၂၀၂၂ ခုနှစ် ASEAN ဥက္ကဋ္ဌတာဝန်ကို ယူခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်ဟာ ဖနွမ်ဖင်မှာ ကျင်းပခဲ့တဲ့ ASEAN ထိပ်သီးအစည်းအဝေးရဲ့ နောက်ဆုံးနေ့ နိုဝင်ဘာလ ၁၃ ရက်က အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကိုဝီထံ ၂၀၂၃ ခုနှစ်မှာ ASEANကို ဦးဆောင်ဖို့ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ မစ္စတာ ဂျိုကိုဝီရဲ့ လက်ထဲကို အဆောင်အယောင်အဖြစ် အစည်းအဝေး သဘာပတိ တူငယ် (Gavel) လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒါဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အရေးကိစ္စတွေကို သက်ဆိုင်ရာ နယ်ပယ်အလိုက် ဦးစီးဦးဆောင်ပြုဖို့ တာဝန်အပ်နှင်းခြင်းလည်း ဖြစ်ပါတယ်။
ASEAN လို့ ဆိုလိုက်တာနဲ့ ကျနော်တို့တွေရဲ့ အသိုင်းအဝိုင်းမှာရော၊ ASEAN ဒေသတွင်းက လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအရ (သို့) လူ့အခွင့်အရေးအရ မေးခွန်းထုတ်သူတွေ အသိုင်းအဝိုင်းမှာရော အားမလို အားမရဖြစ်မှုအသံတွေ ထွက်လာတတ်စမြဲပါ။ ဒီလိုပါပဲ၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ASEAN ရဲ့ ကိုင်တွယ်မှုတွေမှာလည်း ဆူညံသံတွေနဲ့ မေးခွန်းတွေကို ပြီးခဲ့တဲ့ ကာလတွေအတွင်းမှာ ကြားသိခဲ့ကြရ၊ မြင်တွေ့ခဲ့ကြရပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့အရေးနဲ့ ပတ်သက်လို့ ASEAN ရဲ့ ကိုင်တွယ်မှုတွေမှာ သတိပြုစရာတွေ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရထံကနေ အာဏာသိမ်းယူပြီး ၂ လကျော်အကြာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ASEAN ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့ ညီလာခံတခုကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်က ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင်တယောက်ကို တက်ရောက်ခွင့် ပေးသင့်၊ မပေးသင့်ဆိုတဲ့ အငြင်းပွားမှုပေါင်းများစွာ ရှိခဲ့သလို ကန့်ကွက်မှုများစွာကိုလည်း ASEAN ဟာ လက်ခံရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေကလည်း ပြည်သူတွေကို နှိပ်ကွပ်တဲ့နေရာမှာ ဘယ်လောက် လက်သံပြောင်သလဲဆိုရင် သူတို့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေး သွားတက်တဲ့ ဧပြီ ၂၄ ရက်နေ့ မနက်မှာတောင် ပြည်သူတွေကို သတ်ပြီး အလောင်းတွေ မိသားစုတွေဆီ ပြန်ပေးနေခဲ့ပါတယ်။ ပြည်မြို့က ကိုသူရအောင်နဲ့ တခြားသူ နှစ်ဦးကို ဧပြီလ ၂၂ ရက်မှာ ဖမ်းဆီးခဲ့ကြပြီး အလောင်းကို အိမ်လာပြန်ပေးနေခဲ့ကြတာပါ။
စစ်ကောင်စီတပ်သားတွေကလည်း ပြည်သူတွေကို နှိပ်ကွပ်တဲ့နေရာမှာ ဘယ်လောက် လက်သံပြောင်သလဲဆိုရင် သူတို့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေး သွားတက်တဲ့ ဧပြီ ၂၄ ရက်နေ့ မနက်မှာတောင် ပြည်သူတွေကို သတ်ပြီး အလောင်းတွေ မိသားစုတွေဆီ ပြန်ပေးနေခဲ့ပါတယ်။
ဒီလိုအဖြစ်အပျက်တွေကို ကမ္ဘာ့မီဒီယာတွေကနေ မီးမောင်းထိုးပြရင်း ASEAN ခေါင်းဆောင်တွေကို ဖိအားပေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန် မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်ကတော့ အာဏာသိမ်းစစ်အုပ်စုကို ASEAN က လူရာမသွင်းဖို့ရယ်၊ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေမှာ ASEAN အနေနဲ့ ပိုမိုပါဝင်ပေးပြီး မြန်မာပြည်သူတွေရဲ့ စကားသံကို နားထောင်ပေးဖို့ရယ်ပါ။
ဒါပေမယ့် ပေါင်းစပ်ညှိနှိုင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေပဲ ASEAN ဟာ မြန်မာကို ချဉ်းကပ်ခဲ့ပါတယ်။ ပထမဆုံး မြန်မာနဲ့ ပတ်သက်လို့ ASEAN ရဲ့ နာမည်ကျော် လုပ်ဆောင်မှုကတော့ အချက် ၅ ချက်ပါဝင်တဲ့ ဘုံသဘောတူညီမှု (five-point consensus) ပဲဖြစ်ပါတယ်။ ဒါဟာ စစ်ခေါင်းဆာင်က လိုက်နာပါမယ်လို့ ကတိပြုခဲ့တဲ့ အချက်တွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာတော့ ASEAN မှာ စစ်ကောင်စီရဲ့ ထိုင်ခုံလည်း ပျောက်သွားခဲ့ရတာ ဖြစ်ပါတယ်။
ဘုံသဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူတွေ ဆွေးနွေးကြရေး၊ လူသားချင်းစာနာမှုအကူအညီ ပေးရေး စတာတွေ ပါဝင်ပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် စစ်ခေါင်းဆောင်တွေဟာ ဒီအချက်တွေကို ထိထိမိမိ အကောင်အထည် ဖော်ခဲ့တာမျိုး မရှိဘဲ လက်တလုံးကြား ရှောင်သွေရင်း ASEAN ကို တတ်နိုင်သလောက် လှည့်ဖျားပြီး သူတို့ရဲ့အာဏာ မဆုံးရှုံးဖို့ကိုပဲ လုပ်ခဲ့တာကို တွေ့ရပါလိမ့်မယ်။
ဒီအချက်တွေကို လုပ်ဆောင်ဖို့ရာမှာ အဓိကကျတဲ့အပိုင်းကတော့ စစ်ခေါင်းဆောင်တွေ အာဏာလု ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရ ပြန်လည်ဆွေးနွေးနိုင်ရေးပဲ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ဒီအချက်ကို လုပ်ဆောင်ဖို့ရာမှာ ပျက်ကွက်ခဲ့တာဖြစ်သလို ASEAN ရဲ့ အထူးကိုယ်စားလှယ်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အစရှိတဲ့ အရေးကြီးသူတွေနဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။ တဘက်မှာလည်း ပြည်သူတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းမှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ ချိန်ထိုးပြီး ပြောရမယ်ဆိုရင် ASEAN ရဲ့ ဘုံသဘောတူညီမှု အချက်တွေ စတင်ချမှတ်ချိန်မှာ ပြည်သူတွေ ထိခိုက်နစ်နာရမှုနဲ့ အဲဒီနောက်ပိုင်း ထိခိုက်နစ်နာရမှုဟာ နှိုင်းဆဖို့ ခက်ခဲလောက်အောင် ပိုပြီး ကြီးမားသွားခဲ့ပါတယ်။
ဘုံသဘောတူညီချက်တွေ လုပ်မယ်လို့ စစ်ခေါင်းဆောင်က သဘောတူပြီး ပြန်လာတဲ့နောက် အကြမ်းဖက်မှုတွေ ဆက်လက် လုပ်ခဲ့လို့ လက်ရှိအချိန်မှာတော့ ပြည်သူ ၂,၇၀၀ နီးပါးအထိ သေဆုံးခဲ့ရပါပြီ။ ဒီတော့ ASEANရဲ့ ဘုံသဘောတူညီချက်တွေအပေါ် စစ်ကောင်စီဟာ လေးစားမှု မရှိတာကို ပြသခဲ့ခြင်း ဖြစ်တယ်ဆိုတဲ့အချက်က ပေါ်လွင်ခဲ့တာပါပဲ။
နောက်ဆုံးစစ်တမ်းတွေအရ မြန်မာမှာ စစ်ဘေးရှောင်ပြည်သူ ၁၄ သိန်းကျော် ရှိလာခဲ့ပြီး နိုင်ငံတဝန်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု ၃ သောင်းနီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဘုံသဘောတူညီမှုတွေ ချမှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ နှောင်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၇၀၀ ကျော် သေဆုံးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဘုံသဘောတူညီချက်တွေ လုပ်မယ်လို့ စစ်ခေါင်းဆောင်က သဘောတူပြီး ပြန်လာတဲ့နောက် အကြမ်းဖက်မှုတွေ ဆက်လက် လုပ်ခဲ့လို့ လက်ရှိအချိန်မှာတော့ ပြည်သူ ၂,၇၀၀ နီးပါးအထိ သေဆုံးခဲ့ရပါပြီ။ ဒီတော့ ASEANရဲ့ ဘုံသဘောတူညီချက်တွေအပေါ် စစ်ကောင်စီဟာ လေးစားမှု မရှိတာကို ပြသခဲ့ခြင်း ဖြစ်တယ်ဆိုတဲ့အချက်က ပေါ်လွင်ခဲ့တာပါပဲ။
ASEAN မှာ စစ်ကောင်စီကျဆုံးမှု
“ASEAN က (မြန်မာပြည်သူတွေအတွက်) ဘာမှ မလုပ်ပေးဘူးလို့တော့ ပြောလို့ မရဘူး။ စစ်ခေါင်းဆောင်တွေကို အစည်းအဝေးတွေကနေ နေရာဖယ်ခိုင်းလိုက်တာ၊ Representative လုပ်ခွင့် မပေးတော့တာက နည်းနည်းနောနော အောင်မြင်မှုလား။ ဒါသမိုင်းမှာ မရှိဖူးဘူး” လို့ အမေရိကန် ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာ မီမီဝင်းဘတ်နဲ့ တွေ့ဆုံမှုမှာ သူမက မှတ်ချက်ပြုတယ်။
ဒေါက်တာ မီမီဝင်းဘတ်ဟာ လက်ရှိအချိန်မှာတော့ အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးစင်တာ (Asia-Pacific Center for Security Studies) ရဲ့ ပါမောက္ခလည်း ဖြစ်ပါတယ်။ သူမဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အာဏာမသိမ်းခင် ကာလတွေမှာတည်းက မီဒီယာတွေကတဆင့် အကြံပေး ပြောဆိုခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာတော့ ပေါ်လစီပိုင်းဆိုင်ရာ အကြံပေးမှုတွေကိုပါ ထိထိရောက်ရောက် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
ASEAN ဟာ အဖွဲ့အစည်းတခုဆိုတာထက် နိုင်ငံ ၁၀ နိုင်ငံရဲ့ အစိုးရတွေက ပါဝင်ဆုံးဖြတ်၊ ဆွေးနွေးရတဲ့ အခြေအနေဖြစ်တာမို့ ASEAN ကို ထောက်ပြဖို့ လိုအပ်သလို နားလည်ဖို့လည်း လိုအပ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ASEAN မှာ အစိုးရ အုပ်ချုပ်မှု ပုံစံအရရော၊ စီးပွားရေးပိုင်းအရပါ အင်အားကောင်းလာတဲ့ အင်ဒိုနီးရှားဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စဉ်းစားတဲ့နေရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှုထောင့်အပေါ် ပြန်လည်မျက်နှာမူနိုင်ဖို့ ASEAN အစည်းအဝေးတွေမှာ အားမနာတမ်း တွန်းအားပေးလေ့ရှိပါတယ်။
“အင်ဒိုနီးရှားက Hardliner ပဲ၊ ASEAN ထဲမှာ။ သူတို့က မာတယ်။ နောက်ပြီး မင်းအောင်လှိုင်က ASEAN ကို မထီလေးစား လုပ်တယ်လို့ သူတို့ (အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ) စိတ်ထဲမှာ ထင်ထားတယ်။ သူတို့ သဘောတူချက်ကို (စစ်ခေါင်းဆောင်က) လုပ်မယ်ဆိုပြီး မလုပ်ဘူး” လို့ ဒေါက်တာ မီမီဝင်းဘတ်က ASEAN ရဲ့ ဥက္ကဋ္ဌသစ်နဲ့ ပတ်သက်လို့ သုံးသပ်တယ်။ စစ်ခေါင်းဆောင်အပေါ် အာဏာသိမ်းပြီးသည့်တိုင်အောင် အမြဲတစေ ပံ့ပိုးပေးဖို့ ရှိနေခဲ့တဲ့ ကမ္ဘောဒီးယားတောင် မြန်မာ့အရေးကို စိတ်ပျက်ခဲ့ရ၊ ASEAN ထဲမှာ မျက်နှာပျက်ခဲ့ရတဲ့အထိ စစ်ကောင်စီဘက်က ASEAN ကို မထီလေးစားလုပ်ခဲ့တယ်ဆိုတာမျိုး ASEAN ထဲမှာ ရှိလာခဲ့ကြောင်း သူမက ရှင်းပြပါတယ်။
စစ်ခေါင်းဆောင်တွေက နိုင်ငံအများကြီးနဲ့ မပတ်သက်ဘဲ အထီးကျန် သီးသန့်နေထိုင်လို့ ရပါတယ်ဆိုတဲ့ သတင်းစကားနဲ့ နိုင်ငံတကာကိုရော၊ ပြည်သူတွေကိုရော၊ အတိုက်အခံတွေကိုရော သူတို့ရဲ့ စဉ်းစားချက်ကို သိကြားစေခဲ့ပေမယ့် တကယ် အထီးကျန်နေထိုင်ဖို့ အခြေအနေ မရှိဘူးလို့ ဒေါက်တာ မီမီဝင်းဘတ်က သုံးသပ်တယ်။
စစ်ခေါင်းဆောင်တွေက နိုင်ငံအများကြီးနဲ့ မပတ်သက်ဘဲ အထီးကျန် သီးသန့်နေထိုင်လို့ ရပါတယ်ဆိုတဲ့ သတင်းစကားနဲ့ နိုင်ငံတကာကိုရော၊ ပြည်သူတွေကိုရော၊ အတိုက်အခံတွေကိုရော သူတို့ရဲ့ စဉ်းစားချက်ကို သိကြားစေခဲ့ပေမယ့် တကယ် အထီးကျန်နေထိုင်ဖို့ အခြေအနေ မရှိဘူးလို့ ဒေါက်တာ မီမီဝင်းဘတ်က သုံးသပ်တယ်။ ပထဝီအရရော၊ စီးပွားရေးအရရော၊ ပွင့်လင်းလာတဲ့ တိုင်းပြည်ရဲ့ အခြေအနေအရပါ သီးသန့်နေထိုင်ဖို့ မလွယ်တော့ဘူးလို့ သူမက ဆိုပါတယ်။ တကယ်လို့ သီးသန့်နေထိုင်ချင်ရင် အင်အားကြီးမားလွန်းတဲ့ တိုင်းပြည်တခုကို ဩဇာခံရမှာဖြစ်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ ခုခံစစ် တွန်းလှန်နေသူ ပြည်သူတွေကိုရော တိုက်ခိုက်နေရရင် အဲ့ဒီလို ဩဇာခံမှုကလည်း အကျိုးသက်ရောက်မှု အားနည်းနေမှာ ဖြစ်ပါတယ်။
ASEAN နဲ့ NUG ကြားက တွေးဆစရာများ
အထက်မှာ ပြောခဲ့တဲ့အကြောင်းအရာတွေမှာ ပါခဲ့သလို ASEAN ဟာ နိုင်ငံပေါင်း ၁၀ နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေရတဲ့ အသိုက်အဝန်းတခုဖြစ်တာမို့ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရ စဉ်းစားရတာတွေမှာ အဖြူ (သို့) အမည်းဆိုတာထက် ပိုမိုသိမ်မွေ့မှုတွေ ရှိနေပါတယ်။ အဲဒီအထဲမှာ ဒေသတွင်းအဆင့်လို့ ပြောပြော၊ နိုင်ငံတကာအဆင့်လို့ပြောပြော ASEAN ဟာ အသက်ဝင်ပါတယ်။
အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ အချိန်ကာလတွေအတွင်း ASEAN နဲ့ ပတ်သက်လို့ မတူညီတဲ့ ထင်မြင်ယူဆချက်များစွာ ရှိခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေရော၊ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကြိုးပမ်းနေသူတွေနဲ့ အဖွဲ့အစည်းများစွာဟာ ASEANကို စဉ်းစားရပါတယ်။ ဒါဟာ Legitimacy (တရားဝင်ဖြစ်မှု) နဲ့ Diplomacy (သံခင်းတမန်ခင်း ဆက်ဆံရေး) လို့ ခေါ်တဲ့ နိုင်ငံတကာဇာတ်ခုံမှာ တရားဝင်မှုအတွက် ပြင်ဆင်ရခြင်းပဲ ဖြစ်ပါတယ်။
ASEAN ထဲမှာ NUG ဟာ တတ်နိုင်တဲ့ဘက်က ထိုးဖောက်ဝင်ရောက်ခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီအလုပ်တွေကို အဓိကအားဖြင့် NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုးစားလုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် မလေးရှားနဲ့ဆို ထင်သာမြင်သာရှိရှိ ဆွေးနွေးနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဒေါ်ဇင်မာအောင်ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ နဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒါဟာ ASEAN ထဲက ထိပ်ပိုင်းခေါင်းဆောင်တဦးရဲ့ NUG အစိုးရနဲ့ ထင်ထင်ပေါ်ပေါ် တွေ့ဆုံမှုလည်း ဖြစ်ခဲ့ပါတယ်။
NUG ရဲ့ အခြားသော ဝန်ကြီးဌာနတွေကလည်း သူတို့ရဲ့ သက်ဆိုင်ရာကဏ္ဍတွေအလိုက် ASEAN နိုင်ငံတွေဆီ ချိတ်ဆက်လုပ်ဆောင်ရတဲ့ အခြေအနေများစွာလည်း ရှိနေပါတယ်။ NUG အစိုးရရဲ့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ASEAN ဟာ မြန်မာပါဝင်နေတဲ့ ဒေသတွင်း အသိုက်အဝန်းတခုဖြစ်တာမို့ မြန်မာပြည်သူတွေအတွက်ရော၊ NUG အတွက်ရော အရေးပါကြောင်း ပြောပြပါတယ်။ သူ့အနေနဲ့တော့ ဘရူနိုင်း၊ ကမ္ဘောဒီးယားထက်စာရင် ၂၀၂၃ ASEAN ဥက္ကဋ္ဌ အင်ဒိုနီးရှားအပေါ် ပိုမျှော်လင့်မိကြောင်း ဖွင့်ဟပါတယ်။
ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စတင်ခဲ့စဉ်က ဘရူနိုင်းဟာ ၂၀၂၁ ASEAN ရဲ့ ဥက္ကဋ္ဌပါ။ ဒါပေမယ့် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု နည်းတဲ့နိုင်ငံဖြစ်ပြီး အရင်တည်းကမှ ASEAN မှာ ဩဇာသက်ရောက်မှု အားနည်းတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားကတော့ စစ်ခေါင်းဆောင်နဲ့ ရင်းနှီးမှုပိုအားကောင်းပြီး မြန်မာ့ပြဿနာကို ရှင်းနိုင်မယ့် အခြေအနေမှာ ရှိခဲ့တယ်လို့ ယူဆခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ မြန်မာ့အရေးက စူပါမန်းတောင် မရှင်းနိုင်ဘူးလို့ အော်ပြေးခဲ့ရတာပါ။ မြန်မာ့အရေးကို ဖြေရှင်းဖို့ ASEAN ရဲ့ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းက ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၆ ရက်က ဖနွမ်ပင်မှာ ကျင်းပခဲ့တဲ့ (၅၅) ကြိမ်မြောက် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးကို စူပါမန်းတောင် မရှင်းနိုင်ဘူးလို့ ပြောခဲ့တာပါ။ ဒါကြောင့်မို့ ASEANထဲမှာ အင်အားလည်းရှိ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တန်ဖိုးထားမှုလည်း မြင့်တက်နေတဲ့ အင်ဒိုနီးရှားဆီကနေ ပိုမိုမျှော်လင့်မိနေကြတာလည်း ဖြစ်ပါတယ်။
ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စတင်ခဲ့စဉ်က ဘရူနိုင်းဟာ ၂၀၂၁ ASEAN ရဲ့ ဥက္ကဋ္ဌပါ။ ဒါပေမယ့် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု နည်းတဲ့နိုင်ငံဖြစ်ပြီး အရင်တည်းကမှ ASEAN မှာ ဩဇာသက်ရောက်မှု အားနည်းတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားကတော့ စစ်ခေါင်းဆောင်နဲ့ ရင်းနှီးမှုပိုအားကောင်းပြီး မြန်မာ့ပြဿနာကို ရှင်းနိုင်မယ့် အခြေအနေမှာ ရှိခဲ့တယ်လို့ ယူဆခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ မြန်မာ့အရေးက စူပါမန်းတောင် မရှင်းနိုင်ဘူးလို့ အော်ပြေးခဲ့ရတာပါ။
“အင်ဒိုနီးရှား တာဝန်ယူတဲ့ကာလမှာ မြန်မာနိုင်ငံအတွက် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေဖြစ်ဖို့ ကျနော်တို့ ကြိုးစားရမယ်” လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ အင်ဒိုနီးရှားပြီးရင် ASEAN ဥက္ကဋ္ဌဖြစ်လာမယ့် နိုင်ငံဟာ လာအိုဖြစ်တဲ့အတွက် မြန်မာအရေးကို အပြောင်းအလဲတွေ လုပ်ဆောင်ရာမှာ NUG နဲ့ မြန်မာပြည်သူတွေအတွက် အားနည်းသွားမယ့်အခြေအနေ ပြန်ဖြစ်သွားနိုင်တာမျိုး ယူဆချက်တွေ ရှိနေပါတယ်။ ဒါကြောင့်မို့ အင်ဒိုနီးရှား တာဝန်ယူစဉ်ကာလမှာ NUG အနေနဲ့ရော၊ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ရော ASEAN အပေါ် ပိုမိုမျှော်လင့်နေကြတာဖြစ်သလို ASEAN ကနေ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ မြင်ရဖို့အတွက် ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
“သူတို့မှာ အမြင့်ဆုံးက ASEAN Summit ပါ။ အဲဒီမှာ စစ်ကောင်စီကို မဖိတ်ဘူး။ လက်ရှိအနေအထားမှာ ဒါဟာ သူတို့ တော်တော်လုပ်နိုင်တာကို လုပ်ပေးထားတာပါ။ ကျနော်တို့တောင်းဆိုတဲ့ စစ်ကောင်စီကို ပေးမတက်ဘဲ NUG ကို ကိုယ်စားပြုခွင့် ပေးဖို့ဆိုတာမှာတော့ ASEAN အဲဒီလောက် အဆင်သင့်မဖြစ်သေးဘူး” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ NUG အနေနဲ့တော့ ASEANနဲ့ လုပ်ဆောင်ရမယ့်အပိုင်းတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ တရားဝင်မှုနဲ့ သံခင်းတမန်ခင်း အပိုင်းမှာ NUG ဟာ အဖြစ်နိုင်ဆုံး ထည့်သွင်းစဉ်းစားရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနဲ့ တော်လှန်ရေးအင်အားစုတွေဟာ ဒီအချက်အပေါ်မှာ လေးနက်တဲ့ စဉ်းစားတွေးခေါ်မှုတွေ ရှိပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ဒေါက်တာ မီမီဝင်းဘတ်က “NUG ရဲ့ တန်ဖိုးအရှိဆုံးက Legitimacy နဲ့ Diplomacy ပိုင်း။ Foreign Affairs ပေါ့။ ဒါက အရေးကြီးတယ်။ တိုင်းရင်းသားတွေ သီးသန့် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ NUG က စစ်ရေးကို ဦးမဆောင်နိုင်ဘူး။ ဒါကို သဘာဝကျတဲ့ တာဝန်ခွဲယူမှု လုပ်ရမယ်” လို့ သုံးသပ်ပြတယ်။
မြန်မာ့အရေးမှာ ASEAN ဘာတွေ အားနည်းခဲ့လဲ
ASEANကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေရော၊ မြန်မာပြည်သူတွေရောက ဝေဖန်မှုများစွာ ရှိခဲ့ကြပါတယ်။ အဲ့ဒီအထဲက သိသာထင်ရှားတဲ့အချက်ကတော့ မြန်မာ့အာဏာသိမ်းမှုအပေါ် တစုံတရာ လုပ်ဆောင်ဖို့ နှေးကွေးနေခဲ့တဲ့ ဖြစ်စဉ်ကလည်း ပါဝင်ခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ ရရာနေရာကနေ အားကိုးရှာကြရာမှာ ASEAN ဟာလည်း နိုင်ငံတကာ အဖွဲ့အစည်းတခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ASEAN ကတော့ မြန်မာ့အရေးကို ကိုင်တွယ်ဖို့ အချိန်အတော်လေးကြာမှ စတင်ခဲ့တာဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် အာဏာသိမ်းမှုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ ဖြစ်တယ်ဆိုပေမယ့် သူတို့အနေနဲ့ မြန်မာ့အရေးကို အရေးတယူ ကိုင်တွယ်ဖို့ လုပ်တာဟာ ဧပြီ ၂၄ ရက်မှ ဖြစ်ပါတယ်။ ဒါဟာ အရမ်းများလွန်းတဲ့ အချိန်ပမာဏဖြစ်တယ်လို့ ASEAN ဒေသတွင်းမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှု ကွန်ရက်တခုဖြစ်တဲ့ ALTSEAN-BURMA က လူ့အခွင့်အရေးလှုပ်ရှားသူ မစ္စ ဒက်ဘီ စတော့ဟတ် က ဆိုပါတယ်။ “သူတို့က မင်းအောင်လှိုင်ကို ယုံခဲ့တယ်။ မင်းအောင်လှိုင်က သင်္ကြန်ပြီးလောက်ကျရင် အားလုံးအဆင်ပြေသွားမှာ ပြောထားလို့ သူတို့က စောင့်နေကြတာ” လို့ သူမက ဆိုတယ်။ ဒါပေမယ့် သင်္ကြန်ပြီးတဲ့အထိလည်း ခုခံစစ်တွေ အများကြီး လုပ်လာကြ၊ ဆန္ဒပြမှုတွေ ရပ်တန့်လို့ မရနဲ့ စစ်ကောင်စီက မထိန်းနိုင်တော့တာ သေချာမှ ASEAN က စစ်ကောင်စီကို တခုခုလုပ်ဖို့ စပြီး စဉ်းစားကြတာလို့ သူမက ရှင်းပြပါတယ်။
ပြောရမယ်ဆိုရင် အာဏာသိမ်းမှုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ ဖြစ်တယ်ဆိုပေမယ့် သူတို့အနေနဲ့ မြန်မာ့အရေးကို အရေးတယူ ကိုင်တွယ်ဖို့ လုပ်တာဟာ ဧပြီ ၂၄ ရက်မှ ဖြစ်ပါတယ်။ ဒါဟာ အရမ်းများလွန်းတဲ့ အချိန်ပမာဏဖြစ်တယ်လို့ ASEAN ဒေသတွင်းမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှု ကွန်ရက်တခုဖြစ်တဲ့ ALTSEAN-BURMA က လူ့အခွင့်အရေးလှုပ်ရှားသူ မစ္စ ဒက်ဘီ စတော့ဟတ် က ဆိုပါတယ်။
“မင်းအောင်လှိုင်က ASEAN အရှေ့မှာတော့ Yes ပဲ။ နေပြည်တော် ပြန်ရောက်ရင် No လုပ်ရော။ အဲဒီတော့ အခြေအနေတွေက ဆိုးသထက် ဆိုးလာတာပေါ့” လို့ မစ္စ ဒက်ဘီက ပြောပါတယ်။ သူမရဲ့ ယူဆချက်အရ ဘုံသဘောတူညီချက် ၅ ချက်ဟာ အရမ်းကို ယေဘုယျဆန်ပြီး နိုင်ငံရေးအနှစ်သာရရဲ့ ယုံကြည်မှုတွေကို ပြောနေတာမဟုတ်ဘဲ အကြမ်းဖက်မှုတွေ လျှော့ချရေး၊ တွေ့ဆုံဆွေးနွေးနိုင်ရေးနဲ့ လူသားချင်းစာနာကူညီမှု စတာတွေပဲလို့ သူမက ဆိုတယ်။
“ဒါတွေ လုပ်ဖို့က တရားမဝင်တဲ့ အာဏာသိမ်းတဲ့သူတွေအပေါ်မှာ မူတည်တာမျိုးကြီး လုပ်ထားတာ။ အဲဒီတော့ Five-Point Consensus က ဖြစ်လည်း ဖြစ်မလာဘူး။ အခုတော့ အခြေအနေ ပိုဆိုးလာတာကို ASEAN မြင်နေရပါပြီ” လို့ မစ္စ ဒက်ဘီက ပြောပါတယ်။
“မင်းအောင်လှိုင်က ASEAN အရှေ့မှာတော့ Yes ပဲ။ နေပြည်တော် ပြန်ရောက်ရင် No လုပ်ရော။ အဲဒီတော့ အခြေအနေတွေက ဆိုးသထက် ဆိုးလာတာပေါ့”
သူမရဲ့ ဖြေဆိုမှုတွေအပါအဝင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ASEAN ကို တွန်းအားပေးနေသူတွေက ASEAN ဟာ တရားမဝင် အာဏာခိုးယူထားတဲ့ စစ်တပ်ကို အဆက်အဆံ လုပ်နေတာတွေ ရပ်တန့်ဖို့ လိုအပ်တယ်လို့ ယူဆနေကြပါတယ်။
မစ္စ ဒက်ဘီရဲ့ စဉ်းစားချက်အရတော့ ၂၀၂၁ ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဘရူနိုင်းဟာ ဘာလုပ်ရမှန်း မသိခဲ့တဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဘရူနိုင်းဟာ ဒါမျိုးတွေကို ဖြေရှင်းတတ်တဲ့ အတွေ့အကြုံ မရှိပါဘူး။ အလားတူ ၂၀၂၂ ဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားဟာလည်း စစ်ခေါင်းဆောင်အပေါ် ယုံကြည်မှု အတော်များများ ရှိခဲ့သူဖြစ်ပါတယ်။
“သူ မင်းအောင်လှိုင်ကို သွားပြောရင် မင်းအောင်လှိုင်က သူ့စကား နားထောင်မယ်လို့ကို ဟွန်ဆန်က ထင်နေတာ။ ဒီဇူလိုင်လလောက်မှ မင်းအောင်လှိုင်က သူပြောင်းလဲလို့ မရမှန်း သိတာ” လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ မစ္စ ဒက်ဘီက ဆိုတယ်။
“ဒီ Five-Point Consensus က တော်လှန်ရေး ဦးတည်ရာရဲ့ ခြေဖျားတောင် မမီဘူး။ ဒါပေမယ့် မင်းအောင်လှိုင်ကလည်း အဲ့ဒီ Five-Point Consensus ကို အဖက်မလုပ်ဘူး။ ပြည်သူတွေကလည်း သိပ်သဘောကျနေတာ မဟုတ်ဘူး”
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ASEANရဲ့ အကြီးမားဆုံး လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ မြန်မာအတွက် လမ်းပြမြေပုံလို့ ဆိုနိုင်ပေမယ့် အနှစ်သာရအားဖြင့်တော့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးက တောင်းဆိုမှုတွေ၊ တော်လှန်ရေးရဲ့ ဦးတည်ရာတွေဆီ ရောက်မလာဘူးလို့ သုံးသပ်ပါတယ်။ “ဒီ Five-Point Consensus က တော်လှန်ရေး ဦးတည်ရာရဲ့ ခြေဖျားတောင် မမီဘူး။ ဒါပေမယ့် မင်းအောင်လှိုင်ကလည်း အဲ့ဒီ Five-Point Consensus ကို အဖက်မလုပ်ဘူး။ ပြည်သူတွေကလည်း သိပ်သဘောကျနေတာ မဟုတ်ဘူး” လို့ ဆိုတယ်။
ASEAN နဲ့ NDAA အကျိုးသက်ရောက်မှု
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေး အက်ဥပဒေ (NDAA) ကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပါတယ်။ အဲဒီဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ Burma Act of 2022 ကို ထည့်သွင်းအတည်ပြုခဲ့ပြီး အကျိုးသက်ရောက်မှုအားဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားလက်နက်ကိုင်များ (EAOs)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူတွေကို နည်းပညာနဲ့ လူကိုသေစေနိုင်တာမျိုးမရှိတဲ့ အကူအညီတွေ ထောက်ပံ့ကူညီသွားမယ်ဆိုပြီး ဖြစ်ပါတယ်။
ဒါဟာ တနှစ်အတွင်း ဘာတွေလုပ်မယ်ဆိုတဲ့ ကာကွယ်ရေးသုံးငွေစာရင်းထဲမှာ ပါဝင်လာခဲ့တာဖြစ်ပြီး အမေရိကန်အတွက် အရေးကြီးတဲ့ကိစ္စတွေကို ထည့်သွင်းအတည်ပြုကြရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ NDAA ရဲ့ မြန်မာအကြောင်းကို ထည့်သွင်းနိုင်ခြင်းဟာ မြန်မာပြည်သူတွေအတွက် သတင်းကောင်းဖြစ်ခဲ့ပြီး စစ်ခေါင်းဆောင်တွေအတွက်တော့ အရှိုက်ထိစရာဖြစ်ခဲ့ပါတယ်။
“အဲဒါမျိုးက လွယ်တာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ ကြိုးစားရတာ ဒီလိုပေါက်ရောက်ဖို့။ အခုက နှစ်နှစ်တည်းနဲ့ လုပ်တာ။ အမေရိကန်က NGU ကို အသိအမှတ်ပြုတယ်။ PDF ကို ကမ္ဘာကြီးမှာ အသိအမှတ်ပြုလိုက်တယ်” လို့ NDAA အတည်ပြုမှုနဲ့ ပတ်သက်လို့ ဒေါက်တာ မီမီဝင်းဘတ်က ချီးကျူးစကားပြောပါတယ်။ ဒါဟာ NUG အတွက်ရော၊ တိုင်းရင်းသားလက်နက်ကိုင် EAO တွေအတွက်ရော အရမ်းကြီးမားတဲ့ အောင်မြင်မှု ဖြစ်တယ်လို့လည်း သူမက ဆိုတယ်။
ASEAN နိုင်ငံတွေထဲမှာ အမေရိကန်နဲ့ ပူးပေါင်းမှုအားကောင်းတဲ့ နိုင်ငံတွေရှိသလို တရုတ်အစိုးရနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အဲဒီအထဲကမှ NDAA မှာ မြန်မာ့အရေးကို ထည့်သွင်းပေးလိုက်ခြင်းဟာ ASEAN အတွက် စဉ်းစားစရာ ကြီးကြီးမားမား ဖြစ်လာစေနိုင်ပါတယ်။
အမေရိကန်ကတော့ စစ်အာဏာသိမ်းတာကို လက်မခံဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေအရ စစ်ကောင်စီကို ဆန့်ကျင်သူတွေအပေါ် ပြောင်ပြောင်တင်းတင်း ထောက်ခံနေပြီဆိုတဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။
“NDAA ကြောင့် စစ်ကောင်စီကို တော်လှန်နေသူတွေကို အမေရိကန်က ထောက်ခံတယ်ဆိုတာ သိသာတယ်။ ASEAN ကတော့ အဲဒီလောက် ပြောင်ပြောင်တင်းတင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့မှာ NDAA ရဲ့ အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်” လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
အင်ဒိုနီးရှားဆီက ဘာတွေမျှော်လင့်ကြမလဲ
မြန်မာ့အရေးကို ဖြေရှင်းတဲ့နေရာမှာ ASEAN အပေါ် အားမလိုအားမရဖြစ်မှုတွေက မြန်မာပြည်သူတွေမှာရော၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေမှာပါ ရှိနေခဲ့ကြပါတယ်။ ဒါပေမယ့် အာဏာရှင်တဦးဖြစ်တဲ့ မစ္စတာ ဟွန်ဆန်ရဲ့ ASEAN ကို ဦးဆောင်မှုထက် အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုအပေါ်တော့ ရိုးရိုးသားသား ပိုမျှော်လင့်မိနေကြတာပါပဲ။ မစ္စတာ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို ၃၇ နှစ်တိုင်သည်အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တာဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူဖြေရှင်းမှုတွေမှာလည်း စစ်ကောင်စီဘက်နဲ့သာ ညှိနှိုင်းဖို့ စဉ်းစားခဲ့တာကို တွေ့ရမှာပါ။ ဒါဟာ စစ်ကောင်စီကို တွန်းလှန်သူတွေအပေါ်မှာ သူ့ရဲ့ ထည့်သွင်းစဉ်းစားမှု အားနည်းချက်လည်း ဖြစ်ပါတယ်။ အဲဒီအချက်တွေက ASEAN ဟာ မြန်မာ့အရေးမှာ မြန်မာပြည်သူတွေဘက်က စဉ်းစားတာမျိုး မရှိဘူးဆိုတဲ့ ယူဆချက်တွေ၊ ဝေဖန်မှုတွေ အားကောင်းလာစေခဲ့တာပါ။
ဒါပေမယ့် အင်ဒိုနီးရှားကို ချဉ်းကပ်ကြတဲ့အပိုင်းကတော့ တမျိုးတဖုံ ခြားနားလို့ နေပါတယ်။ ASEANမှာ အင်ဒိုနီးရှားကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘာကြောင့် မျှော်လင့်ကြသလဲဆိုရင် အင်ဒိုနီးရှားဟာ ASEANရဲ့ စတင်တည်ထောင်သူ ၅ နိုင်ငံထဲမှာ ပါဝင်ခဲ့ပါတယ်။ စတင်တည်ထောင်တဲ့ ၁၉၆၇ ခုနှစ်မှာ ၅ နိုင်ငံနဲ့ အစပြုခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားဟာ ဒေသတွင်းမှာ စီးပွားရေးအင်အားကြီးဖြစ်လာပြီး လူ့စွမ်းအားအရင်းအမြစ်နဲ့ နိုင်ငံရဲ့ပထဝီကို စီးပွားရေးပိုင်းမှာ စနစ်တကျ အသုံးချတတ်မှု အားကောင်းလာခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အားအကောင်းဆုံးအချက်ကတော့ ဒီမိုကရေစီရဲ့ အနှစ်သာရအတွက် အစိုးရမှာ ပေါ်လစီကောင်းတွေ ချမှတ်လိုစိတ်ရှိတဲ့နည်းတူ အစိုးရကို ထောက်ပြဝေဖန်တဲ့ အင်စတီကျူးရှင်းပိုင်း အားကောင်းလွန်းတာပါပဲ။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူငယ်လူရွယ်တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာ ASEAN ဒေသတွင်းမှာရော၊ အာရှဆိုင်ရာအထိပါ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာဖြစ်ပါတယ်။ သူတို့ရဲ့ စကားသံတွေဟာ အင်ဒိုနီးရှားအစိုးရအတွက် အလေးထားစရာတွေထဲကတခု ဖြစ်လာခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ ဒေသတွင်းမှာ စီးပွားရေးအင်အားကြီးဖြစ်လာပြီး လူ့စွမ်းအားအရင်းအမြစ်နဲ့ နိုင်ငံရဲ့ပထဝီကို စီးပွားရေးပိုင်းမှာ စနစ်တကျ အသုံးချတတ်မှု အားကောင်းလာခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အားအကောင်းဆုံးအချက်ကတော့ ဒီမိုကရေစီရဲ့ အနှစ်သာရအတွက် အစိုးရမှာ ပေါ်လစီကောင်းတွေ ချမှတ်လိုစိတ်ရှိတဲ့နည်းတူ အစိုးရကို ထောက်ပြဝေဖန်တဲ့ အင်စတီကျူးရှင်းပိုင်း အားကောင်းလွန်းတာပါပဲ။
လက်ရှိအချိန်အထိ မြန်မာအရေးကို စိတ်ဝင်စားမှုအမြင့်ဆုံး ဒေသတွင်းနိုင်ငံတွေထဲမှာလည်း အင်ဒိုနီးရှားဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီအတွက်ကြောင့် မြန်မာဘက်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူငယ်ကျောင်းသားအဖွဲ့တွေဟာ အင်ဒိုနီးရှားဘက်က သက်ဆိုင်တဲ့သူတွေနဲ့ သံခင်းတမန်ခင်းအရ ချိတ်ဆက် လုပ်ဆောင်နေကြပြီလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားချို့ဟာ အင်ဒိုနီးရှားက ကျောင်းသားမိတ်ဆွေတွေနဲ့ ချိတ်ဆက်ပြီး အတိဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ စကားသံတွေကို ကျောင်းသားလူငယ်တွေ၊ အရက်ဘက်အဖွဲ့အစည်းတွေဆီ ရောက်ရှိဖို့နဲ့ NUG အစိုးရကို ASEAN မှာ ပိုမိုအသိအမှတ်ပြုရေးဆိုင်ရာ ကိစ္စတွေကိုလည်း လုပ်ဆောင်နေပါတယ်။
“ကျနော်တို့မှာ မိတ်ဆွေတွေ လိုအပ်ပါတယ်။ သူတို့က အင်ဒိုက ကျောင်းသားတွေနဲ့ အရပ်ဘက်အဖွဲ့တွေမှာ မြန်မာပြည်သူတွေရဲ့ အသံတွေကို ပိုကြားရအောင် လုပ်ပေးမယ်။ အဲဒီကနေ ASEAN မှာ မြန်မာအရေး ပိုလှုပ်ရှားလာမယ်။ NUG အစိုးရကို ပိုထည့်သွင်းစဉ်းစားလာဖို့ကို ရည်ရွယ်ပါတယ်” လို့ ထိုင်းနိုင်ငံမှာ လူမှုရေးသိပ္ပံဘာသာရပ်ပိုင်းကို လေ့လာနေသူကျောင်းသားတဦးက ဆိုပါတယ်။
မသဉ္ဇာရွှန်းလဲ့ရည်ကတော့ အင်ဒိုနီးရှားနိုင်ငံ ဥက္ကဋ္ဌဖြစ်လာမယ့် ၂၀၂၃ မှာ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီတဲ့ ဘုံသဘောတူညီချက် ၅ ချက်ထဲက အချက်တွေကို ဖယ်ရှားပြီး လက်တွေ့ကျတဲ့ လမ်းပြမြေပုံတခု ပြန်လည် အသစ်ရေးဆွဲနိုင်ဖို့ တခြားသော မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့အတူ ASEAN ကို တိုက်တွန်းသွားကြဖို့ ရှိနေပါတယ်လို့ ပြောပါတယ်။
မပြီးဆုံးသေးတဲ့ မနက်ဖြန်များ
ဒီဆောင်းပါးမှာပါဝင်တဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေဟာ စစ်အာဏာသိမ်းပြီးနောက် ASEAN နဲ့ မြန်မာကြားမှာ တည်ရှိနေခဲ့တဲ့ အခြေအနေတွေနဲ့ ၂၀၂၃ အတွက် မျှော်လင့်စရာကိစ္စရပ်တချို့ပဲ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုဟာ နာကျင်မှုတွေကြားက အရှိန်အဟုန်နဲ့ ပြေးလွှားနေဆဲဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး ယန္တရားသက်သက်ကနေ အရပ်ဘက်အုပ်ချုပ်ရေးဆီ တရွေ့ရွေ့ခက်ခဲစွာ ရွေ့လျားလာခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အချိန်ကာလတခုအတွင်းမှာပဲ ဟိုးယခင်အတိတ်များဆီကလို နာကျင်မှု ဗရပွနဲ့ ပြန်လည် ရုန်းကန်နေခဲ့ရပါပြီ။ ဒါဟာ စစ်ခေါင်းဆောင်တွေရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့်ပဲဖြစ်သလို ဒီအခြေအနေတွေအပေါ် စစ်ခေါင်းဆောင်တွေကသာ အဓိက တာဝန်ခံရမှာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး ယန္တရားသက်သက်ကနေ အရပ်ဘက်အုပ်ချုပ်ရေးဆီ တရွေ့ရွေ့ခက်ခဲစွာ ရွေ့လျားလာခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အချိန်ကာလတခုအတွင်းမှာပဲ ဟိုးယခင်အတိတ်များဆီကလို နာကျင်မှု ဗရပွနဲ့ ပြန်လည် ရုန်းကန်နေခဲ့ရပါပြီ။ ဒါဟာ စစ်ခေါင်းဆောင်တွေရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့်ပဲဖြစ်သလို ဒီအခြေအနေတွေအပေါ် စစ်ခေါင်းဆောင်တွေကသာ အဓိက တာဝန်ခံရမှာဖြစ်ပါတယ်။
တန်ဖိုးကြီးလွန်းတဲ့ တရားမျှတမှု ရှာပုံတော်နဲ့ ဒီမိုကရေစီသစ်ပင် ရှင်သန်ရေး လမ်းမှာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ၊ အနာဂတ်တွေဟာ တန်ဖိုးနည်းပစ္စည်းတွေလို လွယ်လွယ်ပျက်စီးခဲ့ရပါတယ်။ ASEAN နဲ့ မြန်မာကြားက သဘောထားတွေ၊ အဖြစ်အပျက်တွေ၊ ဝေဖန်သံတွေ မည်သို့ပဲ ရှိနေပါစေ ၂၀၂၃ အတွက် ASEAN ဆီက အပြောင်းအလဲတခုခုကို မျှော်လင့်နေကြဆဲပါပဲ။ ပြီးတော့ မြန်မာပြည်သူတွေ လိုလားတဲ့ တရားမျှတတဲ့၊ လွတ်လပ်တဲ့ နိုင်ငံတော်တည်ဆောက်ရေး အိပ်မက်ဟာ ခက်ခက်ခဲခဲ ဆက်မက်နေရဦးမှာပါပဲ။
You may also like these stories:
မြန်မာဗိုလ်ချုပ်တွေကို အင်ဒိုနီးရှားမှာ တရားစွဲနိုင်မလား
အင်ဒိုနီးရှား ဘာကြောင့် အရေးပါသလဲ
မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်
မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု
ထိုင်းဦးဆောင်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ထူးခြားသော ရလဒ်မရှိ