မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ပြောက်ကျားစစ်ဆင်ရေးလုပ်ပြီး ရဲဘော် နှစ်ဦးနှင့်အတူ ပြန်လာသော ယောကာကွယ်ရေးတပ် (YDF) ဒုတိယတပ်မှူး ကိုဖြိုးဝေစိုးကို အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်များက ခြုံခိုတိုက်ခိုက်သည်။
YDF ရဲဘော် ၃ ဦး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် တော်လှန်ရေး အမာခံဒေသဖြစ်သော ဂန့်ဂေါမြို့နယ် မြောက်ဘက် မိုင် ၄၀ အကွာရှိ ကျွန်းကုန်းသာကျေးရွာအနီးသို့ ရောက်သောအခါ စစ်ကောင်စီ ရဲ ၈ ဦးပါသည့် အဖွဲ့နှင့် ရင်ဆိုင်တွေ့ခြင်း ဖြစ်သည်။ ၎င်းတို့ ၃ ဦးအနက် ကိုဖြိုးဝေစိုး တဦးတည်းတွင်သာ လက်နက်ပါသည်။
လက်နက် အကြီးအကျယ် တပ်ဆင်ထားသော ရဲအဖွဲ့နှင့် ရင်ဆိုင်တွေ့စဉ် YDF ဒုတပ်မှူး ဖြိုးဝေစိုးတွင် ၉ မမ ပစ္စတိုတလက်သာ ပါသည်။ သူ၏ရင်ပတ်နှင့် ပေါင်ကို ကျည်ထိမှန်ပြီး သူ၏ရဲဘော် ပွားလေးသည် ဦးခေါင်းကို ထိသည်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း နှစ်ဦးလုံးသေဆုံးသည်။ တတိယ တော်လှန်ရေးသမား ကိုနိုင်သိန်းသည် လွတ်မြောက်ပြီး စခန်းသို့ ပြန်လာကာ သူတို့ နှစ်ဦးကျဆုံးသည့် သတင်းကို ပေးပို့နိုင်ခဲ့သည်။
အသက် ၂၁ နှစ်အရွယ် နည်းပညာတက္ကသိုလ်ကျောင်းသားမှ ပြောက်ကျားခေါင်းဆောင် ဖြစ်လာသူ အချိန်မတိုင်မီ သေဆုံးရခြင်းသည် YDF ရဲဘော်တိုက်ခိုက်ရေးသမားများ၊ လက်နက်ကိုင်ခုခံမှုကို ထောက်ခံသူများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။
ကိုဖြိုးဝေစိုး ကျဆုံးခြင်းသည် တော်လှန်ရေးအင်အားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သော်လည်း ၎င်းတို့၏ ဒုတပ်မှူးက ဆန့်ကျင်တိုက်ခိုက်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် စိတ်ခွန်အားကို ပိုမိုဖြစ်စေကြောင်း YDF တပ်မှူး ကိုမြတ်သူက ပြောသည်။
“သူနောက်ဆုံးပြောခဲ့တဲ့ စကားက ပြည်သူ့ဆန္ဒမပါရင် ဘာမှမလုပ်ဘူးဆိုတာပဲ” ဟု ကိုမြတ်သူက ပြောသည်။
အသက် ၂၁ နှစ်အရွယ် နည်းပညာတက္ကသိုလ်ကျောင်းသားမှ ပြောက်ကျားခေါင်းဆောင် ဖြစ်လာသူ အချိန် မတိုင်မီသေဆုံးရခြင်းသည် YDF ရဲဘော်တိုက်ခိုက်ရေးသမားများ၊ လက်နက်ကိုင်ခုခံမှုကို ထောက်ခံသူများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။
“သူဖြစ်စေချင်တာ အောင်မြင်ဖို့ ကျနော်တို့ ပိုမိုကြိုးစားဖို့ပဲရှိတယ်” ဟု ၎င်းက ပြောသည်။
ထူးချွန်သောလူငယ်၊ ပြောမပြနိုင်လောက်အောင် ရဲရင့်သူ
ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုများ၊ ရက္ခိုင့်တပ်တော် (AA) နှင့် ချင်းပြည်ကာကွယ်ရေးတပ် (CDF) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးဌာန နှစ်ခုတို့က ဝမ်းနည်းကြောင်း ကြေညာချက်များ ထုတ်ပြန်ကြပြီး ထို YDF ဒု တပ်မှူးသည် ထူးချွန်သော လူငယ်တဦးနှင့် ပြောမပြနိုင်လောက်အောင် ရဲရင့်သူဖြစ်ကြောင်း ချီးကျူးကြသည်။
NUG ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဆာဆာက ကိုဖြိုးဝေစိုးသည် တိုင်းပြည်အနာဂတ်အတွက် အသက်ကို စတေးသွားသော သူရဲကောင်းများအနက် တဦးဖြစ်ကြောင်း ပြောပြီး သူကျဆုံးခြင်း YDF အတွက်သာမက မြန်မာတနိုင်ငံလုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း ပြောသည်။
အင်အားကြီးမားသော ရက္ခိုင့်တပ်တော်က သူသည် စစ်ကောင်စီတိုက်ဖျက်ရေး မြန်မာ့နွေဦးတော်လှန်ရေးတွင် စံပြခေါင်းဆောင်ဖြစ်ကြောင်း ပြောသည်။ ရက္ခိုင့်တပ်တော်က သူ့ကို စစ်မြေပြင်တွင် ထူးချွန်ခြင်းအတွက်သာမက YDF လှုပ်ရှားနေသော နယ်မြေများတွင် ကျောင်းများ ပြန်ဖွင့်အောင်အားထုတ်မှု အတွက်လည်း ချီးကျူးသည်။
ရဲဘော်ရဲဘက်များက ကိုဖြိုးဟုခေါ်ကြသော ထိုဒုတပ်မှူးသည် စစ်ဆင်ရေး အစောပိုင်းနေ့များမှ စတင်ပြီး မြေပြင်တွင် တပ်ဖွဲ့ဝင်များကို ဦးဆောင်ရုံ သာမက EAOs များ အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ကွန်ရက်ဖွဲ့ ပူးပေါင်းဆောင်ရွက်ခြင်းလည်း ပြုလုပ်သည်။
“သူဟာ အစောပိုင်းကတည်းက တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်။ စစ်ရေးစစ်ရာမှာ ပြတ်သားခိုင်မာတယ်။ ကျမ သူ့ကို ဝမ်းနည်းခြင်း၊ ချီးကျူးဂုဏ်ပြုခြင်းတွေနဲ့ အလေးပြုတယ်” ဟု မြောင်အမျိုးသမီး စစ်သည်တော်များတပ်မှ တပ်စုမှူး မဂရေ့စ်က ပြောသည်။ ထိုတပ်ဖွဲ့သည် မကွေးတိုင်းမှ အရပ်သား ကာကွယ်ရေး လုံခြုံရေးအဖွဲ့အစည်း – မြောင် (CDSOM) ၏ တပ်ဖွဲ့တဖွဲ့ဖြစ်သည်။
ရဲဘော်ရဲဘက်များက ကိုဖြိုးဟုခေါ်ကြသော ထိုဒုတပ်မှူးသည် စစ်ဆင်ရေး အစောပိုင်းနေ့များမှ စတင်ပြီး မြေပြင်တွင် တပ်ဖွဲ့ဝင်များကို ဦးဆောင်ရုံ သာမက EAOs များ အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ကွန်ရက်ဖွဲ့ ပူးပေါင်းဆောင်ရွက်ခြင်းလည်း ပြုလုပ်သည်။ သူသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် အခြားတော်လှန်ရေး အင်အားစု အများအပြားနှင့်သာမက စစ်အာဏာရှင်စနစ်ကို ဆယ်စုနှစ်ပေါင်းများစွာ ဆန့်ကျင်တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ထားသည်။
တိုက်ပွဲကို ဦးဆောင်နေသည့် သူဌေးသား လူငယ်
YDF သည် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ချင်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျောက်ထုမြို့များ ပါဝင်သည့် ဂန့်ဂေါခရိုင်၊ ယောဒေသတွင် အခြေစိုက်တည်ထောင်ထားသည့် ပြည်သူ့တော်လှန်ရေး လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။ ထိုဒေသသည် စစ်ကောင်စီတပ်များကို လက်နက်ကိုင် ဆန့်ကျင်နေသည့် အဓိက ဒေသဖြစ်သည်။
YDF သည် လွန်ခဲ့သောနှစ်က အာဏာသိမ်းမှုအပြီး ထိုဒေသတွင် ဖွဲ့စည်းသည့် တော်လှန်ရေးတပ်ဖွဲ့များတွင် အင်အားအကြီးမားဆုံးဖြစ်ပြီး တပ်ဖွဲ့ယူနစ်ပေါင်း ၁၅ ဖွဲ့အထိ ရှိသည်။
ထိုကာကွယ်ရေးတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ကိုဖြိုး၊ ကိုမြတ်သူနှင့် အခြား ယောဒေသခံ နှစ်ဦးတို့က စတင်ထူထောင်သည်။
တက္ကသိုလ်ကျောင်းသားနှင့် ချမ်းသာသောမိသားစုတစု၏ အငယ်ဆုံးသားဖြစ်သော ကိုဖြိုးသည် စစ်တပ်က အာဏာမသိမ်းမီက ပျော်ရွှင်စရာဘဝနှင့် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်သူဖြစ်သည်။ သူနှင့် သက်တူရွယ်တူ ချမ်းသာကြွယ်ဝသည့် လူငယ်များနှင့် မတူဘဲ စာဖတ်ခြင်းကို နှစ်သက်ပြီး လူမှုရေးနှင့် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများတွင် ပါဝင်သည်ဟု သူနှင့် လုပ်ဖော်ကိုင်ဘက်များက ပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လမ်းမပေါ် ဆန္ဒပြပွဲများ စတင်ဖြစ်ပွားသောအခါ သူနှင့် သူ့ထက် အသက် ၃ နှစ်ကြီးသော ကိုမြတ်သူတို့သည် ဂန့်ဂေါတွင် လူထုစုဝေးပွဲများ ပြုလုပ်ခဲ့သည်။
ကိုဖြိုးသည် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေးဖြင့်သာ အမြစ်ဖြတ်နိုင်မည်ဟု မူလကပင် ယုံကြည်သူဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီကို ခုခံရန် ဆုံးဖြတ်ချက်ချပြီးနောက် သူနှင့် ကိုမြတ်သူတို့သည် အခြေခံစစ်ပညာသင်ကြားရန် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ဒေသများသို့ ချက်ခြင်းသွားရောက် ကြသည်။
ကိုဖြိုးသည် ပါကစ္စတန်လုပ် အော်တိုမက်တစ် ရိုင်ဖယ်များကို စစ်တပ်၏ စစ်ဆေးရေး စခန်းများအား ဖြတ်ကျော်က ယောဒေသသို့ ပထမဆုံး ယူဆောင်လာပေးသူလည်း ဖြစ်သည်။
နောက် ၂ လကြာသောအခါ ၎င်းတို့သည် ယောဒေသသို့ပြန်လာပြီး ကချင်၊ ချင်းနှင့် ကရင်ပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထောက်ခံမှုဖြင့် YDF ကို မွေးဖွားပေးလိုက်သည်။
YDF သည် စစ်ဆင်ရေးအများအပြားတွင် စစ်ကောင်စီတပ်များကို အပြင်းအထန် ခုခံတိုက်ခိုက်ပြီး စစ်ကောင်စီ တပ်သား ၇၀၀ ခန့်ကို သုတ်သင်ခဲ့ကြောင်း သိရသည်။ ကိုဖြိုးသည် မြေပြင်တွင် စစ်ပွဲအများစုကို ညွှန်ကြားရန် တာဝန်ယူရသည်။ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးသည့် အရေအတွက်ကို ဧရာဝတီ သတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ကိုဖြိုးသည် ပါကစ္စတန်လုပ် အော်တိုမက်တစ် ရိုင်ဖယ်များကို စစ်တပ်၏ စစ်ဆေးရေး စခန်းများအား ဖြတ်ကျော်က ယောဒေသသို့ ပထမဆုံး ယူဆောင်လာပေးသူလည်း ဖြစ်သည်။ သို့သော် အော်တိုမက်တစ် ရိုင်ဖယ်များမှာ မလုံမလောက် ဖြစ်နေသေးသောကြောင့် ကိုဖြိုးသည် လုပ်သေနတ်များကို ကူညီထုတ်လုပ်ရပြီး အားပြင်းသော အမြောက်များကို ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည်။
သူသည် ဖမ်းဆီးခံရမည့် အန္တရာယ်ကိုလည်း မကြာခဏ ရင်ဆိုင်ရသည်။
လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် ကိုဖြိုးသည် လက်နက်ဝယ်ယူရန် အစည်းအဝေးတခုမှ ပြန်လာစဉ် စစ်ကောင်စီစခန်းတခုတွင် အဖမ်းခံရသည်။
ရဲနှင့်စစ်သားများက သူသည် YDF အဖွဲ့ဝင်ဖြစ်ကြောင်း သိရှိသွားကြပြီး စစ်မေးကြသည်။ ကိုဖြိုးက သူသည် အဆင့်နိမ့်အဖွဲ့ဝင်သာ ဖြစ်ကြောင်းပြောပြီး တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်သည့် မည်သည့် အရေးကြီး သတင်းမျှ မသိကြောင်းပြောသည်။ သုံးရက်ကြာ ညှဉ်းပန်းနှိပ်စက်မှုအတွင်း နားများကို ဝက်အူလှည့်ဖြင့် အထိုးခံရသည်။ တကိုယ်လုံး ရိုက်နှက်ခံရကြောင်း ကိုမြတ်သူက ပြန်ပြောပြသည်။
ကံကောင်းသည့်အချက်မှာ အသက်ငယ်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်းကြောင့် သူပြောသည့်စကားများကို အမှန်ဖြစ်သည်ဟု ယူဆပြီး သူ့ကို အာမခံဖြင့် လွှတ်ပေးခဲ့သည်။
လွတ်မြောက်လာသောအခါ ဆေးရုံတွင် တလဆေးကုရသည်။ ညှဉ်းပန်းနှိပ်စက်ခံရသော ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသောအခါ ရှေ့တန်းစစ်မျက်နှင့် သူ၏ YDF ရဲဘော်များ ရှိရာသို့ ပြန်လာခဲ့သည်။
နောက်ဆုံးတိုက်ပွဲအထိ အန္တရာယ်မှ လွတ်မြောက်
ဖေဖော်ဝါရီလတွင် YDF သည် ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာမှ စစ်ကောင်စီစခန်းကို တိုက်ခိုက်ရန် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing–PDF) နှင့် ပူးပေါင်းခဲ့သည်။ ထိုစခန်းသည် ရဲစခန်းဖြစ်သည်ဟု ဆိုသော်လည်း ထိုဒေသတွင် ဖြန့်ကြက်ရန် တပ်ကူစောင့်နေသည့် စစ်သားများကိုလည်း စခန်းတွင် ထားသည်။
ကိုဖြိုး၏ ဦးဆောင်မှုဖြင့် စစ်ဆင်ရေး အောင်မြင်ပြီး စစ်ကောင်စီ စစ်သား အနည်းဆုံး ၂၀ သေဆုံးကာ ၃၀ ခန့် ဒဏ်ရာရသည်။
သို့သော် ကိုဖြိုး၏ မေးစေ့ကို ကျည်ဆန်ဖောက်ဝင်ပြီး ရင်ပတ်ကို ထိမှန်ကာ သွေးကြောမတခု ပြတ်သွားသည်။ ထိုနေရာတွင်ပင် သူသေဆုံးမည်ဟု ရဲဘော်များ ထင်ခဲ့ကြသည်။
“ဒဏ်ရာ အပြင်းအထန်ရနေပေမယ့် သူက လက်မထောင်ပြီး တိုက်ပွဲကို ဆက်တိုက်ဖို့ အမိန့်ပေးတယ်” ဟု ထိုစဉ်က သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော YDF ရဲဘော်တဦးက ပြောသည်။
ကံကောင်းသည်မှာ ထိုတိုက်ပွဲတွင် သူဆက်လက်ရှင်သန်ပြီး ဒဏ်ရာများ ပျောက်ကင်းလာခြင်း ဖြစ်သည်။
ထိုအတွေ့အကြုံကို မေလကကျင်းပသော YDF ထူထောင်ခြင်း တနှစ်ပြည့်အခမ်းအနားသို့ အွန်လိုင်းမှ ပြောကြားသည့် မိန့်ခွန်းတွင် သူပြောပြထားသည်။
“ကျနော်ဒဏ်ရာရသွားတယ်။ ဒါကြောင့် ဆေးဝန်ထမ်းတွေက ကျနော့်ကို ကယ်ပြီး စခန်းကို ပြန်သယ်သွားတယ်။ ကျနော့်ရဲဘော်တွေက တနာရီလောက် ဆက်ပြီးတိုက်နေတယ်။ စခန်းကို သိမ်းပိုက်နိုင်လုနီးပါးဖြစ်နေပြီ။ စစ်ကူတွေရောက်လို့ ပြန်ဆုတ်လိုက်ရတယ်။ အဲဒီနေ့က စခန်း မသိမ်းနိုင်တဲ့အကြောင်း စဉ်းစားမိရင် စိတ်မကောင်းဘူး” ဟု သူကပြောသည်။
“ဒဏ်ရာ အပြင်းအထန်ရနေပေမယ့် သူက လက်မထောင်ပြီး တိုက်ပွဲကို ဆက်တိုက်ဖို့ အမိန့်ပေးတယ်” ဟု ထိုစဉ်က သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော YDF ရဲဘော်တဦးက ပြောသည်။
ပင်မသွေးပြန်ကြောများ ဒဏ်ရာရပါက ပြန်လည်ကောင်းမွန်ရန် နှစ်ချီကြာတတ်သော်လည်း ကိုဖြိုးသည် နေ့စဉ် လေ့ကျင့်ခန်းများကို တင်းတင်းကျပ်ကျပ်လုပ်ပြီး ၃ လအတွင်း ပြန်လည် ကောင်းမွန်လာကြောင်း ကိုမြတ်သူက ပြောသည်။
ကိုမြတ်သူနှင့် အခြားခေါင်းဆောင်များက သူ့ကို စစ်မြေပြင်သို့ မသွားဘဲ နောက်တန်းမှသာ ညွှန်ကြားရန် တိုက်တွန်းကြသည်။
သူက ငြင်းဆန်ပြီး စစ်မြေပြင်သို့ ပြန်သွားကာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေစဉ် အောက်တိုဘာ ၉ ရက်နေ့ ပစ္စတိုတလက်သာ ရှိချိန်တွင် ခြုံခိုတိုက်ခိုက်ခံရသည်။
ယခုတကြိမ်တွင် သူလွတ်မြောက်ခြင်း မရှိတော့ပေ။
ကိုဖြိုးကို ကောင်းစွာသိသူအခြားတဦးမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တပ်မှူး မောင်ဆောင်းခ ဖြစ်သည်။ တော်လှန်ရေး ရဲဘော်တဦး ကျဆုံးပြီး စစ်ကောင်စီကို ဆန့်ကျင်ရင်း လူငယ်တဦး ထပ်မံဆုံးရှုံးရသောကြောင့် ဝမ်းနည်းကြောင်း သူကပြောသည်။
“ကျနော်တို့ ရည်မှန်းချက်အောင်မြင်ဖို့ ဒီလိုပေးဆပ်နေရတယ်။ ကျနော်တို့ အသက်ရှင်ကျန်နေသူတွေက ကျနော်တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဆက်လက်တိုက်ပွဲဝင်ရမယ်” ဟု မောင်ဆောင်းခက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Hein Htoo Zan ၏ Young but Determined, Myanmar Anti-Regime Fighter Motivates Others in Sacrificing His Life ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ပျူစောထီးဟု စွပ်စွဲကာ မိသားစုလိုက် YDF သတ်ဖြတ်မှု NUG စုံစမ်း
ဆောမြို့ပေါ်ရှိ ကြံ့ခိုင်ရေးရုံးနှင့် ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရ
ယောဒေသ ကို ရဟတ်ယာဉ်များသုံး၍ တိုက်နေ၊ ဒေသကာကွယ်တပ်ဖွဲ့ဝင် ၁၄ ဦးကျဆုံး
ဂန့်ဂေါတွင် စစ်တပ်က အရပ်သားများကို ဦးတည်တိုက်ခိုက်နေ
မကွေးတိုင်းတွင် တော်လှန်ရေး အဖွဲ့အစည်းများက အုပ်ချုပ်ရေးပိုင်း အသက်သွင်းလာ