ဆောင်းပါး

၂၀၂၂ ကမ္ဘာ့ဖလားက မက်ဆီဖလား လား

“ကျနော့်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မှုခရီးစဉ်ကို ဗိုလ်လုပွဲနဲ့ အဆုံးသတ်နိုင်မှာဖြစ်တဲ့အတွက် ကျနော် အရမ်းဝမ်းသာပါတယ်။ ဗိုလ်လုပွဲကို ကျနော့် ကမ္ဘာ့ဖလားနောက်ဆုံးပွဲစဉ်အဖြစ် ကစားမှာပါ။ ဒါက အရမ်းကို ကျေနပ်စရာ ကောင်းပါတယ်။ ဒီကမ္ဘာ့ဖလားမှာ ဖြတ်သန်းရသမျှက ကျနော့်အတွက် စိတ်လှုပ်ရှားစရာဖြစ်ပြီး အာဂျင်တီးနားအတွက် အခိုက်အတန့်တိုင်းကို ခံစားနေရပါတယ်။ ကမ္ဘာ့ဖလားနောက်တကြိမ်က နှစ်များစွာကြာဦးမှာပါ။ ကျနော် နောက်ကမ္ဘာ့ဖလားမှာ ကစားနိုင်တော့မယ်လို့ မထင်ပါဘူး။ ကျနော့်ရဲ့ ကမ္ဘာ့ဖလားယှဉ်ပြိုင်မှုကို အခုလိုအဆုံးသတ်ရမှာ အရမ်းကို ကောင်းပါတယ်”

အာဂျင်တီးနားအသင်းခေါင်းဆောင် ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ က ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ ပြောခဲ့တာပါ။ ကာတာကမ္ဘာ့ဖလားကို မက်ဆီကမ္ဘာ့ဖလားလို့ ပြောင်းလဲပြောရတော့မလိုဖြစ်နေတယ်။ ကမ္ဘာကျော် ပါရမီရှင် ဘောလုံးသမား မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ပြိုင်ပွဲမစမီ ဗိုလ်စွဲဖို့ရေပန်းစားခဲ့တဲ့အတိုင်း အခု ဗိုလ်လုပွဲကို ရောက်နေပြီ။

ဒီလို အာဂျင်တီးနားအသင်း ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာလည်း မက်ဆီရဲ့ ဦးဆောင်ခြေစွမ်းပြမှုတွေနဲ့ရောက်ခဲ့တာဆိုတော့ ကမ္ဘာ့ဖလားဟာ မက်ဆီ မက်ဆီ ဆိုတဲ့ အသံတွေညံပြီး। မက်ဆီကမ္ဘာ့ဖလားဖြစ်ရပြန်တယ်။

အာဂျင်တီးနားအသင်း ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာလည်း မက်ဆီရဲ့ ဦးဆောင်ခြေစွမ်းပြမှုတွေနဲ့ရောက်ခဲ့တာ

ဒီလိုဖြစ်ဖို့ မက်ဆီ ရေးထိုးခွင့်ရှိနေတာတွေက အကောင်းဆုံးဘောလုံးသမားဆု। ဂိုးအများဆုံးသွင်းတဲ့ ရွှေဖိနပ်ဆု စတဲ့ဆုတွေအပြင် မက်ဆီရဲ့ကစားသမားဘဝရဖို့ ကျန်နေတဲ့ ကမ္ဘာ့ဖလား။ မက်ဆီအတွက် လက်တကမ်းမှာရှိနေပြီး। ဒီဖလားအတွက် ကာယကံရှင်ဖြစ်တဲ့ မက်ဆီနဲ့အတူ သူ့ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖြစ်နေတာပါ။

ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စု C မှာ မက္ကဆီကို၊ ပိုလန်နဲ့ ဆော်ဒီအာရေဗျအသင်းတို့နဲ့ တအုပ်စုထဲ ကျခဲ့တယ်။ အုပ်စုအခြေအနေအရ နောက်တဆင့်တက်ဖို့ ၉၀ ရာခိုင်နှုန်းအထိ သတ်မှတ်ခံခဲ့ရပြီး ပြိုင်ပွဲဝင်အသင်းတွေထဲမှာ နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်းအများဆုံးအသင်း ဖြစ်ခဲ့တယ်။

ဒါပေမယ့် အဖွင့်ပွဲမှာ မထင်မှတ်ဘဲ ဆော်ဒီအာရေဗျအသင်းကို ရှုံးခဲ့တယ်။အသင်းခေါင်းဆောင် မက်ဆီရဲ့ခြေစွမ်းနဲ့ ဦးဆောင်နိုင်မှုကြောင့် မက္ကဆီကိုနဲ့ ပိုလန်တို့ကို ၂ ဂိုးအသာနဲ့ ကစားခဲ့ပြီး အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့် တက်လာနိုင်ခဲ့တယ်။အဖွင့်ပွဲမှာ ဆော်ဒီကို ရှုံးလိုက်တဲ့ရလာဒ်ကို ရုန်းကန်အားအဖြစ်ပြောင်းပြီး အာဂျင်တီးနားပြန်လာနိုင်ခဲ့တယ်။ အသင်းခေါင်းဆောင် မက်ဆီကိုယ်တိုင်က ဆော်ဒီကိုရှုံးပြီးတဲ့နောက်। ပွဲတိုင်းကို ဗိုလ်လုပွဲလိုသဘောထားပြီး। ကစားခဲ့တယ်လို့ထုတ်ပြောတယ်။

ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို ၃ ဂိုးပြတ်သွင်းပြီး အာဂျင်တီးနား ဗိုလ်လုပွဲ ရောက်လာ

ရှုံးထွက်အဆင့်မှာ သြစတြေးလျကို ၂-၁၊ ကွာတားဖိုင်နယ်မှာ နယ်သာလန်ကို ပယ်နယ်တီနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အထိ တက်ခဲ့တယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ ကစားခဲ့ရပြီး।အာဂျင်တီးနားအသင်းက ( ၃–ဝ) ဂိုးနဲ့အနိုင်ရ ကာ ဗိုလ်လုပွဲတက်ခဲ့တယ်။

အာဂျင်တီးနားအသင်းဟာ ခရိုအေးရှားအသင်းကို အနိုင်ယူပြီး ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ လီယွန်နယ် မက်ဆီရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကို ကိုင်မြှောက်သွားနိုင်မယ့်ပုံပေါ်နေပေမယ့်လည်း ပြင်သစ်က ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ တတိယမြောက်အသင်းဖြစ်လာဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဗိုလ်လုပွဲရောက် အာဂျင်တီးနားအသင်းခြေစွမ်းဟာ တပွဲထက်တပွဲ ယုံကြည်မှုတိုးလာပြီး। ခြေစွမ်းကောင်းပြနိုင်ခဲ့တယ်။ ကွာတားဖိုင်နယ်မှာ နယ်သာလန်ကို ၂ ဂိုးအသာနဲ့ဦးဆောင်နေရာက ချေပဂိုး ၂ ဂိုးပြန်ပေးလိုက်ရပြီး। အချိန်ပို। ပယ်နယ်တီအထိ အကြိတ်အနယ်ကစားခဲ့ရတယ်။

ဒီနေရာမှာ အာဂျင်တီးနားအသင်းဟာ အမြင့်ဘောဖျက်ထုတ်မှုအပိုင်း အားနည်းချက်ကို မြင်လိုက်ရပြီး। ပြင်သစ်တိုက်စစ်မှုး ဂျရူးရဲ့အမြင့်ဘောခေါင်းတိုက်ချက်တွေကို သတိထားစရာ တွေ့ရတယ်။ အာဂျင်တီးနားကစားခဲ့တဲ့ ပွဲခြေစွမ်းအရ မက်ဆီဦးဆောင်တဲ့ တိုက်စစ်နဲ့ ဂိုးသမား မာတီနက်စ်တို့ ပြောစရာမရှိပေမယ့်। ကွင်းလယ်နဲ့ခံစစ်မှာ အားနည်းချက်တွေရှိနေတယ်။

ပြင်သစ်တိုက်စစ်မှုး ဂျရူးက သတိထားစရာ

အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲကစားမယ့် ပြင်သစ်အသင်းမှာလည်းလိုအပ်ချက်တွေရှိနေသေးတာကို နည်းပြ ဒက်ချမ့်စ်ကိုယ်တိုင် ခုလို ထုတ်ပြောထားတယ်။

““ပြင်သစ်အသင်းက အင်္ဂလန် မော်ရိုကို တို့နဲ့ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းမရခဲ့ပါဘူး။ ပိုကောင်းအောင် ကစားနိုင်သင့်ပါတယ်။ ဗိုလ်လုပွဲ အာဂျင်တီးနားနဲ့တွေ့ရင် နှစ်သင်းစလုံးအတွက် ဒီနှစ် ကာတာကမ္ဘာ့ဖလားမှာ အခက်ခဲဆုံးပြိုင်ဘက်ကို ရင်ဆိုင်တွေ့ရတာလို့ ပြောလို့ရမယ်ထင်ပါတယ်။ နှစ်သင်းစလုံးက အရည်အသွေးတွေ အများကြီး ရှိပါတယ်။ အမှားနည်းတဲ့အသင်းက ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရမှာ ဖြစ်ပါတယ်”

ပြင်သစ်- အင်္ဂလန်ပွဲမှာ အင်္ဂလန်က ဟာရီကိန်း ဒုတိယပယ်နယ်တီကန်တာ မဝင်လို့ ပြင်သစ်တို့အနိုင်ရခဲ့ပေမယ့် အဲ့ဒီပွဲမှာ အင်္ဂလန်က ဂိုးသွင်းခွင့် ပိုရခဲ့တာ। မော်ရိုကိုနဲ့ပွဲမှာ မော်ရိုကိုတိုက်စစ်မှုးရဲ့နောက်ပြန်ကန်ချက်ကို ပြင်သစ်ဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့တာတွေဟာ ပြင်သစ်အသင်းရဲ့ဂိုး luck ကို ပြသနေတဲ့ အဓိကအချက်ပါ။

ပြင်သစ်အသင်းဟာ ကာလရှည် ပဲ့ကိုင်ရှင် နည်းပြ ဒက်ချမ့်စ်လက်ထက်မှာ အောင်မြင်မှုတွေ အတော်အတန်ရရှိထားပြီး ၂၀၁၈ ကမ္ဘာ့ဖလား သိမ်းပိုက်နိုင်ပြီးနောက် နေးရှင်းလိဂ်မှာပါ ဗိုလ်စွဲခဲ့တဲ့အတွက် ပြင်သစ်အသင်းရဲ့ ရေပန်းစားမှုအပေါ် အထူးအထွေ ပြောစရာရှိမယ် မထင်ပါဘူး။

ပြင်သစ်လက်ရွေးစင်အသင်းမှာ အားအကောင်းဆုံးကတော့ တိုက်စစ်စုဖွဲ့မှုလို့ ပြောနိုင်ပြီး အသက်အရွယ်ရလာပေမဲ့ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ဂျရူးနဲ့ ဂရစ်ဇ်မန်းတို့ကို အမ်ဘာပေ၊ ဒမ်ဘီလီတို့နဲ့ တွဲဖက်အသုံးပြုခဲ့တာပါ။

ပြင်သစ်ရဲ့ တိုက်စစ်စုဖွဲ့မှုက ဂျရူးနဲ့ ဂရစ်ဇ်မန်းတို့ကို အမ်ဘာပေ၊ ဒမ်ဘီလီတို့နဲ့ တွဲဖက်အသုံးပြုခဲ့တာပါ

အခုကမ္ဘာ့ဖလားမှာတော့ ပြင်သစ်အသင်းရဲ့ key Player က ဂရစ်ဇ်မန်း။ အခုနှစ်ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းရထားတဲ့ ဂိုးတိုင်းလိုလိုမှာ ဂရစ်ဇ်မန်းခြေရာနဲ့မကင်း။ သူက လက်ရှိအချိန်အထိ အခွင့်အရေးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အပိုင်အခွင့်အရေး ၇ ကြိမ် ဖန်တီးနိုင်ခဲ့တယ်။ထောင့်ကန်ဘောတွေ အပါအဝင် ပြိုင်ဘက်ဧရိယာထဲကို ပေးပို့မှု ၄၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တယ်။

ပြင်သစ်နည်းပြက “သူ့ဆီကနေ ကွဲပြားခြားနားတဲ့အရာတခု တောင်းဆိုခဲ့တယ်။ စိုးရိမ်ပူပန်စရာတော့ မရှိခဲ့ပါဘူး။ သူက လုပ်အားကောင်းမွန်တဲ့ ကစားသမားဖြစ်သလို ဘောလုံးထိချက်တွေနဲ့ ပေးပို့မှု နှစ်ခုစလုံး လုပ်ဆောင်ရာမှာ ဖိအားဒဏ်လည်း ခံနိုင်တယ်။ သူ့အတွက် သွင်းဂိုးတွေ နည်းပါးသွားမှာ မှန်ပေမဲ့ ဘောလုံးဖျက်ထုတ်မှုတွေနဲ့ ဆယ်ယူမူတွေ လုပ်ရတာကိုလည်း သူနှစ်သက်ပါတယ်။ သူ့ရဲ့ဘယ်ခြေက လှပသေသပ်တဲ့ ဖန်တီးမှုတွေ လုပ်နိုင်ပြီး တည်ကန်ဘောတွေကနေလည်း ကန်သွင်းမှုတွေ လုပ်ဆောင်နိုင်တယ်” လို့ ချီးကျုးတယ်။

ဘောလုံးပွဲစောင့်ကြည့်ဝေဖန်သူတွေပြောတဲ့ အရည်အသွေးမြင့် ကစားသမားချင်းယှဉ်ကြည့်ရင် ပြင်သစ်အသင်းက အာဂျင်တီးနားထက်သာတယ်။ အနိုင်ရလိုစိတ်က အာဂျင်တီးနားက သာတယ်၊ အာဂျင်တီးနားက ပွဲကျပ် ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းမှာ အားသာတယ်၊ ပြင်သစ်က အင်္ဂလန်တသင်းလောက်ပဲ ခက်ခက်ခဲခဲ ကစားထားရတယ်။ ဒီနှစ်သင်းရင်ဆိုင်အတွေ့မှာ အထူးသဖြင့်တော့ တိုက်စစ်မှုး မက်ဆီကို တည်ပြီး। ပြောဆိုသုံးသပ်ကြတာပါပဲ။

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က “မက်ဆီက ကာတာကမ္ဘာ့ဖလားစကတည်းက ခြေစွမ်းအရမ်းကောင်းနေပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့တောင် မတူပါဘူး။ လွန်ခဲ့တဲ့လေးနှစ်က ပွဲစဉ်မှာ မက်ဆီက အထောင်တိုက်စစ်မှူး နေရာကနေ ကစားသွားပြီး ကျနော်တို့လည်း အံ့အားသင့်ခဲ့ရပါတယ်။ အခုကာတာမှာတော့ သူက နောက်ချန်တိုက်စစ်မှူးနေရာကနေပြီး တိုက်စစ်မှူးနှစ်ဦးရဲ့နောက်ကနေ ကစားနေပါတယ်။ သူက ဘောလုံးကို ပြိုင်ဘက်နောက်တန်းတွေဆီ ဦးတည်သယ်လာပြီး ထိုးဖောက်ကစားပြနေပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်တယ်ဆိုတာကို သက်သေပြနေပါတယ်။ လက်ရှိအာဂျင်တီးနား အသင်းက လွန်ခဲ့တဲ့လေးနှစ်က အသင်းမျိုးမဟုတ်တော့တာ သေချာပါတယ်”လို့ မှတ်ချက်ပေးပြောထားတယ်။

အာဂျင်တီးနားဘက်က အမ်ဘာပေအတွက် အစီအစဉ်သစ် တခု လိုအပ်လိမ့်မယ်

အာဂျင်တီးနားအသင်း ဂိုးသမား မာတီနက်စ်နဲ့ ပြင်သစ်ဂိုးသမား လိုရစ်တို့နှစ်ဦးစလုံးလက်စွမ်းချင်း မကွာလှပေမယ့် လိုရစ်က ကမ္ဘာ့ဖလားအတွေ့အကြုံသာတယ်။ ခံစစ်ချင်းယှဉ်ကြည့်ရင်တော့ ဗာရန်းတို့ ပြင်သစ်ခံစစ်က တဆင့်မြင့်အနေအထားမှာရှိပြီး। အာဂျင်တီးနားခံစစ်က အော့တာမန်ဒီ တယောက်လောက်ပဲ ယှဉ်နိုင်တဲ့အနေအထားမှာရှိတယ်။

ကွင်းလယ်မှာတော့ ဒီပေါလ်। အယ်လစ္စတာ၊ အန်ဇို ဖာနန်ဒက်စ် တို့ရဲ့ကွင်းလယ်ကသာပြီး ပြင်သစ်ကွင်းလယ်က အတွေ့အကြုံနုတယ်။ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားတိုက်စစ်နဲ့အမ်ဘာပေ। ဂျရူးတို့တိုက်စစ်ဟာ ကွာလှတယ် မဟုတ်ပါဘူး။

အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ဟာ ၁၂ ကြိမ် တွေ့ဆုံကစားခဲ့ဖူးပြီး အာဂျင်တီးနားက ၆ ကြိမ်နိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲ ရှုံးဆိုတဲ့ ရလဒ်ထွက်ခဲ့ဖူးတယ်။ ထိပ်တိုက်တွေ့ဆုံမှု အစဉ်အလာအရ အာဂျင်တီးနားက သာတယ်။

ဒါပေမယ့် နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ပြင်သစ်ကသာတာ တွေ့ရတယ်။ ကမ္ဘာ့ဖလားမှာ ဒီနှစ်သင်း စတုတ္ထအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ၁၉၃၀၊ ၁၉၇၈ ကမ္ဘာ့ဖလား တွေ့ဆုံမှုမှာ အာဂျင်တီးနားက အနိုင်ရခဲ့တယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ တွေ့တုန်းကတော့ ပြင်သစ်က ၄-၃ ဆိုတဲ့ရလဒ်နဲ့ အာဂျင်တီးနားကို ဖြုတ်ချထားခဲ့တယ်။ ဒီတုန်းက အာဂျင်တီးနားအသင်းဟာ ပြင်သစ်နဲ့ ခရိုအေးရှားအသင်းတို့ကို ရှုံးခဲ့ပေမယ့် အခု ကမ္ဘာ့ဖလားမှာတော့ ခရိုအေးရှား ရှုံးကြွေးကို အာဂျင်တီးနားတို့ ဆပ်နိုင်ခဲ့ပြီ။

အခုတခါ ပြင်သစ်နဲ့ ဗိုလ်လုပွဲမှာ ထပ်တွေ့နေပြီး ၂၀၁၈ ကမ္ဘာ့ဖလား ရှုံးကြွေးကို အာဂျင်တီးနားတို့ ဆပ်နိုင်ဦးမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားကို ၁၉၉၈နဲ့ ၂၀၁၈ ခုနှစ်တို့မှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ တတိယအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ အခွင့်အရေးရှိနေသလို ၁၉၆၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက်တိုက် ရရှိတဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာနိုင်တဲ့အခွင့်အရေးရှိနေတာဖြစ်ပါတယ်

လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားအသင်းကလည်း ကမ္ဘာ့ဖလားကို ၂ ကြိမ်အထိ အနိုင်ရရှိခဲ့ဖူးပြီး ၁၉၇၈ နဲ့ ၁၉၈၆ တို့မှာ ရရှိခဲ့တာ ဖြစ်တာကြောင့် ၃၆ နှစ်ကြာ ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေမှုကို အဆုံးသတ်သွားနိုင်မလားဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အားကစားဆောင်းပါးရှင် ဝဏ္ဏကို က “၂သင်းစလုံးရဲ့ လက်ရှိခြေစွမ်းနဲ့ စတားပလေယာတွေကြောင့် အကြိတ်အနယ်ရှိပြီး စိတ်လူပ်ရှားစရာပြိုင်ပွဲ ဖြစ်လာလိမ့်မယ်။ ပြင်သစ်ဘက်က မက်ဆီကို သတိထားရမှာဖြစ်သလို အာဂျင်တီးနားဘက်ကလဲ အမ်ဘာပေအတွက် အစီအစဉ်သစ် တခုလိုအပ်လိမ့်မယ်။ ဘယ်အသင်းအနိုင်ရမလဲ ခန့်မှန်းရခက်ပါတယ်။ ပွဲကောင်းတပွဲကတော့ သေချာပေါက်ဖြစ်မယ်။ ကမ္ဘာတလွှားက ပရိသတ်တော်တော်များများကပါ ချန်ပီယံ ဖြစ်စေချင်တဲ့ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားကတော့ ပိုပြီးရေပန်းစားမယ်ထင်တယ်”လို့ ပြောတယ်။

အာဂျင်တီးနား ဖလားလား ပြင်သစ်ဖလားလား ဆိုတာ တနင်္ဂနွေညမှာ အဖြေပေါ်ပါမယ်

နောက် အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်ကလည်း ပွဲချိန်မိနစ် ၉၀ အတွင်း အာဂျင်တီးနားပဲ အနိုင်ရမယ်လို့ ပြောတယ်။

“ဒီပွဲကတော့ အဓိက စိတ်ဓာတ်ပိုင်း ပြိုင်ကြမယ့်ပွဲပဲ। စိတ်ဓာတ်ပိုင်းမှာပိုပြီးပြင်းထန်တဲ့ အနေအထားရှိတယ်। နောက် ပရိသတ်အားပေးမှုမှာလည်း အာဂျင်တီးနားက ပိုပြီးတော့ ရထားတယ်। ဒီအချက်က ပြင်သစ်အတွက် ပိုပြီး စိုးရိမ်စရာဖြစ်တယ်। ပြင်သစ်က ပရိသတ်အားလည်း အာဂျင်တီးနားလောက် မရှိဘူး। ဒါ့အပြင် ကစားသမားတွေမှာ ဗိုင်းရပ်စ်ပြသနာလေးတွေပါရှိတော့ ကြံ့ခိုင်မှုအပိုင်း အသင်းလိုက်ကြံ့ခိုင်မှု အပြည့်ကစားနိုင်ပါ့မလား। ကြံ့ခိုင်မှုအပိုင်းထိခိုက်မှုရှိမလားဆိုတာ ထည့်တွက်ထားဖို့လိုလိမ့်မယ်। ဒါကြောင့် ကျနော်ကတော့ ဒီပွဲဟာ မိနစ် ၉၀ အတွင်း အနိုင်အရှုံးပေါ်အောင် ကစားပြီး အာဂျင်တီးနားနိုင်သွားမယ် ထင်တယ်”

မက်ဆီနဲ့ အာဂျင်တီးနားကို ကမ္ဘာ့ဖလား ရသွားစေချင်နေကြတဲ့ ပရိသတ်များနေတာကို ပြင်သစ်နည်းပြက”အာဂျင်တီးနားနဲ့ ကမ္ဘာပေါ်က လူအများစုက မက်ဆီ ကမ္ဘာ့ဖလားရဖို့ မျှော်လင့်နေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ရည်မှန်းချက်အတိုင်း အောင်မြင်အောင် လုပ်နိုင်တဲ့အရာအားလုံး လုပ်သွားမှာပါ”လို့ စနေနေ့က တုန့်ပြန်ထားတယ်။

မက်ဆီဖလား လား ဆိုတာ တနင်္ဂနွေညမှာ အဖြေပေါ်ပါမယ်။ အခု ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းနဲ့အတူ ခြေစွမ်းကောင်းပြပြီး ဘောလုံးရသ လှလှပပ ပေးစွမ်းနေသူဖြစ်လို့ မက်ဆီဖလားရသွားလည်း အဆုံးသတ်လှတဲ့ ကာတာဖလား ကန့်လန့်ကာချသွားတာဖြစ်မှာပါ။

You may also like these stories:

ပထမတကျော့မှာပင် ဖမ်းစားနိုင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလား

သူတင်ကိုယ်တင် ယှဉ်ကစားလာသည့် ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲများ

ကမ္ဘာ့ဖလား ရှုံးထွက်ပွဲတွေ လာပြီ

ကမ္ဘာ့ဖလား ရှုံးထွက်ပွဲတွေ လာပြီ (၂)

ပင်နယ်တီ အဆုံးအဖြတ်များနဲ့ အာဂျင်တီးနား ဆီမီးတက်।ဘရာဇီး ထွက်

လေးသင်းစလုံး နိုင်ခြေရှိတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲများ

Loading