မြန်မာ့အရေးပြဿနာ ဖြေရှင်းရေးအတွက် နိုင်ငံတကာ ကိုယ်စားလှယ်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးမှသာ ပြေလည်ရေးလမ်းစရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ မလုံခြုံမှုတွေ၊ သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည် တွေနဲ့ အထွေထွေ အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့အချိန်မှာ NLD က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီ NLD က ရွေးကောက်ပွဲ ၂ နှစ်ပြည့် အနေနဲ့ ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံတကာ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သင့်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
NLD ပါတီဟာ မြန်မာပြည်မှာ လူထုထောက်ခံမှုအများဆုံး ရရှိထားတဲ့ ပါတီတခု ဖြစ်သလို ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာလည်း လူထုရဲ့ လေးစားယုံကြည်မှု၊ အားကိုးအားထားပြုမှုနဲ့အတူ လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြု လက်ခံထားကြတယ်ဆိုတာ အငြင်းပွားစရာတော့ မရှိပါဘူး။
ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ တရားမဝင်သိမ်းပိုက်ပြီး လူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်သတ်ဖြတ်နေတဲ့အပေါ် နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေး အစိုးရတရပ်အဖြစ် တည်ရှိနေတဲ့ မျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက လက်တွဲပြီး တော်လှန်စစ်ဆင်နွှဲနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ် ဗဟိုပြုတဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ အမှန်တကယ် ပြဿနာ ပြေလည်စေရေးလမ်းစ ဟုတ်မဟုတ် အငြင်းပွားဖွယ် ဖြစ်နေပါတယ်။
ချင်းအမျိုးသား တပ်မတော် (CNA/CNF) ပြောခွင့်ရှိသူ ဆလိုင်းထက်နီက “ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး၊ မလွှတ် ပေးရေး ဆိုတာက NLD ဘက်ကအမြင် ဖြစ်ပါတယ်။ အတိုင်းအတာတခု အထိတော့ ထိရောက်မှု ရှိနိုင်တယ်လို့ ပြောလို့ရပေမယ့် ယနေ့ မြန်မာ့နွေဦး တော်လှန်ရေး ဖြစ်တည်လာတဲ့ အခင်းအကျင်းက NLD တခုတည်းနဲ့ အကောင်အထည်ဖော်၊ NLD နဲ့ စစ်ကောင်စီနဲ့ပဲ တွေ့ဆုံဆွေးနွေး၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးလို့ အဆင်ပြေမယ့်၊ ဖြေရှင်းနိုင်မယ့် ပြဿ နာ မဟုတ်တော့ဘူး။ ကျနော်တို့ အဖွဲ့စုံ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး လုပ်မှပဲ ပြဿနာကို ရှင်းနိုင်မယ်” လို့ ပြောပါတယ်။
တဖက်မှာလည်း အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာစသိမ်းကတည်းက စစ်ကောင်စီရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့စွပ်စွဲချက် အမျိုးမျိုးနဲ့ ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပြီးလည်း တရားစွဲဆိုမှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
အငြိုးအတေးကြီးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထောင်နှစ်ရှည်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခင် စစ်အာဏာရှင်တွေတုန်းကလိုတောင် နေအိမ်အကျယ်ချုပ် မထားဘဲ စိတ်ရောကိုယ်ပါ ထိခိုက်စေဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ နေပြည်တော် အချုပ်ထောင်ဆီကို ပို့ထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ နိုင်ငံတကာ တောင်းဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ပို့ရေး၊ တွေ့ဆုံဆွေးနွေး ခွင့်ပေးရေးတွေကို အကြိမ်ကြိမ် တောင်းဆိုကြပေမယ့် စစ်ကောင်စီက တရားရင်ဆိုင်နေရတဲ့သူကို တွေ့ဆုံခွင့် မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မခံဘဲ ငြင်းဆန်ခဲ့ပါတယ်။
လက်ရှိမှာလည်း အာဏာသိမ်း စစ်ကောင်စီဟာ လူထုအပေါ်မှာ အကြမ်းဖက် သတ်ဖြတ်မှုတွေကို နေ့စဉ်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။
ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ လူထုဟာ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုတဲ့အတိုင်း ၎င်းတို့ရဲ့ တော်လှန်မှုကို စစ်အာဏာရှင် အမြစ်မပြတ်မချင်း နောက်ဆုတ်တော့မှာ မဟုတ်ဘူးဆိုတာ ယနေ့ အချိန်ထိ အားကောင်းနေဆဲ နိုင်ငံတဝှမ်းက မြေပြင်သပိတ်လှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုတွေက မီးမောင်း ထိုးပြနေပါတယ်။
ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်လှတဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး နည်းလမ်းတွေဟာ အမှတ်မရှိတဲ့ စိတ်ကူးယဉ်ခြင်းမျိုးသာ ဖြစ်လိမ့်မယ်လို့ မြန်မာ့တော်ဝင်နဂါးတပ် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
၎င်းက “ကျနော်တို့အတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကိုတော့ အမေစုလို ပုဂ္ဂိုလ်တယောက်က လုပ်နိုင်မယ် ဆိုတာကို ယုံကြည်ပါတယ်။ သေချာတာက ဒီလို ပုဂ္ဂိုလ်ရဲ့ မြင်သာတဲ့ နိုင်ငံရေးလမ်းကြောင်းကိုတောင်မှ လုံးဝ လက်မခံဘဲ လက်နက်ကိုပဲ အားကိုးလာတဲ့ ဒီအာဏာရှင်ကို ကျနော်တို့ အနေနဲ့ကလည်း လက်နက်နဲ့ပဲ ဖြေရှင်းရတော့မယ်လို့ ယုံကြည် ပြီးသွားပြီ။ ကျန်တာတွေကတော့ သူတို့ ဘာပြောပြော အလိမ်အညာနဲ့ သွေးဆောင်ဖြားယောင်းမှုတွေပဲ၊ စစ်ကောင်စီကို လက်နက်ကိုင်ဖြေရှင်းတဲ့ လမ်းစဉ်ပဲ အားထားရာ ရှိတော့တယ်”လို့ ဆိုပါတယ်။
လက်တွေ့မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေဟာ စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေးအတွက် တော်လှန်တိုက်ခိုက်မှုတွေ အရှိန်မြှင့်ကြိုးပမ်းနေသလို စစ်ကောင်စီဘက်ကလည်း ၎င်းတို့ အာဏာ ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေးအတွက် နည်းမျိုးစုံနဲ့ အပြင်းအထန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဗဟိုပြုတဲ့ တောင်းဆိုမှုတွေ အပါအဝင် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ဆိုတာ တွေဟာ ပကတိ အခြေအနေရဲ့ တောင်းဆိုမှုတွေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် ဖြစ်နိုင်ခြေ မရှိဘူးလို့လည်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
၎င်းက “စစ်ကောင်စီက အကြမ်းဖက် တိုက်ခိုက်မှုတွေကို အဆက်မပြတ် လုပ်နေတဲ့အောက်မှာ ဒီတောင်းဆိုမှုက လက်ရှိ မြန်မာပြည်ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းရေးအတွက် လမ်းစ ဖြစ်နိုင်တယ်ဆိုတာ လက်ခံစဉ်းစားဖို့ အတော်ခက်ခဲတဲ့ အခြေ အနေ ဖြစ်ပါတယ်။ အခုကတော့ တွေ့ဆုံဖြေရှင်းလို့တောင် မရနိုင်ဘူးဆိုတဲ့ NUG /PDF တွေရဲ့ တောင်းဆိုမှု၊ သူတို့နဲ့ ပေါင်းစပ်နေတဲ့ EAO အဖွဲ့တွေကလည်း လက်ခံထားတဲ့ အနေအထားမှာ ဒီလို တောင်းဆိုမှုတွေက အတော်လေး နောက်ကျသွားပြီ” လို့ သုံးသပ်ပြောဆိုပါတယ်။
တကယ်တမ်း တွေ့ဆုံဆွေးနွေးရမယ်ဆိုပါက စစ်အာဏာရှင်တော်လှန်နေသူတွေ အနေနဲ့ စစ်အာဏာရှင်အမြစ်ဖြတ် တိုက်ထုတ်ရေးနဲ့ တန်းတူညီမျှတဲ့ ပြဋ္ဌာန်းခွင့်တွေ၊ အမျိုးသားတန်းတူမှုတွေနဲ့ နိုင်ငံရေးမျှတမှုတွေကို ဘယ်လိုမျိုး ဖော်ဆောင်မလဲဆိုတဲ့ အပေါ်မှာသာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုအပ်နေတာ ဖြစ်တယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ NLD ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးမှသာ သူမရဲ့ နိုင်ငံရေးသဘောထားကို ထုတ်ပြောနိုင်မှာ ဖြစ်တယ်လို့ သူ့ရှေ့နေတွေကတဆင့် သတင်းစကားပါးထားပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ (PPST) ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြီး ထောက်ခံထားပါတယ်။
အမှုရင်ဆိုင်နေဆဲ ကာလအတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပနဲ့ အဆက်အသွယ် မလုပ်နိုင်အောင် အမှုမှာ လိုက်ပါပေးနေတဲ့ ရှေ့နေတွေကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ အမှုအကြောင်း ပြောဆို ဆွေးနွေးတာတွေ မလုပ်နိုင်အောင်လည်း ပုဒ်မတွေတပ်ပြီး စစ်ကောင်စီက တားမြစ်ထားပါတယ်။
NLD အနေနဲ့ကတော့ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုလို သဘောထားနဲ့ ထင်ဟပ်စေတာဟာ သဘာဝကျတဲ့ ကိစ္စတခုသာဖြစ်ပြီး အကယ်၍ နိုင်ငံတကာကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့် ရလျှင်ပင် ယင်းတွေ့ဆုံမှုဟာ နိုင်ငံရေး အဖြေရှာတဲ့အဆင့်ကို မရောက်နိုင်သေးဘူးလို့ NLD ပါတီ စမ်းချောင်းမြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။
၎င်းက“နိုင်ငံရေး အဖြေရှာမယ့် နည်းလမ်းက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ့်ကိစ္စပါ။ ဟိုယခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ချုပ်ခံထားရတဲ့ အခြေအနေမှာ ဆုံးဖြတ်ချက်တခုကို ဘယ်တော့မှ လွယ်လွယ်နဲ့ မပေးခဲ့ပါဘူး။ အားလုံးနဲ့တိုင်ပင်ပြီးမှ ပါတီက လူကြီးတွေနဲ့ တွေ့ဆုံပြီးမှ ထပ်ပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ သဘောလေးတွေ တွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဧည့်သည်တွေ လာပြီးတွေ့တယ်ဆိုတာ တွေ့တွေ့ချင်းက နိုင်ငံရေး ဖြေရှင်းနည်းလမ်းတခု ရှာဖို့ မဖြစ်နိုင်သေးဘူး”လို့ ဆိုပါတယ်။
You may also like these stories:
စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ
အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်
အလျှော့ပေး ပြေလည်ရေးသမားတွေရဲ့ ASEAN မြန်မာ့အရေးမှာ အလုပ်မဖြစ်