သမ္မတဖြစ်ချင်ခဲ့သူ၊ ဒီမိုကရေစီဘက်တော်သားလို့ ကြွေးကြော်ခဲ့သူ စစ်ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦးရွှေမန်း ကတော့ စစ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာမှာ ကျန်းမားရေးအခြေအနေနဲ့ ပါတီနိုင်ငံရေးကို စိတ်ဆန္ဒမရှိတော့ဟုဆိုကာ သူ့ရဲ့ “ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ (UBP) ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။
၂၀၁၉ ခုနှစ်၊ ဧပြီလမှာ ပါတီမှတ်ပုံတင်ရခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကျပ်ဘီလီယံချီအသုံးပြုပြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ၉၂၇ ဦးနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တဦးမှအနိုင်ရခြင်းမရှိခဲ့တဲ့ UBP ပါတီကို ပါတီသက်တမ်း ၃ နှစ်ကျော်ကာလ၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာပဲ ပါတီဖျက်သိမ်းခွင့်ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြလိုက် တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ သူရဦးရွှေမန်းက “ မိမိနှင့် ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များသည် ယခုအခါ အသက်အရွယ်ကြီးရင့်လာ ကြပြီး ကျန်းမာရေးချို့တဲ့သူများရှိသလို လူမှုရေးနှင့် အခြားအခက်အခဲများ ရှိလာကြခြင်း၊ ပါတီနိုင်ငံရေးအား ဆက်လက်လုပ်ကိုင်ရန် ဆန္ဒ မရှိကြတော့ခြင်းတို့ကြောင့် UBP ပါတီအား ပါတီမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်များက သဘောတူဆုံးဖြတ်ခဲ့ ကြပါသည်” လို့ အောက်တိုဘာ ၁၂ ရက်နေ့မှာ သူ့ရဲ့ Facebook စာမျက်နှာကနေ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုကျန်းမာရေး၊ လူမှုရေးအခက်အခဲနဲ့ နိုင်ငံရေးစိတ်ဆန္ဒမရှိမှုတို့ကို အကြောင်းပြကာ UBP ပါတီကို ဖျက်သိမ်းတယ်ဆိုပေမယ့် နောက်ကွယ်မှာတော့ ပါတီဥက္ကဌ သူရဦးရွှေမန်းနဲ့ စစ်တပ်ကြားက အကွဲအပြဲတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) တို့ကြား အကွဲအပြဲတွေဟာ တစုံတရာ ဆက်နွယ်မှုရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “ အထူးသဖြင့်တော့ သူရဦးရွှေမန်းပေါ့နော်၊ သူ့အနေနဲ့ကျတော့ တပ်နဲ့လည်း သိပ်အဆင်ပြေဘူးလေ၊ ပြည်ခိုင်ဖြိုးပါတီနဲ့လည်း အဆင်မပြေဖြစ်နေတဲ့ အချိန်မျိုးမှာ ပြောမှားဆိုမှားတွေဖြစ်ခဲ့ရင်၊ တခုခုပေါ့ ခြေလှမ်းမှားခဲ့တယ်ဆိုခဲ့ရင် အန္တရာယ်လည်းရှိတယ်လို့ ကျနော်တော့သုံးသပ်မိပါတယ်။ ဒါကြောင့် အခြေအနေအရပ်အရပ်ကို ကြည့်ပြီးတော့ ဖျက်သိမ်းလိုက်တာ ပို ကောင်းတယ်လို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်” လို့ ပြောပါတယ်။
သူရဦးရွှေမန်းဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ တပ်မတော်တရပ်လုံးမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူးနဲ့ အဆင့် (၃) ရာထူး ရှိသူဖြစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရအဖွဲ့ထဲမှာလည်း အာဏာရှိသူ တဦးဖြစ်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရခေတ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာတော့ ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကူအညီများပေးခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ကြား မကြာခနဆိုသလို တွေ့ဆုံမှုတွေရှိခဲ့ကာ ခင်မင်ရင်းနှီးတဲ့ နိုင်ငံရေး မဟာမိတ်သဘောလည်း ဆောင်ခဲ့ပါတယ်။
ဒီအတွက်ကြောင့်ပဲ သူရဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးသူ၊ ဒီမိုကရေစီလိုလားသူအဖြစ် အကောင်းမြင်သူတွေရှိ သလို တဖက်ကလည်း သာကူး၊ ခြံခုန်သူလို့ ဝေဖန်ပြောဆိုကြတာတွေလည်း ရှိကြပါတယ်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမကျင်းပမီ လပိုင်းအလိုမှာတော့ “သန်းခေါင်ယံ အာဏာသိမ်းပွဲ” လို့ လူသိများတဲ့ ကြံ့ခိုင်ရေးပါတီတွင်း အားပြိုင် မှုမှာတော့ ယာယီဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းဟာ ပါတီကနေ ဖယ်ရှားခံခဲ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း သူရဦးရွှေမန်းကို “သစ္စာဖောက်” အဖြစ် ပြောဆိုခဲ့ကြောင်းလည်း ၂၀၁၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ပြန်ကြား ရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ရေးသားတဲ့ “ Myanmar’s Political Transition and Lost Opportunities (2010-2016) စာအုပ်မှာ ဖော်ပြ ထားပါတယ်။
ဒီလိုတင်းမာမှုတွေကြောင့် သူရဦးရွှေမန်းအနေနဲ့ သေနတ်ကို ခေါင်းအုံးအောက်ထည့်အိပ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်းသိရတဲ့ညကပင် ဇနီးဖြစ်သူက “ရှင်သေနတ်ကိုင်စရာမလိုတော့ဘူး၊ ရှင်မဲရှုံးသွားပြီ။ ရှင့်ကိုရှုံးစေချင်တဲ့သူတွေ ကျေနပ်သွားပြီလေ၊ ရှင့်မှာအန္တရာယ်မရှိတော့ဘူး” လို့ ပြောဆိုခဲ့တဲ့အကြောင်း သူရဦးရွှေမန်းကိုယ်တိုင်ရေးသားတဲ့ “သူ၊ ကျွန်တော်နဲ့ မြန်မာ့နိုင်ငံရေး” စာအုပ်မှာဖော်ပြခဲ့ပါတယ်။
ဒီလိုအားပြိုင်မှုတွေကြားကပဲ ၂၀၁၅ ရွေးကောက်ပွဲအပြီး အနိုင်ရပါတီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တက်လာချိန်မှာ သူရဦးရွှေမန်းအနေနဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဌအဖြစ် နေရာရခဲ့ပါတယ်။ ကော်မရှင်ကို တနှစ်တကြိမ် လွှတ်တော်မှာ သက်တမ်းတိုးပေးရတာဖြစ်ပြီး နောက်ပိုင်းမှာဝေဖန်မှုတွေ ခံခဲ့ရတဲ့ ကော်မရှင်ဟာ သူ့ရဲ့ UBP ပါတီကို တည်ထောင်မှတ်ပုံတင်ပြီးတဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီလနောက်ပိုင်းမှာ ထပ်မံ သက်တမ်းတိုးခြင်း မခံရတော့ဘဲ ရပ်သွားခဲ့ရပါတယ်။
သူရဦးရွှေမန်း ဦးဆောင်တဲ့ UBP ပါတီဟာလည်း အချိန်တိုအတွင်း အင်အားကြီးထွားခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ပါတီဝင်အင် အား ၄ သိန်းခွဲခန့်အထိ ရှိခဲ့ပြီး မြို့နယ်ပေါင်း ၂၀၀ ကျော်မှာလည်း ပါတီရုံးတွေ ဖွင့်နိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ NLD ပါတီရဲ့ သောင်ပြိုကမ်းပြိုအနိုင်ရမှုကို ပယ်ဖျက်ပြီး စစ်တပ်အာဏာသိမ်းမှုကို ကြုံတွေ့ရခဲ့ပြီးနောက် ပါတီဖျက်သိမ်းဖို့ အထိဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
လတ်တလောမှာ အာဏာသိမ်းစစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်ဖြစ်တဲ့ ရွေးကောက်ပွဲတရပ်ကို ကျင်းပနိုင်ဖို့ ကြိုးပမ်းနေသလို တဖက်ကလည်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ တော်လှန်ရေးအင်အားစုတွေဟာ ရွေးကောက်ပွဲမကျင်းပနိုင် ရေးအတွက် တွန်းအားပေးနှိုးဆော်တာတွေရှိနေပါတယ်။
ဒီအတွက် စစ်တပ်အရာရှိဟောင်းတဦးဖြစ်တဲ့ သူရဦးရွှေမန်းအနေနဲ့ နိုင်ငံရေးအကင်းပါးပါးနဲ့ သူ့ရဲ့သဘောထားကို ဖော်ပြခဲ့တာဖြစ်သလို နိုင်ငံရေးပဋိပက္ခတွေကြားကနေ ရှောင်ထွက်ခဲ့တာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတချို့က ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ ဒီလိုအနေအထားမှာ ရွေးကောက်ပွဲမဝင်ဘူးလို့ ပြောရင်ဆိုရင် စစ်ကောင်စီအနေနဲ့ သူ့အပေါ်မှာ အထင်အမြင်လွဲမှားနိုင်တယ်။ အလားတူ NUG ရဲ့ ရွေးကောက်ပွဲကို ပျက်စေမယ့် လုပ်ငန်းစဉ်တွေမှာလည်း သူ့အနေနဲ့ ပါဝင် ဆောင်ရွက်မယ့် အနေအထားနဲ့ သဘောထားမရှိဘူးလို့ ထင်ပါတယ်၊ အဲဒီအချိန်မှာ သူ့အနေနဲ့ ပါတီကို ဖျက်သိမ်းလိုက်တဲ့အတွက် ရွေးကောက်ပွဲဝင်ဖို့ တာဝန်မရှိဘူးပေါ့ဗျာ။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကောင်းတယ်၊ ဆိုးတယ်၊ မှားတယ်မှန်တယ် အကဲဖြတ်စရာလည်း မလိုအပ်တော့ဘူးပေါ့။ သူက ကြားနေအဖြစ် ရပ်တည်ပြလိုက်တဲ့သဘောလို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။
ဦးရဲထွန်းကလည်း “ ရွေးကောက်ပွဲကာလမှာဆိုရင် နိုင်ငံရေးပါတီတွေအနေနဲ့ ဝင်ပြိုင်မှာလား၊ မပြိုင် ဘူးလား။ ဝင်မပြိုင်ဘူးဆိုရင်လည်း ပါတီက ဖျက်သိမ်းခံရမှာ။ အဲဒါဆိုရင်လည်း လက်ရှိ နစက ကိုဆန့်ကျင်တဲ့ သဘောမျိုးလည်း ဖြစ်သွား နိုင်တော့ အဲဒီလိုမဖြစ်အောင် ကိုယ့်ဟာကိုယ် ဖျက်သိမ်းတာကောင်းတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ဖျက်သိမ်းလိုက်တယ်လို့ ထင်တယ်” လို့ သုံးသပ်ပြောပါတယ်။
သို့သော် UBP ပါတီတာဝန်ရှိသူတဦးကတော့ ယခုလို ပါတီဖျက်သိမ်းရခြင်းသည် စစ်တပ်ရဲ့ ကျောထောက်နောက်ခံရှိမှု၊ မရှိမှုနဲ့ မသက်ဆိုင်ဘဲ ပါတီခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေအရ ပါတီအနေနဲ့ လှုပ်ရှားနိုင်ခွင့်နည်းပါးတဲ့ အနေအထား နဲ့ နယ်မြေတည်ငြိမ်ရေး အနေအထားတွေကြောင့် ဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီတာဝန်ရှိသူတဦးက “ အခုချိန်က ပါတီကလှုပ်ရှားဖို့က မလွယ်ဘူးလေ၊ ကိုယ့်လူတွေကိုတောင်မှ ဆက်သွယ်ဖို့က ခက်ခဲနေတာ။ စစ်တပ်ရဲ့ ကျောထောက်နောက်ခံရှိမှု၊ မရှိမှု အဲဒါကြောင့်တော့ မဟုတ်ဘူး။ အဓိကတော့ ပြင်ပ ပရောဂကိုပဲ စိုးရိမ်တာပါ။ အခု မငြိမ်မသက် ဖြစ်နေတာလေးတွေပေါ့ဗျာ။ အဲဒီဟာလေး တွေက အနှောက်အယှက်ဖြစ် နေတာပေါ့၊ ဘာလို့ဆို လက်နက်က သူတို့ဆီမှာလည်း ရှိနေပြီလေ။ အေးအေးချမ်းချမ်း သိပ်မဖြစ်တဲ့အခါကျတော့ နည်းနည်းနားချင်ကြပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းရန် ကြိုးပမ်းနေတဲ့ကာလအတွင်း ဆက်လက်စောင့်ကြည့်ရန် အချိန်ထပ်ယူချင်ခဲ့သော်လည်း ပါတီမှ တခြားပါတီသို့ ကူးပြောင်းချင်သူများရှိပါက အဆင်ပြေစေရေး ထည့်သွင်းစဉ်းစားကာ ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ လည်း ၎င်းကဆိုပါတယ်။
မည်သို့ဆိုစေ စစ်တက္ကသိုလ်အပတ်စဉ် ၁၁ ကိုတက်ရောက်ခဲ့ပြီး စစ်အစိုးရလက်ထက်တွင် နံပါတ် ၃ အဆင့်ရှိတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးရာထူးကို ထမ်းဆောင်ခဲ့ပြီး ဒီမိုကရေစီဘက်တော်သားလို့ကြွေးကြော်ကာ သမ္မတဖြစ်ချင်ခဲ့သူ ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦး ရွှေမန်းဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲမတိုင်မီမှာပဲ ပါတီနိုင်ငံရေးကို ဆန္ဒမရှိ တော့ကြောင်း ကြေညာကာ ပါတီဖျက်သိမ်းခဲ့ပြီဖြစ်သည်။
You may also like these stories:
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည် မဟုတ်
သမ္မတဟောင်း ဦးသိန်းစိန် နှင့် ဦးရွှေမန်း သဘောထား ကွဲလွဲမှုများ ရှိဟု ဆို