ဆောင်းပါး

မြန်မာ့သစ် တင်သွင်းရာတွင် အိန္ဒိယ သတိထားရန် လိုအပ်

မြန်မာမှ အိန္ဒိယသို့ တင်ပို့ရာတွင် ပိတ်ပင်ထားသည့် ကုန်စည်များတွင် သစ် မပါဝင်ကြောင်း နယူးဒေလီမှ ဗဟိုအစိုးရက နယ်စပ် မီဇိုရမ်ပြည်နယ်သို့ လွန်ခဲ့သောလက အကြောင်း ပြန်ကြားလိုက်ပြီးနောက် အိန္ဒိယ-မြန်မာ သစ်အရောင်းအဝယ်မှာ အာရုံစိုက်စရာ ဖြစ်လာသည်။

သစ်ကို ကန့်သတ်ကုန်စည်များတွင် ထည့်သွင်းထားခြင်းအား ပယ်ဖျက်ရန် သစ်လုပ်ငန်းတခုက တောင်းဆိုသောကြောင့် ထိုပြဿနာအတွက် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟာရီ ဘာဘူ ခမ်ဘမ်ပတိက စာတစောင်ပေးပို့ မေးမြန်းစဉ် နယူးဒေလီက ယခုကဲ့သို့ အကြောင်းပြန်ကြားခြင်း ဖြစ်သည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပိယွတ်ရှ် ဂိုရယ်က စန္ဒကူးသစ်အကြမ်းနှင့် စန္ဒကူးနီ နှစ်မျိုးမှအပ မြန်မာမှ တင်သွင်းသည့် မည်သည့်သစ်ကိုမျှ ပိတ်ပင်ကန့်သတ်ထားခြင်း မရှိကြောင်း အကြောင်းပြန်လိုက်သည်။

လွန်ခဲ့သော နှစ်များအတွင်း မြန်မာမှ သစ်များ တရားမဝင် ပို့ဆောင်သည်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်မှ နေရာအများအပြားတွင် ဖမ်းမိသည်။ ဇူလိုင်လအတွင်းက အနောက် ဘင်္ဂလားပြည်နယ်၊ ဆီလီဂူရီတွင် ထရပ်ကား ၈ စီးကိုဖမ်းပြီး အိန္ဒိယ ရူပီး ၂၄ သန်း (ဒေါ်လာ ၃ သိန်း) တန်သည့် မြန်မာ့ကျွန်းသစ်များကို သိမ်းဆည်းလိုက်သည်။ မြန်မာမှ သစ်ခိုးသွင်းသည့် ဂိုဏ်းတွင် ပါဝင်ပတ်သက်သူ အနည်းဆုံး ၅၀ ရှိကြောင်း မီဒီယာများက အရာရှိတဦးကို ကိုးကားပြောဆိုသည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာမှ တကမ္ဘာလုံးသို့ တင်ပို့သည့် သစ်များ၏ ၄၂ ရာခိုင်နှုန်းကို အိန္ဒိယသို့ ပို့ခြင်းဖြစ်ကြောင်း သုတေသီအချို့က ပြောသည်။ ၂၀၁၃ ခုနှစ် တနှစ်တည်းမှာပင် မြန်မာမှ သစ် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ဖိုး အိန္ဒိယသို့ ပို့ခဲ့ကြောင်းနှင့် အိန္ဒိယက ထိုနှစ်တွင် ပြည်ပမှ တင်သွင်းသည့် သစ်များ၏ ၃၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင် ကျန်ရှိနေသေးသော သစ်တောအမျိုးအစားကွဲများပြမြေပုံ

မြန်မာသစ်များ အထူးသဖြင့် မြန်မာ့ကျွန်းသစ်သည် အိန္ဒိယကုန်သည်များအတွက် အကြီးအကျယ် အမြတ်အစွန်းရစေသည်။ ကျွန်းသစ်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ အဓိကမြို့များနှင့် နိုင်ငံတဝှမ်းမှ မြို့ကြီးများတွင် ကျယ်ကျယ်ပြန့်ပြန့် ရနိုင်သည်။ Amazon နှင့် Indiamart တို့မှလည်း အွန်လိုင်းမှ ဝယ်ယူနိုင်သည်။

တကမ္ဘာလုံးတွင် မြန်မာ့ကျွန်းသစ်ကို ဝယ်လိုအားမြင့်မားသည်။ အာဏာသိမ်းပြီးနောက် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့်ကြားမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုက မြန်မာမှ ကျွန်းသစ် တန်ချိန် ၁,၇၀၀ တင်သွင်းကြောင်း မြန်မာစစ်တပ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာနေသည့် Justice for Myanmar က ဖော်ပြသည်။ ဥရောပ သမဂ္ဂက ကျွန်းရောင်းဝယ်ခြင်းကို ပိတ်ပင်ထားသည့်တိုင် အီတလီမှ ကုန်သည် ၂၇ ဦးသည် ၂၀၂၁ ခုနှစ်တွင် မြန်မာမှ ကျွန်းသစ်တင်သွင်းသည်ဟု အခြားသတင်းတပုဒ်က ဖော်ပြသည်။

အမေရိကန် ပြည်ထောင်စု သို့မဟုတ် ဥရောပနှင့်မတူဘဲ အိန္ဒိယနှင့် အိမ်နီးချင်းများသည် မြန်မာသစ်တင်ပို့မှုကြောင့် ဖြစ်ပေါ်သည့် ဆိုးရွားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ ခံစားရသည်။ အိမ်နီးချင်းနိုင်ငံ တနိုင်ငံမှ ရာသီဥတု ပြောင်းလဲမှုသည် အိန္ဒိယနိုင်ငံကို အကြီးအကျယ် သက်ရောက်ပြီး ထိုအချက်ကို သိပ္ပံပညာရှင်များ အလေးထား ပြောကြားနေကြသည်။

သစ်မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်နေသည့် မြန်မာနယ်စပ် မီဇိုရမ်မှ ဒေသခံများနှင့် စစ်သွေးကြွများကို ယုံကြည်ရမည်ဆိုပါက အိန္ဒိယနယ်စပ် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ကြီးမားသောနယ်မြေများတွင် သစ်တောများ ပြုန်းတီးကုန်ကြောင်း သိရသည်။ ထိုသို့သော ပြောဆိုချက်များကို မြန်မာနိုင်ငံ သစ်တောပြုန်းတီးမှုကို လေ့လာသည့် အစီရင်ခံစာများက ထောက်ခံနေသည်။

သစ်တောပြုန်းတီးရသည့် အဓိကအကြောင်းရင်းနှစ်ခုမှာ သစ်ထုတ်လုပ်ခြင်းနှင့် စီးပွားဖြစ် စိုက်ပျိုးမြေများအတွက် လုပ်ပိုင်ခွင့်ပေးခြင်းဖြစ်သည်

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သစ်တောဧက ၁ ဒသမ ၃ သန်း သို့မဟုတ် မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု၏ ၂ ရာခိုင်နှုန်းကို နှစ်စဉ်ဆုံးရှုံးနေကြောင်း ခန့်မှန်းချက်တခုတွင် ဖော်ပြထားသောကြောင့် မြန်မာသည် ဘရာဇီးနှင့် အင်ဒိုနီးရှားပြီးလျှင် သစ်တောဆုံးရှုံးမှု တတိယ အဆိုးရွားဆုံးဖြစ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာတခုတွင်လည်း သစ်တောပြုန်းတီးရသည့် အဓိကအကြောင်းရင်းနှစ်ခုမှာ သစ်ထုတ်လုပ်ခြင်းနှင့် စီးပွားဖြစ် စိုက်ပျိုးမြေများအတွက် လုပ်ပိုင်ခွင့်ပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းသည် ဇီဝမျိုးကွဲစုံလင်မှုအတွက် အရေးပါသော ကမ္ဘာ့ဒေသ ၃၆ ခုတွင် ပါဝင်နေသည်။ ထိုသို့ ထိခိုက်လွယ်သောဇုန်များတွင် အကြီးမားဆုံးဖြစ်သည့် အင်ဒို-ဘားမား ဒေသတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနှင့် အိန္ဒိယမြောက်ပိုင်း မြစ်ဝှမ်းလွင်ပြင်၊ ဗြမ္မာ့ပုတ္တရ မြစ်ဝှမ်း၊ ကပ္ပလီပင်လယ် တစိတ်တပိုင်းနှင့် နီကိုဘာကျွန်းများ ပါဝင်သည်။

အိန္ဒိယသည် ရာသီဥတုပြောင်းလဲမှုကြောင့် လွန်စွာထိခိုက်လွယ်သော ဒေသအဖြစ် သတ်မှတ်ခံထားရသည်

အိန္ဒိယသည် ရာသီဥတုပြောင်းလဲမှုကြောင့် လွန်စွာထိခိုက်လွယ်သော ဒေသအဖြစ် သတ်မှတ်ခံထားရသည်။ နိုင်ငံ၏ အရှေ့မြောက်ပိုင်းသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ဒေသတွင်း မိုးရေချိန် မမှန်ခြင်းက ထိုအချက်ကို သက်သေပြနေသည်။ ထိုနယ်စပ်ဒေသသည် မကြာသေးမီ နှစ်များအတွင်း သစ်တောပြုန်းတီးမှုကိုလည်း ရင်ဆိုင်နေရပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ သစ်တောပြုန်းတီးမှု၏ ၇၀ ရာခိုင်နှုန်းမှာ ထိုဒေသမှ ဖြစ်သည်။

ဖြစ်နိုင်သည့်အခြေအနေမှာ အိန္ဒိယတွင် လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်း ထွန်းကားမှုကြောင့် မြန်မာမှ သစ်တင်သွင်းမှု တိုးလာမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုအတွင်း ဆောက်လုပ်ရေးကဏ္ဍသည် နှစ်စဉ် ၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ကျွမ်းကျင်သူများ ခန့်မှန်းထားသောကြောင့် ကမ္ဘာ့အကြီးမားဆုံး ဆောက်လုပ်ရေးဈေးကွက် ၅ ခုတွင် ပါဝင်သည်။

အိန္ဒိယနှင့်မြန်မာအကြား တရားဝင်နှင့် တရားမဝင် ကုန်သွယ်မှုသည် နယ်စပ်နှစ်ဘက်လုံးမှ ပြည်သူအများအပြားကို အကျိုးပြုနေသည်။ ထိုသူများအနက်တချို့သည် မှောင်ခိုလုပ်ငန်းတွင် တိုက်ရိုက်ပတ်သက်သော သို့မဟုတ် ၎င်းတို့ထိန်းချုပ်ဒေသများကို ဖြတ်သန်းလာသည့် မှောင်ခိုပစ္စည်းများကို အခွန်ကောက်နေသောကြောင့် အမြတ်အစွန်း ရနေသော စစ်သွေးကြွများဖြစ်သည်။ ကွမ်းသီး၊ မက်သာဖက်တမင်းနှင့်အတူ သစ်သည် မှောင်ခိုကူးရာတွင် အကျိုးအမြတ် အမြင့်မားဆုံးသော လုပ်ငန်းများတွင် ပါဝင်နေသည်။

(ရာဂျိဗ် ဘာတာချာရီယာသည် အိန္ဒိယနိုင်ငံ အာသံမှ ဝါရင့်သတင်းသမားဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီနှင့် ဆက်ဆံရေးခိုင်မာစေရန် အိန္ဒိယက ဒီပါဝလီပွဲတော်ကို ခုတုံးလုပ်

ကုလားတန်စီမံကိန်း အိန္ဒိယအပြောင်းအလဲ ကန်ထရိုက်များအတွက် စိန်ခေါ်မှုဖြစ်လာ

မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်

Loading