ယုံချင်ယုံ မယုံချင်နေ နာမည်ကြီးဘရာဇီးတို့ ခရိုအေးရှားနဲ့ ပယ်နယ်တီကန်ရာမှာ ၄-၂ နဲ့ရှုံးပြီး। ကမ္ဘာ့ဖလားက ထွက်သွားရပါပြီ။ တောင်အမေရိကတိုက်က နောက်ထပ်နာမည်ကြီး အာဂျင်တီးနားအသင်းကတော့ ပယ်နယ်တီအဆုံးအဖြတ်နဲ့ပဲ နယ်သာလန်ကို ၄-၃ နဲ့နိုင်ပြီး ဆီမီးဖိုင်နယ်တက်သွားပါတယ်။
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲမှာ ဘရာဇီးနဲ့ ခရိုရေးရှားတို့ဟာ မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျခဲ့လို့ အချိန်ပို နာရီဝက် ဆက်ကစားခဲ့ရတယ်။ အချိန်ပို ပထမပိုင်း ပြီးခါနီးမှာ တိုက်စစ်မှူးနေမာက ဘရာဇီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ခရိုရေးရှားတို့က ခြေပဂိုး သွင်းခဲ့လို့ ပင်နယ်တီ ကန်ခဲ့ရတယ်။
ပယ်နယ်တီမှာ ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ရဲ့ လက်စွမ်းပြ ကာကွယ်မှုနဲ့ ၄-၂ ရလာဒ်ထွက်ခါ ဘရာဇီးတို့ အိမ်ပြန်ခဲ့ရတာပါ။ လီဗာကိုဗစ်ဟာ ဘရာဇီးနဲ့ပွဲမှာ ပယ်နယ်တီအပါအဝင် ဂိုး ၁၁ လုံးမှာ ၁၀ လုံးအထိ ကာကွယ်နိုင်ခဲ့ပြီး ၁ ကြိမ်သာ ဂိုးပေးခဲ့ရတယ်။
အုပ်စုပွဲစဉ်နဲ့ ရှုံးထွက်ပွဲတို့မှာ ခြေစွမ်းပြကစားခဲ့တဲ့ ဘရာဇီးအသင်းဟာ ယုံကြည်မှုလွန်ကဲနေသယောင် ကစားသမားတို့ရဲ့လျော့တိလျော့ရဲ ကစားပုံကြောင့် အခုလို ပြိုင်ပွဲက ထွက်ခဲ့ရတာလို့ ဆိုရပါမယ်။
ဘရာဇီးတိုက်စစ်က ဗင်နီဆီးယက်စ် ရာဖင်ညာတို့ ခြေစွမ်းမပြနိုင်ဘဲ। တိုက်စစ်အဆုံးသတ်ညံ့ခဲ့သလို। ခရိုအေးရှား ဂိုးသမား လီဗာကိုဗစ်ကလည်း ဂိုး ဆယ်ဂိုးခန့် လက်စွမ်းပြကာကွယ်သွားတယ်။ ခရိုအေးရှားက ထုံးစံအတိုင်း ကွင်းလယ်ကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ပြီး တိုက်စစ်ကတော့ ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့ခြင်း မရှိခဲ့။ တည့်တဲ့ တဂိုးနဲ့ပဲ တဂိုးရသွားခဲ့။
ဆောင်းပါးရှင် ချစ်ဝင်းမောင်က ဘရာဇီးအသင်းရဲ့အရှုံးကို ခုလို သုံးသပ်ထားတယ်။
“ဘရာဇီး ထွက်သွားရလိမ့်မယ်လို့ ဘယ်သူထင်မလဲ။ နေမာတို့အုပ်စု မိနစ် ၁၂၀ ကွင်းထဲ ရုန်းကန်ကစားခဲ့တယ်။ ဘရာဇီးရဲ့ ဂိုးပေါက်တည့်တည့် ကန်သွင်းခွင့် ၁၁ ကြိမ် မှာ ပြိုင်ဘက် ခရိုအေးရှားက ၁ ကြိမ်ပဲ ရခဲ့တယ်။ ကန်သွင်းခွင့် ၁ ကြိမ်ပဲ ရတဲ့အသင်းက နောက်တဆင့် တက်သွားပြီး အကြိမ်ကြိမ် ဂိုးပေါက်ထဲ ကန်သွင်းခွင့်ရတဲ့အသင်းက အိမ်ပြန်ခဲ့ရတယ်”
ဘရာဇီး- ခရိုအေးရှားပွဲမှာ အဓိက စိတ်ဓာတ်နဲ့ခြေစွမ်းမာကျောမှုက အဆုံးအဖြတ်ပေးသွားတယ်လို့ အားကစားဆောင်းပါးရှင် ကိုဟိန်းသန့် က ပြောပါတယ်။
” ချီုးကျုးရမှာက ခရိုအေးရှား ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မိုဒရစ်। ကိုဗာချစ်တို့ သုံးယောက်တန်းပဲ။ ပထမပိုင်းမှာ ခရိုအေးရှားက နည်းနည်းသာတယ်။ ဘရာဇီးကွင်းလယ်က ခရိုအေးရှား ကွင်းလယ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး။ ခရိုအေးရှားကစားသွားတာက ခံစစ်ကို သတိကြီးကြီးနဲ့ကစားတယ်။ ဒုတိယပိုင်းကျ ခရိုအေးရှားက ခံစစ်ထိုင်ကစားတော့ ဘရာဇီးထိုးဖောက်ကစားခွင့်ရတယ်။ ဒါပေမယ့် ဘရာဇီးက အချိတ်အဆက်နဲ့ ကစားတာမဟုတ်ဘဲ တကိုယ်တော်ထိုးဖောက်တာများတယ်။ အဓိကကတော့ စိတ်ဓာတ်ပိုင်းနဲ့ ခြေစွမ်းပိုင်း မာကျောတဲ့ ခရိုအေးရှားနိုင်သွားတာပါပဲ”
နှစ်ဘက်အသင်းကစားသမားများရဲ့ပြိုင်ပွဲအတွေ့အကြုံနဲ့ သမ္ဘာတို့က ပွဲကို အဆုံးအဖြတ်ပေးသွားတာဖြစ်ပြီးဘရာဇီးတို့ရဲ့နှစ် ၂၀ ကြာ ချန်ပီယံအိမ်မက် ပျက်ပြယ်ခဲ့ရတယ်။
ကွာတားဖိုင်နယ် ဒုတိယပွဲ အာဂျင်တီးနားနဲ့ နယ်သာလန်အသင်းတို့ ကစားရာမှာ မိနစ် ၉၀ နဲ့ အချိန်ပို မိနစ် ၃ဝ အထိ ၂ ဂိုးစီ သရေဖြစ်နေပြီး ပင်နယ်တီ ကန်ရတယ်။ ပယ်နယ်တီမှာ အာဂျင်တီးနား ဂိုးသမား မာတီးနက်ဇ်က ၂ လုံးကာကွယ်ပေးနိုင်ခဲ့ပြီး အာဂျင်တီးနားက နယ်သာလန်ကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားတယ်။
” နယ်သာလန်က ဘောလုံးပိုင်ဆိုင်မှု အများဆုံးနဲ့ ထိန်းကစားတယ်। မက်ဆီဆီ ဘောလုံး မရောက်အောင် ဖြတ်တောက်ကစားတယ်। ဒါပေမယ့် မက်ဆီကတော့ မက်ဆီပဲပေါ့လေ। သူ့ရဲ့အဆင့်မြင့်တဲ့ ဂိုးဖန်တီးမှုကနေ အာဂျင်တီးနား ဂိုး စရသွားတယ်।ပယ်နယ်တီမှာတော့ ဂိုးသမားတွေက စကားပြောသွားတာပေါ့”
အားကစားဆောင်းပါးရှင် ကိုဟိန်းသန့် ပြောပြခဲ့တာပါ။
ဆရာချစ်ဝင်းမောင်က”ဘောလုံးပွဲတပွဲရဲ့ အလှည့်အပြောင်းဟာ မိနစ်ပိုင်းတောင် မဟုတ်ဘူး။ စက္ကန့်ပိုင်းလေးအတွင်းမှာ။
မိနစ် ၉၀ ပြည့်တော့ ထပ်ဆောင်းချိန်ပိုဟာ ၁၀ မိနစ်။ ၁၀ မိနစ်ဟာ မက်ဆီရဲ့ အာဂျင်တိုင်း တွေအတွက် ရှည်ကြာလွန်းပေမယ့် ဒီဂျောင်တို့ရဲ့ နယ်သာလန်တွေအတွက်တော့ တိုတောင်းလှတယ်ဆိုရမယ်။ ပွဲက ပြီးပါပြီ။ ဆယ်မိနစ်လည်း ကျော်လာပါပြီ။ နောက်ဆုံးပွဲသိမ်းခရာမှုတ်ဖို့ပဲ ကျန်ပါတော့တယ်။ ဒီအခိုက်အတန့် ဒီမိနစ်ပိုင်းလေးအတွင်းမှာပဲ ဂိုးဧရိယာအစပ်နား ပြစ်ဒဏ်ဘော ကန်ခွင့်ပေးလိုက်ရတယ်။ မက်ဆီတို့တသိုက် လူတံတိုင်းကာထားတဲ့ကြားကပဲ ပညာသားပါပါ ဂိုးပေါက်ထဲ တည့်မကန်ဘဲ အသာထိုးပေးတာကို ဝီဂေါ့ သွင်းလို့ ၂-၂ သရေဖြစ်။
တကယ်ကို နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့် ဂိုးပါ။
ဒီဂိုးဟာ မက်ဆီတို့လူသိုက်ကို (နေမာတို့ လူသိုက်လိုပဲ) အာဂျင်တီးနားပြန်ပို့ပေးနိုင်တဲ့ အလှည့်အပြောင်းဖြစ်လာနိုင်တယိ။ မက်ဆီတို့ရဲ့ ကံကြမ္မာက နေမာတို့ရဲ့ ကံကြမ္မာလောက် မဆိုးသေးဘူး ထင်ပါရဲ့ ။ ပင်နယ်တီမှာ (၃-၄) နဲ့ အနိုင်ရပြီး ဆီမီးတက်ခွင့် ရသွားတယ်။
အလှည့်အပြောင်းဟာ နောက်ဆုံးမိနစ်။ နောက်ဆုံးစက္ကန့်မှာ ရှိနေတတ်တယ်။ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့် မရောက်မချင်း ရှုံးပြီလို့ ပြောလို့မရ..” လို့ သုံးသပ်ရေးထားတယ်။
အာဂျင်တီးနား အသင်းက နာမည်ကြီး မက်ဆီဟာ သွင်းဂိုးစုစုပေါင်း ၄ ဂိုး နဲ့ အခု ကမ္ဘာ့ဖလားပွဲစဉ်မှာ ဒုတိယဂိုးသွင်းအများဆုံးဖြစ်နေပြီး သူ့ရဲ့ကမ္ဘာ့ဖလားနှုတ်ဆက်ပွဲ ချန်ပီယံအိမ်မက်ကို ဆက်ပြီး အသက်သွင်းနိုင်ခဲ့တယ်။
ဒီဇင်ဘာ ၉ ရက် ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များရဲ့ အကောင်းဆုံးကစားသမားဆုတွေကို ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်နဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတို့ ရရှိခဲ့တယ်။
ခရိုအေးရှားနဲ့ အာဂျင်တီးနားတို့ လာမယ့် ဆီမီးဖိုင်နယ် အကြိုဗိုလ်လုပွဲမှာ တွေ့ကြပါပြီ။
“ဒီပွဲမှာတော့ ခရိုအေးရှားက သူ့ပုံစံအတိုင်းသွားမှာပဲ။ ကွင်းလယ်မှာ ထိန်းကစားမယ်။ ခံစစ်လုံအောင်ကစားမယ်။ ပွဲက လေးလိမ့်မယ် အာဂျင်တီးနားကလည်း ထိန်းကစားတယ်। ထိန်းပြီး မက်ဆီရဲ့အကွက်မြင်မှုနဲ့ဂိုးရအောင် ကစားလေ့ရှိတယ်။ ခရိုအေးရှားက ရှုံးထွက်ပွဲတွေမှာ အချိန်ပိုတွေအထိသွားထားရတော့ ကြံ့ခိုင်မှုအပိုင်း အားနည်းချက်ရှိနိုင်ပြီး ဒီအချက်ကပဲ အာဂျင်တီးနား အခွင့်အရေး သာသွားနိုင်တယ်”
ဆောင်းပါးရှင်ကိုဟိန်းသန့် ပြောပြခဲ့တာပါ။
အားကစားဆောင်းပါးရှင် နောက်တဦးဖြစ်တဲ့ ဝဏ္ဏကို က လည်း အာဂျင်တီးနားပဲ ဗိုလ်လုပွဲတက်မယ်လို့ သုံးသပ်ပြောပါတယ်။
” ခရိုအေးရှားက ထုံးစံအတိုင်း ပင်နယ်တီနဲ့ ထပ်တက်လာပြန်တယ်။ ကွင်းလယ်စုဖွဲ့မူနဲ့ ခံစစ်ကစားပုံ ကောင်းတယ်။ အရေးပါဆုံးက ဂိုးသမား လီဗာကိုဗစ် လက်စွမ်းပြနေတာပါ။ ဘရာဇီးနဲ့ပွဲမှာ မိနစ်၉၀ အတွင်းမှာပဲ ၁၀ကြိမ် Save ခဲ့တယ်။ အာဂျင်တီးနားကလဲ ဘရာဇီးလို ဂိုးသွင်းခွင့်တွေရမှာပဲ။
ခရိုအေးရှားတိုက်စစ်ကိုတော့ အာဂျင်တီးနားထိန်းနိုင်ဖို့ များတယ်။ ခရိုအေးရှား ဂိုးသမားရဲ့ လက်စွမ်းအပေါ်မူတည်ပြီးတော့ပဲ ပွဲရလဒ်အပြောင်းအလဲဖြစ်လိမ့်မယ်။ ခရိုအေးရှား ထပ်လုပ်ပြနိုင်ဖို့ မလွယ်လောက်ဘူး ယူဆလို့ အာဂျင်တီးနားပဲ ဗိုလ်လုပွဲတက်မယ်လို့ ထင်တယ်။”
ဒီဇင်ဘာလ ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲမှာ ဆီမီးဖိုင်နယ်ကစားကြမှာဖြစ်ပြီး တောင်အမေရိကနဲ့ ဥရောပအသင်း ၂ သင်း တွေ့ဆုံမှုက အဆုံးမသတ်သေးပါဘူး။
You may also like these stories:
ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ
Adidas ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံရသူများ နေပြည်တော်အထိ တက်၍ ဖြေရှင်းမည်
မြန်မာလုပ်သားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှ ငွေကြေးလိမ်လည်မှုများ ရှိနေ
အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ