၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီ လေတပ်ရဲ့ ၇၅ နှစ်ပြည့် စိန်ရတုနှစ်ပတ်လည်မှာ လေယာဉ်တွေ အများအပြား တပ်တော်ဝင်ခဲ့ပါတယ်။
SU-30 SME လို အဆင့်မြင့် စတုတ္ထမျိုး ဆက်လွန် လေကြောင်း စိုးမိုးရေး တိုက်လေယာဉ်တွေ (Air Superiority Fighters)၊ K-8 Wနဲ့ FTC-2000G လို အမောင်းသင်/ အပေါ့စား တိုက်လေ ယာဉ်တွေ(Lead In Fighter Trainer -LIFT)နဲ့ Y-8 လို သယ်ယူပို့ဆောင်ရေး လေယာဉ်တွေအပြင် Ka-28 လို ရေငုတ်သင်္ဘော တိုက်ဖျက်ရေး ရဟတ်ယာဉ်တွေကိုပါ ထည့်သွင်းတပ်တော်ဝင်ပြီး ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်ကိုယ်တိုင်လည်း တက်ရောက်မိန့်ခွန်း ခြွေခဲ့ပါတယ်။
ဒီလိုလေယာဉ်တွေအကြားမှာ စိတ်ဝင်စားစရာတစ်ခုကတော့ စစ်ကောင်စီလေတပ်ကနေ ကိုယ်တိုင်ထုတ်လုပ်လိုက်တယ်ဆိုတဲ့ MTX – 1A အမျိုးအစား အမောင်းသင်လေယာဉ်ပဲ ဖြစ်ပါတယ်။
MTX-1A လေယာဉ်ဟာ အခြားလေယာဉ်တွေနဲ့အတူ အုပ်ဖွဲ့ပျံသန်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလေးပြု ခဲ့တယ်လို့ စစ်ကောင်စီ သတင်းဌာနတွေက ဆိုပါတယ်။ စစ်တပ် ထောက်ခံသူ အသိုင်းအဝိုင်းမှာလည်း စစ်တပ်က ကိုယ်တိုင်အစ အဆုံးထုတ်တဲ့ လေယာဉ်ရယ်လို့ ဝါဒဖြန့်ချိနေတာကို တွေ့ရှိရပါတယ်။
စစ်ကောင်စီရဲ့ကိုယ်ပိုင်ဒီဇိုင်း
စစ်ကောင်စီလေတပ်ဟာ အမောင်းသင်လေယာဉ်တစင်းကို တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက အွန်လိုင်း စစ်လက်နက်လေ့လာရေး နယ်ပယ်တွေမှာ ဆွေးနွေးကြတာ ကြာပါပြီ။
ဒီ MTX-1A လေယာဉ်ကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းနဲ့ စစ်ကောင်စီမီဒီယာတွေရဲ့ထုတ်ပြန်ချက်အရ ၁၉၅၀ ကျော်ကာလတွေက စတင်ထုတ်လုပ်ခဲ့တဲ့ တရုတ်လုပ်အမောင်းသင်လေယာဉ် PT-6 (Nanchang CJ -6) လေယာဉ် ကို အခြေခံပြီး စစ်ကောင်စီလေတပ်က အစအဆုံး ဒီဇိုင်းဆွဲ ထုတ်လုပ်တဲ့ လေယာဉ် ဖြစ်တယ်လို့ ဆိုကြပါတယ်။
အချို့ကလည်း လုံးဝကော်ပီကူး Reverse Engineering လုပ်ထားတယ်လို့ ဆိုကြပါတယ်။
MTX-1A လေယာဉ်ကို ၂၀၂၁ ခုနှစ်က လေတပ်နှစ်ပတ်လည်မှ စတင်ပွဲထုတ်လာပြီး တပ်တော်ဝင်ခဲ့တာကို တွေ့ရှိရပါတယ်။
စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ MRTV ရုပ်မြင်သံကြားသတင်းအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လေတပ်ရဲ့ တံခွန်အုပ်ဖွဲ့မှ ဗိုလ်မှူး သက်နိုင်ဦးနဲ့ ဗိုလ်ကြီးမျိုးသူတို့က သရုပ်ပြ မောင်းနှင်ပြီး တပ်တော်ဝင် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
ကိုယ်တိုင်ထုတ်တယ်ဆိုပေမယ့် တရုတ်လုပ် PT-6A (PT-6 လေယာဉ်၏ မျိုးကွဲ A) လေယာဉ်နဲ့ ကိုယ်ထည် ဒီဇိုင်း၊ အချိုးအစားများဟာ ချွတ်စွပ်နီးပါး တူနေပြီး ရေဒါ၊ အင်ဂျင်နဲ့ အချက်ပြစနစ်တွေကို ဘယ်နိုင်ငံက စနစ်တွေ ယူသုံးထားသလဲ မသိရသေးပါဘူး။
ဒီလေယာဉ်စမ်းသပ်ထုတ်လုပ်မှုမှာ တရုတ်နိုင်ငံရဲ့ နည်းပညာ အကူအညီ အထောက်အပံ့လည်းများစွာ ပါဝင်နိုင်ပါသေးတယ်။ PT-6 လိုပဲ နှစ်ယောက်မောင်း လေယာဉ်ဖြစ်ပြီးတော့ ပန်ကာတပ်လေယာဉ်ပျံ(Turboprop)ပဲ ဖြစ်ပါ တယ်။
လက်ရှိ လေယာဉ်ပုံစံတွေအရ စက်အမြောက်လက်နက် တပ်ဆင်ထားခြင်း မရှိတာကို တွေ့ရပြီး ဗုံးနဲ့ ဒုံးကျည်များ ပစ်လွှတ်ဖို့ အမာနေရာ (hardpoint) များလည်း မရှိသေးပါဘူး။
စစ်ကောင်စီလေတပ်ရဲ့ အမောင်းသင်လေယာဉ်တွေ ဆက်လက်ဝယ်ယူနေမှုအရ ထုတ်လုပ်ထားပြီး အရေအတွက် အနည်းငယ်နဲ့ စမ်းသပ်ဆဲအဆင့်အနေအထားသာ ရှိဦးမယ်လို့ ယူဆရပါတယ်။
PT-6A လေယာဉ်နဲ့ ဒီဇိုင်း တူညီမှုအရ စွမ်းဆောင်ရည်သဘောမှာလဲ တူညီမှုရှိမယ်လို့ ယူဆနိုင်ပါတယ်။ PT-6 လေယာဉ်ဟာ ကီလိုမီတာ ၃၀၀ ခန့်သာ အမြန်နှုန်းရှိပြီး အမြင့်ပေမီတာ ၆၀၀၀ ခန့်သာ တက်ရောက်နိုင်ပါတယ်။
လက်နက်တပ်ဆင်နိုင်အောင် ပြုပြင်ထားတဲ့ မျိုးကွဲတွေ ရှိပေမယ့် လက်နက်ပမာဏ အနည်းငယ်သာ တပ်ဆင်နိုင်ပါ တယ်။ ၇.၆၂ ကျည်သုံး စက်သေနတ်သာ တပ်ဆင်နိုင်ပြီး စက်အမြောက်တပ်ဆင်နိုင်ခြင်း မရှိပါဘူး။
သံချပ်ကာ အကာအရံလည်း နည်းပါးမယ်လို့ ယူဆရပါတယ်။ လက်ရှိမှာ PT-6 လေယာဉ်တွေကို တရုတ်၊ မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုလေတပ်တို့ကပါ အသုံးပြုနေတာကို တွေ့ရပါတယ်။
PT-6 တွေဟာ အမောင်းသင်လေယာဉ်တွေထဲမှာမှ ဒီဇိုင်းသက်တမ်းအိုမင်းနေသလို စွမ်းဆောင်ရည်နိမ့်ပါးပြီး စိတ်ချရမှု နည်းပါးတယ်လို့ နာမည်ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ် လေတပ်မှာ PT-6 တစင်းပျက်ကျထားပြီး သီရိလင်္ကာလေတပ်မှာလည်း ၂၀၂၀ ခုနှစ်က လေယာဉ်မှူး အသက်ဆုံးရှုံးတဲ့ အထိဖြစ်ခဲ့တဲ့ စက်ချို့ယွင်းမှု ဖြစ်ပွားထားပါတယ်။ စစ်ကောင်စီပိုင် PT-6 တွေထဲကပဲ လေယာဉ်တစင်း ပြီးခဲ့တဲ့ နိုဝင်ဘာလက ထားဝယ်ဘက်မှာ ပျံသန်းနေစဉ် ပျက်ကျထားတယ်လို့ သိရပါတယ်။
မြန်မာလေတပ်ရဲ့ PT-6 လေယာဉ်များ
ဒီအချက်အလက်တွေအရ MTX-1A လေယာဉ်ဟာ စမ်းသပ်ဆဲအနေအထားမှာ ရှိသေးပြီး စွမ်းဆောင်ရည် အကန့် အသတ်များတဲ့ ဘုရားစူး ကိုယ်တိုင်ထုတ် လေယာဉ်တစင်းလို့ တွက်ဆနိုင်ပါတယ်။
လေကြောင်းကင်းထောက် တာဝန်နဲ့ မြေပြင်တိုက်ခိုက်ရေး တာဝန်တွေထမ်းဆောင်ဖို့အတွက်ဆိုရင် စွမ်းရည် အလွန် ားနည်းတဲ့ လေယာဉ်တစင်းပဲ ဖြစ်မှာပါ။
ဒါကြောင့် လောလောဆယ်အနေအထားမှာရော စမ်းသပ်မှုအောင်မြင်သွားရင်တောင် စစ်ကောင်စီအတွက် ဝါဒ ဖြန့်ချိရေးထက် ပိုအသုံးမဝင်မယ့် စစ်လက်နက်ပစ္စည်း အမျိုးအစားတွေထဲက တခုပဲဖြစ်လာမှာ ဖြစ်ပါတယ်။
You may also like these stories:
ကုန်းသာတိုက်ပွဲ အလိမ်အညာသတင်း နောက်ကွယ်
သတိထားရမယ့် တရုတ်လုပ် FTC – 2000G တိုက်လေယာဉ်များ
နမ့်ဆန်က စစ်ကောင်စီ လေကြောင်းချီစစ်ဆင်ရေး ဘာကြောင့် ကျရှုံးရသလဲ
ဗီယက်နမ်က ပထမဆုံးအကြိမ် ကာကွယ်ရေး ပစ္စည်းပြပွဲပြုလုပ်