်သာ ထားချင်သည်ကို တွေ့ရ၏။ ဤသို့သော အခြေအနေအောက်တွင် SSPP သည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို မည်သို့ဆက်လက် ဖေါ်ဆောင်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ပင်။
လက်ရှိ စစ်ကောင်စီ၏ သဘောထားမှာ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည်ထက် တိုင်းရင်းသားအဖွဲ့များကို ပြည်သူ့စစ်အဆင့်ဖြင့် နယ်ခံဗိုလ်ကျခွင့်ပေးပြီး စစ်တပ်၏ လက်ကိုင်ဒုတ်အဖြစ်သာ ထားချင်သည်ကို တွေ့ရ၏။ ဤသို့သော အခြေအနေအောက်တွင် SSPP သည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို မည်သို့ဆက်လက် ဖေါ်ဆောင်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ပင်။
RCSS ခေါင်းဆောင် စဝ်ရွက်စစ်က စစ်ခေါင်းဆောင်နှင့် တွေ့ပြီးနောက် ဖက်ဒရယ်ရတော့မည်ဟုဆိုနေသော်လည်း SSPP ကတော့ ဖက်ဒရယ်နှင့်ပတ်သက်၍ ရှမ်းမူကို စွဲစွဲမြဲမြဲ ကိုင်ဆွဲထားသည်ကို တွေ့ရသည်။
ထို့ပြင် စစ်ကောင်စီသည် ပြည်တွင်းကိုသာ ငြိမ်အောင်ထိန်းနိုင်ပါက ၎င်းတို့ဖက်သို့ ဦးလှည့်လာမည်ကို SSPP အနေနှင့် သိပြီးသားဖြစ်သည်။ SSPP သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် နီးနီးကပ်ကပ် ဆက်ဆံ၍ မဟာမိတ်ဖွဲ့ စည်းထား နိုင်ခဲ့သည်။ တပြည်လုံးအတိုင်းအတာဆောင်သည့် တိုင်းရင်းသား တပ်ပေါင်းစု (UNFC) တွင် ပါဝင်ခဲ့၏။ RCSS ကဲ့သို့ မဟာမိတ်မရှိဘဲ အထီးကျန်ဆန်သည့် အဖွဲ့အစည်းမျိုး မဟုတ်ပေ။
သို့သော် SSPP သည် လက်ရှိ စစ်ကောင်စီအား အပြင်းအထန်တိုက်ခိုက်နေသည့် NUG/PDF အပါ ပြည်မ အင်အားစုများနှင့် တရားဝင်ဆက်ဆံသည်ကို မတွေ့ရပေ။ NUCC တွင်လည်း ပါဝင်ခြင်း မရှိပေ။ သို့သော်လည်း SSPP ၏ SSA ရှမ်းပြည် တပ်မတော် ထူထောင်သည့် ၅၈ နှစ်မြောက် မွေးနေ့အား ဂုဏ်ပြုသည့်သဝဏ်လွှာအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၄ ရက်တွင် NUG က ပေးပို့သည်ကို တွေ့ရသကဲ့သို့ SSPP သတင်းပြန်ကြားရေးကလည်း ဖေါ်ပြသည်ကို တွေ့ရ၏။
SSPP အနေနှင့် တရားဝင် ဖေါ်ထုတ်ဝန်ခံခြင်း မပြုသော်လည်း ပြည်မတော်လှန်ရေးအင်အားစုများကို ကူညီမှုရှိသည်ကို လည်းကောင်း၊ စစ်ကောင်စီအား တိုက်ခိုက်နေသည့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များနှင့် ဆက်ဆံရေး ရှိသည်ကို မြေပြင်သတင်းများအရ ကြားသိနေရ၏။
ထို့ပြင် ၂၀၂၂ ခုနှစ် ဇွန်လ မိုင်းရှူးမြောက်ဖက်ရှိ စခန်းများနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် စစ်ရေးတင်းမာစဉ်ကာလက SSPP ထိန်းချုပ်နယ်မြေတွင်းရှိ လေ့ကျင့်ပြီး PDF များအား အလျင်အမြန် လက်နက်တပ်ဆင်ပေးသည်ဟူသည့် မြေပြင်သတင်းများကိုလည်း ကြားသိနေရသည်ဖြစ်ရာ SSPP ၏ အနာဂတ်ခြေလှမ်းသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။
တပြည်လုံး အနှံ့အပြား၌ စကစအား တွန်းလှန်တိုက်ပွဲဝင်နေသည့် ယခုအချိန်ကာလသည် တိုင်းရင်းသား တပ်ဖွဲ့များ အနေ နှင့် မိမိအခွင့်အရေး၊ နိုင်ငံရေး ရည်မှန်းချက်အတွက် ရယူနိုင်ရန် အကောင်းဆုံးကာလ၊ စစ်တိုက်၍ အောင်ပွဲရယူရန် အကောင်းဆုံး အချိန်ကာလဟု အများက ယူဆထားကြသည်။
တပြည်လုံး အနှံ့အပြား၌ စကစအား တွန်းလှန်တိုက်ပွဲဝင်နေသည့် ယခုအချိန်ကာလသည် တိုင်းရင်းသား တပ်ဖွဲ့များ အနေ နှင့် မိမိအခွင့်အရေး၊ နိုင်ငံရေး ရည်မှန်းချက်အတွက် ရယူနိုင်ရန် အကောင်းဆုံးကာလ၊ စစ်တိုက်၍ အောင်ပွဲရယူရန် အကောင်းဆုံး အချိန်ကာလဟု အများက ယူဆထားကြသည်။
ဤသို့သော အခြေအနေတွင် နိုင်ငံရေးရည်မှန်းချက်ကြီးသော၊ ဖက်ဒရယ်မူ၊ ရှမ်းမူကို ဆုပ်ကိုင်ထားသော SSPP အနေနှင့် ၎င်းတို့၏ ရည်မှန်းချက်အား စစ်ကောင်စီနှင့် ဆွေးနွေး၍ မရသည်မှာ သေချာသလောက်ဖြစ်ရာ SSPP မည်သည့် ခြေလှမ်း လှမ်းမည်နည်း၊ မည်သို့ အကောင်အထည်ဖေါ်မည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။
လက်ရှိ မြန်မာစစ်တပ်၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကျပ်အတည်းကာလတွင် SSPP ၏ အနာဂတ်ခြေလှမ်းနှင့် လုပ်နိုင်စွမ်းသည် သမိုင်းမှတ်တမ်းတင်ကြရမည့် ခြေလှမ်းများလော။
(ကိုဦးသည် တိုင်းရင်းသားရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
သထုံခရိုင် PDF များကို KNU ဘာကြောင့် တပ်ပေါင်းစုဖွဲ့သလဲ
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တောင်းဆိုချက် စစ်ကောင်စီ လိုက်လျောမလား
စစ်အာဏာသိမ်းခေါင်းဆောင်နှင့် ရှမ်းစစ်ဘုရင်တို့၏ မုန်တိုင်းထန်သော ဆက်ဆံရေး
ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ