မြေဖြူကိုင်နေကြ လက်က ပူလောင်နေတဲ့ မီးဖိုခန်းထဲမှာ အများအတွက် တနေကုန် ချက်ပြုတ်ပြင်ဆင်ပေးရတဲ့ လက်တစုံ အဖြစ်ပြောင်းသွားလိမ့်မယ်လို့ သူမထင်ခဲ့မိဘူး။
မကွေးတိုင်းအတွင်းက ရွာတရွာမှာ ကျောင်းဆရာမတဦးအဖြစ် လုပ်သက် ၂၁ နှစ်တိုင် အေးချမ်းစွာ ဖြတ်သန်းနေရာက မတရားမှုကို အာခံတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)မှာ ပါဝင်ရင်း အမျိုးသားနဲ့အတူ နယ်စပ်ဒေသကို တိမ်းရှောင်ကာ စက်ရုံတရုံရဲ့ ထမင်းချက်အဖြစ် ပြောင်းလဲပြီး ဘဝကို ရှေ့ဆက်နေရပါတယ်။
CDM ကျောင်းအုပ်ဆရာမကြီးဟာ လုံခြုံရေးကြောင့် သူ့အမည်မှန်ကို ထုတ်မပြောလိုတဲ့အတွက် သူ့ကို ဒေါ်အေးအေးမာ လို့ အမည်ပေး ခေါ်ကြပါစို့။
ဒေါ်အေးအေးမာဟာ စက်ရုံလုပ်သားတွေကို ညနေစာ ကျွေးဖို့ ချက်ပြုတ်ပြင်ဆင်ရင်း “ကျောင်းသားတွေက ဆရာမကြီး ကျောင်းတက် ရတော့မှာလား၊ ဆရာမကြီး ကျောင်းတက် ရမှာလား မေးတဲ့အခါ ကျောင်းပြန်တက်ပါလို့ ပြောရအောင် လည်း ထောက်ခံရာ ကျမှာလား။ မတက်နဲ့လို့ ပြောလိုက်ရင်လည်း ရွာမှာရှိတဲ့ ကိုယ့်ကလေးတွေက မြို့ကသူတွေလို အွန်လိုင်းကလည်း မသင်နိုင်တော့ ဘာပြောရမှန်း မသိအောင် ဝေခွဲမရ အခက်တွေ့ရပါတယ်”လို့ ပါးပြင်ပေါ်က မျက်ရည်စ တွေကို လက်ဖမိုးနဲ့ သုတ်ကာ တပည့်တွေအပေါ် ထားတဲ့ သံယောဇဉ်ခံစားချက်ကို လှစ်ဟပြလိုက်ပြန်ပါတယ်။
ကျောင်းအုပ်ဆရာမတယောက်ဖြစ်တဲ့ ဒေါ်အေးအေးမာက အရင်ကဆိုရင် ကလေးတွေအပေါ်မှာ အမြဲတမ်းကောင်းရာကို သာ လမ်းညွှန်ပြသပေးတဲ့ ဆရာမတယောက်ဖြစ်ပြီး အခုချိန်မှာတော့ ကလေးတွေအပေါ် ဘယ်လို တုံ့ပြန်စကားပြော ရမယ်ကို မသိအောင် အခက်တွေ့နေတဲ့ သူရဲ့ အဖြစ်ကို တွေးရင်း ဝမ်းနည်းမျက်ရည်ကျရပုံပါပဲ။
“ကျမရဲ့ မိသားစု ဒုက္ခရောက်မှာကို စိတ်ပူသလို ကျမရဲ့ လက်ထောက် ဆရာ၊ ဆရာမတွေ CDM လိုက်လုပ်တော့ သူတို့ ရော အဆင်ပြေရဲ့လား။ ကျမရဲ့ ကျောင်းသားလေးတွေ ဘယ်လိုများနေကြလဲ၊ ကလေးတွေက အလယ်တန်း ကျောင်းသား တွေ ဖြစ်တော့ စာမသင်ရပဲ အိမ်ထောင်တွေ ကျကုန်ကြပြီလား၊ လမ်းမှားတွေ ရောက်နေပြီလား နေ့စဉ်နဲ့အမျှ စိုးရိမ်နေ ရတယ်”ဟု ပါးပြင်ပေါ်မှာ စီးကျနေတဲ့ မျက်ရည်တွေကိုပင် မသုတ်အားတော့ဘဲ ဟင်းချက်ဖို့အတွက် လက်နှစ်ဖက်စလုံး ဇယ်ဆက်သလို ဆက်တိုက်လုပ်ရင်းနဲ့ စကားကို ဆက်လိုက်ပြန်ပါတယ်။
မြေဖြူနဲ့ ဘောပင်ကို ကိုင်ရင်း ကျောင်းစာသင်ခန်းထဲမှာ အလုပ်လုပ်ခဲ့တဲ့ ဆရာမတယောက်က အခုလို တနေကုန် နဖူးက ချွေး ခြေမကျအောင် အချက်အပြုတ် အလုပ်တွေ လုပ်နေရပေမယ့် အာဏာရှင်ကို ဆန့်ကျင်ခဲ့တာ နောင်တမရဘူး လို့ ချက်ခြင်းဆိုသလို အားတင်းစကား ဆိုပြန်ပါသေးတယ်။
“အရမ်းကို ခက်ခဲပင်ပန်းပါတယ်။ ဒါပေမယ့် CDM လုပ်ခဲ့တာကို နောင်တတော့ မရပါဘူး။ ကိုယ့်ကလေးတွေပဲ ပညာတတ် မဖြစ်တော့မှာ စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း အခု အလုပ်လုပ်ရင်း တွေ့တဲ့သူတွေကို မြန်မာပြည်ရဲ့ တော်လှန်ရေးမှာ ကူညီ ဖို့ ဝိုင်းဝန်းလှူဒါန်းဖို့ တိုက်တွန်းရင်း တော်လှန်ရေးအောင်ရင် ကလေးတွေနဲ့ ပြန်တွေ့ဖို့ အားတင်းနေရတယ်”လို့ ဆရာမကြီး ကပြောပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က ဖြတ်သန်းနေထိုင်ခဲ့ရတဲ့ ဘဝပုံစံနဲ့ အခု အာဏာရှင်ကို တော်လှန်ရင်း ရောက်ရာနေရာမှာ ဝမ်းစာအတွက် ရုန်းကန်ရတဲ့ဘဝက ပင်ပန်းကြမ်းတမ်းလွန်းလို့ အရင်နဲ့ မတူတော့တဲ့ သူ့ပုံစံကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျောင်းသား/ကျောင်းသူတွေ တွေ့ရင်တောင် မှတ်မိတော့မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
အရင်ကဆို နှုတ်ခမ်းနီလေးဆိုးပြီး လှလှပပ ကျော့ကျော့မော့မော့ ဆရာမအင်္ဂါရပ်နဲ့ညီအောင် နေထိုင်ခဲ့တာဖြစ်ပြီး ခုချိန် မှာတော့ စပန့်ဂါဝန်ကြီးဝတ်ပြီး ချွေးတလုံးလုံးနဲ့ မီးဖိုနားမှာ ချက်ပြုတ်လုပ်ကိုင်နေရတာပါ။
လက်ရှိမှာ စက်ရုံထမင်းချက်အဖြစ် လစာကတော့ တရက်ကို ထိုင်းဘတ်ငွေ ၅၀ ကျော်နဲ့ တလကို နေ/စား အပြီး ဘတ် ၃၀၀၀ မြန်မာငွေ ၂သိန်းကျော်ခန့်သာ ရရှိပါတယ်။ အလုပ်ချိန်ကတော့ မနက် ၄ နာရီခွဲလောက်ကနေ ည ၉ နာရီခွဲ လောက်အထိကို တနေကုန် မီးဖိုခန်း ပူပူလောင်လောင်ထဲမှာ မတ်တပ်ရပ်ရင်း တောက်လျှောက် လုပ်ကိုင် နေရတာပါ။
မျှော်လင့်မထားတဲ့ဘဝမှာ ဖြစ်သလို ရုန်းကန်ရင်းကြိုးစားရပ်တည်နေရတဲ့ သူ့အတွက် အကြီးမားဆုံး အခက်အခဲကတော့ သားသမီးလိုချစ်ရတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို သတိရလွမ်းဆွတ်တဲ့ ဝေဒနာလို့ ဆိုပါတယ်။သူတို့လင်မယားမှာ သားသမီး မရှိတာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေကိုပဲ သားသမီးလို သတ်မှတ်ချစ်ခင်နေရတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကျောင်းသူကျောင်းသားအရွယ် ကလေးတွေ မြင်တိုင်း သူ့တပည့်တွေကို သတိရပြီး ငိုရသလို မြန်မာပြည် မှာ ကျန်ခဲ့တဲ့ သူတွေနဲ့ ကလေးတွေ အကြောင်းပြောရင်လည်း သူငိုရပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့လို့ ရာထူးနဲ့ ပိုင်ဆိုင်မှုတွေ၊ နောက်ပြီးအခြေကျနေတဲ့ ဘဝတွေ၊ ချစ်ခင်ရတဲ့ သူတွေကို စွန့်ပြီး ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ အခုလိုရုန်းကန်ရင်း ခိုလှုံနေထိုင်နေရတာဟာ ဆရာမဒေါ်အေးအေးမာ တယောက်ထဲ တော့မဟုတ်ပါဘူး။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ကျေးရွာက မူလတန်းပြ တိုင်းရင်းသူ ဆရာမ ဒေါ်ဆိုင်းဇီလည်း အပါအဝင်ဖြစ်ပါတယ် စစ်တပ်အာဏာ စသိမ်းကတည်းက ရုံးမတက်ပဲ ရုန်းထွက်ဆိုတဲ့ အာဏာဖီဆန်ရေး CDM မှာပါဝင်ခဲ့သလို ဆန္ဒပြပွဲတွေမှာ လည်း ဦးဆောင်ပါဝင်ခဲ့သူတစ်ယောက်ပါ။
ဒါကြောင့်ပဲ ၂၀၂၁ခုနှစ် မေလအတွင်းမှာ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ကြောင်း စာထုတ်ပြီး ဝန်ထမ်းအိမ်ရာကနေ နှင်ချခဲ့သလို နောက်ပိုင်းမှာ စစ်ကောင်စီကလိုက်လံဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ရှောင်တိမ်းရင်း နယ်စပ်ဒေသကို ရောက်ရှိခဲ့တာပါ။
“ဝမ်းရေးအတွက်ကတော့ အခုဒီဘက်ရောက်တော့ တခြား CDM အဖွဲ့တွေနဲ့ ချိတ်မိပြီး လက်မူပညာသင်တန်းတွေ ရှိတယ် ဆိုလို့ တက်ရင်းအခု ဟန်းမိတ် လုပ်တဲ့အလုပ်ကို လုပ်ကိုင်နေတယ်”လို့ ဒေါ်ဆိုင်းဇီက ဆိုပါတယ်။
အိမ်တအိမ်မှာ စုပေါင်းပြီး ဆပ်ပြာချက်တာ၊ အိတ်ချုပ်တာ၊ ချည်သားပေါ် ပန်းပွင့်ရေးတာစတဲ့ ဟန်းမိတ်မျိုးစုံလုပ်နေကြ တဲ့အထဲမှာ ဒေါ်ဆိုင်းဇီကတော့ အိတ်လေးတွေပေါ်မှာ အရုပ်ထိုးတဲ့ ဟန်းမိတ်ကို လုပ်နေတာပါ။
ဒါပေမယ့်လည်း လုပ်ခလစာ အတည်တကျမရှိသလို တရားဝင်ရောက်လာသူလည်း မဟုတ်တဲ့အတွက် ရေရှည်မှာတော့ ဒီအလုပ်က ဒေါ်ဆိုင်းဇီကို ဘဝအာမခံချက် ပေးနိုင်တဲ့အလုပ်တော့ မဟုတ်သေးပါဘူး။
အခုလို ဘဝအာမခံချက်မရှိ ပေမယ့်လည်း ဒေါ်ဆိုင်းဇီကတော့ စိတ်ပျက် အားငယ်ခြင်း မရှိသလို နွေဦးတော်လှန်ရေး အတွက် ငွေအားဖြင့် ထောက်ပံ့မှု မပေးနိုင်သည့်တိုင်အောင် စစ်ကောင်စီကို အာခံတော်လှန်တဲ့ CDM တယောက်အနေနဲ့ အဆုံးထိ ပါဝင်သွားမယ်လို့ ဆုံးဖြတ်ထားသူပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ရုံးမတက်ဘဲ အာဏာဖီဆန်ရေး လုပ်ခဲ့ကြသူတွေထဲမှာ ပညာရေးဝန်ထမ်း တွေက အများဆုံးပါဝင်ကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ သမဂ္ဂအဖွဲ့ချုပ်(ယာယီ)က ရရှိထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အခြေခံ ပညာ ဝန်ထမ်းက သင်ကြားရေးနဲ့ ရုံးပိုင်းမှာ စုစုပေါင်းစာရင်းရှိအင်အား ၄သိန်း ၆သောင်းကျော်ရှိပြီး အာဏာသိမ်း ပြီးနောက်ပိုင်းမှာ အင်အား ၂သိန်းကျော်လောက်က CDM ပြုလုပ်ခဲ့တယ်လို့ ၂၀၂၁ ခုနှစ် မေလအတွင်းက ဧရာဝတီ သတင်းဌာနက စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီက အဆိုပါ CDM ဝန်ထမ်းတွေကို ရာထူးမှ ထုတ်ပယ်ခြင်း၊ လုပ်ငန်းခွင် ပြန်ဝင်ရန်ဖိအားပေးခြင်း၊ ပုဒ်မ ၅၀၅-က တပ်ပြီး ဖမ်းဝရမ်းထုတ်ခြင်းစတာတွေကို ပြုလုပ်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဆရာ၊ဆရာမတွေ ရှိသလို လုပ်ငန်းခွင် ပြန်ဝင်ရောက်သွားတဲ့ ဆရာ၊ဆရာမတွေလည်း ရှိနေပါတယ်။
ဒေါ်အေးအေးမာနဲ့ ဒေါ်ဆိုင်းဇီတို့လို CDM ပြုလုပ်ထားတဲ့ ဆရာ/ဆရာမ ရာပေါင်းများစွာကတော့ လွတ်မြောက်နယ်မြေ တွေနဲ့ နယ်စပ်တလျှောက်မှာ ခိုလှုံနေကြတာပါ။
စစ်ကောင်စီရဲ့ အာဏာသိမ်းရာမှာ အကြောင်းပြချက်တခုဖြစ်တဲ့ မဲရုံစောင့် ဆရာ/ ဆရာမတွေကို မဲခိုးတယ်လို့ စွပ်စွဲပြောဆို ခဲ့တာကြောင့်လည်း ပညာရေးဝန်ထမ်းအများစုက ဂုဏ်သိက္ခာထိခိုက်တဲ့အတွက် CDM လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
“ဒါက စစ်ကောင်စီလုပ်ကြံပြောဆိုတာဖြစ်လို့ မတရားသဖြင့် အာဏာသိမ်းလို့ စစ်ကောင်စီကို လုံးဝ အလိုမရှိဘူး။ ဒါကြောင့် ပင်ပန်း ခက်ခဲပေမယ့် ဒီနေ့ ဒီအချိန်ထိ ကျမတို့ တောင့်ခံပြီး ရပ်တည်နေတာ”လို့ဒေါ်ဆိုင်းဇီက ဆိုပါတယ်။
နယ်စပ်ဒေသမှာ ခိုလှုံနေကြတဲ့ CDM ဝန်ထမ်းတွေဟာ တရားမဝင် အလုပ်လုပ်ကိုင်သူတွေ ဖြစ်တဲ့အတွက် လုပ်ခလစာ ကလည်း တန်ရာတန်ကြေးမရသလို အမျိုးသား ဆရာတွေဆိုရင် ပန်းရံ၊ လက်သမား၊ ကုန်ထမ်း၊ သံချည်သံကွေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် စတာတွေမှာ ကြုံရာ လုပ်ရသလို အမျိုးသမီးဆရာမတွေဆိုရင်လည်း ခြံစိုက်တာ၊ စက်ချုပ် တာ၊ ချည်မွှေးညှပ်တာ၊ လက်မှုချည်ထည်ထိုးတာ၊ ထမင်းချက်တာ၊ အိမ်ဖော်လုပ်တာ၊ ဈေးဆိုင်မှာ ဈေးရောင်းတာ စတဲ့ အလုပ်တွေကို လုပ်ကိုင် ဖြတ်သန်းနေကြရတာပါ။
အာဏာသိမ်း တနှစ်ကျော်လာတဲ့ အချိန်မှာတော့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စပြီး ထိုင်း-မြန်မာနယ်စပ်ရောက် CDM ဝန်ထမ်းတွေကို ဆန်အပါဝင် ရိက္ခာအချို့ ထောက်ပံ့လာတာ ရှိတယ်လို့ သိရပါ တယ်။ တချို့ ရဲနဲ့ စစ်သား CDMတွေကို ဆိုရင် တလကို ဘတ် ၁၀၀၀ ထောက်ပံ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် NUG ရဲ့ ထောက်ပံ့မှုက နယ်စပ်ဒေသမှာ ရှိတဲ့ဆရာ/ဆရာမ အားလုံးရရှိသေးတာတော့ မဟုတ်ပါဘူး။
ဒီ့အတွက်လည်း CDM ဝန်ထမ်းအများစုက NUG အစိုးရအနေနဲ့ ကာကွယ်ရေးဘက်ကို ဦးစားပေးနေရတာ နားလည်လို့ သူတို့တွေအတွက် အလုပ်အကိုင်တွေ ရှာဖွေပေးဖို့ပဲ မျှော်လင့်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနေဘုန်းလတ်က “CDM တွေကို ဝန်ကြီးဌာနတွေက ကိုယ်စီ တာဝန်ယူထောက်ပံ့နေပါတယ်။ ဝန်ကြီးဌာန မရှိတဲ့ CDM တွေကိုတော့ ဝန်ကြီးချုပ်ရုံးက စီမံဆောင်ရွက်ပေးနေ ပါတယ်။ နယ်စပ်ရောက်သူတွေဆိုပြီး သီးခြား ထောက်ပံ့တာတော့မရှိပါဘူး။ ပြည်သူ့ဘက်၊ ဓမ္မဘက်ကနေ စစ်အာဏာရှင် တွေဘက်၊ အဓမ္မဘက်ကို ပြန်ကူးသွားတဲ့သူ အချို့ရှိသလို အခုအချိန်အထိ ခိုင်မာတဲ့စိတ်ဓါတ်နဲ့ ပြည်သူ့ဘက် ပြတ်ပြတ် သားသား ရပ်နေတဲ့ CDM တွေ များစွာရှိနေပါတယ်။ လက်ရှိအချိန်မှာလည်း စစ်အုပ်စုဘက်က အခြေအနေမဟန်လို့ CDM ဝင်လာ ကြသူတွေ အများကြီးရှိနေပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း Non CDM တွေကို အရေးယူမယ်လို့ NUG ဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ ရဲ့ ဝန်ကြီးဌာနပေါင်းစုံကနေ ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့ CDM ဝန်ထမ်း ၁၅၀ ကျော်နီးပါးရှိသလို NUG ရဲ့ စိုးမိုး ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့အစိုးရနဲ့အတူ တာဝန်ပြန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေများစွာ ရှိနေပါပြီ လို့ သူက ပြောပါသေးတယ်။
ဆရာမ ဒေါ်အေးအေးမာတို့လို၊ ဆရာမ ဒေါ်ဆိုင်းဇီတို့လို ပညာရေး စီဒီအမ်ဝန်ထမ်းတွေ ရှိသလို ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ကိုမိုးစက်တို့လို GTI နောက်ဆုံးနှစ် လျှပ်စစ်အင်ဂျင်နီယာ CDM ကျောင်းသားတွေလည်း ရှိပါတယ်။
“ကျနော်ကတော့ ကျောင်းတက်ရင်း ကုမ္ပဏီတခုမှာ လျှပ်စစ်ပိုင်းနဲ့ ပတ်သက်ပြီး လုပ်တယ်။ ဒီဘက်မှာတော့ ဘာသာ စကားအခက်အခဲရှိသလို တရားမဝင်လည်းဖြစ်တော့ အခုအလုပ်ကတော့ ကုန်တင်/ကုန်ချ ပေါ့။ အာဏာသိမ်းတာကို လုံးဝမကြိုက်လို့ စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို မကြိုက်လို့ ကျနော်ကိုယ်တိုင် ဆန္ဒထွက်ပြခဲ့တယ်။ နောက်ပိုင်း ကျနော် နေတဲ့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကို ဖောက်ကွဲရေးမှာ ပါတယ်ဆိုပြီး ဖမ်းတော့ ကျနော်ပါ မသင်္ကာလို့ ဝင်ဖမ်းတဲ့ အတွက် ဒီဘက်ကို ရောက်ခဲ့တာ”လို့ ကိုမိုးစက်က ဆိုပါတယ်။
ကိုမိုးစက်ရဲ့ မိဘအိမ်တွေအထိ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးတဲ့အတွက် မိဘ၊ ဆွေမျိုး ညီကိုမောင်နှတွေကိုပါ အဆက်သွယ်ဖြတ်ပြီး ထွက်လာခဲ့ရတယ်လို့ ဆိုပါတယ်။ အခက်အခဲတွေကြား ရုန်းကန်နေရပေမယ့် ကိုမိုးစက်ကတော့ အားမလျှော့ပါဘူး။ စစ်ကောင်စီကို အဆုံးထိ အာဏာဖီဆန်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားပြီး တော်လှန်ရေးအောင်လို့ ပြန်လည်ထူထောင်ရေး ကာလ ရောက်ရင်လည်း သူတတ်ထားတဲ့ ပညာနဲ့ သူ ခဏတာ နားခိုခဲ့ရတဲ့ ကရင်ပြည်နယ် ဖွံ့ဖြိုး ရေး လုပ်ငန်းတွေမှာ ကူညီသွားမယ်လို့ ဆိုပါတယ်။
ကိုယ့်နိုင်ငံကို ပြန်လို့မဖြစ်နိုင်သေးဘဲ သူများနိုင်ငံမှာ ခဏတာ ခိုလှုံနေရချိန်မှာ ရေရှည်ရပ်တည်ရေးအတွက် ရရာအလုပ် ကို လုပ်ကြဖို့ပဲ သူတို့တွေ အားလုံးက ဆုံးဖြတ်ထားပါတယ်။
နွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ လက်ရှိမှာတော့ NUG အနေနဲ့ တတ်စွမ်းသမျှ ထောက်ပံ့ဖို့ ကြိုးစားနေသလို၊ ပြည်သူ့ ဝန်ထမ်းတွေ ပြည်သူ့အတွက် ပြန်လည် အလုပ်လုပ်နိုင်ဖို့လဲ ဆောင်ရွက်နေကြောင်း၊ CDM တွေသာမက ပြည်သူလူထု တစ်ရပ်လုံးရဲ့ အခက်အခဲတွေ အမြန်ဆုံး ဆုံးခန်းတိုင်ဖို့ တော်လှန်ရေးအမြန်ဆုံး အောင်မြင်နိုင်ရေးကိုလည်း တနှစ်စီမံချက် ရေးဆွဲပြီး ဆောင်ရွက်နေပါပြီလို့ ကိုနေဘုန်းလတ်က ပြောပါတယ်။
အခုလို စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှုတွေကြောင့် နယ်စပ်ဒေသကို အသက်မသေဘဲ အခက်အခဲတွေနဲ့ ရောက်လာသူ တွေ ရှိသလို ရောက်လာပြီးမှ သေဆုံးသွားရသူတွေလည်း ရှိပါတယ်။ အနီးဆုံး ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ကပဲ ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးက CDM သူနာပြု ဆရာမ ဒေါ်သိင်္ဂီစိုး ဟာ ထိုင်းနိုင်ငံ မယ်တန်ဈေးကို ဈေး သွားဝယ်စဉ် ထိုင်းရဲတွေ လိုက်လံဖမ်းဆီးတာကို ရှောင်ရှားရင်း မြစ်အတွင်း ဖြတ်ကူးပြေးလာစဉ် ရေနစ်သေဆုံးခဲ့ရပါတယ်။
အသက်သေဆုံးရတဲ့ ဖြစ်ရပ်ဆိုးတွေရှိသလို အသက်ရှင်သန်နေရတဲ့ CDM တွေမှာလည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အပြည့်နဲ့ ဘဝကို စမ်းတဝါးဝါး လျှောက်လှမ်းနေရတာပါ။ အိမ်နီးချင်းနိုင်ငံမှာ တရားမဝင်ရောက်ရှိပြီး အန္တရာယ်တွေကြား အဖမ်းမခံရအောင် ရှောင်တိမ်းရင်း ဘဝမှာမလုပ်ဖူးတဲ့ အလုပ်မျိုးစုံနဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေကို မိသားစုရဲ့ အဝေးမှာ ရုန်းကန်နေကြရပါတယ်။
တချို့ဆိုရင် ကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေ၊ အိမ်တွေကို စစ်ကောင်စီက ချိတ်ပိတ်လိုက်တဲ့အတွက် ပြန်စရာ အိမ်တောင်မရှိ တော့တဲ့ အနေအထားပါ။
ဒါပေမယ့် သူတို့ရဲ့ မြန်မာ့နွေဦး တော်လှန်ရေး အပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက်ကတော့ ယိမ်းယိုင်မသွားဘဲ အာဏာရှင်ကိုအဆုံးထိ ရင်ဆိုင်သွားမယ်လို့ဆုံးဖြတ်ထားကြတာပါ။
“နိုင်ငံရေးကို နားမလည်ပေမယ့် ကျမ မဲမခိုးခဲ့ဘူး။ မဲခိုးလို့ အာဏာသိမ်းတယ်ဆိုတာ လုပ်ကြံမှု သက်သက်ပဲလို့ ကျမ ယုံကြည်တယ်။ အခုလို အခက်အခဲတွေကြား ရုန်းကန်နေရပေမယ့် ကျမတို့ရဲ့ ကလေးတွေ အာဏာရှင်အောက်က လွတ်မြောက်အောင် အားတင်းထားကြပါလို့ ပြောချင်တယ်။ ပင်ပန်းပေမယ့် နောင်တမရပါဘူး။ ရှေ့ဆက်သွားဖို့ ရှိသမျှ ခွန်အားနဲ့ စစ်ကောင်စီကို တိုက်သွားမယ်” လို့ မီးဖိုချောင်မှာ သားငါးလှီးရင်းရလာတဲ့ ဓါးဒဏ်ရာတွေနဲ့ လက်က ချဉ်ပေါင်အိုးကို မွှေရင်း ဒေါ်အေးအေးမာက အခုလို ပြောလိုက်ပါတယ်
You may also like these stories:
တကျော့ပြန် ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်
စစ်ကိုင်းတွင် CDM ဆရာ၊ ဆရာမများ၏ ကိုယ်ထူကိုယ်ထကျောင်းများ စတင်