ဦးသုခက သူဖန်တီး ရေးသားသီဆိုခဲ့တဲ့ “ဂုဏ်” သီချင်းဟာ အရက်အားပေးသီချင်း ဖြစ်သွားခဲ့ပေမယ့် သူ့သီချင်း “ဘဝသံသရာ” သီချင်းကြောင့် အာပတ်ဖြေနိုင်ခဲ့တယ်လို့ သူ မကွယ်လွန်မီက မကြာခဏ ပြောဖူးပါသတဲ့။
ဘဝသံသရာသီချင်းဟာ ဘဝသံသရာရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးဖြစ်ပြီး ဘဝသံသရာ ရုပ်ရှင်ရုံတင်တာ ၁၉၅၆ ခုနှစ်ကပါ။ ဘဝသံသရာရုပ်ရှင်ကို တရုတ်ပြည်သို့ တင်ပို့ပြသရာ ပေါင်စတာလင် ၃,၀၀၀ ရတယ်လို့ ကျော်ဦးရေးတဲ့ စာရေးဆရာဒါရိုက်တာ ဦးသုခ စာအုပ်မှာ ဖတ်ရတယ်။
မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် အောင်မြင်ခဲ့တဲ့ ဘဝသံသရာသီချင်းဟာ ၁၉၅၈ ခုနှစ်မှာ လီနင်ဂရက်မြို့ (ယခု စိန့် ပီတာစဘာ့ဂ်မြို့) က လူငယ်လေးတွေ ပါးစပ်ဖျားကို ရောက်သွားသည်အထိ အောင်မြင်ခဲ့တာကို ဦးသုခပင် သိသွားပါလေစ။
ဇာတ်လမ်းကတော့ စာရေးဆရာဇေယျတို့အဖွဲ့ ဥဇဘက်ပြည်၊ တာ့ရှ်ကင့်မြို့မှာ ၁၉၅၈ ခုနှစ်က သွားတက်ခဲ့ကြတဲ့ “အာရှ- အာဖရိက စာရေးဆရာများ ညီလာခံ” က စရပါမယ်။
မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် အောင်မြင်ခဲ့တဲ့ ဘဝသံသရာသီချင်းဟာ ၁၉၅၈ ခုနှစ်မှာ လီနင်ဂရက်မြို့ (ယခု စိန့် ပီတာစဘာ့ဂ်မြို့) က လူငယ်လေးတွေ ပါးစပ်ဖျားကို ရောက်သွားသည်အထိ အောင်မြင်ခဲ့တာကို ဦးသုခပင် သိသွားပါလေစ။
ဇေယျရဲ့ ယဉ်ကျေးမှုခရီးသည် စာစုထဲမှာ ဆိုဗီယက်က မလှကျော့ ဆိုတဲ့ စာတပုဒ်ပါတယ်။ “မလှကျော့သည် မြန်မာအမည်ဖြစ်သော်လည်း မြန်မာမဟုတ်၊ လီနင်ဂရက်သူ၊ ရုရှားအမျိုးသမီးကလေး ဖြစ်ပေသည်။” ဒီလိုအရေးအသားနဲ့ စဖွင့်ထားတဲ့ဆောင်းပါးအစမှာ မြန်မာစာရေးဆရာတွေ ညီလာခံဒုတိယနေ့ ဟိုတယ်မှာ မနက်စာစားပုံမြင်ကွင်း ရေးတယ်။
အဦးဆုံး မနက်စာကို လိမ္မော်ရည်၊ ဒိန်ချဉ် တခွက်ကြီး သောက်ရတယ်။ ပြီးတော့ ပေါင်မုန့်ဖြူ၊ ပေါင်မုန့်ညိုကို စားရတယ်။ ပြီးတော့ ဗြက် ခြောက်လက်မခန့်၊ ဒု နှစ်လက်မခွဲ၊ သုံးလက်မလောက်ရှိတဲ့ နံပြားနဲ့ကြက်ဥ၊ ဆိတ်သား၊ အမဲသားတို့နဲ့ စားရတယ်။
ဆရာက “ကျနော်တို့က နံပြား ခေါ်သည်။ အိန္ဒိယတိုင်းသားများက နန်းမရုတီး ခေါ်သည်။ ဥဇဘက်က ‘နန်း’ ဟူ၍သာ ခေါ်သည်။ ဥဇဘက်လူမျိုးတို့ အရင်းခံစားသောက်သော ထမင်းပင်ဖြစ်လေသည်” လို့ ရေးခဲ့တယ်။
မနက်စာ စားသောက်ပြီး အချိန်ရသေးတာနဲ့ ဟိုဒီလှည့်ပတ်ကြည့်နေတုန်း သူငယ်မလေးတယောက်က သူ့နားရောက်လာပြီး “သည်းခံပါခင်ဗျာ၊ ခင်ဗျား မြန်မာပြည်က မြန်မာစာရေးဆရာ ကိုယ်စားလှယ် မဟုတ်လား” ဆိုပြီး လာမိတ်ဆက်တယ်။
“သူ မြန်မာစကားပြောပုံမှာ ခပ်နှေးနှေးနှင့် တလုံးစီပြောသည်။ အနည်းငယ်ဝဲသော်လည်း စကားလုံးများမှာ ပီပီသသ ရှိသည်။ နိုင်ငံခြားသားများမှာ မြန်မာဘာသာ ‘သ’ အက္ခရာကို ပီပီသသ ရွတ်ဆိုနိုင်သူရှားသည်။ ‘ထ’ သံလိုလို ‘ဆ’ သံလိုလို ရွတ်ဆိုလေ့ရှိကြသည်။ သို့သော် ထို သူငယ်မကလေး မူကား ‘သ’ အက္ခရာကို ပီပီသသကြီး ရွတ်ဆိုသည်ကို သတိပြုမိလေသည်။
တာ့ရှ့်ကင့်မြို့ကို သွားနိုင်သူ ကျောင်းသားတွေ သွားကြပါ။ စာရေးဆရာတွေနဲ့တွေ့ပြီး ဘာသာစကားပြောကြားမှု လေ့လာကြ။ မိတ်ဆွေဖွဲ့ကြ” တိုက်တွန်းပြောဆိုလို့ မလှကျော့ ရောက်လာပြီး မိတ်ဖွဲ့ခြင်းပင်။
ကျနော်က အံ့အားသင့်လျက်ပင် ဟုတ်ပါတယ် ဟုပြန်ပြောသည်။
ခင်ဗျား မြန်မာစာရေးဆရာ အဖွဲ့ခေါင်းဆောင်လား။
ဟုတ်ပါတယ်။
ခင်ဗျားနာမည် ဦးယောလားဟု ဆက်မေးရာ ပို၍ အံ့အားသင့်သွားလေသည်။ သို့နှင့် ကျနော်က ဟုတ်ပါတယ်။ ကျနော့်နာမည် ဦးယောလို့ ခေါ်ပါတယ်။
ဆရာဇေယျကို လာမိတ်ဆက်သူဟာ လီနင်ဂရက်မြို့၊ ဘာသာစုံသင်ကြားတဲ့ သိပ္ပံကျောင်းက မြန်မာစာသင်တန်းသူ မလှကျော့ ဖြစ်ပါတယ်။ သူတို့ကျောင်းက ဝေါဟာရပါရဂူ ဆရာကြီးတယောက်က “မြန်မာ၊ အိန္ဒိယ၊ သီဟိုဠ် စတဲ့ အာရှတိုက်တောင်ပိုင်း၊ အရှေ့ပိုင်းမှ စာရေးဆရာတွေ တာ့ရှ်ကင့်ညီလာခံ ရောက်နေကြတယ်။
တာ့ရှ့်ကင့်မြို့ကို သွားနိုင်သူ ကျောင်းသားတွေ သွားကြပါ။ စာရေးဆရာတွေနဲ့တွေ့ပြီး ဘာသာစကားပြောကြားမှု လေ့လာကြ။ မိတ်ဆွေဖွဲ့ကြ” တိုက်တွန်းပြောဆိုလို့ မလှကျော့ ရောက်လာပြီး မိတ်ဖွဲ့ခြင်းပင်။
နောင်သော် စာရေးသူ တင်နိုင်တိုးက မလှကျော့အကြောင်း အခုလို စာဖွဲ့ခဲ့ဖူးတယ်။
“လီယာနာ ဇဗာဒိုဗာ (ခ) မလှကျော့နှင့် မောင်ရင်မောင် မမယ်မ ဝတ္ထု”
ဇေယျက ညီလာခံတွင် မြန်မာပြဇာတ်များအကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားခဲ့ပြီးနောက် နောက်တနေ့ ညနေပိုင်းတွင် မလှကျော့ လာရောက်တွေ့ဆုံခဲ့ပုံကို ဆောင်းပါးတပုဒ်တွင် ရေးသား ဖော်ပြခဲ့သည်။ ဆောင်းပါးတွင် မလှကျော့ လာရောက်မေးမြန်းခဲ့ပုံနှင့် ပတ်သက်၍ ‘ဇာတ်ဆရာကြီး ဦးဘိုးစိန် အကြောင်း၊ ထို့နောက် ငါးရာ့ငါးဆယ်ဇာတ်များ၊ ဇာတ်ကြီးဆယ်စောင်၊ မြန်မာကဗျာလင်္ကာစပ်နည်း စသည် တို့ကို မေးသဖြင့် ကျနော်တို့ကလည်း တတ်နိုင်သ၍ တနာရီကျော်ကျော်လောက် ရှင်းလင်းပြောပြလိုက်လေသည်’ စသည်ဖြင့် ရေးသားခဲ့ပါသည်။
မလှကျော့သည် နောက်ပိုင်းတွင် ဆိုဗီယက်ပြည်ထောင်စု သိပ္ပံ အကယ်ဒမီ အရှေ့တိုင်းပညာဌာန၌ အမှုထမ်းခဲ့ပြီး မြန်မာပြည်သို့လည်း အလည်အပတ် ရောက်ရှိလာခဲ့ပါသည်။
“မလှကျော့သည် မြန်မာဘာသာစာပေကို ဆက်လက်လေ့လာဆည်းပူးခဲ့ရာ မြန်မာစာပေနှင့် ပတ်သက်၍ အတော်အတန် တီးမိခေါက်မိလာခဲ့သည်။ မြန်မာဘာသာစကားကိုလည်း ကျွမ်းကျင်သည်ထက် ကျွမ်းကျင် လာခဲ့ပါသည်။
မလှကျော့သည် မြန်မာဂန္ထဝင် ဝတ္ထုများအပေါ် စိတ်ဝင်စားမှုရှိခဲ့ပြီး မြန်မာစာပေလောကတွင် ပထမဆုံး ပေါ်ပေါက်ခဲ့သည်ဆိုသော ဂျိမ်း(စ်) လှကျော်၏ ‘မောင်ရင်မောင် မမယ်မ’ ကာလပေါ်ဝတ္ထုနှင့် ပတ်သက်၍လည်း အထူးလေ့လာမှု ပြုခဲ့သည်။”
ဆရာဇေယျနဲ့ တွေ့ပြီးနောက်ပိုင်း မလှကျော့ရဲ့ တိုးတက်ခဲ့မှုတပိုင်းတစကို တွေ့မြင်ရတယ်။
မလှကျော့သည် မြန်မာဂန္ထဝင် ဝတ္ထုများအပေါ် စိတ်ဝင်စားမှုရှိခဲ့ပြီး မြန်မာစာပေလောကတွင် ပထမဆုံး ပေါ်ပေါက်ခဲ့သည်ဆိုသော ဂျိမ်း(စ်) လှကျော်၏ ‘မောင်ရင်မောင် မမယ်မ’ ကာလပေါ်ဝတ္ထုနှင့် ပတ်သက်၍လည်း အထူးလေ့လာမှု ပြုခဲ့သည်။
ဇေယျတို့ စာရေးဆရာတသိုက် တာ့ရှ်ကင့် စာရေးဆရာညီလာခံပြီးတော့ မော်စကို ကို လေ့လာရေးခရီး ဆက်ကြတယ်။ အဲ့ဒီကနေ မလှကျော့ လာလည်ဖို့ဖိတ်သွားတဲ့ လီနင်ဂရက်ကို ခရီးဆက်ကြတယ်။
မလှကျော့က မြန်မာစာရေးဆရာတွေ လီနင်ဂရက်ကို လာကြဖို့ဖိတ်တာက မြန်မာစာသင်နေတဲ့ ရုရှားကျောင်းသားတွေနဲ့ တွေ့ဆုံစကားပြောဆိုစေချင်လို့ပါ။ လီနင်ဂရက်က ဟိုတယ်ယူရုပ်ကို ဇေယျတို့အဖွဲ့ ရောက်တယ်ဆိုရင်ပဲ ကျောင်းသားအရွယ် ကလေးမလေးသုံးယောက်နဲ့ ကျောင်းသားတယောက်တို့ ရောက်လာပြီး “ခင်ဗျား မြန်မာပြည်က စာရေးဆရာလား” ဟု မေးလေသည်။ ကျနော့်စိတ်တွင်းက” အင်း မလှကျော့လူသိုက်နှင့် တွေ့နေမှကိုး” ဟု တွေးတောကာ “အေး ဟုတ်တယ်၊ မင်းတို့ကလည်း မြန်မာဘာသာသင် ကျောင်းသားတွေပဲထင်ပါရဲ့။”
“ဟုတ်ပါတယ်၊ ကျမက ဒုတိယနှစ်၊ သူတို့က ပထမနှစ်။”
“အေး ကောင်းတယ်၊ ဒါထက် တို့ တာ့ရှ်ကင့်မှာ ရှိတုန်းက မလှကျော့ ဆိုတဲ့ ကလေးမတယောက်နဲ့ တွေ့တယ်၊ မင်းတို့ဆီကပဲ မဟုတ်လား၊ သူ့ကို သိကြသလား”
“သိပါတယ်၊ သူလည်း ကျမတို့ကျောင်းကပါပဲ၊ ဒါပေမယ်လို့ သူ လီနင်ဂရက်ကို မရောက်သေးဘူး။ တာ့ရှ်ကင့်ကအပြန် မော်စကိုမှာ ခဏဝင်နေတယ်။ နက်ဖြန် ရောက်ပါလိမ့်မယ်။”
ဇေယျက လာရင်းကိစ္စမေးတော့ မြန်မာစာ မြန်မာစကားအကြောင်းမေးလိုတာတွေ ရှိလို့ဆို။ ဒါနဲ့ ဇေယျက သူတို့တည်းတဲ့ ပထမထပ်အခန်းကိုခေါ်သွား။ အခန်းထဲရှိတဲ့ တက္ကသိုလ်မြတ်သူနဲ့ မိတ်ဆက်ပေး။
ရုရှားကျောင်းသားတွေနာမည်က မကေ၊ မကိတ်၊ မာလာချိုနဲ့ မောင်ဉာဏ်။ သူတို့ဆရာမက ပေးထားတဲ့နာမည်တွေ။ ထိုစဉ်အခါက မော်စကိုရေဒီယို မြန်မာပိုင်းမှာ အလုပ်လုပ်တဲ့ ဦးကြင်ဝေရဲ့ဇနီး ဒေါ်ခင်အေးက မြန်မာစာဆရာမ။
ဇေယျနဲ့ကျောင်းသားတွေ စကားဝိုင်းဖွဲ့ကြတော့ မြန်မာကဗျာ၊ လင်္ကာတွေအကြောင်း၊ ရတု၊ ရကန်၊ အဲ၊ အန်၊ သာချင်း၊ လေးချိုး၊ ဒွေးချိုးတွေအကြောင်း ရှင်းပြ။
မြန်မာစာပေမှာ အထူးထင်ရှားတဲ့ မဲဇာတောင်ခြေရတုရောက်တော့ ဇေယျက ရတုအကြောင်းရှင်းပြရင်း “ဟေ့ ကိုမြတ်သူ တပိုဒ်လောက်လို့ ပြော။ ကိုမြတ်သူကလည်း မဲဇာတောင်ခြေ ပထမပိုဒ်ကို သံနေသံထားမှန်မှန် ဆွဲကာငင်ကာနဲ့ဆိုပြ။
ဆိုအပြီး ရုရှားကျောင်းသားတွေက သြဘာပေး။ ဒီ့နောက် မကိတ်က “ကျမတို့လည်း ဗမာသီချင်းဆိုတတ်တယ်။”
ဟယ် ကဲ ဆိုကြစမ်း ဟု ပြောရာ တယောက်မျက်နှာတယောက် ကြည့်နေကြပြီးမှ ဘဝသံသရာဟု အသံချီလိုက် စ၍ ဆိုကြ၏။ ကျနော့်အဖို့မှာ ဘဝသံသရာသီချင်းကို အစအဆုံး ကောင်းကောင်းမရပေ။ တီးလုံးအသွားကိုသာ မှတ်မိ၏။ သူတို့မှာမူကား အစအဆုံး တလုံးမကျန် ရရှိကြ၏။
“အလဲ့ တယ်လာပါကလား။ ဘာသီချင်းများ ဆိုတတ်ကြသလဲ။”
“ဘဝသံသရာ။”
“ဟယ် ကဲ ဆိုကြစမ်း ဟု ပြောရာ တယောက်မျက်နှာတယောက် ကြည့်နေကြပြီးမှ ဘဝသံသရာဟု အသံချီလိုက် စ၍ ဆိုကြ၏။ ကျနော့်အဖို့မှာ ဘဝသံသရာသီချင်းကို အစအဆုံး ကောင်းကောင်းမရပေ။ တီးလုံးအသွားကိုသာ မှတ်မိ၏။ သူတို့မှာမူကား အစအဆုံး တလုံးမကျန် ရရှိကြ၏။ စကားပြောသည်ထက်ပင် သီချင်းဆိုသောအခါ ပို၍ ပီပီသသရှိကြ၏။ တေးသွားလည်းမှန်၏။ခြေထောက်က စည်းကလေးများ လိုက်နေသည်ကို တွေ့ရ၏။
ကျနော်တို့မှာ အံ့အားသင့်နေ၏။ သီချင်းဆုံးသောအခါ ကျနော်တို့က သြဘာပေး၏။”
“ကျမတို့ဆိုတာ မှန်ပါသလား”
“အေး မှန်ရုံဘယ်ကမလဲ၊ တို့တောင်နင်တို့လောက် ကျနအောင် မဆိုတတ်ဘူး။ ဘဝသံသရာဆိုတာ တို့ မြန်မာပြည်မှာ နောက်ဆုံးပေါ်တာပဲ၊ အဲ့ဒါ အသစ်ဆုံးပဲ၊ ဒီတော့ နင်တို့ ဗမာစာအဆုံး ရောက်နေကြပြီ။ နောက်ထပ် ပြောစရာမရှိတော့ဘူး၊ ကုန်နေပြီဟု ရယ်ရယ်မောမောပြောပြရ၏။”
ဇေယျတို့စာရေးဆရာအဖွဲ့နဲ့ မြန်မာစာသင် ရုရှားကျောင်းသားတို့ တွေ့ခဲ့ကြတဲ့ ၁၉၅၈ ခုနှစ်မှာ မလှကျော့တို့ အသက်တွေက ၂၀ ဝန်းကျင်။
တင်မောင်အေးရဲ့ “ကျနော် Russian စကားပြန်” ဆိုတဲ့စာတပုဒ်မှာ ၁၉၇၁ ခုနှစ်က မလှကျော့တို့ ရန်ကုန်မြို့ရောက်နေပုံကို အခုလိုဖတ်ရတယ်။ “ရုရှားဘာသာသင်တန်းတက်လို့ ၅ လခန့်အကြာ တနေ့မှာ ပါမောက္ခ မစ္စတာ ‘ယာကော့ဗ်လက်’ က မိမိကို စကားပြန်လုပ်ဖို့ ပြောပါတယ်။ အဲဒီနှစ် ဒီဇင်ဘာလမှာ ဆိုဗီယက်ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုပြပွဲကြီးကို ဦးဝိစာရလမ်းက အင်ဗွိုင်းခန်းမမှာ ပြုလုပ်မည့်အကြောင်း၊ ပြပွဲပြင်ဆင်ချိန်က ၁ လ ကြာမြင့်မှာဖြစ်ပြီး ပြပွဲပြသချိန်လည်း ၁ လပင်ကြာမယ့်အကြောင်း၊ မိမိအား ရုရှားစကားပြန်အဖြစ် လုပ်စေလိုကြောင်းနဲ့ နေ့တွက်စားစရိတ် သွားလာစရိတ်တွေ ပေးမှာဖြစ်ကြောင်း ပြောလာပါတယ်။
မိမိက ရုတ်တရက်တော့ ကိုယ့်နားကိုတောင် ယုံရခက်ခက်ဖြစ်မိပါတယ်။
ဘာတဲ့၊ စကားပြန်လုပ်ရမှာတဲ့လေ။ အဲဒီလောက်အထိ မတတ်သေးဘူးဆိုတာ ကိုယ့်ကိုယ်ကို မသိတာမှ မဟုတ်တာကလား။
မိမိက ငြင်းပေမယ့် ဆရာက ‘ရဲရဲသာ သွားတာ သွားပါကွာ။ မင်း လုပ်နိင်မယ်ဆိုတာ ငါသိပါတယ်’ လို့ တိုက်တွန်းတာနဲ့ မရဲတရဲနဲ့ အင်ဗွိုင်းခန်းမကြီးထဲကို မယောင်မလည် ရောက်သွားခဲ့ပါတော့တယ်။
အင်ဗွိုင်းခန်းမကြီးကိုရောက်တော့ မိမိကို မြန်မာစာ မြန်မာစကားတတ်တဲ့ ရုရှားလူမျိုးနှစ်ဦးနဲ့ မိတ်ဆက်ပေးပါတယ်။ ပထမတဦးက လီယာနာ ဇဗာဒိုဗာ (မြန်မာအမည် မလှကျော့) ဖြစ်ပြီး နောက်တဦးကတော့ ယန် ဆင်း (မြန်မာအမည် မောင်ဉာဏ်) တို့ ဖြစ်ကြပါတယ်။ မလှကျော့က ‘သမုဒ္ဒရာနှင့်ရေတစက်’ အမည်နဲ့ မြန်မာစာပေဆိုင်ရာ ဆောင်ပါးများစာအုပ်ကို ရေးသားခဲ့တာကြောင့် မြန်မာစာပေလောကသားများက သိကြပါတယ်။ အဲဒီတုန်းက မောင်ဉာဏ်က ရန်ကုန်က ရုရှားသံရုံးမှာ အလုပ်လုပ်နေတယ်လို့ သိရပါတယ်။”
“ပြပွဲပြင်ဆင်နေတုန်းက မြန်မာစကားတတ်တဲ့ မလှကျော့နဲ့မောင်ဉာဏ်တို့ ၂ ဦးပဲရှိပေမယ့် ပြပွဲကြီးပြတဲ့ အခါမှာတော့ မြန်မာစကားတတ်တဲ့ နောက်ထပ်ရုရှားလူမျိုးတဦး ရောက်လာခဲ့ပါတယ်။ သူ့နာမည်က ဆီရ်ဂဲအိ (မြန်မာအမည် စိုးမြင့်) ဖြစ်တယ်။ သူက ရုရှားကတက္ကသိုလ်တခုမှာ မြန်မာစာလေ့လာနေတဲ့ နောက်ဆုံးနှစ် ကျောင်းသားလို့ သိရပါတယ်။ သူ့အသက်က ၂၀ လောက်ပဲရှိဦးမယ် ထင်ပါတယ်။ မလှကျော့တို့ ၂ ဦးကတော့ အသက် ၂၇ နှစ်၊ ၂၈ နှစ် လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စိုးမြင့်နဲ့ မိမိတို့က သက်တူရွယ်တူ လောက်မို့ ပိုပြီးတွဲဖြစ်ပါတယ်။ နေ့လည်စာကို မိမိတို့ ၂ ယောက် မင်းမနိုင်အိမ်ယာ တိုက်ခန်းတွေကို လမ်းလျှောက်ပြီး အတူ သွားစားကြပါတယ်။”
ပထမတဦးက လီယာနာ ဇဗာဒိုဗာ (မြန်မာအမည် မလှကျော့) ဖြစ်ပြီး နောက်တဦးကတော့ ယန် ဆင်း (မြန်မာအမည် မောင်ဉာဏ်) တို့ ဖြစ်ကြပါတယ်။ မလှကျော့က ‘သမုဒ္ဒရာနှင့်ရေတစက်’ အမည်နဲ့ မြန်မာစာပေဆိုင်ရာ ဆောင်ပါးများစာအုပ်ကို ရေးသားခဲ့တာကြောင့် မြန်မာစာပေလောကသားများက သိကြပါတယ်။ အဲဒီတုန်းက မောင်ဉာဏ်က ရန်ကုန်က ရုရှားသံရုံးမှာ အလုပ်လုပ်နေတယ်လို့ သိရပါတယ်။
ဆရာဇေယျနဲ့တွေ့ခဲ့တဲ့ မလှကျော့ဟာ မြန်မာစာပေနဲ့ ထဲထဲဝင်ဝင်ရှိခဲ့တာကို ဒီစာပေအထောက်အထားတွေက ပြဆိုနေတယ်။ ဘဝသံသရာသီချင်း ဆိုပြခဲ့တဲ့ထဲပါတဲ့ မောင်ဉာဏ်ကတော့ ရန်ကုန်က ရုရှားသံရုံးမှာ လာအလုပ်လုပ်သွားသေးဆိုတော့ မြန်မာသီချင်းတွေ အများကြီးဆိုတတ်သွားလေမလားပဲ။
ဟိုး လွန်ခဲ့တဲ့ ၆၄ နှစ်က လီနင်ဂရက်မြို့မှာ ဘဝသံသရာသီချင်း ဆိုပြခဲ့ကြတဲ့ မောင်ဉာဏ်၊ မကေ၊ မကိတ်နဲ့ မာလာချိုတို့ တသိုက် ခုနေ သက်ရှိထင်ရှား ရှိကြသေးရင် အသက် ၉ဝ တန်းတွေဖြစ်ကြရောပေါ့။
သူတို့အားလုံး ဘဝသံသရာမှာ ကျင်လည်ကျက်စားရင်း ဘဝသံသရာသီချင်းကို သီဆိုဖြစ်ကြသေးလား မဆိုတတ်နိုင်။
“ဖြစ်ချင်တာလည်း မဖြစ်ရတာ … မဖြစ်ချင်တာတွေလည်း ဖြစ်ရပါ …
သုံးဆယ့်တဘုံ ဝဋ်အတွင်းရောက်တော့ … ကရွတ်ကင်း လျှောက်တဲ့
တေဘုမ္မာ …
အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ …။”
You may also like these stories:
ဦးသုခ ဒုက္ခရောက်ရတဲ့ ဂုဏ် ဂုဏ် ဂုဏ်
“စစ်နှင့် ငြိမ်းချမ်းရေး” ဂန္တဝင်ဝတ္တု ဖတ်ပွဲ ကမ္ဘာတဝှမ်းကျင်းပမည်