ဒီဇင်ဘာ ၁၅ ရက်နေ့ဟာ စစ်ကောင်စီလေတပ်ရဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး နှစ်စဉ် နှစ်ပတ်လည် အခမ်းအနား ပြုလုပ် လေ့ ရှိကာ ဒီနှစ် မိတ္ထီလာလေတပ်မှာ ပြုလုပ်ခဲ့တဲ့ ၇၅ နှစ်ပြည့် စိန်ရတု နှစ်ပတ်လည်နေ့မှာလည်း ဝယ်ယူထားတဲ့ လေယာဉ် အသစ်၊ ရဟတ်ယာဉ်အသစ်တွေကို တပ်တော်ဝင်ခဲ့ပါတယ်။
ရုရှားလုပ် SU30-SME လေကြောင်း စိုးမိုးရေး တိုက်လေယာဉ်တွေ (Air Superiority Fighters)ကိုလည်း တပ်တော်ဝင်ခဲ့ သလို တရုတ်လုပ်အပေါ့စားတိုက်ခိုက်ရေး လေယာဉ် FTC 2000G (JL-9) တိုက်လေယာဉ်များ (Light Attack Aircrafts) ကိုလည်း တပ်တော်ဝင်ထားတယ်လို့ သိရှိရပါတယ်။
ဒီလေယာဉ်များကို နမ့်ဆန်လေတပ်စခန်းမှာ ထားရှိမယ်လို့ သိရှိရပါတယ်။ တရုတ်နိုင်ငံကနေ ၂၀၂၀ ခုနှစ်များကတည်းက မှာယူထားတယ်ဆိုသော်ငြားလည်း နှစ်နှစ်ကျော်ကြာမှ လွှဲပြောင်းပေးအပ်တာ ဖြစ်ပါတယ်။ FTC 2000G တိုက်လေယာဉ် တွေကို စစ်ကောင်စီရဲ့လေယာဉ်မှူးတွေကိုယ်တိုင်လည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ပါတယ်။
လက်ရှိအချိန်မှာ ဒီလေယာဉ်ကို တရုတ်လေတပ်နဲ့ ဆူဒန်လေတပ်တို့က အသုံးပြုနေပါတယ်။ စစ်ကောင်စီလေတပ်ဟာ တရုတ်အတွက် ဒုတိယမြောက်နိုင်ငံခြား ဝယ်လက်ဖြစ်ပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ FTC 2000G တိုက်လေယာဉ်တွေကို ကမ္ဘောဒီးယားနိုင်ငံကလည်း စိတ်ဝင်စား နေတယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီလေတပ်မှာ လောလောဆယ်အနေနဲ့ တန်ပြန် ပြောက်ကျားစစ်ဆင်ရေး (Counter-Insurgency Operation-COIN)နဲ့ အနီးကပ် လေကြောင်း ပစ်ကူပေးဖို့အတွက် (Close Air Support) တရုတ်လုပ်တိုက်လေယာဉ်များဖြစ်တဲ့ F 7 ကြားဖြတ်တိုက်လေယာဉ်များနဲ့ A 5 ဗုံးကြဲလေယာဉ်၊ K8-W အမောင်းသင်လေယာဉ်နဲ့ YAK 130 လို ရုရှားလုပ် အမောင်းသင်/အပေါ့စားတိုက်လေယာဉ်တွေကို အဓိက အသုံးပြုပါတယ်။
MI 35P တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုလည်း အညာဒေသမှာ အသုံးပြုနေတာကို တွေ့ရှိရပါတယ်။ သို့သော်လည်း F 7 နဲ့ A 5 ဗုံးကြဲလေယာဉ်တွေဟာ အိုမင်းဟောင်းနွမ်းရုံမက သက်တမ်းလွန်အဆင့်ကို ရောက်ရှိနေပါတယ်။
ဒီတော့ MIG 29 နဲ့ SU 30-SME လို အဆင့်မြင့်တိုက်ခိုက်ရေးလေယာဉ်တွေ ရှိသော်ငြားလည်း ပျံသန်းစရိတ်ကြီး မြင့်တဲ့အတွက် အပေါ်ကပြောတဲ့ တာဝန်နှစ်မျိုးကို လှည့်ကြည့်စရာမလိုဘဲ အဖိုးနည်း ဝန်ပါ ထမ်းဆောင်နိုင်တဲ့ လေယာဉ်အမျိုးအစားဟာ MI 35P တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဖယ်လိုက်ရင် အရေအတွက်အားဖြင့် K8-Wနဲ့ YAK-130 နှစ်မျိုး စုစုပေါင်း အစင်းရေသုံးဆယ်ခန့်သာ ရှိပါတယ်။
အနန့်ပါဒေသ ပြည်သူများ ထိခိုက်သေကြေသေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ YAK 130 လေယာဉ်တွေ အသုံးပြုခဲ့တာလို့ သိရှိရပါတယ်။
လက်ရှိအချိန်မှာ တနိုင်ငံလုံးအနှံ့ စစ်ဆင်ရေးဝင်နေရတဲ့ စစ်ကောင်စီလေတပ်အတွက် ဒီလေယာဉ်တွေဟာ ကျောင်းဆင်း စ လေသူရဲများကို လေ့ကျင့်ပေးရာမှာရော အပေါ့စားတိုက်ခိုက်ရေးနဲ့လေကြောင်းပစ်ကူပေးအပ်ရာမှာရော အဖိုးနည်းဝန်ပါ အလွန်အသုံးဝင်မယ့်တိုက်လေယာဉ်များဖြစ်ပါတယ်။
FTC 2000G ကတော့ နှစ်ယောက်စီးတိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ၂၃ မမ စက်အမြောက်နဲ့ ဗုံးနဲ့ ဒုံးကျည် လက်နက်များ ချိတ်ဆွဲရန်အတွက် နေရာခုနှစ်ခု (Hardpoint) ပါရှိပါတယ်။ ၉၀ မမဒုံးကျည်တွေ တပ်ဆင်ပစ်ခတ်နိုင်ပြီး လက်နက် စုစုပေါင်းအလေးချိန် ၃ တန်ခန့် သယ်ဆောင်နိုင်တယ်လို့ သိရှိရပါတယ်။
၂၅၀ ကီလိုဂရမ်အလေးချိန်ရှိ ပဲ့ထိန်းဗုံးတွေလည်း ချိတ်ဆွဲအသုံးပြုနိုင်ပါတယ်။ လက်ရှိ တရုတ်လေတပ်မှာလည်း အသုံးပြုနေသလို မျိုးကွဲ အမျိုးမျိုးထွက်ရှိပြီးဖြစ်တဲ့ ခေတ်မီအမောင်းသင်/အပေါ့စား တိုက်ခိုက်ရေး လေယာဉ်ဖြစ်ပါတယ်။
အားနည်းချက်အနေနဲ့ကတော့ အသံထက်မြန်တယ်ဆိုရုံသာ အမြန်နှုန်း(Mach 1.2)နဲ့ ပျံသန်းနိုင်တာ ဖြစ်ပြီး အကြာဆုံး သုံးနာရီခန့်သာ တာဝန်ထမ်းဆောင်နိုင်ပါတယ်။ အနိမ့်ပျံပြီး ပစ်ကူပေး လေယာဉ်အဖြစ် အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် မီတာ ၁၆၀၀၀ ခန့်အမြင့်အထိသာ အမြင့်ဆုံးတက်ရောက်နိုင်ပါတယ်။
ဒီအချက်ကြောင့် FTC-2000G ကို Mach1.5 ကနေ 2.0 အမြန်နှုန်းနဲ့အထိ ပစ်ခတ်နိုင်ပြီး အမြင့်ပေမီတာငါးထောင်ခန့်အထိ တက်နိုင်တဲ့ IGLA, Strela-2 နဲ့ FN-6 အစရှိတဲ့ ပုခုံးထမ်းလေကြောင်းရန် ကာကွယ်ရေးဒုံးပျံတွေက ကောင်းကောင်း ခြိမ်းခြောက်နိုင်ပါတယ်။
မြန်မာလေတပ် လက်ရှိအသုံးပြုနေတယ့် MIG 21 ကော်ပီ F 7 တိုက်လေယာဉ်တွေနဲ့ လေယာဉ်ကိုယ်ထည်ဒီဇိုင်းချင်း သိပ်မကွာတဲ့အတွက် လေယာဉ်ကိုယ်ထည်သက်တမ်း(air frame)နဲ့ စိတ်ချရမှုအပေါ်မှာ မေးခွန်းထုတ်မှုတွေ ရှိပါတယ်။
F 7 လေယာဉ်မှာထည့်သွင်းထားတဲ့ ဆိုဗီယက်နည်းပညာသုံး WP 13F အင်ဂျင်ကို ဆက်လက်အသုံးပြုထားမှုဟာလည်း လုံခြုံမှုအပိုင်းမှာ စဉ်းစားဖွယ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ F 7 တိုက်လေယာဉ်တွေဟာ သက်တမ်းကြာလာတာနဲ့အမျှ လေပေါ် ခေါင်းတလားတွေလို့ နာမည်ကြီးကြပါတယ်။
လက်ရှိတပ်တော်ဝင်အရေအတွက်ဟာ ခြောက်စင်းလို့ ဆိုထားပေမယ့် အစင်းလေးဆယ်အထိ မှာယူထားတာကြောင့်မလို့ အနာဂတ်မှာ စစ်ကောင်စီလေတပ်ရဲ့ အနီးကပ်လေကြောင်းပစ်ကူနဲ့ ဗုံးကြဲစွမ်းရည်ကို ထိထိရောက်ရောက် အထောက်အကူပေးမယ့်လေယာဉ်ဖြစ်လာမှာကတော့ မလွဲမသွေပါပဲ။
လေတပ်တခုလုံးရဲ့ စစ်ဆင်ရေး အခေါက်ရေ ပျံသန်းနိုင်မှု(Sortie)လည်း တိုးမြင့်လာမှာလည်း ဖြစ်ပါတယ်။ ညတိုက်ခိုက်ရေး စစ်ဆင်ရေးတွေ(Night Attack)ရော ရာသီဥတုမရွေး စစ်ဆင်နိုင်တဲ့ All Weather Capability ပါ ရှိတာကြောင့် စစ်ကောင်စီရဲ့ စစ်ဆင်ရေးများမှာ လွန်စွာအရေးပါမယ့် လေယာဉ်အမျိုးအစားတခု ဖြစ်ပါတယ်။
ဒီလိုစွမ်းရည်မြင့် FTC-2000G လေယာဉ်တွေဟာ NUG အပါအဝင် တော်လှန်ရေးအင်အားစုများအတွက် သတိကြီး ကြီးထားရမယ့် လေယာဉ်တွေထဲမှာ မလွဲမသွေပါလာမှာပဲ ဖြစ်ပါတယ်။
FTC-2000G လေယာဉ်များ ရောက်ရှိလာမှုဟာ စစ်ကောင်စီရဲ့လေကြောင်းစွမ်းပကားများကို စစ်ရေးအရရော အုပ်ချုပ် ထောက်ပံ့မှုလမ်းကြောင်းများအရပါ ထိန်းချုပ်ဖို့ အပူတပြင်းလိုအပ်နေပြီဖြစ်ကြောင်းလည်း မီးမောင်းထိုးပြလျက်ရှိနေပါတယ်။
You may also like these stories:
နမ့်ဆန်က စစ်ကောင်စီ လေကြောင်းချီစစ်ဆင်ရေး ဘာကြောင့် ကျရှုံးရသလဲ
စစ်ကောင်စီ ဝယ်ထားသည့် တရုတ်တိုက်လေယာဉ် ၆ စီး မြန်မာသို့ရောက်
စစ်ကောင်စီ ဝယ်ထားတဲ့ JF-17 တိုက်လေယာဉ် ဘာချွတ်ယွင်းချက်တွေ ရှိနေလဲ
ပစ်ခတ်မှုစနစ် ချို့ယွင်းနေသည့် JF 17 တိုက်လေယာဉ်များ စစ်ကောင်စီ ဝယ်ထားမိ
စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကို အနီးကပ်ကြည့်ရှုခြင်း