အမှန်တရား ‘ဓမ္မ’ ဘက်မှ အစဉ်အမြဲ ရပ်တည်ခဲ့သော မြဝတီမင်းကြီး စာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ အရှင်အရိယာဝံသ (ဓမ္မာစရိယ-ဝဋံသကာ) သည် အောက်တိုဘာ ၂၇ ရက် ညပိုင်း ဒေသစံတော်ချိန် ၁၀ နာရီတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ပျံလွန်တော်မူသွားခဲ့သည်။
မြဝတီမင်းကြီးဆရာတော်သည် နှလုံးသွေးကြောပိတ်ရောဂါဖြင့် ပျံလွန်ခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၇၁ နှစ်၊ ဝါတော် ၅၁ ဝါ ရှိပြီ ဖြစ်သည်။
နောက်ဆုံးအချိန်ထိ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ဓမ္မဘက်က ရပ်တည်ခဲ့သော မြဝတီမင်းကြီးဆရာတော် ပျံလွန်တော်မူ သွားသည့်အတွက် တိုင်းပြည်အတွက်၊ မြန်မာ့နွေဦး တော်လှန်ရေး အတွက်သာမက သာသနာတော်အတွက်ရော အစားထိုး မရနိုင်သည့် ဆုံးရှုံးမှု ဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သူများက ဝမ်းနည်းစကားဆိုကြသည်။
မြဝတီမင်းကြီးဆရာတော်၏ တပည့်တဦး ဖြစ်သည့် ဆရာတော် မင်းသုညကလည်း “ဦးဇင်းအတွက်၊ နိုင်ငံအတွက်၊ သာသနာအတွက်၊ အရာအားလုံးအတွက် ဘာနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုပါ။ စစ်တပ်ကို အမြဲဝေဖန်ထောက်ပြလာ ခဲ့တယ်။ ဆရာတော် ပျံလွန်တော်မူတာက တိုင်းပြည်အတွက်ရော၊ တော်လှန်ရေးအတွက်ရော၊ ဦးဇင်းတို့ သာသနာ အတွက်ရော ကြီးမားတဲ့ဆုံးရှုံးမှုပဲ” ဟု မိန့်ကြားသည်။
မြဝတီမင်းကြီးဆရာတော်သည် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ်ရွာဇာတိ ဖြစ်ပြီး ခမည်းတော် ဦးကျော့ရွှေနှင့် မယ်တော် ဒေါ်မြစိန်တို့မှ ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။
မြဝတီမင်းကြီးဆရာတော် ရရှိထားသည့် ဝဋံသကာဘွဲ့သည် ရန်ကုန်စေတိယင်္ဂဏဝဋံသကာ ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၃၃၉ ခုနှစ် သက်တော် ၂၆ နှစ်အရွယ်တွင် ယင်းဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဘုန်းကြီးလောက စာမေးပွဲများကပေးသည့် ဘွဲ့များထဲ “ဝဋံသကာ” ဘွဲ့ ဆိုသည်မှာ အလွန်ရခဲသည့် ဘွဲ့တခုဖြစ်ပြီး မန္တလေး သကျာသီဟစာမေးပွဲကပေးသည့် ဝဋံသကာကို သကျာသီဟဝဋံသကာဟု ခေါ်ကာ ရန်ကုန်စေတိယင်္ဂဏစာမေးပွဲကပေး သည့် ဝဋံသကာကိုမူ စေတိယင်္ဂဏဝဋံသကာဟု ခေါ်ကြောင်း သိရသည်။
ပြဋ္ဌာန်းကျမ်းစာ ၃ မျိုးကို နှစ်မခြားဘဲ ၁ နှစ်တည်းဖြင့် အပြီးအောင်မြင်သူများကိုသာ ယင်းဘွဲ့ကို ပေးခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်ထိ (စာမေးပွဲသက်တမ်း နှစ်ပေါင်း ၉၇ နှစ်ထိ) စေတိယင်္ဂဏဝဋံသကာဘွဲ့ရသူ အရေအတွက် ၁၁ ပါးသာ ရှိသေးကြောင်းလည်း မှတ်သားရသည်။
မြဝတီမင်းကြီးဆရာတော်ဟု လူသိများသည့် အရှင်အရိယာဝံသသည် မန္တလေးမြို့တွင် ထင်ရှားသည့် ဆရာတော်တပါး ဖြစ်ပြီး စစ်တပ်အား အစဉ်တစိုက် ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရ လက်ထက် ၂၀၁၉ စက်တင်ဘာတွင် အမှုဖွင့် တရားစွဲဆိုခဲ့ရသည်။
ထိုစဉ်အချိန်က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ကို စစ်တပ်က ကျပ်သိန်း ၃၀၀ လှူဒါန်းခြင်း အပါအဝင် မြေသိမ်းယာသိမ်း ကိစ္စရပ်များနှင့် ပတ်သက်သည့် စစ်တပ်၏ အပြုအမူများအပေါ် ဝေဖန်ပြောဆိုခဲ့မှုများကြောင့် စစ်တပ်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုများအား ကျပ်သိန်း ၅၀၀ ကိုယ်တိုင် အာမခံဖြင့် အမှုရင်ဆိုင်နေစဉ်မှာပင် စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်၌ မြဝတီမင်းကြီးဆရာတော်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပြီး ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ပင် လူဝတ်လဲကာ ရုံးထုတ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ၂၀၂၁ သြဂုတ်လဆန်းပိုင်းတွင် မန္တလေးအိုးဘိုထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း စစ်ကောင်စီ၏ ထပ်မံ ဖမ်းဆီးနိုင်သည့် အန္တရာယ်ကြောင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြဝတီမင်းကြီးကျောင်းတိုက်ကို စွန့်ခွာပြီး လွတ်မြောက်နယ်တနေရာတွင် ၁ နှစ်ကျော်ကြာ ခိုလှုံနေထိုင်ခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုနန်းတည်ကျောင်းတွင် သီတင်းသုံးနေထိုင်စဉ် ပျံလွန်တော်မူခဲ့ခြင်းလည်း ဖြစ်သည်။
ဆရာတော်၏တပည့် အရှင်တေဇာနန္ဒက “မနေ့ မနက်ပိုင်းကတည်းက ဆရာတော်က ငါရင်တွေ နာတယ်၊ ငါ့ကို နှိပ်ပေးဦး လို့မိန့်လို့ ဦးဇင်းကနေ နှိပ်ပေးလိုက်တယ်။ နှိပ်ပေးရင်းနဲ့ ဆရာတော် ဆေးရုံသွားမလားလို့မေးတော့ ဆေးရုံသွားစရာ မလိုဘူးလို့ ပြောတယ်။ ထိုင်းစံတော်ချိန် ၈ နာရီ ပတ်ဝန်းကျင်လောက်မှာ သိပ်အဆင်မပြေတော့လို့ ဆေးရုံတင်လိုက်တာ။ ဆေးစစ်ချက်တွေ ထွက်လာတဲ့အခါမှာ နှလုံးသွေးကြော ပိတ်တယ်။ နှလုံးသွေးကြောပိတ်နေတာမို့ ၂၄ နာရီ စောင့်ကြည့် မယ်လို့ ပြောတာကြောင့် ပြန်လာခဲ့တယ်။ အဲဒီလိုကနေ ထိုင်းစံတော်ချိန် ည ၁၀ နာရီလောက်မှာ ဆရာတော် ပျံလွန်တော် မူသွားပြီလို့ အကြောင်းကြားလာတာပဲ” ဟု ဆရာတော်၏ နောက်ဆုံးအချိန်နှင့် ပတ်သက်ပြီး မိန့်ကြားသည်။
ဆရာတော်ကြီး၏ နောက်ဆုံးဟောပြောချက်နှင့် ပတ်သက်၍လည်း အရှင်တေဇာနန္ဒက “ဆရာတော်က အဓမ္မနိုင်ငံတော်မှ ဓမ္မနိုင်ငံတော်ဆီသို့ ခေါင်းစဉ်နဲ့ နောက်ဆုံး ဆွေးနွေးသွားတယ်။ တိုင်းသူပြည်သားတွေအားလုံး တညီတညွတ်တည်းရှိဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံကို ဓမ္မဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့အတွက် ဝိုင်းဝန်းပြီး ကြိုးစားအားထုတ်ရမယ်လို့ မိန့်ကြားခဲ့တယ်” ဟု ပြန်လည် မိန့်ကြားသည်။
ဆရာတော်သည် ဒီမိုကရေစီအတွက်၊ တိုင်းပြည်နှင့် လူမျိုးအတွက် အမှန်တရားဘက်က တစိုက်မတ်မတ် ရပ်တည်ခဲ့သူ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲများ မရှိဘဲ ဖြောင့်မတ်စွာဖြင့် ဒီမိုကရေစီအရေးနှင့် မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် ကြိုးစားခဲ့သူ၊ တန်ဖိုးရှိလှသည့် ၎င်း၏ ကိုယ်ပိုင်အချိန်များအား အမှန်တကယ် ပေးဆပ်သွားသူ ဖြစ် ကြောင်း ဆရာတော်နှင့်အတူ အလုပ်တွဲလုပ်ခဲ့ဖူးသူ မြန်မာမွတ်စလင်တော်လှန်ရေးအင်အားစုမှ ဦးစိုးနေဦးက ပြောသည်။
၎င်းက “ကျနော်တို့ ကျောင်းသားဘဝကတည်းက ဆရာတော်ကြီးကို သိခဲ့တယ်။ နောက်ပိုင်းမှာ ဆရာတော်ကြီးနဲ့တွဲပြီး အလုပ်တွေ လုပ်ဖြစ်ခဲ့တယ်။ အဲဒီမှာ ဆရာတော်ကြီးရဲ့ ရပ်တည်ချက်ကို သိခဲ့ရတယ်။ အခုလို ပညာရည်ပြည့်ဝ နှလုံးလှ ဖြူစင်တဲ့ ဆရာတော်ကြီးနဲ့ လက်တွဲ အလုပ်လုပ်ခွင့်ရတဲ့အပေါ် ဂုဏ်ယူမိပါတယ်” ဟုလည်း ဆိုသည်။
ဦးစိုးနေဦးက ဆက်၍ “ဒီမိုကရေစီနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆရာတော်ကြီးက တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဘာကြောင့်လဲဆိုတော့ အချို့က စင်ပေါ်မှာပဲ ငြိမ်းချမ်းကြတာ။ ဆရာတော်ကြီးက စင်ပေါ်စင်အောက် နှလုံး သားထဲကနေ ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ကြီး ဖြစ်တဲ့အတွက် သူ့လောက် စာတတ်တဲ့သူတောင် သူ့လောက် နှလုံးသား ဖြူစင်ပါ့ မလားပေါ့။ ရှာမှရှားတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဓမ္မဘက်မှာ ရပ်တည်တဲ့အခါ ဘယ်အရာကိုမှ မကြောက်ဘဲနဲ့ အကြိမ်ကြိမ်အခါခါ ထောင်ချခံရလည်း ဓမ္မဘက်မှာပဲ ရပ်တယ်။ အခုလို ပျံလွန်တော်သွားတဲ့အပေါ် နှမြောတသ ဖြစ်ရပါတယ်” ဟုလည်း ဝမ်းနည်းစွာ ဆိုသည်။
အာဏာမသိမ်းခင်ကာလထိ လူမှုသဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် အသက် အရွယ်နှင့်မမျှ စွမ်းစွမ်းတမံ၊ တက်ကြွစွာဖြင့် ပါဝင်လုပ်ဆောင်ခဲ့သည့် မြဝတီမင်းကြီးဆရာတော်သည် မြန်မာ့နွေဦးတော် လှန်ရေး အကြမ်းမဖက်လှုပ်ရှားမှုများ၌လည်း တွန့်ဆုတ်မနေဘဲ ဦးဆောင် ပါဝင်ခဲ့သည်။
အာဏာသိမ်း စစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးနေခြင်းများနှင့် ပတ်သက်ပြီးလည်း သတင်းမီဒီယာများမှတဆင့် လူသိရှင်ကြား ရှုတ်ချဝေဖန် ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။
ဆရာတော်၏တပည့် အရှင်တေဇာနန္ဒက “ဆရာတော်က တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခ ရောက်ရှိနေတာတွေကို စိတ် မချမ်းမမြေ့ ရှိခဲ့ပါတယ်။ စစ်တပ်က အာဏာရယူထားလို့ ငါတို့နိုင်ငံဟာ တိုးတက်သင့်သလောက် မတိုးတက်ဘူး။ ငါတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ဓမ္မဒီမိုကရေစီနဲ့ ထိုက်တန်တယ်။ ဓမ္မနဲ့လျော်ညီတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်မယ်ဆိုရင် ငါတို့ နိုင်ငံ သားတွေဟာ တိုးတက်မယ်ဆိုတာ သိတဲ့အတွက်ကြောင့် အဓမ္မသမားတွေကို အစဉ်တစိုက် ရှုတ်ချတယ်၊ တွန်းလှန်တော် လှန်ခဲ့တယ်။ အဓမ္မသမားတွေကို တွန်းလှန်တော်လှန်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ အများကြီးပေးခဲ့ပါတယ်” ဟု မိန့် ကြားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဘာသာရေးကို ခုတုံးလုပ်၍ နိုင်ငံရေးအရ အသုံးချမှုများနှင့် နာမည်ကြီး ဆရာတော်များ စစ်ကောင်စီနှင့် ပူးပေါင်းမှုကိုလည်း မြဝတီမင်းကြီးဆရာတော်က အစဉ်တစိုက် ဝေဖန်ခဲ့ကြောင်းကို သတင်းမီဒီယာများတွင် ထုတ်ဖော်ပြောဆိုချက်များက မီးမောင်းထိုးပြနေသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းမှု တခုတွင်လည်း ဆရာတော်က “ဘုန်းကြီးတွေက ကြောက်စရာကောင်းတယ်။ ဇာတံသရဏတောဘယံလို့ ခေါ်တယ်။ ကိုယ်အားကိုးရာ ကိုယ်အားထားရာ ကနေပြီးတော့ ဘေးဒုက္ခ ကြီးပေါ်ပေါက်ပြီး အန္တရာယ်ကြီးဘေးကြီး ပေါ်ပေါက်ပြီဆိုတာ အဲဒီ သဘောတရား ရှိတယ်။ အခုလည်းပဲ ဘုန်းကြီးကို သံဃံ သရဏံဂစ္ဆာမိလို့ ကိုးကွယ်လာခဲ့ကြတာ။ ဒီဘုန်းကြီးတွေက အဆိပ်အတောက်ဖြစ်တဲ့ ဘုန်းကြီးတွေ ဖြစ်နေတော့ အဲဒီမှာ ကျုပ်တို့ ဒုက္ခရောက်ကုန်ကြတာ။ အဲဒါကို ဇာတံသရဏတောဘယံလို့ ခေါ်တယ်။ ကိုယ်ကိုးကွယ်ရာက ကိုယ့်ကိုဒုက္ခပေးပြီ လို့ ခေါ်တာ။ အဲဒီအဖြစ်က ဒီနေ့ ဖြစ်နေတာပဲ” ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ဖူးသည်။
စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူ့နေအိမ်များအား မီးရှို့ခြင်း၊ ပစ္စည်းများအား လုယက်ဖျက်ဆီးခြင်း၊ အရက်စက်ဆုံး စစ်ဆင်ရေးနည်းများဖြင့် ပြည်သူများကို နှိပ်စက်ညှဉ်းပန်း သတ် ဖြတ်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင်အား သီတဂူဆရာတော်၏ ချီးကျူးပြောဆိုချက်အပေါ်၌လည်း မြဝတီမင်းကြီး ဆရာတော်က ဝေဖန်ထောက်ပြခဲ့သလိုပြည်သူများ အနေဖြင့် ဖောက်ပြန်သော ဘုန်းကြီးများအား ဆက်လက် မကိုးကွယ် ကြရန်လည်း သတိပေး မိန့်ကြားခဲ့သေးသည်။
ဆရာတော်သည် မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ၏ ပထမဆုံးသော စုစည်းတွေ့ဆုံပွဲကို ၂၀၁၂ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆရာတော်၏ ကျောင်းပရိဝုဏ်အတွင်း ကျင်းပခွင့်ပေးခဲ့ရုံမျှမက ကျောင်းပရိဝုဏ်အတွင်း ၉၂ ပါဂျောင် ဖြစ်စဉ်၌ ကျဆုံးသူများကို ရည်စူး၍ အညတတြရင်ပြင်နှင့် အောက်မေ့ဖွယ်ရုပ်ထု တည်ရှိခွင့်ကို အခက်အခဲမျိုးစုံကြားမှ ခွင့်ပြုပေး အပ်ခဲ့သည်။
ထို့ပြင် ဆရာတော်သည် မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများအတွက် တတ်စွမ်းသမျှ ကိုယ်စိတ်နှစ်ပါး နှစ်မြုပ်ကာ ကူညီထောက်ပံ့ပေးခဲ့၊ အခိုင်အမာ ရပ်တည်ပေးခဲ့သည်။ ထိုသို့သော ကျေးဇူးတရားများအား အောက်မေ့သတိရစွာဖြင့် ဆရာတော် ပျံလွန်တော်မူခြင်းအား မြန်မာပြည်မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများက ဝမ်းနည်းခြင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
မြဝတီမင်းကြီးဆရာတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု၊ ၁၉၉၀ သံဃာ့သပိတ်မှောက်မှု၊ ၂၀၀၇ ရွှေ ဝါရောင်တော်လှန်ရေး၊ လက်ပံတောင်းတောင် လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်ရာ စစ်အာဏာရှင်တို့၏ ဖမ်းဆီးထိန်းသိမ်းမှုကို အကြိမ်ကြိမ် ခံခဲ့ရသူလည်း ဖြစ်သည်။
သို့သော် ဆရာတော်သည် သူ၏ ရပ်တည်ချက်များကို ပြောင်းလဲခြင်းမရှိ ပြည်သူနှင့် တသားတည်း ရပ်တည်ကာ ၂၀၂၁ စစ်အာဏာသိမ်းမှုကိုလည်း ဦးဆောင်ဆန့်ကျင်ခဲ့ပြီး ပျံလွန်တော်မမူခင်အချိန်ထိ သာသနာရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ဝေဖန်ထောက်ပြ ဟောပြောသွားခဲ့သည်။
မြန်မာမွတ်စလင်တော်လှန်ရေးအင်အားစုမှ ဦးစိုးနေဦးက “ဆရာတော်ကြီး မရှိတော့ပေမယ့် ဆရာတော်ကြီး လိုချင်တဲ့၊ မျှော်မှန်းထားတဲ့၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ ဆရာတော်ကြီး ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း၊ ရပ်တည်ချက်တွေ အတိုင်း ကျနော်တို့ ဆက်လက်ပြီးတော့ ချီတက်သွားမယ်။ အာဏာရှင်ကို ဆက်လက်ပြီး ဖီဆန်သွားမယ်” ဟု ဆိုသည်။။