လူအများကို ဟာသတွေနဲ့ ပျော်ရွှင်စေခဲ့တဲ့ စာရေးဆရာ အကြည်တော် (စောကြည်ဖြူ) တယောက် ဟာသတွေနဲ့ ဝေးရာ ကို ထွက်သွားခဲ့ပါပြီ။
၅၁နှစ်ဆိုတာ လူ့ဘဝမှာ အရွယ်ကောင်းဆိုပေမယ့် သူကတော့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ပင်လုံဆေးရုံမှာ အစာအိမ် လေပြွန်ကင်ဆာရောဂါကို ဆေးကုသမှုခံယူနေရင်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ညပိုင်းက ကွယ်လွန်ခဲ့ တာဖြစ်ပါတယ်။
အကြည်တော်ရဲ့ နာမည်ရင်းက စောကြည်ဖြူဖြစ်ပြီး မွေးခြင်း ၇ ယောက်မှာ ၆ယောက်မြောက်သားဖြစ်ပါတယ်။
အကြည်တော်ကို မိခင်က သူ့သားဟာ လူ့ဘဝထဲကို ခဏလေးလာတဲ့ ဧည့်သည်လို့ ဆိုထားပြီး ငယ်ဘဝက ဆိုးခဲ့ပေမယ့် ကြီးတဲ့အခါမှာ လူတိုင်းအပေါ် အယူမရှိဘဲ အပေးသာရှိသူ၊ ပျော်စေတဲ့သူ၊ တာဝန်ကျေသူတယောက်အဖြစ် ညီဖြစ်သူ ဂီတမှူး ဓိရာမိုရ်က လူမှုကွန်ရက်ကနေ တဆင့် ပြောပါတယ်။
“လူတိုင်းအပေါ် အယူမရှိ အပေးပဲရှိတယ်။ ပျော်စေတယ် တာဝန်ကျေတယ်။ လုံးဝ ဒုက္ခမပေးခဲ့ဘူး။ စိတ်ကူးစိတ်သန်းတွေ က ငေးမောရတယ်။ တကမာ္ဘမှာ တခါပေါ်တဲ့လူမျိုး။ အမေက တော်တော်တရားမြဲပါတယ်။ စိတ်အရမ်းခိုင်တယ်။ မငိုတတ် ဘူး။ ဒါပေမယ့် အမေ့ရဲ့ “ဧည့်သည်” လို့ပြောခဲ့တဲ့ ဖြူစင်လွန်းတဲ့ ကိုကြည် တကယ်ထွက်သွားတဲ့အခါ အမေလေ ငိုလိုက် တာ။ ကျနော့်ဘဝမှာ တခါမှမကြားဖူးတဲ့ လှိုက်လှဲကြေကွဲဝမ်းနည်းတဲ့ အမေ့ငိုသံကို ကြားလိုက်ရတယ်” လို့ ဆိုပါတယ်။
သူ့ကြောင့် ပျော်ရွှင်ခဲ့သူ အားလုံးဟာ သူကွယ်လွန်တဲ့ သတင်းကို ကြားတဲ့အခါ ဝမ်းနည်းပူဆွေး ကြရကြောင်း၊ ရယ်မော ခဲ့ရတာတွေအတွက် ကျေးဇူးတင်တဲ့အကြောင်းတွေ၊ ကောင်းရာမွန်ရာရောက်စေဖို့ ဆုတောင်း စကားတွေဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပြည့်နှက်နေပါတယ်။
အကြည်တော် ရေးသားခဲ့တဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးခဲ့သူ ဒါရိုက်တာကိုပေါက်ကလည်း “သူခိုး” ဆိုတဲ့ ဝတ္ထုကို မရိုက်ရသေးဘဲ အဝေးတနေရာကို ရောက်နေချိန် အခုလိုကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်း စကားကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီလိုရေးတင်ထားပါတယ်။
“ကိုကြည်ရေ ကိုကြည်နဲ့ ကျနော်တို့ ခေတ်ကောင်းတဲ့ တချိန်က တောင်ဒဂုံအိမ်မှာ အရက်သောက်ကြ၊စကားပြောကြနဲ့၊ ကိုကြည့် ဝတ္ထုတွေဝယ်လိုက် ရိုက်လိုက်နဲ့ ပေါ့။
လူလည်ကြီးများရွာ၊ စပါကလင်၊ “သူခိုး” ကိုရိုက်ဖို့ ဝယ်ထားတုန်း သူခိုးက လူပြန်ဟစ်လို့၊ အခုဆိုရင် ကျနော်ကအိမ်နဲ့ ဝေးရာ၊ ကိုကြည်က ကျနော်တို့အားလုံးနဲ့ဝေးရာကို ထွက်သွားခဲ့ပြီ။ စိတ်ချလက်ချသွားနှင့်ပါ ကိုကြည်။ အဆုံးစွန်ထိ ခွင့်မလွှတ်ပါဘူး။ ကျနော်ခွင့်လွှတ်ခဲ့ရင်လည်း နောက်ဘဝကနေ ကျနော့်ကို ခွင့်မလွှတ်ပါနဲ့။ ကောင်းရာသုဂတိလားပါစေ” ဆိုတဲ့ စကားကိုတွေ့မြင်ရပါတယ်။
အလားတူ ရုပ်ရှင်မင်းသား မင်းမော်ကွန်းကလည်း “ဝမ်းနည်းစွာပဲ နှုတ်ဆက်ပါတယ် ကိုကြည် ငြိမ်းချမ်းပါစေ“ လို့ ဆိုပြန်ပါတယ်။
ဗေဒင်ပညာရှင် ဇင်ယော်နီကတော့ စာရေးဆရာ အကြည်တော်ဟာ ရောဂါဝေဒနာကြောင့် သတိမလစ်ခင် နာရီပိုင်းလေး အလိုမှာ သူ့ထံ စာပို့ကာ ရင်ဖွင့်တဲ့အကြောင်းကို အခုလိုပြန်ပြောပြထားပါတယ်။
“အရက်တွေ တအားသောက် ဆေးလိပ်တွေ ထင်သလိုသောက် အသည်း၊ အဆုတ်၊ ကျောက်ကပ် တခြား AIDS ကအစ အကုန်ကောင်းပြီး ကိုယ်လုံးဝမလုပ် ကြိုက်လည်းမကြိုက်တဲ့ အစားအသောက်နဲ့ ဆိုင်မယ်ထင်တဲ့ အစာအိမ်လေပြွန် ကင်ဆာ ဖြစ်တာဗျ။ အသည်းတို့အဆုတ်တို့ဆိုရင်တောင် ဂုဏ်ယူဦးမယ်။ ကိုယ်လုပ်လို့ ကိုယ်ဖြစ်တာလေ။ အခုဟာက ဘာမှလည်းမစား အစပ်တောင်မစားတဲ့သူက မဆီမဆိုင်ထဖြစ်တော့ မတန်သလိုခံစားရတယ်” လို့ ပြောခဲ့ကြောင်းကို ဝမ်းနည်းဖွယ် ဆိုထားပြန်ပါသေးတယ်။
၁၉၈၈ ခုနှစ်ကစလို့ ကိုကိုကြီးကလောင်နဲ့စာပေလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီးတော့ ၂၀၀၃ ခုနှစ်မှာ အကြည်တော် နာမည်နဲ့ လုံးချင်းဝတ္ထုတွေ စတင်ရေးသားခဲ့ပါတယ်။
ဟာသဝတ္ထုတွေကို ဦးစားပေးရေးသားတဲ့ သူတယောက်ဖြစ်ပြီး သူ့ရဲ့စာအုပ်တွေကို ရုပ်ရှင်ပြန်လည်ရိုက်ကူးတာတွေလည်း ရှိခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ “ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်” ဆိုတဲ့ ဇာတ်ကား ဟာဆိုရင် အောင်မြင်မှုများစွာ ရခဲ့တဲ့ဇာတ်ကား ဖြစ်ခဲ့ပါတယ်။
ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတရာ မောင်တကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်ရေ ပျော်ရဲ့လား (ပြုံးရွှင်သည် ငိုတတ်သည်)၊ ဘီလူး၊ စောကြည်ဖြူနှင့် မြင့်စန်းရီ (မောင်စောကြည်ဖြူနှင့် မမြင့်စန်းရီ)၊ ယောက္ခမနှင့် တထောင့်တည၊ ရွှေမိုးသည်း၊ အိပ်မက်အပိုဒ်ခွဲ (၉)စတဲ့ ဝတ္ထုများကို ရုပ်ရှင်ကားကြီးများအဖြစ် ရိုက်ထားရပြီး ဒီဝတ္ထုတွေအပါအဝင် ဝတ္ထုပေါင်း ၈၀ ကျော်ကို ရေးသားထားခဲ့ပါတယ်။
အဲဒီထဲကမှ ရွှေမိုးသည်း၊ ကဝေပျို၏နိဒါန်း၊ နတ်နေကိုင်း၊ ဘီလူး၊ ကျနော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း ၊ ချစ်လို့ စတာ နာတယ်၊ သူခိုး၊ ပြုံးတော်မူ၊ လှအိုးကွဲ စတဲ့ ဝတ္ထုတွေဟာ သူ့ရဲ့နာမည်ကြီး ဝတ္ထုတွေဖြစ်ပါတယ်။
ကာတွန်းဆရာတဦးဖြစ်တဲ့ ကာတွန်းဝင်းအောင်ကတော့ မြန်မာစာပေသမိုင်းမှာ ဟာသစာရေးဆရာဆိုတာ လက်ချိုးရေလို့ ရအောင် ရှားပါးပြီး၊ စာရေးဆရာ နီကိုရဲ နောက်ပိုင်း အကြည်တော်တယောက်သာ ထင်ထင်ရှားရှား ပေါ်ထွက်လာတာဖြစ် တယ်၊ ဒါကြောင့် မြန်မာစာပေလောကရဲ့ ကြီးမား တဲ့ ဆုံးရှုံးမှုတရပ်ပါပဲ လို့ ဆိုပါတယ်။
သူက “နောက်ထပ် ဟာသစာရေးဆရာတယောက် ပေါ်လာဖို့ဆို ဘယ်လောက်ကြာကြာစောင့်ရမယ်ဆိုတာ မပြောနိုင်ဘူး။ နှ မြောဖို့ကောင်းပါတယ်။ ဒါက စာရေးဆရာတယောက်အနေနဲ့ ပြောတာပါ။ လူပုဂ္ဂိုလ်အရတော့ ချစ်စရာကောင်းတဲ့ ညီငယ် တယောက်ဆုံးရှုံးခြင်းပါ။ ကောင်းရာသုဂတိဘုံမှာ ငြိမ်သက်အေးချမ်းပါစေ ညီလေး” လို့ နှမြောတသစွာပြောပါတယ်။
တေးရေးဆရာနိုင်မြန်မာကတော့ “ ပြည်သူကို ငိုအောင်လုပ်တဲ့သူ ငရဲပြည်သို့ လားပါစေသတည်း။ ပြည်သူကို ရယ်အောင် လုပ်တဲ့သူ နတ်ပြည်သို့ သွားပါစေသတည်း” သူ့ရဲ့ ဆုတောင်းလေးကို ရေးထားပါတယ်။
ဒီလိုမျိုး အနုပညာအသိုင်းအဝိုင်းက သူတွေသာမက နိုင်ငံရေးနယ်ပယ်က အရင် ချင်းပြည်နယ်က စည်ပင် ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကလည်း စာရေးဆရာ အကြည်တော်ကွယ်လွန်သွားတဲ့အတွက် နှမြောတသဖြစ်မိပြီး ကောင်းရာ သုဂတိလားဖို့ ဆုတောင်းပေးထားပါသေးတယ်။
သူက “လူချင်းတော့ မရင်းနှီးပါ။ သူရေးတဲ့ဟာသစာ၊ သူ့ဟောပြောပွဲ ဗီဒီယိုတွေကိုတော့ တော်တော်များများ ဖတ်ဖြစ်၊ နား ထောင်ဖြစ်ပါတယ်။ ဘဝအမောတွေကြားထဲမှာ ဘဝတွေကို တန်ဖိုးရှိစွာ နေနည်းအားပေးတိုက်တွန်းတတ်သူ ဆရာ အကြည်တော်ကို နှမြောတသစွာ နှုတ်ဆက်လိုက်ပါတယ်။ ဆရာအကြည်တော် ကောင်းရာသုဂတိလားပါစေ “ လို့ ဆိုပါတယ်။
အကြည်တော်ဟာ ရောဂါဝေဒနာ မခံစားခင်အချိန်က ဖန်တီးထားတဲ့ အနုပညာဖန်တီးမှုကတော့ ထူးခြားပါတယ်။
ကိုယ်တိုင်ဖန်တီးထားသည့် ကဗျာတွေကို ကိုယ်တိုင်ရွတ်ပြီးတော့ အဆိုတော်တွေက သီချင်းအဖြစ်ပြန်လည် သီဆို ထားကြတာပါ။ ဒါကိုဖန်တီးပေးထားတာတော့ ဂီတမှူး ဓိရာမိုရ်ရဲ့ Orchestra တီးဝိုင်းကဖြစ်ပါတယ်။
“ဘဝမှာ တခါပဲ ချစ်ခွင့်ရမယ်ဆို ကမာ္ဘကြီးက ပြောင်းလဲခဲ့မယ်ဆို မင်းကိုချစ်စိတ် ဘယ်အခါမှ မပြောင်းလဲ”
ဒါကတော့ ကဗျာဂီတ အယ်လ်ဘမ်ထဲက ပရိသတ်တွေ အားပေးမှုရခဲ့တဲ့ တဘဝ တခါထဲက စာသားတွေပါ။
ဟာသတွေနဲ့ရယ်မောစေခဲ့သလို ကဗျာတွေနဲ့ ရင်ထဲထိအောင် လုပ်နိုင်စေခဲ့သူဆိုရင်လည်း မမှားပါဘူး။
ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမာ္ဘကြီးက ပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသားရင်သားခွဲခြားခဲ့ရင်
ငါတို့က မဆုံနိုင်တဲ့ မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင်
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်…