လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း အပါအဝင် နိုင်ငံခြားသား ၆ ဦးကို ဖမ်းဆီးခဲ့သည်။ ထို ၆ ဦးသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပတ်သက်ခြင်း သို့မဟုတ် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် သတင်းယူခြင်းနှင့် အခြားကိစ္စများကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ၃ ဦးသာ ပြန်လည်လွတ်မြောက်သေးပြီး ကျန်သူများမှာ စစ်ကောင်စီ ထောင်တွင်းတွင် ကျန်ရစ်နေဆဲဖြစ်သည်။ ထိုသူများ မည်သူမည်ဝါဖြစ်သည်၊ မည်သည့်အချိန် မည်သည့်နေရာတွင် မည်သည့်ကိစ္စအတွက် အဖမ်းခံရသည်ကို အောက်တွင် အပြည့်အစုံ ဖော်ပြလိုက်ပါသည်။
၁။ သြစတြေးလျ နိုင်ငံသား ရှောင်တန်းနဲလ်
သြစတြေးလျ စီးပွားရေးပညာရှင် ဒေါက်တာ ရှောင်တန်းနဲလ်သည် ၂၀၁၇ ခုနှစ်က စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအတွက် စီးပွားရေး အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် NLD နှင့် ပတ်သက်သောကြောင့် အဖမ်းခံရသည့် ပထမဆုံးသော နိုင်ငံခြားသားဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး တပတ်အကြာ ရန်ကုန်ရှိ ဟိုတယ်တခုတွင် သူအဖမ်းခံရသည်။
နေပြည်တော်ထောင်မှ စစ်ကောင်စီထိန်းချုပ် တရားရုံးက နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနှင့် ဗီဇာ လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုများဖြင့် သူ့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထောင် ၃ နှစ်ချသည်။
သြစတြေးလျအစိုးရက ထိုတရားရုံးဆုံးဖြတ်ချက်ကို ပယ်ချပြီး ဒေါက်တာ တန်းနဲလ်ကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုသည်။ အသက် ၅၈ နှစ်အရွယ် စီးပွားရေးပညာရှင် ဒေါက်တာ တန်းနဲလ်က ယခုနှစ်သြဂုတ်လ ၁၁ ရက်နေ့ တရာခွင်တွင် ထိုစွဲချက်များအတွက် အပြစ်မရှိကြောင်း ပြောသည်။
၂။ ပိုလန်ဓာတ်ပုံသတင်းသမား ရောဘတ် ဘိုစီရာဂါ
၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုကို မှတ်တမ်းတင်နေစဉ် ပိုလန်သတင်းသမား ရောဘတ် ဘိုစီရာဂါကို စစ်ကောင်စီတပ်များက ဖမ်းသည်။
အသက် ၃၀ ရှိပြီဖြစ်သော သူ့ကို ဖမ်းဆီးသောအခါ ရိုက်နှက်ဖမ်းဆီးသည်ဟု ဆိုသည်။ သူ့ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေဖြင့် စွဲချက်တင်ပြီး ဒဏ်ငွေ ၂ သိန်း ချမှတ်သည်။ တောင်ကြီးမြို့ရှိ တောင်လေးလုံးထောင်တွင် ဖမ်းထားပြီး ၁၁ ရက်အကြာ မတ်လ ၂၂ ရက်နေ့တွင် ပြန်လွှတ်ပေးသည်။
၃။ ဂျပန်အလွတ်သတင်းသမား ယူကီ ကီတာဇုမိ
ဂျပန်အလွတ်သတင်းထောက် ယူကီ ကီတာဇုမိကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ရန်ကုန်တွင် ဖမ်းဆီးသည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သော သူ့ကို သတင်းတုဖြန့်မှုဖြင့် မေလ ၃ ရက်နေ့တွင် စွဲချက်တင်သော်လည်း မေလ ၁၄ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လွှတ်ပေးသည်။ ထိုနေ့တွင်ပင် ဂျပန်သို့ ပြန်သည်။
သူသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မှ ဆန္ဒပြပွဲတခုကို သတင်းယူနေစဉ် ရိုက်နှက်ခံရပြီး ခဏတာ ဖမ်းဆီးခံရသည်။ သူ့ကို ၅ နာရီကြာ ဖမ်းဆီးပြီးနောက် တနေ့တည်း ပြန်လွှတ်ပေးသည်။
၄။ အမေရိကန် သတင်းသမား ဒန်နီဖန်းစတား
အမေရိကန် သတင်းသမား ဒန်နီဖန်းစတားကို မေလ ၂၄ ရက်နေ့က အမေရိကန် ပြည်ထောင်စုသို့ အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းသည်။
ရန်ကုန်အခြေစိုက် Frontier Myanmar သတင်းမဂ္ဂဇင်းမှ မန်နေဂျင်း ဒါရိုက်တာ အသက် ၃၇ နှစ်အရွယ် ဒန်နီဖန်းစတားကို ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်း ဆက်သွယ်မှုနှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေများဖြင့် တရားစွဲပြီး ထောင် ၁၁ နှစ် ချသည်။
သူသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လိုင်စင်ရုတ်သိမ်းလိုက်သည့် Myanmar Now ပြည်တွင်း သတင်းဌာနတွင် လုပ်ကိုင်ဖူးသောကြောင့်လည်း တရားစွဲဆိုခံရခြင်း ဖြစ်သည်။ သူသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ရာထူးမှနုတ်ထွက်ပြီး Frontier Myanmar အတွက် လုပ်နေသည်ဆိုသည့် ဆိုသည့်အချက်ကို တရားသူကြီးက ထည့်သွင်း စဉ်းစားခြင်း မရှိပေ။
သူ့ကို အင်းစိန်ထောင်တွင် ၅ လကြာ ဖမ်းဆီးထားပြီးနောက် နယူးမက္ကစီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘေလ်ရစ်ချတ်ဆန် ကြားဝင်ဆောင်ရွက်သောကြောင့် ပြန်လွှတ်ပေးသည်။ သူ့ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးပြီး အမေရိကန် ပြန်ထောင်စုသို့ ပြန်ခဲ့သည်။
၅။ ဂျပန် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရူ ကူဘိုတာ
ဂျပန် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရူ ကူဘိုတာကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုတွင် ဖမ်းဆီးခဲ့သည်။ သူ့ကို ဆူပူလှုံ့ဆော်မှု၊ လူဝင်မှု ကြီးကြပ်ရေး ချိုးဖောက်မှုနှင့် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် ဖမ်းဆီးထားသည်။
ဆူပူအောင်လှုံ့ဆော်မှုနှင့် အီလက်ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ချိုးဖောက်မှုအတွက် အောက်တိုဘာလ ၅ ရက်နေ့တွင် သူ့ကိုထောင် ၇ နှစ်ချသည်။ အောက်တိုဘာလ ၁၂ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင် နောက်ထပ် ၃ နှစ်ချသည်။
အသက်၂၆ နှစ်ရှိပြီဖြစ်သော ထိုဂျပန်မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူသည် အာဏာသိမ်းပြီးနောက် အဖမ်းခံရသည့် ဒုတိယမြောက် ဂျပန်နိုင်ငံသားဖြစ်ပြီး သူ့ကို အင်းစိန်ထောင်တွင် ဖမ်းဆီးထားသည်။
၆။ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း
ဒေါ်ဥမ္မာခင်ဟုလည်း သိကြသည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် သူ၏ ခင်ပွန်း ကျော်ကြားသော ပန်းချီဆရာနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထိန်လင်းကို ယခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်ရှိ ၎င်းတို့နေအိမ်တွင်ဖမ်းဆီးခဲ့သည်။
ရန်ကုန်ရှိ မှတ်ပုံတင်ထားသည့် လိပ်စာတွင် မနေဘဲ ရှမ်းပြည်နယ်၊ ကလောမှ မိသားစုအိမ်တွင် ခေတ္တနေထိုင်သည်၊ သူ၏ ခင်ပွန်းကလည်း ကလောတွင် သွားရောက်နေထိုင်ခြင်းကို အကြောင်းမကြားဟုဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ဗစ်ကီဘိုးမန်းကို တရားစွဲသည်။
စစ်ကောင်စီထိန်းချုပ် အင်းစိန်ထောင်တွင်းတရားရုံးက စက်တင်ဘာ ၂ ရက်နေ့တွင် ထိုဇနီးမောင်နှံကို ထောင် တနှစ်ချသည်။
မစ္စ ဘိုးမန်းသည် ယခင်စစ်အုပ်စုခေတ် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်အမတ်အဖြစ် တာဝန်ယူသူဖြစ်သည်။ သူသည် စစ်အာဏာသိမ်းပြီး အဖမ်းခံရသည့် ပထမဆုံး သံတမန်ဟောင်းဖြစ်သည်။
ဗြိတိန်အစိုးရက မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို အဆင့်နှိမ့်လိုက်ပြီးနောက် သူ့ကို ဖမ်းဆီးခြင်းဖြစ်သည်။
You may also like these stories :
ဗြိတိန်သံအမတ်ဟောင်း ဖမ်းဆီးမှု “ဓားစာခံ သံတမန်ရေး” ဟု ဆိုကြ
ဂျပန်မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ထောင်ဒဏ် ၁၀ နှစ်ကျ
၁၅ နှစ်ကြာအောင် နာဂါအိ မိသားစု အမှန်တရားကို ရှာဖွေနေ