လွတ်မြောက်နယ်မြေ တနေရာတွင် ကျင်းပခဲ့သော မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော်၏ ဈာပန အခမ်းအနားတွင် ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာများမှ ဘာသာရေး ဆရာများနှင့် ထင်ရှားသူများ တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသော ဘာသာပေါင်းစုံမှ ဘာသာရေးဆရာများကလည်း ဆရာတော်အတွက် ဆုတောင်းပွဲ ကျင်းပခဲ့ သည်။ ဘာသာရေး အဖွဲ့အစည်းပေါင်း ၂၅ ခုမှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ဗုဒ္ဓဘာသာ ရဟန်းတပါး၏ ဈာပန အခမ်းအနားတွင် တခြားသော ဘာသာဝင်များမှ တက်ရောက်ဆုတောင်း မေတ္တာပို့ ခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းတို့မှာ မြင်တောင့်မြင်ခဲ ဖြစ်ရပ် ဖြစ်သည်။
သို့သော် ထိုမြင်ကွင်းမျိုးကို မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် ဈာပနာတွင် မြင်တွေ့ခဲ့ရသည်။ ဆရာတော် ဈာပနအား ဒေသခံများစွာ တက်ရောက်ခဲ့သည်။ အဆိုပါ ဒေသခံများက ဆရာတော် ဈာပနအတွက် အစစအရာရာ တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ဆရာတော်ကြီး၏ ဈပနာအခမ်းအနားအား ဒေသခံ ကရင်တိုင်းရင်းသားများက ဦးစီးလုပ်ဆောင်ခဲ့ပြီး အနီးအနားရှိ ကျေးရွာများမှ ဒေသခံများကလည်း ဆရာတော်ကြီး၏ နောက်ဆုံးခရီးအား လာရောက်ပို့ဆောင်ခဲ့ကြသည်။
ဆရာတော်ကြီး သီတင်းသုံးသည့်နေရာသည် မဲဆောက်မြို့မှ တနာရီခန့်ကားမောင်းသွားရခြင်း၊ လုံခြုံရေးအရ စစ်ဆေးမှုများ ရှိသဖြင့် မဲဆောက်ရောက် နိုင်ငံရေးအင်အားစု အများစုမှ မလာရောက်နိုင်ခဲ့ပေ။
ဆရာတော်ကြီးသည် သူသတင်းသုံးသည့် ကျောင်းရှိရာကျေးရွာသို့ ကြွမြန်းလာသည်မှာ ၆ လခန့်သာ ရှိသော်လည်း ဆရာတော်ကြီးသည် တရားဟောခြင်း၊ တရားပြခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပေါ် ဒေသခံများက ကြည်ညိုလေးစားခဲ့ကြသည်။
မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော်ဟု လူသိများသည့် ဘဒ္ဒန္တ အရိယဝံသာ ဘိဝံသ (သ.စ.အ ဓမ္မာစရိယ-ဝဋံသကာ) ဆရာတော်သည် ဗုဒ္ဓဘာသာ ဘုန်းကြီးများထဲတွင် ထူးခြားသော ဝိသေသများရှိသည့် ဆရာတော် ဖြစ်သည်။
ဗုဒ္ဓစာပေ ကျမ်းဂန်ဖြစ်သော ဓမ္မာစရိယ စာမေးပွဲတွင် သုံးကျမ်းစလုံး၌ ပထမရကာ ဝဋံသကာဘွဲ့ကို ရရှိခဲ့သည်။ ထို့ပြင် ရန်ကုန်၊ မန္တလေးနှင့် အစိုးရ ဓမ္မာစရိယ စာမေးပွဲသုံးခုစလုံး အောင်မြင်ခဲ့သည့်အတွက် သ-စ-အ ဓမ္မာစရိယ (ဝဋံသကာ) ဟု ဂုဏ်ထူးတပ်ခေါ်ဝေါ်ခဲ့သည်။
ဆရာတော်ကြီးကဲ့သို့ ဗုဒ္ဓကျမ်းဂန်ကို တတ်မြောက်သည့် ဘုန်းကြီးများမှာ မြန်မာနိုင်ငံတွင် အခုချိန်အထိ လက်ချိုးရေ၍ ရသည့် အရေအတွက်သာ ရှိသည်။
သို့သော် ဆရာတော်ကြီးသည် လူတန်းစားမရွေး တန်းတူရည်တူသာ ဆက်ဆံလေ့ရှိသည့် ဘုန်းတော်ကြီးတပါး ဖြစ်သည်။ ထို့ပြင် ထိုကဲ့သို့ ကျမ်းဂန်တတ်သော ဆရာတော်ကြီးသည် တခြားသော ဘာသာဝင်များနှင့် ဆက်ဆံသည့် မာန်မာန မရှိ သည့်ကို တွေ့ရသည်။
“ကျနော်တို့က အမြင့်မှာ ထိုင်တာမဟုတ်ဘူး။ ခုံတွေမှာ ထိုင်တာ မဟုတ်ဘူး။ ကြမ်းတပြေးတည်း ဆရာတော်ကြီးလည်း ထိုင်တယ်။ ကျနော်က ဘုန်းဘုန်း ဆရာတော်ကြီး၊ တပည့်တော်တို့ ကြမ်းတပြေးတည်း ဖြစ်ပါ့မလား။ ဖြစ်တယ်တဲ့ အဲဒါနဲ့ ပတ်သက်လို့ စိတ်အနှောက်အယှက်မဖြစ်နဲ့တဲ့” ဟု မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်နှင့် ပထမဆုံးအကြိမ် တွေ့ ဖြစ်စဉ်က အတွေ့အကြုံအား အစ္စလာမ် ဘာသာဝင် ဦးထွန်းကြည်က ပြန်ပြောပြသည်။
မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော်သည် မန္တလေးမြို့ရှိ သူ့ကျောင်းတိုက်အတွင်း တခြားသော ဘာသာခြားများအား တည်းခိုနေထိုင် လည်ပတ်ခွင့်ပြုထားသည်။ သူ့ကျောင်းတိုက်သို့ လာရောက်သော သူများအား လူတန်းစားမရွေး တန်းတူ ရည်တူ ဆက်ဆံခဲ့သူ ဖြစ်သည်။
ဆရာတော်ကြီးအနေဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော်များအနေဖြင့် ယဉ်ကျေး သိမ့်မွေစွာ နေထိုင်ကျင့်ကြံဖို့ အမြဲတန်း ဆိုဆုံးမသူ ဖြစ်ပြီး သူကိုယ်တိုင်လည်း ထိုကဲ့သို့ နေထိုင်သူ ဖြစ်သည်ဟု သူတပည့်ရဟန်းများက ဆိုသည်။
ထို့ကြောင့် ဆရာတော်ကြီးအား တွေ့ဆုံဖူးသူတိုင်းက ခင်မင် လေးစားသွားခဲ့ကြသည်။
“ဆရာတော်ဘုရားကြီးနဲ့ ကျနော်နဲ့ တွေ့ခွင့်ရတဲ့အချိန်က သုံးကြိမ်လောက်ပဲ။ အဲဒီသုံးကြိမ် အတွင်းမှာပဲ ဆရာတော်ဘုရားကြီးရဲ့ ဖြူစင်ရိုးသားမှုတွေ ဆုံးမသွန်သင်မှုတွေကြောင့်မလို့ပဲ ကိုယ်ရဲ့ဖခင်တယောက်လို စိတ်ထဲမှာ ဖြစ်မိတယ်” ဟု CDM ဗိုလ်ကြီး ထက်မြတ်က ဆိုသည်။
ထို့ကြောင့်လည်း အဖမ်းအဆီးများ ရှိနေသည့်ကြားက ဆရာတော်ကြီး၏ နောက်ဆုံးခရီးအား သူလာရောက်ဖြစ်အောင် အရောက်လာခဲ့သည်ဟု ဆိုသည်။
မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော်သည် သူ့အားလာရောက်ဖူးမျှော်ကြသည့် လူငယ်များအား ဒီမိုကရေစီစနစ် အကြောင်းနှင့် ကိုယ်ကျင့်တရားကောင်းရန် ဟောပြောဆုံးမလေ့ရှိသည်။
“ကျနော် အသက် ၁၃ နှစ်မှာ ဆရာတော်နဲ့စဆုံဖြစ်တယ်။ အဲဒီအချိန်က ဆရာတော်က ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ ဒီနိုင်ငံမှာ အာဏာရှင်စနစ်ကို လုံးဝတော်လှန်ဖို့ပဲ ပြောခဲ့တယ်။ ပြောတဲ့အတိုင်းလည်း ဆရာတော်က လုပ်သွားတယ်။ တစိုက်မတ်မတ်ပဲ ပြီးတော့ ဆရာတော်က ဘယ်အရာပဲဖြစ်ဖြစ် ထောင့်ပေါင်းစုံက စဉ်းစားဖို့ အစွန်းမရောက်ဖို့ အမြဲ ဆုံးမတယ်” ဟု ဆရာတော်နှင့်ဆုံဖူးသူ PDF လူငယ်တဦးက ပြောသည်။
မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရန်လိုလားသူ ဖြစ်ပြီး ဘာ သာပေါင်း စုံညီညွတ်ရေးအတွက် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဆရာတော်ကြီးတွင် ခွဲခြားဆက်ဆံသည့် စိတ်မရှိသကဲ့သို့ အဖိနှိပ်ခံ လူတန်းစားများဖက်မှလည်း တစိုက်မတ်မတ် ရပ်တည်ပေးခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဏာရှင် သက်ဆိုးရှည်ရေး ဆောင်ရွက်နေသည့် ဘာသာရေးအမည်ခံ မဘသနှင့် ၉၆၉ အဖွဲ့ဝင်များ အားကောင်းသည့် ကာလများတွင် ဆရာတော်ကြီးသည့် အဆိုပါ ဘာသာရေးအစွန်းရောက်များအား ဝေဖန်ကန့်ကွက်ခဲ့သည်။
ထို့ပြင် လူနည်းစု အစ္စလာမ်ဘာသာဝင်များဖက်က တစိုက်မတ်မတ် ရပ်တည်ပေးခဲ့သည်။ ဆရာတော်ကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ဓမ္မနှင့်ငြိမ်းချမ်းရေး အဖွဲ့အစည်းကိုလည်း မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော်က ဦးဆောင် ဖွဲ့စည်းပေးခဲ့သည်။
ထိုကဲ့သို့ ဓမ္မနှင့် ငြိမ်းချမ်းရေးအား လိုလားသည့် ဆရာတော်ကြီးအား စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် အာဏာ သိမ်းပြီးနောက် ချက်ချင်း ဖမ်းဆီး ထောင်ချခဲ့သည်။
စစ်တပ်ကို ဝေဖန်သည်ဟုဆိုကာ တရားစွဲ ထောင်ချခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီးသည် ထောင်ထဲတွင် ၆ လ ကြာနေခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ဆရာတော်သည် ယုံကြည်ရာကို ရဲရဲဝံဝံ ပြောဆိုလေ့ရှိပြီး အမှန်တရားဘက်က အမြဲပင် မားမားမတ်မတ် ရပ်တည်ခဲ့သည်။
ဆရာတော်ကြီးသည် ထောင်မှ လွတ်မြောက်လာပြီးနောက် သူယုံကြည်ချက်များ ဆက်လက် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အတွက် လွတ်မြောက်နယ်မြေသို့ ထွက်လာခဲ့သည်။ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ အတွင်း နေထိုင်ခဲ့သည်။
KNU နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးပိုမိုတင်းမာလာသည့်အတွက် ဆရာတော်သည် ထိုင်းနိုင်ငံ မဲဆောက် မြို့နယ်အတွင်း ပြောင်းရွေ့သတင်းသုံးခဲ့သည်။
ဆရာတော်သည်ထောင်မှ လွတ်လာပြီးနောက် အာဏာရှင်စနစ်အား တော်လှန်သည့်လုပ်ငန်းများ မလုပ်ပါက သူကျောင်းတွင် တပည့်တပန်းများစွာဖြင့် သက်သောင့်သက်သာ သတင်းသုံး နေထိုင်နိုင်သူဖြစ်သည်။
သို့သော်လည်း ဆရာတော်သည် ထိုလမ်းကို မရွေးခဲ့ပေ။ သူယုံကြည်ရာ ဆက်လက်လုပ်ဆောင်ဖို့အတွက် လွတ်မြောက် နယ်မြေသို့ ထွက်လာခဲ့သည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဆရာတော် သတင်းသုံးခဲ့သည့်ကျောင်းတွင် ဆရာတော်သည် ကျောင်းအောက် ပုခက်ဆင်၍ အိပ်ခဲ့သည်။ ဒေသခံများက လှူဒါန်းသော ဆွမ်းအား ခံတွင်းမတွေ့သည့်အခါ သူကိုယ်တိုင် ဆွမ်းဘုဉ်းပေးလေ့ရှိသည်။
ထိုကဲ့သို့ နေထိုင်ရင်းဆရာတော်ကြီးသည် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော တရားတော်များ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲများအား တက်ရောက်ဟောပြောခဲ့သည်။
ဗုဒ္ဓဘာသာဘုန်းကြီး အများစုကဲ့သို့ ဒါနကို အဓိက ဟောပြောခြင်းမရှိဘဲ ကိုယ်ကျင့်တရားကောင်းရန် ဓမ္မကို အဓိကထား ဟောခဲ့သူ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များကြား ခေတ်စားသည့် ငါးပါးသီလသည် လူတဦးနှင့် တဦးကြား ထားရှိရမည့် ကတိကဝတ်သာ ဖြစ်ပြီး ဘုန်းကြီးများမှပေး၍ ရသည့်အရာ မဟုတ်ကြောင်း ဆရာတော်က ပြောဆိုခဲ့သည်။
အဆိုပါတရားတော်မှာ ဆရာတော်နောက်ဆုံး ဟောချင်ခဲ့သည့်တရားဖြစ်ပြီး သူနှင့်ရင်းနှီးသော တပည့်ဒကာများအား ဟောကြားခဲ့သည်။
ထို့နောက် အောက်တိုဘာလ ၂၇ ရက်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဆေးရုံတွင် နှလုံး သွေးကြောပိတ်ရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့သည်။ ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၇၁ နှစ် ဝါတော် ၅၁ ဝါရှိပြီ ဖြစ်သည်။
မြဝတီမင်းကြီး ဆရာတော်ပျံလွန်တော်မူသည့် သတင်းကို ကြားသိရသူများနှင့် သိကျွမ်းခဲ့သူအားလုံးက စိတ်မကောင်း ဖြစ်ကြသည်။ လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်း ရေးသားကြသည်။ ဆရာတော်ကြီး၏ စိတ်နေစိတ်ထားနှင့် သူရပ်တည် ချက်များအား ရေးသားဖော်ပြကြသည်။
“အနီမို့လို့ သာသာထိုးထိုး အစိမ်းမို့လို့ ဖဲ့လိုက်မယ် မရှိဘူး။ ဆရာတော်က စုံလင်ကွဲပြားမှုကို ပြဿနာလို့ မခံယူဘူး။ ပန်းတိုင်းပွင့်ကြပါစေဆိုတဲ့ အတွေးအခေါ် အယူအဆ ဆရာတော်မှာ ရှိတယ်။ ဒါ့ကြောင့် အဖိနှိပ်ခံတွေဘက်ကနေပြီးတော့ ဆရာတော်က စာနာစိတ်နဲ့ စာနာအသိနဲ့ အကြင်နာတရားတွေနဲ့ ဆရာတော်က ပြောတယ်၊ ဆိုတယ်”ဟု အစ္စလမ်ဘာသာဝင် ဦးထွန်းကြည်က မှတ်ချက်ပြုခဲ့သည်။