ပြန်လာမယ်အမေ
ဥဩညိုတေးဆိုဖွဲ့
လွမ်းတဲ့ဒီနွေ
အိပ်မက်မှာလေ
ညနေချိုပန်းတွေပွင့်
မလွမ်းကောင်းပေမည့်
ပန်းကျောင်းမှာ စာတွေသင်ဖို့
အမေအို ရင်ခွင်နန်းကို မြန်းဖို့မျှော်လင့်
ကဗျာနာမည်က အိမ်ဝေး။ အကျဉ်းကျခံနေရသည့် တက္ကသိုလ်ကျောင်းသားတဦးက အင်းစိန်ထောင်ထဲကနေ မိဘတွေဆီ ရေးပို့ခဲ့သော ကဗျာဆရာအောင်ဒင်၏ ကဗျာတပုဒ်ဖြစ်သည်။
ထို ကဗျာသည် လွန်ခဲ့သည့် ၃၃ နှစ်က အင်းစိန်ထောင်၊ အထူးတိုက် အခန်း ၂ အုတ်နံရံပေါ်တွင် ကဗျာဆရာက စတီးလ်ဇွန်းတချောင်းဖြင့် ရေးခြစ်ခဲ့သည့် ကဗျာတပုဒ်ဖြစ်သည်။
ယခုလည်း အင်းစိန် အကျဉ်းထောင်ထဲမှ ကဗျာပေးပို့သူက ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က သေဒဏ်ချမှတ်ခံလိုက်ရသော ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ထဲမှ အသက် ၂၂ နှစ်အရွယ် ကိုသူရမောင်မောင်ဆိုသည့် လူငယ်တဦး ဖြစ်ပြီး မွေးချင်း ၆ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။
ကိုသူရမောင်မောင်သည် စစ်တပ်အာဏာမသိမ်းခင်က ဒဂုံတက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် ပညာသင်ယူနေခဲ့သူဖြစ်သည်။ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လအတွင်း အိမ်မှ ထွက်သွားပြီး တနှစ်ကျော်အကြာ ဧပြီလအတွင်းမှပင် တောင်ဒဂုံရဲစခန်းတွင် ဖမ်းဆီးခံရကြောင်း မိသားစုမှ သိရှိခဲ့ကြသည်။
သေဒဏ်သတင်းကြောင့် လေဖြတ်နေသည့် ဖခင်ဖြစ်သူ၊ ခွဲစိတ်ကုသရမည့် အကြိတ်ဝေဒနာရှင် မိခင်အပါအဝင် မိသားစုများအတွက် ယူကျုံးမရသည့်ဖြစ်စေခဲ့သည်။
ကိုသူရမောင်မောင်၏ မိသားစုဝင်တဦးက “မိသားစုတွေအနေနဲ့ ဖြေဆည်နိုင်စရာကို မရှိတော့ပါဘူး” ဟု ပြောသည်။
ကိုသူရမောင်မောင်နှင့်အတူ ကိုဟိန်းထက် ၊ ကိုခန့်ဇင်ဝင်း ၊ ကိုဇော်လင်းနိုင် ၊ ကိုသီဟထက်ဇော် ၊ ကိုသက်ပိုင်ဦး ၊ ကိုခန့်လင်းမောင်မောင် တို့ကို ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က ကမ္ဘာ့ရတနာဘဏ်ကို ဓားပြတိုက်ရန် ရောက်လာခဲ့ပြီး ဘဏ်မန်နေဂျာဦးစောမိုးဝင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည်ဟု ဆိုကာ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ရတနာဘဏ်သည် ယခင်က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ပြောင်းလဲထားခြင်းဖြစ်ပြီး သေဆုံးသူ မန်နေဂျာ ဦးစောမိုးဝင်းမှာ ဒုဗိုလ်မှူကြီး ဟောင်း တဦးဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် ကျောင်းတက်နေဆဲ အသက် ၂၄နှစ် မှ ၁၈ နှစ်အတွင်း လူငယ်များဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့ ခြင်းဖြစ်သည်။
ကျောင်းသား ၇ ဦး ကျူးလွန်သည်ဟု စစ်တပ်မှစွပ်စွဲထားသည့် ထိုအမှုကို ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့ Yangon Liberation Force တို့က ပူးပေါင်းလုပ်ဆောင်သည်ဟု ၂၀၂၂ ခုနှစ်ဧပြီ ၁၉ တွင် ထုတ်ပြန်ထားသည်။
သေဒဏ်ချမှတ်ခံထားရတဲ့ လူငယ်များကို ဒီဇင်ဘာ ၇ ရက်နေ့က ပြစ်ဒဏ်စီရင်မည်ဆိုသည့် သတင်းမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သေးသည်။ ထိုသတင်းပျံ့နှံ့သွားပြီးနောက် နိုင်ငံရေးလှုပ်ရှားသူများကို သေဒဏ်ပေးမှုကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှုများပင်ပေါ်ပေါက်ခဲ့သည်။
မိသားစုများအနေဖြင့် ယခုအချိန်အထိ ရတက်မအေးရသော အခြေအနေတွင်သာ ရှိသေးပြီး သေဒဏ်မှလွတ်မြောက်ရန် အသနားခံစာတင်ဖို့အတွက် ကြိုးစားနေကြသည်။
အသက် ၂၃ နှစ်အရွယ် ကိုဟိန်းထက်၏ ဖခင်ဖြစ်သူက “လောလောဆယ်တော့ အသနားခံစာတင်လို့ရမယ်ဆိုလို့ အကုန်လုံး အတူတူလုပ်နေကြတယ်။ အသနားခံစာကိုက စာတိုက်ကနေ ပို့ရတယ်။ အမြန်ချောပို့သလိုပဲ ပို့ရမှာ။ မျှော်လင့်ပါတယ်။ အဆင်ပြေမယ်လို့ထင်တာပါပဲ။ စိုးရိမ်စိတ်က ရှိသေးတယ်။ ကလေးတွေရဲ့ ပြစ်ဒဏ်ကို အတိအကျမသိရသေးတော့ တခုခုအတိအကျသိရရင်တော့ ကောင်းမှာပေါ့” ဟု ပြောသည်။
ကိုဟိန်းထက်သည်လည်း မွေးချင်းများအနက် အငယ်ဆုံးသားဖြစ်ပြီး ယခုကဲ့သို့ သေဒဏ်ချမှတ်ခံထားရခြင်းကို မိခင်ဖြစ်သူအား ပြောပြ၍မရသည့် အခြေအနေတွင် ဖခင်တဦးထဲအသနားခံစာတင်ရန် ကိစ္စရပ်များကို လိုက်လံလုပ်ဆောင်နေရကြောင်း ဆိုသည်။
သားဖြစ်သူအတွက် ကြီးကြီးမားမားမျှော်လင့်ချက်အနေဖြင့် သေဒဏ်မှလွတ်မြောက်လျှင်ပင် ကျေနပ်ရမည်ဖြစ်ပြီး စွမ်းနိုင်သမျှ အစွမ်းကုန် ကြိုးစားလျက်ရှိသည်။
ကိုဟိန်းထက် ဖခင်က “ကျနော်တို့ကတော့ အခုသေဒဏ်ကနေ လွတ်သွားရင်ကို ကျေနပ်ပြီ။ တခြားတော့ ဘာမှမမျှော်လင့်ဘူး။ လွှတ်ဖို့လည်းမပြောပါဘူး။ သေဒဏ်ကနေ လွတ်ရင်ပဲ ကျေနပ်ပါပြီ” ဟု ပြောသည်။
ကိုဟိန်းထက်က ရှေးဟောင်းသုတေသနအထူးပြုဘာသာရပ်ဖြင့် ဒဂုံတက္ကသိုလ်မှ ကိုဗစ်မတိုင်ခင် ကာလကမှ ဘွဲ့ရရှိခဲ့သူဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားမည်ဆိုသည့် ရည်ရွယ်ချက် ဖြင့် အရည်အချင်းစစ်စာမေးပွဲဖြေဆိုခဲ့ပြီး အောင်မြင်ထားသည်။
အာဏာသိမ်းပြီးနောက်မှာတော့ သူ့အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ အားလုံး ပျောက်ဆုံးသွားရသည့်အပြင် သေဒဏ်ပါချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။
သားဖြစ်သူအဖမ်းခံရပြီး ရုံးထုတ်ရမန်ယူသည့် ၃ ပတ်အတွင်း တောင်ဒဂုံရဲစခန်းတွင် တွေ့ဆုံခွင့်ရခဲ့ပေမယ့် အင်းစိန်ထောင်သို့ ရောက်ပြီးနောက်ပိုင်း လူချင်းတွေ့ခွင့်မရတော့ဘဲ ထောင်ဝင်စာသာ ပေးခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ကိုဟိန်းထက် ဖခင်က ပြောသည်။
၎င်းက “အင်းစိန်ရောက်တော့ မတွေ့ရတော့ဘူး။ ပါဆယ်လေးဘာလေးပို့ စာလေးဘာလေးပို့ပေါ့။ သူကတော့ မိဘတွေကို ကျန်းမာရေးကောင်းအောင်နေ အဆင်ပြေတယ်ပေါ့။ လိုတာလေးတွေရှိရင် မှာတယ်။ လူချင်းကတော့မတွေ့ရဘူး။ ကျနော်တို့ထင်လည်းမထင်ထားဘူး။ ဒီလောက်ထိ ဖြစ်လိမ့်မယ်လို့၊ ဗြုန်းခနဲ ကြားလိုက်ရတော့ ရင်ထဲကို ဆို့တက်သွားတာ။ မအေကိုတော့ အသိမပေးရဲဘူး” ဟု ပြောသည်။
ကိုဟိန်းထက်သည် လူသတ်မှု ပုဒ်မ ၃၀၂ (၁) (က)ဖြင့် သေဒဏ်ချမှတ် ခံထားရသည့်အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၁ (ဂ)အတွက်လည်း ဆက်လက်၍ အမှုရင်ဆိုင်ရဦးမည်ဖြစ်သည်။ အဆိုပါ ပုဒ်မ ၅၁ (ဂ) သည် အနည်းဆုံး ထောင်ဒဏ် ၁၀နှစ်မှ အများဆုံး ထောင်ဒဏ် တသက်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ကျခံနိုင်ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ကိုသီဟထက်ဇော်သည် ဒဂုံတက္ကသိုလ် ပထဝီဝင်ဌာနတွင် ဒုတိယနှစ်အဝေးသင်တက်ရောက်နေသည့် ကျောင်းသားတဦးဖြစ်ပြီး လူသတ်မှုဖြင့် စွပ်စွဲပြီး သေဒဏ်ချမှတ်ခဲ့သည့်အပေါ် မိသားစုများအနေဖြင့် မယုံကြည်နိုင်ဘဲ ယူကျုံးမရ ဖြစ်နေကြသည်။
ကိုသီဟထက်ဇော်၏ အဒေါ်ဖြစ်သူက “မကျူးလွန်ထားဘူးဆိုတာလည်း သိတယ်။ အိမ်မှာနေလို့တောင် ခြင်တကောင်တောင် သတ်တတ်တဲ့ကလေးမဟုတ်ဘူးဆိုတော့ ယူကျုံးမရဖြစ်မိတာပေါ့။ မတရားဘူးလို့ခံစားရတယ်။ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး လိုက်လုပ်ပေးနေတယ်” ဟု ပြောသည်။
ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်နှင့် ကိုဟိန်းထက်တို့ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၁ (ဂ) အတွက်လည်း ဆက်လက်၍ အမှုရင်ဆိုင်ရဦးမည် ဖြစ်သည်။
အဒေါ်ဖြစ်သူက “မိသားစုအနေနဲ့တော့ ဆုတောင်းပေးရုံကလွဲလို့တော့ ဘာမှမတတ်နိုင်ဘူး။ ကိုယ့်တူလေး ဒီလိုဖြစ်သွားတော့ အတတ်နိုင်ဆုံး မိသားစုက အပြင်ကနေလုပ်ပေးနေတယ်။ အယူခံဝင်တဲ့ကိစ္စတွေဘာတွေပေါ့။ သေဒဏ်ကနေ တသက်တကျွန်းလောက်ဖြစ်သွားပါစေဆိုပြီး ဆုတောင်းရတာပေါ့” ဟုဆိုသည်။
မိဘ ၂ပါးနှင့် ဝေးပြီး အဒေါ်ဖြစ်သူနှင့် နေထိုင်သူတယောက်ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ညီမလေးတယောက်ရှိသည်။ ကိုသီဟထက်ဇော်သည် မိဘများကို သင်္ဘောတက် ပိုက်ဆံရှာပေးချင်သူတဦး ဖြစ်ကြောင်းလည်း အဒေါ်ဖြစ်သူက ဆိုသည်။
ပရဟိတလုပ်ငန်းများကို စိတ်ဝင်စားသူ ၊ တဦးထဲ အေးအေးချမ်းချမ်းနေတတ်သူ ၊ လူအများကို ကူညီချင်စိတ်ရှိသူ တူဖြစ်သူမှာ ယခုစွပ်စွဲထားသလို မဟုတ်ကြောင်း အဒေါ်ဖြစ်သူက အထပ်ထပ် ပြောသည်။
ကိုခန့်ဇင်ဝင်း၏ မိခင်ဖြစ်သူကတော့ သားဖြစ်သူ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံထားရသော်လည်း ပူဆွေးမနေနိုင်ဘဲ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေရင်း အသနားခံစာတင်ရန်အတွက် ကြိုးစားနေကြောင်း ပြောသည်။
ကိုခန့်ဇင်ဝင်း၏ မိခင်က “အန်တီ့မှာ သောကတွေ များနေတယ်။ ဘာမှလည်း မသိရဘူး။ ကြိုးစားတော့ ကြိုးစားကြည့်နေရတာပဲ။ သူများဆိုင်မှာလည်း အလုပ်လုပ်ရသေးတယ် “ဟု ပြောသည်။
ဖမ်းဆီးခံရပြီးနောက် တရားကိုနတ်စောင့်မှာပါ ဆိုသည့်စိတ်ဖြင့် နေခဲ့ကြသော်လည်း ယခုကဲ့သို့ သေဒဏ်ချမှတ်ခံခဲ့ရသည့်အတွက် မိသားစုဝင်များ အနေဖြင့် တုန်လှုပ်နေရကြောင်း ဆိုကြသည်။
သေဒဏ်ချမှတ်ခံရသူများ၏ မိသားစုဝင်အားလုံးက ၎င်းတို့၏ သားသမီးများမှာ စွပ်စွဲခံရသလို ပြစ်မှု မကျူးလွန်ကြောင်းကို ထပ်တူညီ ယုံကြည်ထားကြသည်။
တရားလွှတ်တော်ရှေ့နေတဦးက အယူခံတက်နိုင်ရန် အဆင့် ၂ခုရှိကြောင်း ၊အယူခံများကို ကြားနာရန် သီးခြားဖွဲ့စည်းထားသည့် စစ်ခုံရုံးအယူခံအဖွဲ့တွင် အယူခံတက်ရပြီး အယူခံပယ်ချခံရပါက လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင်ထံ အသနားခံ စာတင်ရမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပြစ်ဒဏ်လျှော့ပေါ့ကာ သေဒဏ်မှ တသက်တကျွန်းဒဏ် ပြောင်းလဲခြင်းမျိုးရှိခဲ့ကြောင်း ရှင်းပြသည်။
သေဒဏ်ကျခံရသူများအနေဖြင့် တရာရုံးလုပ်နည်းအရ တရားရေးရာဘက်မှဖြစ်စေ ၊ မိသားစုဝင်များဘက်မှဖြစ်ဖြစ် အယူခံတက်ခြင်း ၊ အသနားခံစာတင်ပြခြင်းများကို လုပ်ပိုင်ခွင့်ရှိကြောင်း ဥပဒေတွင် ဖော်ပြထားသော်လည်း လက်ရှိအခြေအနေတွင် အသနားခံစာတင်နိုင်ဖို့အတွက်ပင် ခက်ခဲနေကြသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Turk က စစ်တပ်အနေဖြင့် သေဒဏ်ကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေပြီး စစ်ကောင်စီ၏ စစ်ခုံရုံးများမှ လူ ၁၃၉ ဦး ထက်မနည်းကို သေဒဏ်ချမှတ်ထားကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုခဲ့ သည်။
စစ်ကောင်စီသည် လွတ်လပ်မှုနှင့် တရားမျှတမှုကို အာမခံချက်ပေးသည့် အဓိကကျသော တရားစီရင်ရေးကို ဆန့်ကျင်ကာ လျှို့ဝှက် တရားရုံးများတွင် တရားစွဲမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ယခုနှစ် ဇူလိုင်လအတွင်းကလည်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ဦးကို သေဒဏ်ချမှတ်ပြီး ကြိုးပေးစီရင်ခဲ့သည်။
သုတေသန အဖွဲ့တခုဖြစ်သော မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်ချမှတ်ခံရသူအရေအတွက်မှာ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ၈၆ဦးရှိပြီး ယခု ချမှတ်လိုက်သည့် ၁၂ ဦးပါဝင်ပါက စုစုပေါင်း ၉၈ ဦးထိ ရှိလာပြီဖြစ်သည်။
၎င်းတို့အနက် ၄၇ဦးမှာ ဖမ်းဆီးချုပ်နှောင်ပြီးနောက် သေဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး ၃၉ဦးမှာ မျက်ကွက်သေဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။ ယင်းကဲ့သို့ သေဒဏ်ချမှတ်ခံရသူများကို စစ်ကောင်စီ၏ စစ်ခုံရုံးများတွင် ရာဇသတ်ကြီးပုဒ်မ ၃၄၊ပုဒ်မ ၁၁၄၊ပုဒ်မ ၃၀၂၊ပုဒ်မ ၃၉၆၊ပုဒ်မ ၃၉၇ အစရှိသည်တို့ဖြင့် အမှုဖွင့် စစ်ဆေး စီရင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
You may also like these stories:
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦး သေဒဏ်ချမှတ်ခံရ
ကျောင်းသားများကို ကွပ်မျက်မည်ဆိုသည့် သတင်းကြောင့် မိသားစုဝင်များ စိုးရိမ်
အာဏာသိမ်းမှုနောက်ပိုင်း သေဒဏ်ပေးမှု လွန်စွာမြင့်မား
သေဒဏ်ချ ကွပ်မျက်မည့် စစ်ခေါင်းဆောင်ဆုံးဖြတ်ချက် ပြည်တွင်း/ ပြည်ပ ကန့်ကွက် ရှုတ်ချ
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်