အမေရိကန်၏ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၃ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ထိုးအတည်ပြုလိုက်သဖြင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် မကြာမီ စတင်တော့မည် ဖြစ်သည်။
NDAA ကို အမေရိကန်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့က မဲခွဲအတည်ပြုပြီးနောက် သမ္မတက လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။ NDAA သည် အမေရိကန်ကာကွယ်ရေးအတွက် အရေးကြီးသည့် ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေတရပ်ဖြစ်ပြီး ယင်းဥပဒေထဲတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် Burma Act ဆိုသည့် ဥပဒေတရပ်လည်း ပါဝင်လာသည်။
Burma Act တွင် မြန်မာနိုင်ငံရှိ အာဏာသိမ်းမှုဆန့်ကျင်သော တော်လှန်ရေးအင်အားစုများအတွက် ကူညီထောက်ပံ့ပေးမည့် ကိစ္စများ ပါဝင်ပြီး ၎င်းတွင် အားနည်းချက်၊ အားသာချက်များ ရှိနေကြောင်း တက်ကြွလှုပ်ရှားသူများနှင့် မြန်မာ့အရေးလေ့လာသူအချို့က ဆိုသည်။
Burma Act ဘာလဲ
Burma Act ကို ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်နေ့က ပြုလုပ်သော အောက်လွှတ်တော်အစည်းအဝေးတွင် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ နယူးယောက်ပြည်နယ်လွှတ်တော်အမတ် ဂရီဂိုရီမိခ်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
Burma Act ပါဝင်သည့် NDAA ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် အမေရိကန်အောက်လွှတ်တော်က အတည်ပြုပြီး အထက်လွှတ်တော်ကို ဆက်လက်တင်ပြခဲ့ရာ ဒီဇင်ဘာ ၁၆ ရက် တွင် အတည်ပြုခဲ့သည်။
Burma Act အရ အမေရိကန်အစိုးရအသုံးစရိတ်ထဲမှ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွက် အကူအညီ အထောက်အပံ့များ ပေးအပ်ခြင်း ရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ အကူအညီများရရှိမည်ဖြစ်ပြီး ဥပဒေ၏ သက်တမ်းမှာ ၈ နှစ်ကြာမည် ဖြစ်သည်။
Burma Act ကို လေ့လာကြည့်ပါက အကြမ်းအားဖြင့် မူဝါဒရေးရာ ဖော်ပြချက်၊ အရေးယူပိတ်ဆိုမှုများ ချမှတ်ခြင်း၊ ကူညီထောက်ပံ့မှုများ ပေးခြင်း၊ တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ခြင်းဆိုသည့် အဓိက ကဏ္ဍ ၄ ရပ် ပါဝင်ကြောင်း လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခုဖြစ်သော Global Witness မှ မူဝါဒဆိုင်ရာ အတိုင်ပင်ခံ Keel Ditz က ဒီဇင်ဘာတတိယပတ်က ပြုလုပ်သည့် ယင်းဥပဒေနှင့်ပတ်သက်သော အွန်လိုင်းဆွေးနွေးပွဲတွင် ပြောသည်။
အခန်း (၁) မူဝါဒဖော်ပြချက်
အခန်း (၁) မူဝါဒရေးရာ ဖော်ပြချက်တွင် သတင်းစကားအဖြစ် ဦးစားပေးမူဝါဒများကို ဖော်ပြထားပြီး ဥပဒေနှင့်ပတ်သက်၍ အောင်မြင်ရန် မျှော်မှန်းသည့် ရည်မှန်းချက်များကို ဖော်ပြထားသည်။
အဓိကအချက်အနေနှင့် မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု စသည့် အာဏာသိမ်းမှုဆန့်ကျင်သည့် အုပ်စုများကို ထောက်ခံကြောင်း ပါရှိသည်။
သို့သော်လည်း မည်ကဲ့သို့ အမေရိကန်က ထောက်ခံသည်ကို အသေးစိတ်ဖော်ပြထားမှု မရှိပေ။
မြန်မာနိုင်ငံအရပ်ဖက်အုပ်ချုပ်ရေးသွားရန် အမေရိကန်ဘက်က ထောက်ခံကြောင်းပါရှိပြီး မြန်မာနိုင်ငံ ဖက်ဒရယ်လမ်းကြောင်းသွားသည့် အပေါ် ထောက်ခံသည့် အခြေအနေရှိကြောင်း Keel Ditz က ဆိုသည်။
အခန်း (၁) တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူသားချင်းစာနာမှု အကူအညီများ ပေးရေး ၊ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် ဆက်လက်အကူအညီပေးရေးကိစ္စရပ်များ အပြင် တရုတ်နှင့် ရုရှားသည် မြန်မာစစ်အာဏာရှင်ကို အဓိက ထောက်ပံ့သူများ ဖြစ်ကြောင်း ဖော်ပြချက်များ ပါဝင်သည်။
အခန်း (၂) ဒဏ်ခတ်အရေးယူခြင်း
အခန်း (၂) တွင် မြန်မာနိုင်ငံရှိ စစ်တပ်နှင့် ဆက်စပ်သူများကို ဒဏ်ခတ်အရေးယူပိတ်ဆို့နိုင်ရေး အတွက် ဥပဒေပိုင်းဆိုင်ရာ ဖော်ပြချက်များ ပါဝင်သည်။ မြန်မာစစ်တပ်နှင့် ဆက်စပ်ပတ်သက်သူများအား အရေးယူရန် ညွှန်ကြားထားသည့် သမ္မတဘိုင်ဒန်၏ အမိန့် ကို ဥပဒေထဲတွင် ထည့်သွင်းဖော်ပြထားပြီး အရေးယူပိတ်ဆို့မှုကို ဥပဒေပြဌာန်းပြီးနောက် ၆ လအတွင်း မဖြစ်မနေပြုလုပ်ရမည်ဟု ပါရှိသည်။
အမေရိကန်က ပစ်မှတ်ထား အရေးယူပိတ်ဆို့မည်သူများမှာ ယေဘူယျအားဖြင့် အကြီးတန်း စစ်တပ်အရာရှိများ ၊ စစ်ကောင်စီအဖွဲ့ဝင်များ ၊ ဝန်ကြီး ၊ ဒုဝန်ကြီးများ၊ မြန်မာစစ်တပ်နှင့် ဆက်စပ်ပတ်သက်သည့်သူများဖြစ်ပြီး အရေးယူမည့် လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်းကို အမေရိကန်အစိုးရက သတ်မှတ်မည်ဖြစ်ကြောင်း ယင်းဥပဒေကို လေ့လာသူအချို့က ဆိုသည်။
ဥပဒေတွင် ချွင်းချက်အနေနှင့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူဒဏ်ခတ်ရန် ချန်လှပ်ထားသည်။ မြန်မာစစ်ကောင်စီသည် MOGE တစ်ခုတည်းမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေရရှိနေသဖြင့် ထိုဝင်ငွေဖြတ်ပစ်ရန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက တောင်းဆိုထားသော်လည်း ဥပဒေတွင် ပါမလာခြင်း ဖြစ်သည်။
သို့သော်လည်း အရေးယူပိတ်ဆို့နိုင်ရေး ထည့်သွင်းစဉ်းစားရမည့် ကိစ္စများတွင် MOGE ကို ဖော်ပြထားပြီး ဒီမိုကရေစီကို ဖိနှိပ်သည့် မည်သည့် လူပုဂ္ဂိုလ်အစုအဖွဲ့ကို မဆို အရေးယူပိတ်ဆို့ရန် စဉ်းစားနိုင်ကြောင်း ပြဌာန်းထားသည်။
ဆက်လက်၍ ဥပဒေအခန်း (၂) တွင် မြန်မာစစ်တပ်ကိုယ်စား ဘဏ်အကောင့်ဖွင့်ပေးခြင်းနှင့် ကိုယ်စားငွေကြေးဝန်ဆောင်မှုများ အသုံးပြုခြင်းအား တားမြစ်အရေးယူရမည်ဆိုသည့် ပြဌာန်းချက်လည်း ပါဝင်လာသည်။
အခန်း (၃) ကူညီထောက်ပံ့မှုများပေးခြင်း
Burma Act အခန်း (၃) တွင် ကူညီထောက်ပံ့မှုများ ပေးခြင်းပါဝင်ပြီး မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၅ နှစ် အကူညီပေးမည်ဟု ပါရှိသည်။
၂၀၂၃ ခုနှစ်အတွက် အကူအညီကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့တောင်အာရှဌာနက ဒေါ်လာ သန်း ၅၀ ဖိုးကူညီမည်ဖြစ်ပြီး အခြားဌာနတခုမှ ဒေါ်လာ ၄ သန်း စုစုပေါင်း ဒေါ်လာ ၅၄ သန်းကူညီမည့် အခြေအနေရှိကြောင်း Keel Ditz က ပြောသည်။
သို့သော်လည်း ဥပဒေတွင် ၂၀၂၇ ခုနှစ်အထိ အကူအညီပမာဏ မည်မျှကို ပေးရမည်ဟု တိတိပပ မပါရှိသဖြင့် ပေးအပ်မည့်အကူအညီကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများက နှစ်စဉ် အမေရိကန်အစိုးရထံ တောင်းယူရမည့် သဘောရှိကြောင်း ၎င်းက ထောက်ပြသည်။
အခန်း (၃) တွင် အမေရိကန်အနေနှင့် NUG ၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (EAOs) များအား လူသေစေနိုင်ခြင်း မရှိသည့် (Non-Lethal) အကူအညီများ ပေးရမည်ဟုပါရှိသည်။ ယင်းအပြင် စစ်ကောင်စီတပ်အား စွန့်ခွာကာ တော်လှန်ရေးဘက်သို့ ဘက်ပြောင်းလာသည့် လူပုဂ္ဂိုလ်များအား ကူညီပေးရမည်ဟု ဥပဒေတွင် ရေးသားထားသည်။
ဥပဒေအရ အမေရိကန်ဘက်က ကူညီနိုင်သည့် ကိစ္စများမှာ ဖက်ဒရယ်နှင့် ပတ်သက်၍ လူမျိုးစုများအကြား အဆင်ပြေစွာပေါင်းစည်းနိုင်ရေး ဆွေးနွေးပွဲများအား ထောက်ပံ့ခြင်း ၊ မဟာဗျူဟာမြောက် ဆက်သွယ်ဆက်ဆံရေး ဆိုင်ရာ သင်တန်းများပေးခြင်း ၊ ပညာရေး ၊ ကျန်းမာရေးဆိုင်ရာအကူအညီများ ပေးခြင်းစသည်တို့ ဖြစ်သည်။
ဥပဒေပါပြဌာန်းချက်အရ အမေရိကန်ဘက်မှ ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေပေးနိုင်သော်လည်း လက်တွေ့လုပ်ဆောင်မှု ရှိမရှိမှာ ကြိုတင်ခန့်မှန်းရခက်ကြောင်း Keel Ditz က ဆိုသည်။
ယင်းအပြင် အခန်း ၃ ၌ အမေရိကန်၏ ငွေကြေးအထောက်အပံ့ရယူထားသည့် အဖွဲ့များအနေနှင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မည်သည့် အဖွဲ့အစည်းကို မဆို အထောက်အပံ့မပြုရဟု ပါရှိသည်။ ယင်းပြဌာန်းချက်သည် လူသားချင်းစာနာမှုအကူညီပေးရေး အကြောင်းပြချက်ဖြင့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်အလုပ်လုပ်မည့် အဖွဲ့အစည်းအချို့ကို ကြိုတင်တားမြစ်သည့် သဘောလည်း ဖြစ်ကြောင်း သိရသည်။
အခန်း (၄) တရားမျှတမှုနှင့် တာဝန်ခံမှု
တရားမျှတမှုနှင့် တာဝန်ခံမှု အပိုင်းတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ စစ်ရာဇဝတ်မှု ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ၊ လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းတင်သည့် အဖွဲ့များအား ထောက်ပံ့ရမည်ဟု ပါရှိသည်။ အမေရိကန်အနေဖြင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (IIMM) ကို ဆက်လက် ထောက်ခံ ပံ့ပိုးမည်ဖြစ်သည်။
အကယ်၍ မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ် ရှုံးနိမ့်သွားပါက မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ဆောင်မည့် တရားမျှတမှုနှင့် တာဝန်ခံမှု ကိစ္စများကဲ့သို့ တရားစီရင်ရေး ယန္တရားအား ဆက်လက် ထောက်ပံ့ရမည်ဟု အခန်း (၄) တွင် ပါရှိသည်။
မြန်မာနိုင်ငံ ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာများ အပေါ် မြန်မာစစ်တပ်၏ ရက်စက်မှုများအား လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟု ဆုံးဖြတ်နိုင်ရန် တွန်းအားပေးရေး အမေရိကန်က ဆက်လက်အာရုံစိုက်မည်ဟုလည်း ဥပဒေတွင် ရေးသားထားသည်။
Keel Ditz က Burma Act သည် မြန်မာနိုင်ငံအရေးအတွက် လိုအပ်သည့် ဥပဒေတရပ်ဖြစ်သော်လည်း အားနည်းချက် အချို့ရှိကြောင်း ပြောသည်။
၎င်းက ဥပဒေတွင် အားနည်းချက်အနေနှင့် MOGE အား အရေးယူပိတ်ဆို့မည်ဟု မပါရှိခြင်း ၊ မြန်မာနိုင်ငံအတွက် ငွေကြေးမည်မျှကို ကူညီမည်ဟု တိတိပပမပါခြင်း ၊ NUG ကို အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမည်ဟု မပါခြင်း ၊ အမေရိကန်ဘက်က ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံပိုင် ငွေကြေး ဒေါ်လာ ၁ ဘီလီယံကို ပြန်ပေးမည်ဟု မပါခြင်းနှင့် မြန်မာ့အရေး အာဆီယံအဖွဲ့က ဖြေရှင်းနေသည့် ကိစ္စများနှင့် ပတ်သက်၍ သဘောထားမှတ်ချက်များ မပါဝင်ခြင်းတို့ ဖြစ်ကြောင်း ထောက်ပြသည်။
၎င်းက “နောက်တခုက အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်နဲ့ပတ်သက်ပြီး အလုပ်လုပ်နိုင်တာက ပီပီပြင်ပြင် မရှိလှဘူး။ လွှတ်တော်အနေနဲ့ ဖိအားတွေ ပိုလုပ်ရမယ့် သဘောရှိတယ်။ မြန်မာ့အရေးတက်ကြွလှုပ်ရှားတဲ့ နိုင်ငံတကာအဖွဲ့တွေ ရော ၊ မြန်မာနိုင်ငံထဲက အဖွဲ့တွေရော အမေရိကန်အစိုးရကို ဆက်ပြီး တွန်းအားပေးဖို့ လုပ်ကြရဦးမယ်ထင်တယ်” ဟု ဆိုသည်။
အမေရိကန် အထက်လွှတ်တော်အမတ်နဲ့ ရီပတ်ဘလစ်ကန် အမတ်များခေါင်းဆောင် မစ်ချ် မက်ကောနယ်ကလည်း “ဒီနှစ် NDAA ဥပဒေမှာ Burma Act ဥပဒေ ကြမ်းကို ထည့်သွင်းအတည်ပြုလိုက်တာဟာ အမေရိကန်အစိုးရက ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဖြစ်နေတဲ့ ကိစ္စကို လွှတ်တော်က ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။ လွှတ်တော်အနေနဲ့ ဥပဒေ အတည်ပြု ပြဌာန်းပေးတဲ့ အပိုင်းကိုပဲ လုပ်နိုင်ပါတယ်။ အခုဆိုရင် အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့က သမ္မတ ဂျိုးဘိုင်ဒင် အစိုးရရဲ့ တာဝန်ဖြစ်သွားပါပြီ။ အချိန်လည်း သိပ်မရှိတော့ပါဘူး” ဟု ဒီဇင်ဘာ ၂၀ ရက်က ကျင်းပသည့် အမေရိကန်အထက်လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ ဉပဒေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဖြစ်သူ ဒူဝါလရှီးလ ကလည်း အခက်အခဲများကြား ရုန်းကန်နေရသည့် မြန်မာပြည်သူ၊ပြည်သားများ လိုလားသည့် မျှော်လင့်ချက်များကို ဘားမားအက် ဥပဒေက အကူအညီပေးနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများကိုလည်း ပိုမိုအားကောင်းလာစေမည်ဖြစ်သောကြောင့် အမေရိကန် ကွန်ဂရက်နှင့် ဘားမားအက် ဥပေဒ အတည်ပြုနိုင်ရေးအတွက် စွမ်းစွမ်းတမံ ပါဝင်ကူညီပေးကြသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။
You may also like these stories:
စစ်ကောင်စီကို ရာဇသံပေးလိုက်တာ၊ နောက်ဆုံး သတိပေးလိုက်တာပဲ
မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး
မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု
မြန်မာ ရွေးကောက်ပွဲအစီအစဉ် အမေရိကန် လက်မခံ
မြန်မာ့အရေးဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ အတည်ပြု