ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ် မြန်မာ-အိန္ဒိယနယ်စပ်မှာ အခြေစိုက်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA/ CNF) ဌာနချုပ်ကို စစ်ကောင်စီဘက်က အခုရက်ပိုင်းအတွင်း လေကြောင်းကင်းထောက်မှုတွေ ပြုလုပ်လာတဲ့ အတွက် ဗုံးကြဲတိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်တဲ့ လူထုခုခံတော်လှန်မှုကို စစ်မျက်နှာများစွာ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မြေပြင်စစ်ကြောင်းတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ များလာတာနဲ့အမျှ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်လာတဲ့ အတွက် အခုလို သတိပေးပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မကြာသေးမီကလည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Right) က CNF ဌာနချုပ် ဗစ်တိုးရီးယားစခန်း (Camp Victoria) ကို စစ်ကောင်စီဘက်က လေကြောင်းပစ်မှတ်ထားတဲ့ အထောက်အထား ဓာတ်ပုံတွေနဲ့တကွ သူတို့ရဲ့ တွစ်တာ (Twitter) စာမျက်နှာကတဆင့် ထုတ်ပြန် သတိပေးထားပါတယ်။
ဒါ့ပြင် ချင်းတောင်တန်းဒေသကို လေကြောင်းကနေ တိုက်ခိုက်ဖို့ ပြင်ဆင်ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ ချင်းတောင်နဲ့ ဆက်စပ်နေတဲ့ ကလေးမြို့လေဆိပ်မှာ တိုက်လေယာဉ် ၂ စီး ပြင်ဆင်ထားတယ်လို့လည်း ချင်းလူ့အခွင့်အရေး အဖွဲ့က ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီ ထောက်ခံတဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အကောင့်တွေကနေလည်း ဗစ်တိုးရီးယားစခန်းရဲ့ ကောင်းကင်ဓာတ်ပုံ အထောက်အထားတွေကို ဖော်ပြပြီး လှုံ့ဆော်နေတာလည်း တွေ့ရပါတယ်။
အဲဒီလို စစ်ကောင်စီဘက်က လှုံ့ဆာ်ဖော်ပြနေတဲ့နေရာဟာ တပ်ဖွဲ့ဝင်များသာ နေထိုင်တဲ့နေရာ မဟုတ်ဘဲ အရပ်သား ပြည်သူတွေပါ နေထိုင်လုပ်ကိုင်နေတဲ့နေရာ ဖြစ်တယ်လို့ CNF ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီကို ပြောပါတယ်။
၎င်းက “ဗဟိုဌာနချုပ်ကို ပစ်မှတ်အနေနဲ့ ၁၄ နေရာ ထားတာပေါ့။ အဲဒီနေရာက ချင်းအမျိုးသားတပ်မတော်ချည်းပဲ ရှိတာ မဟုတ်ဘဲနဲ့ အရပ်ဘက်ကလူတွေ အလုပ်လုပ်တဲ့ နေရာတွေကိုပါ ချိန်ထားတယ်။ အိန္ဒိယနယ်စပ်နဲ့ ဟိုဘက်ဒီဘက်ပါပဲ။ အပေါ်ကနေ လာကြဲတာဆိုရင်တော့ ကျနော်တို့ အတတ်နိုင်ဆုံး ကိုယ့်လူကိုယ် အကာအကွယ် ယူထားတာပေါ့။ အရပ် ဘက်လူတွေနဲ့ အလုံခြုံဆုံးကာကွယ်နိုင်အောင်၊ အသေအပျောက် လုံးဝ မရှိအောင် အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်မှု တော့ လုပ်ထားတာပေါ့” လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကင်းထောက်ထားတဲ့ CNF ဌာနချုပ်ဆိုတဲ့နေရာဟာ ထန်တလန်မြို့မြောက်ဘက် မိုင် ၅၀ ခန့်အကွာက မြန်မာ-အိန္ဒိယနယ်စပ်မျဉ်းအနီးမှာ ရှိတာ ဖြစ်ပါတယ်။ ဗစ်တိုးရီယားစခန်းလို့ ခေါ်တဲ့ အဲဒီနေရာဟာ နွေဦး တော်လှန်ရေးမှာ ပေါက်ဖွားလာခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေကို စစ်သင်တန်းတွေပေးတဲ့ နေရာလို့လည်း သိရပါတယ်။
ဒီနေရာကို ပြီးခဲ့တဲ့ရက်ပိုင်းက ကင်းထောက်လေယာဉ် ၁ စီးက ပျံဝဲခဲ့လို့ ဗုံးကြဲတိုက်ခိုက်မယ့် သတင်းတွေ ထွက်ပေါ်နေပေ မယ့် တကယ်တမ်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကိုတော့ ဟားခါးမြို့နယ်အတွင်းက CNF တပ်မဟာ-၃ နယ်မြေမှာ စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှာ ဟားခါးမြို့အနောက်ဘက် ၆ မိုင်ခန့်အကွာ သီးမြစ်ချောင်းအောက်ဘက်မှာရှိတဲ့ CNF တပ်မဟာ-၃ ရှေ့တန်းစခန်း ၁ ခုကို စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံး ၃ ကြိမ် ကြဲပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဗုံးကြဲတိုက်ခိုက်ခံရပေမယ့် CNF နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဆလိုင်းထက် နီက ပြောပါတယ်။
ဒါ့ပြင် နိုဝင်ဘာ ၉ ရက်ကလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ CNF တပ်မဟာ-၃ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားဝင်ရောက်လာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ ချင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း CNF ဘက်က ဆိုပါတယ်။
ဒီလို ထိတွေ့ဖြစ်စဉ်တွေအတွင်း ဟားခါးမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ကူပေး ခဲ့တာရှိသလို နေ့စဉ်နီးပါးလည်း လက်နက်ကြီးပစ်ခတ်တာ၊ ရဟတ်ယာဉ်တွေနဲ့ ဟားခါးမြို့ပေါ်ကို လူအင်အား၊ ရိက္ခာ၊ လက် နက်ခဲယမ်း ပို့ဆောင်တာတွေ လုပ်နေတာ ရှိတယ်လို့ သိရပါတယ်။
CNF ထိန်းချုပ်လှုပ်ရှားရာ ဟားခါး၊ ထန်တလန်မြို့နယ်တွေမှာ စစ်ကောင်စီဘက်က အခြေစိုက်တပ်ရင်းဖြစ်တဲ့ ခလရ (၂၆၆) အပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက်တပ်တွေ ဖြစ်တဲ့ ခလရ (၂၀၃) နဲ့ (၂၀၄) တပ်ရင်း ထုတ်နုတ်အင်အား တွေနဲ့ လည်း လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ဒီလို တပ်ရင်းတွေနဲ့ လှုပ်ရှားမှု ရှိပေမယ့် မြေပြင်စစ်ကြောင်းထိုးတာတွေ၊ မြေပြင်တိုက်ပွဲဖော်ဆောင်တာတွေ နည်းပါးလာ နေပြီး ပွင့်လင်းရာသီကိုလည်း ရောက်လာပြီ ဖြစ်တဲ့အတွက် စစ်ကောင်စီက လေကြောင်းကနေ ပိုမို တိုက်ခိုက်လာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ခန့်မှန်းထားကြပါတယ်။
သို့ပေမယ့် လေကြောင်း တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေအတွက်တော့ CNF ရော၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေမှာ ခုခံ နိုင်ဖို့အခြေအနေ မရှိဘူးလို့ ဆလိုင်းထက်နီက ပြောပါတယ်။
၎င်းက “လေကြောင်းနဲ့ ပတ်သက်လာရင်တော့ ကျနော်တို့မှာ ခုခံနိုင်ဖို့ ဆိုတာကတော့ မရှိဘူးပေါ့။ လေယာဉ်၊ အမြောက် ကြီးတွေပစ်တဲ့ ဟာမျိုးဆိုရင်လည်း ကျနော်တို့မှာ အားနည်းတာပေါ့။ ကျနော်တို့ အကာအကွယ် ဘယ်လို ယူနိုင်မလဲ။ ကျနော်တို့ တပ်မတော်သားတွေရော၊ အရပ်ဘက် ပြည်သူတွေရောပေါ့နော်။ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်မှု တော့ လုပ်ရတာပေါ့” လို့ ရှင်းပြပါတယ်။
ချင်းအမျိုးသားတပ်မတော် (CNA/CNF) ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပေမယ့် အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေနဲ့အတူ ရပ်တည် ပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
ချင်းတောင်တန်းဒေသဟာလည်း စစ်ကောင်စီကို တူမီးဆွဲကိုင်ကာ အစောဆုံး ခုခံတိုက်ခိုက်ခဲ့တဲ့၊ ဒေသကာကွယ်ရေးတပ် တွေ အားကောင်းတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။
မြေပြင် ထိတွေ့တိုက်ခိုက်မှုတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီဟာ ဒေသခံ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့တဲ့အထဲ ချင်းပြည်နယ်၊ ထန်တလန်မြို့လည်း ပါဝင်ပြီး တမြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒီလို တိုက်ခိုက်မှုတွေကြားကပဲ ချင်းတောင်တန်းဒေသက ကာကွယ်ရေးတပ်တွေဟာ နယ်မြေစိုးမိုးမှုနဲ့ ဒေသတွင်း အုပ်ချုပ် ရေးယန္တရား ထူထောင်မှုတွေကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာနေကြပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကိုလည်း နုတ်ထွက်စေရန် ဖိအားပေးကာ ၎င်းတို့ရဲ့ ဩဇာအာဏာကို ထူထောင်လာနေကြတာ ဖြစ်ပါတယ်။
ဒီအတွက် စစ်ကောင်စီဟာ CNF ဌာနချုပ်နဲ့ ဒေသကာကွယ်ရေးတပ်စခန်းတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လာနိုင်တဲ့ အခြေအနေဟာ ဖြစ်နိုင်ခြေရှိနေပြီး တကယ်တမ်း ဌာနချုပ်ကို တိုက်ခိုက်ပါကလည်း CNF ထိခိုက်မှုထက် အရပ်သားပြည် သူတွေ ထိခိုက်နိုင်မှုက ပိုများတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
၎င်းက “CNF အနေနဲ့ ဌာနချုပ်နယ်မြေ ရှိတယ်ဆိုပေမယ့် တသီးတခြား ထူးထောင်ပြီးနေတာ မဟုတ်ပါဘူး။ လူထုကျေးရွာ ကြားမှာ နေထိုင်ပြီး ဌာနချုပ်နယ်မြေ သတ်မှတ်ထားတာပဲ ရှိပါတယ်။ အဲဒါကြောင့် CNF ဌာနချုပ်ကို ဗုံးကြဲတယ်ဆိုရင် ချင်း ပြည်နယ် အနေနဲ့ အရင်တုန်းက အတော်လေး မီးရှို့ဖျက်ဆီးခံရတာ၊ သတ်ဖြတ်ခံရတာတွေ ရှိတဲ့ကြားက အခုက မြေပြင် စစ်ရေးလှုပ်ရှားမှု သိပ်မရှိနိုင်တဲ့ အခြေအနေမှာ သတင်းရရင်ရသလို ဗုံးကြဲတိုက်ခိုက်မှာ ဖြစ်တဲ့အတွက် ပြည်သူလူထု ထိ ခိုက်ကျဆုံးမှု၊ နစ်နာမှုတွေ အမြောက်အမြား ရှိနိုင်တဲ့ အနေအထားပါပဲ” လို့လည်း သုံးသပ်ပြောဆိုပါတယ်။
ဒါ့ပြင် CNF ဌာနချုပ်ဟာ မြန်မာ-အိန္ဒိယနယ်စပ်မျဉ်းပေါ်က တောင်တန်းတွေပေါ်မှာ ရှိနေတာဖြစ်လို့ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ပါက အိန္ဒိယနိုင်ငံဘက်ကို ဗုံးဆန်များ ကျရောက်နိုင်တဲ့ အနေအထား ရှိသလို နယ်စပ်ဖြတ်ကျော် ပျံသန်းမှုတွေ လည်း ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။
ဦးသန်းစိုးနိုင်က “စစ်ကောင်စီက ဗုံးကြဲမယ်ဆို ကြဲနိုင်တဲ့ အနေအထား ရှိပါတယ်။ ဌာနချုပ်ကို ဗုံးကြဲမယ်ဆိုရင် မုချ အိန္ဒိယ ဘက်ကို ဗုံးတွေကျနိုင်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဘက်က သံတမန်ရေးအရ ကန့်ကွက်ရှုတ်ချတာ လုပ်တာလောက်ကလွဲရင် စစ်ရေးအရ အလေးထားပြီး သူတို့အနေနဲ့ တင်းကျပ်မှုတွေ သိပ်ပြီးတော့ ဖြစ်လာနိုင်တာ မရှိပါဘူး” လို့လည်း ဦးသန်းစိုးနိုင် က သုံးသပ်ထားပါတယ်။
စစ်ကောင်စီ အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် လေကြောင်းအင်အား အလွန်အကျွံသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြု လုပ်နေတာဟာ ၎င်းကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးတပ်တွေကို အမြစ်ဖြတ်ချေမှုန်းဖို့အပြင် ၎င်းတို့ ကျင်းပဖို့ ပြင်ဆင်နေ တဲ့ ရွေးကောက်ပွဲကို တတ်နိုင်သမျှ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့လည်း CNF ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ဆိုပါတယ်။
လတ်တလောမှာလည်း ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီ အနေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စခန်းတွေကို မြေပြင်ကနေ စစ်ကြောင်းထိုးပြီး တိုက်ခိုက်တာထက် လေကြောင်းနဲ့ အသားစီးရယူ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးမှသာ ရဟတ်ယာဉ်နဲ့ စစ်ကူပို့ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် ညပိုင်းက ဖားကန့်မြို့နယ်၊ အနန့်ပါဒေသ၊ KIA တပ်မဟာ-၉ နယ်မြေမှာ ကျင်းပတဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်တေးဂီတပွဲကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် KIA တပ်ဖွဲ့ဝင်တွေ၊ ကချင်အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အရပ်သားပြည်သူတွေ ၇၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒါအပြင် နိုဝင်ဘာ ၉ ရက်နေ့ကလည်း ကရင်အမျိုးသားတပ်မတော် (KNLA)တပ်မဟာ ၅နယ်မြေရှိ စောမူပလော ကျေးရွာအုပ်စုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ရာ ဘုရားကျောင်းတကျောင်းနဲ့ မူလတန်းကျောင်း တကျောင်းပျက်စီးသွားခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ အရင်လို မြေပြင်ထိုးစစ်တွေ အရေးနိမ့်မှသာ လေကြောင်းပစ်ကူ ခေါ်ယူတာမျိုး မဟုတ်တော့ဘဲ လေကြောင်းနဲ့ လက်ဦးမှုရယူပြီး ထိုးစစ်ဆင်တဲ့ပုံစံမျိုး ဖြစ်နေရာ ပြည်သူလူထု ပိုမိုထိခိုက် လာမယ့်အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ။